Tuesday, June 1, 2010

ရွှေ့ပြောင်းအလုပ်သမားများလည်း လျော်ကြေးခံစားခွင့်ရှိ

ထိုင်းနိုင်ငံတွင် ဆန္ဒပြပွဲများကြောင့် နစ်နာခဲ့သူများအား ထိုင်းအစိုးရက အကူအညီပေးရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လမှ မေလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဖြစ်ပွားခဲ့သော ရာထူးမှအဖယ်ရှားခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တရာကို ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသမားများကြောင့် ဝင်ငွေနှင့်စီးပွားရေး ထိခိုက်နစ်နာခဲ့ရသော အသေးစားလုပ်ငန်းရှင်များနှင့် အလုပ်သမားများအား ထိုင်းအစိုးရက လျော်ကြေးပေးရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်လျှောက်ထားခွင့် ရရှိခဲ့ကြောင်း ခေတ်ပြိုင်မှ စုံစမ်းသိရှိရသည်။

လျော်ကြေးတောင်းလျှောက်လွှာ သွားရောက်တင်ခဲ့သူ ကိုဘိုဘိုဇော်က “ကျနော့်ကို သူဌေးကပြောတယ်။ သူများတွေ (၂) လစာ လျော်ကြေးဖောင် သွားတင်နေကြတယ်။ မနေ့က နောက်ဆုံးဆိုတာနဲ့ လိုအပ်တဲ့ ပတ်စပို့ကော်ပီ၊ သူဌေးဆိုင်လိပ်စာ၊ မှတ်ပုံတင်ကော်ပီတွေနဲ့ မနေ့က သွားတင်လိုက်တယ်။ လခကတော့ တလ (၁၂,၅၀၀) ဆိုတော့ နှစ်လစာ (၂၅,၀၀၀) တင်ထားတယ်။ သူတို့ပြောတာက (၂) ရက် (၃) ရက်နေရင် တီဗွီကနေ ဘယ်သူလျော်ကြေးရတယ်ဆိုတာ ကြေညာပေးမယ်တဲ့။ အလုပ်ရှင်တွေကတော့ (၄) ရက်နေ့လား၊ (၅) ရက်နေ့လားမသိဘူး နောက်ဆုံးတင်ရမယ်တဲ့” ဟု ပြောသည်။

အဆိုပါအစီအစဉ်သည် ဧပြီ (၂၇) ရက်၌ ကျင်းပသော ဝန်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်အရ အင်္ကျီနီဝတ်များ၏ ဆန္ဒပြပွဲများကြောင့် ရာချပရာဆောင်လမ်းဆုံနှင့် အနီးပတ်ဝန်းကျင်တွင် ရောင်းဝယ်ဖောက်ကားနေကြသည့် ထိခိုက်နစ်နာခဲ့သူ အလုပ်ရှင်နှင့် အလုပ်သမားများကို အကူအညီပေးခြင်းဖြစ်သည်။

ထိုအစီအစဉ်အရ ထိုင်းနိုင်ငံရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ဘတ်ငွေ (၅) ဘီလီယံကို အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင် (၂,၀၀၀) ခန့်အား ဘတ်ငွေ (၃) သန်းအထိ ငွေချေးပေးသွားမည်ဖြစ်သည်။

ငွေချေး အတိုးနှုန်းထားမှာလည်း အလွန်သက်သာမည်ဖြစ်ပြီး တနှစ်အတွင်း ငွေပြန်ဆပ်ရန် မလိုဘဲ ချေးငွေကာလမှာ သက်တမ်း (၅) နှစ်ရှိမည်ဖြစ်သည်။ အခွန်ကင်းလွတ်ခွင့်ကို ၂၀၁၀ စက်တင်ဘာလအထိ (၆) လတိတိ ခွင့်ပြုမည်ဖြစ်သည်။

အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသူများအတွက် အစိုးရအိမ်ရာဆိုင်ရာဘဏ်မှ ကိုယ်ပိုင်အိမ်ရာ ပိုင်ဆိုင်မှုအတွက် ကူညီမည်ဖြစ်ကာ ဆန္ဒပြပွဲကြောင့် အကြွေးတင်နေသည့် တသီးပုဂ္ဂလများအား အချက် (၃) ချက်အပေါ် မူတည်၍ ကူညီသွားမည်ဟု ဆိုသည်။

အဆိုပါအချက်များမှာ လစဉ်အတိုးကို အရစ်ကျပေးသွင်းစေပြီး (၁၀၀) ဘတ်ထက်မနည်း ပေးသွင်းရမည်။ ပထမနှစ်နှင့် ဒုတိယနှစ်များတွင် အတိုးနှုန်းထားသည် (၂) ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး တတိယနှစ်မှ ကန်ထရိုက်သက်တမ်း ကုန်ဆုံးသည်အထိ (၁) ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။

ရေရှည်အကြွေးပေးစနစ်ကို တည်ဆောက်သွားမည် ဖြစ်သည့်အတွက် ဈေးနှုန်းသက်သာစွာ အရစ်ကျ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး လိုအပ်သည့် စာရွက်စာတမ်းများကို ဇွန် (၃၀) ရက် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။

လိုအပ်သော အသေးစိတ် သတင်းအချက်အလက်များကို သိလိုပါက ဖောက်သည်ဆက်ဆံရေးဌာန၊ အစိုးရအိမ်ရာဆိုင်ရာဘဏ်၊ ဖုန်းနံပါတ် (၀၂-၆၄၅၉၀၀၀) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

အလုပ်သမားများသည် လူမှုဖူလုံရေးရန်ပုံငွေ လုပ်သား (၃.၅) ရာခိုင်နှုန်းနှင့် အလုပ်ရှင် (၅) ရာခိုင်နှုန်း ထည့်ဝင်ထားပါက ဘတ်ငွေ (၁၅,၀၀၀) ရရှိမည်ဖြစ်ပြီး ထည့်ဝင်ထားခြင်းမရှိသော သာမန်အလုပ်သမားများသည် ဘတ်ငွေ (၇,၅၀၀) ကို (၂) လစာ ရရှိခံစားရမည်ဖြစ်သည်။

အချို့သော လုပ်ငန်းများ (အထူးသဖြင့် အနှိပ်ခန်း အလုပ်သမများ) တွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ ခံစားခွင့်အတွက်လည်း အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်းအချို့က ဆောင်ရွက်မှုများ ရှိနေကြသည်။


ခေတ်ပြိုင်မှကိုးကားသည်။။

ယာယီပတ်စပို့များ ထိုင်းဘက်တွင် ထုတ်ပေးရန် ညှိနှိုင်း

ယာယီပတ်စပို့ ထုတ်ပေးရေးရုံးများကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် အလားအလာကောင်းများ ရှိနေပြီဟု ရနောင်းခရိုင်ဝန်က ပြောကြားလိုက်သည်။

နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်များ၏ ရှိခဲ့သော အခက်အခဲနှင့် နောင်လာမည့်ကာလအတွင်း ဖြစ်ပေါ်တိုးတက်လာနိုင်မှု အခြေအနေများအား ရနောင်းခရိုင်ဝန် မစ္စတာ ဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများအား ရှင်းလင်းတင်ပြရာတွင် ပြောကြားခဲ့ကြောင်း ပြီးခဲ့သည့် မေ (၂၈) Nation Channel တွင် သတင်းဖော်ပြပါရှိသည်။

နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန် ဆောင်ရွက်ရသည့် အဆင့်ပေါင်း (၂၅) ဆင့်ရှိပြီး ရှုပ်ထွေးပွေလီသည့်အပြင် မြန်မာအာဏာပိုင်များဘက်မှလည်း လုပ်ဆောင်မှု နှေးကွေးခဲ့ကြောင်း၊ ထို့အတွက် ကြိမ်ဖန်များစွာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ထိုင်းနိုင်ငံဘက်တွင် ရုံးဖွင့်လှစ်နိုင်မည့် အနေအထားများ ရှိလာခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖွင့်လှစ်နိုင်ပါက စိစစ်ရေးလုပ်ငန်း ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း မစ္စတာ ဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများနှင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

၎င်းက “ယခင်ကာလက အဓိကအခက်အခဲကတော့ ထိုင်း၊ မြန်မာ နှစ်နိုင်ငံစလုံးမှာ လုပ်ဆောင်ရတဲ့ ရှုပ်ထွေးပွေလီပြီး အဆင့်များစွာပါဝင်တဲ့ နိုင်ငံသားစိစစ်ရေးပြုမှု စနစ်ကြောင့်ပါ။ ဒါပေမယ့်လို့ အဓိကကျတဲ့အချက်က မြန်မာအာဏာပိုင်တွေသာ ထိုင်းနိုင်ငံဘက်အခြမ်းမှာ အခြေစိုက်ရုံးတွေ ဖွင့်လှစ်နိုင်မယ်ဆိုရင် ဒီအခက်အခဲတွေ အများကြီး လျှော့ဆင်းသွားမှာပါ။ နောက်ထပ်အဓိက ကျတာတခုကတော့ ဒီဟာကို ဆုံးဖြတ်လုပ်ကိုင်ပိုင်ခွင့်ကို ဗဟိုအစိုးရတွေကနေ တိုက်ရိုက်မချုပ်ကိုင်ဘဲ ခရိုင်ဒေသ အာဏာပိုင်တွေကို လုပ်ပိုင်ခွင့်ပေးရင် ပိုကောင်းလာမှာပါ။ အရင်တုန်းကဆိုရင် ဒီလုပ်ငန်းစဉ်ဟာ ဗဟိုအာဏာ ပိုင်တွေကို တင်ပြရတာဖြစ်တဲ့အတွက် အလွန်ကိုနှေးကွေးစေပြီး တနေ့မှ (၄၀၀) ခန့်သာ ပြီးစီးနိုင်ပါတယ်။ ဒါကြောင့် (၁.၅) သန်းရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ စောင့်ဆိုင်းနေရဆဲရှိပါတယ်” ဟုဆိုသည်။

ပြီးခဲ့သည့်မေ (၂၇) ရက်တွင် မြန်မာပြည်တွင်း၌ပြုလုပ်သော ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အခြေအနေ ရှင်းလင်းပွဲ၌လည်း မေ (၂၆) ရက်နေ့အထိ စင်တာ (၃) ခုမှ ယာယီနိုင်ငံကူးလက်မှတ် (၉၀,၉၁၈) ဦးသာ ထုတ်ပေးရသေးကြောင်း သိရပြီး မကြာခင်ကာလအတွင်း ထိုင်းနိုင်ငံတဘက်ကမ်း ရနောင်းမြို့တွင် ယာယီပတ်စပို့ ထုတ်ပေးရေးစင်တာကို ပြောင်းရွှေ့ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်က အစီရင်ခံသည်။

ရနောင်းမြို့၌ ယာယီပတ်စပို့ ထုတ်ပေးရေးရုံးကို လာမည့်ဇွန် (၆) ရက်တွင် စတင်ဖွင့်လှစ်မည်ဟု သိရှိရပြီး ရုံးအဆောက်အဦကို ဘန်ကလင်းဘက်တွင် တည်ဆောက်နေသည်မှာ ပြီးစီးသွားပြီဖြစ်ကြောင်း ရနောင်းမြို့ခံတဦးက ပြောသည်။

ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ ဧပြီ (၂၇) ရက် အစီရင်ခံစာအရ နိုင်ငံသားစိစစ်ရေးလျှောက်လွှာ တင်သွင်းထားသူပေါင်း (၈၂၂,၀၉၃) ဦးရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရှိထားသူ အရေအတွက်မှာ (၇၁,၃၉၀) ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။


ယမန်နှစ်က နောက်ဆုံးအကြိမ် ဖွင့်လှစ်ပေးသော ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့် စာရင်းတွင် မြန်မာနိုင်ငံသား အလုပ်သမားဦးရေမှာ (၁.၁) သန်းရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ လက်မှတ်သက်တမ်း ပြန်လည် တိုးခွင့်ပြုခဲ့ရာတွင် မြန်မာအလုပ်သမား (၈) သိန်းကျော်သာ သက်တမ်းဆက်ခဲ့ပြီး (၃) သိန်းခန့်မှာ တရားမဝင် အလုပ်သမားများအဖြစ်သို့ ထပ်မံကူးပြောင်းသွားခဲ့ပြီးဖြစ်သည်။

ထိုသို့ တရားမဝင် အလုပ်သမားများအား ဖမ်းဆီးပြန်ပို့မည်ဟု ထိုင်းအစိုးရက တရားဝင်ကြေညာထားသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ စုစုပေါင်း (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများမှ ခန့်မှန်းထားကြသည်။

ခေတ်ပြိုင်မှကိုးကားသည်။။

Wednesday, May 26, 2010

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် အကြမ်းဖက်သမား သတ်မှတ်ခံရ

ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ဘန်ကောက်မြို့ အဓိကရုဏ်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရာဇ၀တ်မှု ဆိုင်ရာ တရားရုံးက အကြမ်းဖက် သမားအဖြစ် သတ်မှတ်ခဲ့ပြီး ဖမ်းဆီးရန် ယနေ့ အမိန့် ထုတ်ပြန်လိုက်သည်။


ဝန်ကြီး ချုပ်ဟောင်း အပါအ၀င် အကြမ်းဖက် လုပ်ရပ်များ လုပ်ကိုင် ခဲ့သည်ဟု သံသယ ရှိသော ရှပ်နီ ခေါင်းဆောင် ၉ ဦးကို ဖမ်းဆီး ခွင့်ပြုရန် ထိုင်း အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့မှ တရားရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ထုတ် The Nation သတင်းစာတွင် ရေးသား ထားသည်။

အဆိုပါ ခေါင်းဆောင် များထဲမှ ၀ိဖူထလန်၊ ဖာရပ် နှင့် ကျိန်ဒေါ့ကျစ် တို့ကိုမူ ပက်ချဘူရီ ခရိုင် ချအမ်းမြို့ရှိ နရဲစွမ် စခန်းတွင် ထိန်းသိမ်း ထားပြီး ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရာ့ချပရစုန် စခန်းကို ထိုင်းစစ်တပ်က ၀င်ရောက် ရှင်းလင်းစဉ် လက်နက် ချခဲ့သည့် ဆန္ဒပြ ခေါင်းဆောင် ကျသူဖွန် ဖုန်ဖန်မှာ ထိုင်းလွှတ်တော် အမတ်တဦး ဖြစ်သည့်အတွက် ထိုင်းအစိုးရက ပြန်လည် လွှတ်ပေးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ခေါင်းဆောင်တဦးဖြစ်သော စေဒန်ဟု လူသိများသည့် ဗိုလ်ချုပ် ခတ်သိယဆဝပ် ဒီဖွန်(Khattiya Sawasdipol)သည်လည်း မေလ ၁၃ ရက်နေ့ ည ၇ နာရီခွဲတွင် စာလာဒန်နှင့် လုမ္ပနီ လမ်းဆုံ ရှပ်နီများ စခန်းချရာ နေရာ၌ ဦးခေါင်းကို သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခဲ့သည်။

ထိုင်းနိုင်ငံတွင် မတ်လ ၁၂ ရက်နေ့ကတည်း ရှပ်နီတို့၏ ဆန္ဒပြပွဲများကို စတင်ခဲ့ရာ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း ၁၄၀၀ ကျော် ရှိသည်ဟု သိရသည်။

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းတွင်လည်း အကြီးအကျယ် ထိခိုက်မှုရှိခဲ့သည့် အပြင် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများတွင် Central World၊ Carre four ၊ Big C ၊ Zen စသည့် ကုန်တိုက်ကြီးများ အပါအ၀င် အဆောက်အဦးပေါင်း ၄၀ နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။

၎င်းဆုံးရှုံးသွားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် အစိုးရက ဘတ် ၅၀ ဘီလီယံ ကူညီမည်ဖြစ်ကြောင်း ယနေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ယခုအခါ ဘန်ကောက်မြို့ရှိ ကျောင်များ၊ ရုံးများ ပြန်လည်ဖွင့်လှစ်ပြီး စီးပွားရေး လုပ်ငန်းကြီးများ ပုံမှန်လည်ပတ်နေပြီ ဖြစ်ကြောင်း
ဘန်ကောက်မြို့ ဆူကွန်ဗစ်လမ်းတွင် နေထိုင်သည့် မြန်မာလူမျိုး ဦးဇော်မင်းက ဧရာဝတီသို့ ပြောသည်။

“မနေ့ကတော့ ကျောင်းနဲ့ရုံး အတော်များများ ဖွင့်ပြီ၊ လမ်းပေါ်မှာလည်း တော်တော်လေး ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီ”ဟုဆို သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘန်ကောက်မြို့စည်ပင်သာယာရေး ၀န်ထမ်းများ ၊ ကျောင်းသားများ၊ထိုင်းစစ်တပ် နှင့် ရပ်ကွက်နေ ပြည်သူများ စုပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း ၎င်းကဆိုသည်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လုပ်ဆောင်နေပြီး ဘတ်စ်ကားလိုင်းများ၊ ကောင်းကင်မြို့ပတ်ရထားနှင့် မြေအောက်ရထားလိုင်းများလည်း ပြန်လည်ပြေးဆွဲ နေပြီဖြစ်ကြောင်း၊ သို့သော် ရာ့ချပရစုန် ဘူတာတွင် ရပ်နားခြင်းမရှိကြောင်း သိရသည်။

အစိုးရက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို လာမည့် တနလာင်္နေ့အထိ ထပ်မံတိုးမြှင့်ခဲ့သော်လည်း အချိန်ကိုမူ ည ၁၂နာရီမှ နံနက် ၄နာရီအထိ လျော့ချပေးခဲ့သည်။

ဖလိန်ကျစ် ဘူတာအနီးတွင် နေထိုင်သည့် မြန်မာအမျိုးသမီး တဦးကလည်း“စကိုင်းထရိန်းပေါ်က ပျက်စီးနေတဲ့ Central Worldကုန်တိုက်ကြီးကို မြင်ရတော့ လူတွေအားလုံး အထူးအဆန်း လက်ညှိုးထိုးပြီး ၀ိုင်းကြည့်ကြတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရာမ ၄ လမ်းမကြီးတွင် မီးလောင်ထားသော တာယာများ၊ အမှိုက်များကို အနီးရှိရပ်ကွက်တွင် နေထိုင်သူများက လာရောက် ရှင်းလင်းကြကြောင်း ၎င်းက ဆိုသည်။

ရာမ ၄ လမ်းတွင် ကားများပုံမှန်သွားလာနေသော်လည်း လျှပ်စစ်မီးပေးသည့် ဌာနကြီးမှာ မီးရှို့ခံရသည့်အတွက် လျှပ်စစ်မီး ရရှိရန် ပြန်လည်ပြင်ဆင် နေရကြောင်း၊ Central World၊ Zen ကုန်တိုက်ကြီးများနှင့် ဖောက်ထွင်းခံရသည့် ဘန်ကောက်ဘဏ်ကိုလည်း ပြန်လည်ပြင်ဆင်နေကြောင်း၊ လုံခြုံရေးတပ်များ ဆက်လက်ချထားကြောင်းသိရသည်။

အ၀တ်အထည်များကို လက်ကားရောင်းချသည့် ပသူးနမ်းဈေး အနီးရှိ မီးလောင် ကျွမ်းထားသည့် Big C နှင့် တခြားသော ကုန် တိုက်ကြီးများ မီးလောင်ထားသည့်အတွက် ယင်းနေရာများတွင် မြန်မာအလုပ်သမားများ အခြေအနေမှာ ပုံမှန်ပြန်ဖြစ်ရန် မလွယ် ကူသေးကြောင်း စားသောက်ဆိုင်တွင် လုပ်ကိုင်သည့် မော်လမြိုင်မြို့သူ မအေး ကလည်း ပြောသည်။

“အရင်က အလုပ်လုပ်ရင် တနေ့ ဘတ် ၄၀၀ ရတယ်၊ အလုပ်မရှိတာ ဆန္ဒတွေ စပြကတည်းကပဲ၊ အခုတော့ သူဌေးမ က ပြန်ဖွင့်ဖို့ လုပ်နေတယ်”ဟု ၎င်းကဆိုသည်။

Big C ကုန်တိုက်ကြီး အနီးတ၀ိုက်တွင် မီးလောင်ကျွမ်းထားသည့် ဒဏ်ကြောင့် ရုတ်တရက်ပြိုကျလာမည်ကို စိုးရိမ်သည့်အတွက် သွပ် ပြားများ နှင့် ကာရန်ထားကြောင်း၊ ဆန္ဒပြပွဲများ ပြီးဆုံး၍ ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်သည့် အတွက် ၀မ်းသာကြောင်း မော်လမြိုင်မြို့သူ မအေးကပြောဆိုသည်။

Monday, May 24, 2010

ကားမှောက်၍ မြန်မာ အလုပ်သမား ၁၃ ယောက်သေ

ထိုင်းအာဏာပိုင်များ လိုက်၍ ထွက်ပြေးရာမှ ကားတိမ်း မှောက်ပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၃ ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မေလ၂၃ ရက်နေ့က ထိုင်းနိုင်ငံ အနောက်ပိုင်း ဖက်ချဘူရီခရိုင်၊ ချအမ်းမြို့အနီးတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၆ ဦးကို တင်ဆောင်လာသော ကားအား ရဲကားက လိုက်စဉ် မောင်းပြေးရာမှ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ပြုတ်ကျပြီး သစ်ပင်ကို ဝင်တိုက်မိခြင်း ဖြစ်သည်ဟု ထိုင်းရုပ်သံလိုင်း အမှတ် ၇ က ကြေညာသွားသည်။

“မိုးတွေက ရွာနေတယ်၊ ကားက လမ်းဘေးကို ချော်ကျပြီးတော့ ပါလာတဲ့ လူတွေ ထဲက ၉ ယောက်သေသွားတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ မှ ရွှေ့ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောသည်။

ကျန် ၄ ဦးမှာ ဆေးရုံရောက်ပြီးမှ သေဆုံးခြင်း ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသောကားသည် စမွတ်စာခွန်ခရိုင်ရှိ ရနောင်းမြို့မှ ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။

ကားသမားမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး ချအမ်းရဲစခန်းတွင် ဖမ်းဆီးထားကြောင်း အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန (GHRE) မှ အလုပ်သမားရေးတာ တာဝန်ခံ ကိုမိုးဝေက ပြောသည်။

“ကားပေါ်မှာ ပါလာတဲ့လူတွေက တနေရာကနေ တနေရာကို ပြောင်းပြီး အလုပ်လုပ်ဖို့ ပွဲစားနဲ့ လာကြရင်း အခုလို ဖြစ်သွားကြတာ” ဟု ကိုမိုးဝေက ဆက်လက်ပြောသည်။

GHRE မှာ ဒါရိုက်တာ ဦးထူးချစ်ကလည်း “ကျနော်တို့ အတွေ့အကြုံအရ အနှစ် ၂၀ အတွင်းမှာ အခုလို သေတာ ဒဏ်ရာရတာ မကြာခဏပဲ ကြုံရတယ်။ အခုနောက်ပိုင်းမှာတော့ အလုပ်သမားဥပဒေ၊ ထိုင်းဥပဒေတွေအရ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုကြလို့ ရကြတာတွေ ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက တာ့ခ်ခရိုင်တွင် ထိုင်းသို့ ခိုးဝင်လာသည့် မြန်မာ ၉ ဦး တောထဲ၌ ပစ်သတ်ခံခဲ့ရသည်။ ဖေဖော်ဝါရီလတွင် ထိုင်း-မြန်မာ နယ်စပ် ရနောင်းမြို့၌ ထိုင်းရဲက ပစ်ခတ်သောကြောင့် ကလေး ၃ ဦး သေပြီး လူကြီး ၅ ဦး ဒဏ်ရာရခဲ့သည်။

Monday, May 17, 2010

ပြည်ပရောက် မြန်မာနိုင်ငံသားများက ရေအလှူငွေ ထည့်ဝင်

ထိုင်းနှင့်မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ကျောင်းသားကျောင်းသူများနှင့် အလုပ်သမားများက မြန်မာပြည်တွင်းမှ ရေအခက်အခဲ ဖြစ်နေသော ဒေသအချို့သို့ ရေအလှူ ပြုလုပ်နေကြသည်။

ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများက ဦးဆောင်၍လည်းကောင်း၊ မလေးရှားရှိ မြန်မာပြည်သားများအရေး လုပ်ဆောင်နေသော သူများကလည်းကောင်း မြန်မာပြည်တွင်း၌ ရေအခက်အခဲဖြစ်နေသော ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း ဒေသအသီးသီးသို့ ရေလှူဒါန်းနိုင်ရန်အတွက် ငွေများစုပေါင်းထည့်ဝင်ကာ သက်ဆိုင်ရာ စေတနာ့ဝန်ထမ်း ဒေသခံတာဝန်ခံများမှတဆင့် ပေးပို့နေခြင်းဖြစ်သည်။

ထိုအစီအစဉ်များနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ABAC တက္ကသိုလ်တွင် ပညာရေး ဘာသာရပ်ဖြင့် မဟာတန်း တက်ရောက် ပညာသင်ကြားနေသော ကျောင်းသူတဦးက “နာရေးကူညီမှုအသင်းက လုပ်နေတယ်ကြားတော့ အလှုငွေများများ ပို့ပေးနိုင်ရင် နေရာတော်တော်များများကို ပံ့ပိုးပေးနိုင်မယ်လို့ တွက်မိတယ်။ ဒီတော့ ကိုယ့်ဆီကနေ ဘယ်လောက်ပဲရရ အနည်းနဲ့ အများတော့ အထောက်ကူ ဖြစ်နိုင်တယ်ဆိုပြီးတော့ ကောက်တာ” ဟု ဆိုသည်။

မလေးရှားရှိ မြန်မာပြည်သားများအရေး လုပ်ဆောင်နေပြီး ဘန်ဒါတက်ကနိုလော်ဂျီ၊ ကဂျန်းရပ်ကွက်တွင် ဦးဆောင်၍ အလှူငွေကောက်ခဲ့သူ ကိုအောင်ကိုကလည်း “မြန်မာနိုင်ငံမှာ ရေရှားပါး ပြတ်လပ်နေတာကို သိရပြီး လူတွေ ဒုက္ခရောက်နေတာကို ကူညီချင်တဲ့စိတ်ဓာတ်တခုတည်းနဲ့ ဒီအလှူငွေ ကောက်ခံရာမှာ ၀င်ရောက်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

မလေးရှားမှ အလှူရှင်များသည် ပြီးခဲ့သည့် ကြာသတေးနေ့မှစပြီး ဘန်ဒါတက်ကနိုလော်ဂျီကဂျန်း၊ ကွာလာလာမ်ပူမြို့၊ အမ်ပန်းရှိ ရိုဟင်ဂျာလူမှုအဖွဲ့အစည်းအတွင်းနှင့် ကလနဂျာရာရှိ မြန်မာများထံမှ အလှူငွေများ ကောက်ခံခဲ့ပြီး ယမန်နေ့က မလေးရှားငွေ ၁၉၉၃ ရင်းဂစ်နှင့်ညီမျှသည့် ကျပ်ငွေ (၆) သိန်းကို ပဲခူးဒေသတွင် ကူညီနေသူများထံ ပေးပို့လှူဒါန်းပြီး ဖြစ်ကာ၊ ထပ်မံ၍ စင်ကာပူနှင့် အခြားကွာလာလမ်ပူ အနီးတ၀ိုက်မြို့တို့တွင် ဆက်လက်အလှူခံကာ လာမည့်တနင်္ဂနွေနေ့တွင် လှူဒါန်းနိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

ထိုင်းနိုင်ငံရောက်တက္ကသိုလ် ကျောင်းသားကျောင်းသူများထံမှ ယခုလက်ရှိ ကောက်ခံရရှိငွေမှာ မြန်မာကျပ်ငွေ (၄) သိန်းကျော်ခန့်ရရှိနေပြီး လာမည့်သောကြာနေ့တွင် ကောက်ခံရရှိသော ပထမအရစ်ငွေကို မြန်မာပြည်တွင်းရှိ ရန်ကုန်တဘက်ကမ်း ဒေသများတွင် ကွင်းဆင်းလှူဒါန်းနေသော လူငယ်အုပ်စုသို့ ပေးပို့သွားမည်ဟု ထိုင်းတက္ကသိုလ်မှ ကျောင်းသူက ပြောသည်။

၎င်းက “တတ်နိုင်သရွေ့တော့ ဆက်လုပ်သွားမယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာက ဒုက္ခပေါင်းများစွာဖြစ်နေတာ။ အပြင်က လူတွေမှာလည်း လှူရတာတွေများလွန်းတော့ အလှူငွေ ကောက်ရတာလည်း အားနာတယ်။ ဒီတော့ အားနာနာနဲ့ပဲ ဆက်ပြီး ကောက်ရမှာပါပဲ” ဟု ဆိုသည်။

မလေးအလှူရှင်များထဲမှ တဦးဖြစ်သူ တွင်ခုံအလုပ်သမား ကိုမင်းမင်းက “ကျနော်တို့တတွေ ဒီနိုင်ငံခြားမှာ ရောက်နေပေမယ့် တိုင်းပြည်မှာ လူထု ဒုက္ခရောက်နေတာကိုသိရပြီး အခုလို ဦးဆောင် ကောက်ခံသူတွေရှိတော့ လှူရတဲ့ကျနော်တို့အတွက် အဆင်ပြေသွားတယ်။ မဟုတ်ရင် ငွေလေး ရင်းဂစ် (၅၀၊ ၁၀၀) နဲ့ ဘယ်လိုလွှဲပြီးလှူမလဲ” ဟု ပြောသည်။

ထိုင်းနိုင်ငံ တမ္မာဆတ်တက္ကသိုလ်တွင် မဟာတန်း တက်ရောက်သင်ယူနေသော အလှူရှင် ကျောင်းသူတဦးက “ရေဆိုတာ လူရဲ့အသက်ပဲ။ ရေလှူတာနဲ့ လူတွေအသက်ကို ကယ်ရာရောက်ပါတယ်။ ဒါကြောင့် ကုသိုလ်ပါဝင်တာပါ” ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းမှ စတင်၍ မြန်မာပြည်ရှိ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင် နေရာအတော်များများ အပူချိန် ပြင်းထန်မှုကြောင့် မြေအောက်ရေကြော နိမ့်ဆင်းသွားပြီး ရေတွင်းရေကန်များ ခန်းခြောက်ကာ ဒေသတွင်းရှိ ရေအခက်အခဲကို လူမှုအဖွဲ့အစည်းများ၊ တသီးပုဂ္ဂလအလှူရှင်များမှ တတ်အားသရွေ့ ငွေအား၊ လုပ်အားပေးအပ် လှူဒါန်းနေကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းနှင့် မြန်မာတနိုင်လုံးတွင် ရေရှားပါးမှု ကြုံနေရကြောင်း၊ ထို့အတွက် ရေရှားပါးသည့် ဒေသများသို့ အစိုးရအာဏာပိုင်များက ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ အန်ဂျီအိုများနှင့်ပူးပေါင်းကာ သောက်သုံးရေများ လှူဒါန်းနေကြောင်းလည်း နအဖသတင်းစာများတွင် အကျယ်တ၀င့်ဖော်ပြထားသည်။

ရန်ကုန်မြို့ခံတဦးက “သတင်းတွေကိုတော့ သတင်းစာက ဖော်ပြနေတာပဲ။ တကယ်တမ်း ရေပေးနေလား သူတို့က၊ သတင်းစာမှာ ပါဖို့ကိုပဲ ဖော်ရှိုးလုပ်နေတာ၊ နာဂစ်တုန်းကလိုပဲဗျ။ ပြည်သူကသာ ပြည်သူကို ကယ်နေရတာ။ အချင်းချင်းပဲ ပြေလည်အောင် လုပ်နေရတာ” ဟု ပြောသည်။

ရန်ကုန်တွင် ရေရှားပါးမှုကို လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် မြောက်ပိုင်း-တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နှင့် ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်များ၊ သာကေတ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ တွံတေးစသော မြို့နယ်များတွင် အများဆုံး ခံစားနေရကြောင်း သိရသည်။
ခေတ်ပြိုင်

ဘန်ကောက်တွင် ရွှေ့ပြောင်းအလုပ်သမားများအား သတိပေး

ထိုင်းနိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အထူးသတိထား၍ အသွားအလာ အနေအထိုင် ဆင်ခြင်ရန်လိုကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် မတ်လ (၁၂) ရက်မှစတင်ကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဖြစ်ပွားနေသော ရာထူးမှအဖြုတ်ချ ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တရာကို ထောက်ခံသော အင်္ကျီအနီရောင်ဝတ် ဆန္ဒပြသူများနှင့် ထိုင်းအစိုးရတို့အကြား တင်းမာမှုအခြေအနေသည် စိုးရိမ်ရသည့် အနေအထားသို့ ယနေ့ရောက်ရှိလာသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်သမားရေး လုပ်ကိုင်နေသော အဖွဲ့အစည်းအသီးသီးရှိ ခေါင်းဆောင်များက သတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားတရားမျှတမှုရရှိရေး အစီအစဉ်မှ ဒါရိုက်တာ အန်ဒီဟောက “ရောထွေးမှုတခုခု မဖြစ်လာစေဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဒီလိုအန္တရာယ်ရှိတဲ့ နေရာကို မသွားသင့်ပါဘူး။ အနီကော အစိုးရပိုင်းကပါ နှစ်ဘက်လုံး အခြေအနေက အလွန်တင်းမာနေပါတယ်။ အလွန်အလေးအနက် ထားရမှာဖြစ်ပြီး မရည်ရွယ်ဘဲ နားလည်မှုလွဲမှားစရာတွေ အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျနော်တို့ဟာ ထိုင်းမဟုတ်တဲ့အတွက် အထူးသဖြင့် ဘာသာစကားမတူတဲ့အတွက်ပါ” ဟု ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားအားလုံးသည် ယခုလောလောဆယ်အခြေအနေတွင် မိမိ၏သက်သေခံကတ်ပြားကို တပါတည်းဆောင်ထားရန် လိုအပ်ပြီး လိုအပ်သောမိတ္တူများကိုလည်း မိမိအိမ်သို့မဟုတ် သူငယ်ချင်းတဦးဦးထံ ထားရှိသင့်ကြောင်း၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်သို့သွားရာတွင် လတ်တလောဖြစ်ပေါ်နေသော သတင်းများကို ထိုင်းဘာသာဖြင့် ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ အသေအချာ လေ့လာပြီးမှ သွားသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

(၂) လကြာ ဖြစ်ပွားနေသော ဆန္ဒပြပွဲအတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ပိုက်ဆံပေး၍ အားဖြည့် ခေါ်ဆောင်လာသည်ဟူသော အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။ ယင်းကဲ့သို့ သတင်းမျိုး ယခင်က အင်္ကျီအ၀ါဝတ် ဆန္ဒပြသူများ လက်ထက်တွင်လည်း ထွက်ပေါ်ခဲ့ဖူးပြီး မှန်သည်မှားသည်ကို မည်သူမှ အတည်မပြုနိုင်ခဲ့ပေ။

ထိုင်းအလုပ်သမားဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများသည် မိမိစာရင်းသွင်းထားသော ခရိုင်ဒေသများတွင်သာ နေထိုင်လုပ်ကိုင်ကြရပြီး လုပ်ငန်းရှင်မပါဘဲ ခရိုင်ကျော် ဖြတ်သန်းသွားလာခွင့် မရှိပေ။ သို့ရာတွင် ယခုပြုလုပ်နေသော နိုင်ငံသားစိစစ်မှု ပြုလုပ်ရေး အစီအစဉ်အရ ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့် ရထားပြီးသော ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်ရှိသည်။

မြန်မာပြည်ဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်းကော်မတီ (TACDB) မှ တွဲဖက်ဒါရိုက်တာ ဦးမြင့်ဝေက “လောလောဆယ်မှာ ကိုယ်ပိုင်ဆိုင်တဲ့ငွေကြေး၊ ပစ္စည်းပစ္စယာတွေကို အဆင်သင့်ဖြစ်အောင် လုပ်ထားကြပါ။ တချို့နေရာတွေမှာ ရုတ်တရက် မီးထလောင်တာတို့ ဘာတို့တွေလည်း ရှိနေကြတယ်။ ထိုင်းကတော့ ပြဿနာမရှိဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာ နေလို့ရတယ်။ အလုပ်သမား (၂၀) လောက်က ပါဝင်ပတ်သက်ရင် အလုပ်သမား (၂) သန်းအတွက် ဒုက္ခရောက်သွားနိုင်တယ်” ဟု ဆိုသည်။

မတ်လ (၁၂) ရက်နေ့မှစတင်ကာ ဖန်ဖတံတား၌ အခြေချခဲ့သော အနီရောင်ဝတ်ဆန္ဒပြသူများသည် ဧပြီ (၃) ရက်တွင် မြို့လယ်ကောင် ရတ်ချာပရာချွန်တွင် စတင်နေရာယူခဲ့ပြီး သပိတ်စခန်းဖွင့်ကာ ယနေ့ထိ ထိုင်းအစိုးရပြုတ်ကျရေး ဆန္ဒပြမှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဧပြီ (၁၀) ရက်နေ့ လူစုခွဲမှုအပါအဝင် ဆန္ဒပြသူများနှင့် အစိုးရလုံခြုံရေး တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် ယနေ့ နံနက်ပိုင်းအထိ (၆၅) ဦးသေဆုံးခဲ့ပြီး (၁,၆၀၀) ကျော် ဒဏ်ရာရခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

၎င်းတို့အနက် မြန်မာရွှေ့ပြောင်းအလုပ်သမား ရဝမ်လူမျိုး (၁) ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း (၆) ဦး ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့်လက ထိုင်းအလုပ်သမားဝန်ကြီးက ဆန္ဒပြသူများနှင့် ပတ်သက်ဆက်နွှယ်သည့် ရွှေ့ပြောင်းအလုပ်သမား တွေ့ရှိပါက ဖမ်းဆီးအရေးယူ ထောင်ချမည်ဟု ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ဧပြီလအတွင်း အနီရောင် ဆန္ဒပြအင်္ကျီဝတ်၍ ဈေးရောင်းနေသော မြန်မာ (၂) ဦး နှင့် ကမ္ဘောဒီးယား (၁) ဦးတို့ ခေတ္တယာယီ ထိန်းသိမ်းခံခဲ့ရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော အနီဝတ်သူများဘက်မှ ထောက်ခံအားပေးသူ ထိုင်းစစ်တပ်အကြံပေး ဗိုလ်ချုပ် ခတ်တိယ (အသက်၅၉နှစ်) သည် ယနေ့နံနက် ၉နာရီ၂၀မိနစ်တွင် ကွယ်လွန်ခဲ့သည့်အတွက် ယင်းဖြစ်ရပ်သည် အခြေအနေကို ပိုမိုတင်းမာလာစေနိုင်သည်ဟု ထိုင်းနိုင်ငံရေး အကဲခတ်များက ဆိုသည်။

ထိုင်းအစိုးရက ယနေ့ မွန်းလွဲ (၃)နာရီကို နောက်ဆုံးထား၍ မြို့လယ်ကောင်မှ ဖယ်ပေးရမည်ဟု ဆန္ဒပြသူများကို ကြေညာထားပြီး ဆန္ဒပြလူအုပ်ကို စစ်တပ်၊ ရဲ ရာပေါင်းများစွာဖြင့် ဝိုင်းရံထားသည်။

ခေတ်ပြိုင်

အပူချိန်ကြောင့် ရန်ကုန်တွင် လူသေဆုံးမှုများ

မန်မာနိုင်ငံ မြို့အသီးသီးတွင် လတ်တလော အပူဒဏ်ကြောင့်ဖြစ်သည့် နောက်ဆက်တွဲ ရောဂါများဖြင့် သေဆုံးသူဦးရေ မြင့်တက်လာနေပြီး ၂ဝဝ၉ ခုနှစ် ဧပြီ၊ မေလတို့နှင့် နှိုင်းယှဉ်ပါက (၂) ဆနီးပါးခန့် ရှိကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “အပူဒဏ်ကြောင့် နောက်ဆက်တွဲဖြစ်တဲ့ ရောဂါနဲ့ သေသူတွေ ပိုများလာတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ။ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေနဲ့ ၂ဝဝ၉ ခုနှစ် ဧပြီ၊ မေလတွေမှာ တရက်ပျမ်းမျှ နာရေး (၃၅) ခုကနေ (၄၅) ခုအကြား၊ အများဆုံး (၅၀) ဆောင်ရွက်ပေးရတယ်။ ဒီနှစ် ဧပြီ၊ မေမှာ တရက် ပျမ်းမျှ အလောင်းပေါင်း (၇ဝ) လောက် ကူညီပေးရတယ်။ (၁၅) ရက်နေ့ကဆို အလောင်းပေါင်း (၇၁) လောင်း၊ (၁၆) ရက်နေ့ နေ့လယ် (၁၂) နာရီခွဲပဲ ရှိသေးတယ်၊ အလောင်း (၆၁) လောင်း ကူညီခဲ့ရပြီ” ဟု ပြောသည်။

နာရေးကူညီမှုအသင်းသည် နိဗ္ဗာန်ယာဉ် (၁၇) စီးဖြင့် နာရေးကိစ္စများကို အခမဲ့ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယခုစာရင်းသည် ၎င်းတို့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ကူညီသည့် နာရေးစာရင်းဖြစ်ပြီး အခြား နာရေးကူညီမှု အသင်းများ၊ ဘာသာရေး အသင်းများနှင့် ထိန်ပင်မီးသင်္ဂြိုဟ်စက်ဘက်က စာရင်းများ မပါဝင်သေးကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

အလားတူ မိသားစုဝင်တဦး သေဆုံးသွားသဖြင့် မြန်မာ့အလင်းသတင်းစာတွင် နာရေးကြော်ငြာ သွားထည့်သူတဦးကလည်း ယခုရက်ပိုင်း နာရေးကြော်ငြာ ထည့်သွင်းသူ များနေ၍ စာမျက်နှာတိုးပြီး ဖော်ပြပေးသော်လည်း မလောက်ငကြောင်း၊ ၎င်းအနေဖြင့်လည်း နာရေးကြော်ငြာ ထည့်သွင်းရန် လိုအပ်သည့်ရက်တွင် ထည့်သွင်းခွင့်မရသည့်အတွက် ရပ်နီးရပ်ဝေးမိတ်ဆွေများကို တယ်လီဖုန်းဖြင့် အကြောင်းကြားမှု လုပ်ခဲ့ရကြောင်း ပြောသည်။

မြောက်ဥက္ကလာပ ဆေးရုံမှ အထွေထွေရောဂါကု ဆရာဝန်တဦးက “အခုရက်ပိုင်း လူအသေများလာတယ်ဆိုတာ အဓိကအားဖြင့် သက်ကြီးရွယ်အိုတွေ အပူဒဏ်၊ မီးပျက်တဲ့ ဒဏ်တွေကြောင့် အစားအသောက်ပျက်တာ၊ အိပ်မရဖြစ်တာ စတဲ့ အခြေအနေတွေကနေ အားနည်းပြီး သေဆုံးတာမျိုးဖြစ်တယ်” ဟု ပြောသည်။

မော်လမြိုင်မြို့ခံ ဂျီပီ ဆရာဝန်မတဦးကလည်း ယခုရက်ပိုင်း ၎င်းတို့နေထိုင်ရာ ပန်းပဲတန်းရပ်တွင် အပူဒဏ်မခံနိုင်၍ နောက်ဆက်တွဲ ဖြစ်ပွားသည့် ရောဂါများဖြင့် အသက် (၁ဝဝ) ကျော် အဖွားအိုတဦးအပါအဝင် အသက်အရွယ်ကြီးရင့်သူ အတော်များများ သေဆုံးမှုရှိကြောင်း အတည်ပြုပြောဆိုသည်။

ယခုကဲ့သို့ အပူဒဏ် ပြင်းထန်လာခြင်း၊ နှစ်ပေါင်း (၅ဝ-၆ဝ) အတွင်း လျှပ်စစ်မီး ပြတ်တောက်မှုအခြေအနေ အဆိုးရွားဆုံး ဖြစ်နေခြင်းတို့ကြောင့် အဲကွန်းဖြင့် နေထိုင်နိုင်ခြင်း၊ အဲကွန်းမတတ်နိုင်သူများက ပန်ကာလေဖြင့်ပင် နေထိုင်နိုင်ခြင်း မရှိသည့်အတွက် ရန်ကုန်နေပြည်သူအချို့သည် ညဘက် တိုက်ခန်းများမှထွက်ပြီး လမ်းဘေးသစ်ပင်အောက် အိပ်သူများပင် ရှိလာကြောင်း မြို့ခံတဦးက ပြောသည်။

ယမန်နေ့တွင် ထူးခြားသည့် နေ့အပူချိန်များအဖြစ် ချောက်မြို့တွင် (၄၅.၉) ဒီဂရီ စင်တီဂရိတ်၊ မုံရွာ၊ မြင်းခြံ၊ မကွေးမြို့တို့တွင် (၄၅.၅) ဒီဂရီ စင်တီဂရိတ်၊ ညောင်ဦးမြို့ (၄၅.၂) ဒီဂရီ စင်တီဂရိတ်၊ ပခုက္ကူမြို့ (၄၅.၁) ဒီဂရီ စင်တီဂရိတ်၊ ကလေးမြို့ (၄၅) ဒီဂရီ စင်တီဂရိတ်နှင့် မင်းဘူးမြို့ (၄၄.၆) ဒီဂရီ စင်တီဂရိတ် အသီးသီးရှိကြကြောင်း နအဖသတင်းစာတွင် ဖော်ပြပါရှိသည်။

ခေတ်ပြိုင် မှကူးယူဖေါ်ပြသည်။

Thursday, May 13, 2010

ထိုင်း ဗီဇာကြေး တနှစ် ကင်းလွတ်ခွင့်ပြုမည်

ထိုင်းနိုင်ငံ သံရုံးတွင် ခရီးသွား ဗီဇာ လျှောက်ထား သူများနှင့် ဆိုက်ရောက်ဗီဇာ လျှောက်ထား သူများအား ဗီဇာကြေး ကင်းလွတ်ခွင့် တနှစ် အထိ ခွင့်ပြုမည် ဖြစ်ကြောင်း ယခုလအတွင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

ခရီးသွားဗီဇာ (Tourist visa) တမျိုးတည်းကိုသာ ယခု မေလ ၁၁ ရက်နေ့မှ စတင်၍ ၂၀၁၁ မတ်လ ၃၁ ရက်နေ့ အတွင်း ဗီဇာ ကြေး ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း ၎င်း ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဗီဇာ ကင်းလွတ်ခွင့်ပြုခြင်းသည် ထိုင်း ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာန (လ၀က)မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

သို့သော်လည်း ဗီဇာ ကင်းလွတ်ခွင့် ပြုလိုက်သည့်အတွက် အကြမ်းဖက် သမားများလည်း အလွယ်တကူ ရောက်ရှိလာနိုင် သော ကြောင့် ထိုင်းနိုင်ငံ အတွက်လည်း စိုးရိမ်ရသည်ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့်နှစ်ကလည်း နိုင်ငံတကာ ခရီးသွားဧည့်သည် ပြန်လည်ဝင်ရောက်မှုများပြားရန် ကြိုးပမ်းချက် တခုအဖြစ် ထိုင်းနိုင်ငံက ဗီဇာကြေး ၃၅ ဒေါ်လာကို ၃ လကြာ ကင်းလွတ်ခွင့်ပြုခဲ့သည်။

ထိုအချိန်က ပြည်ဝင်ခွင့် ဗီဇာကြေး ကင်းလွတ်ခွင့်ပြုသည့် အစီအစဉ်ကို စတင်ခဲ့သော်လည်း မြန်မာပြည်သားများအနေဖြင့်မူ ပိုင်ဆိုင်မှု စာရွက် စာတမ်းများကို တင်ပြနေကြရသည်။

သန်းထိုက်ဦး

မြန်မာရွှေ့ ပြောင်းအလုပ်သမားများ နိုင်ငံသားစိစစ်ရေးပြုမှု ၂၀၁၂ တွင် ပြီးဆုံးမည်

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားစိစစ်မှုနှင့် ယာယီပတ်စပို့စ် ထုတ်ပေးမှု လုပ်ငန်းစဉ်အား ၂၀၁၂ ခုနှစ်တွင် အပြီးသတ်ပြုလုပ်မည်ဟု ထိုင်းအစိုးရက ယမန်နေ့က ကြေညာသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသား စိစစ်ရေးပြုမှုနှင့် ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့် လုပ်ငန်းစဉ်အား ၂၀၁၂ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်သော သက်သေခံကတ်ပြား အရောင်နှင့် အဆင့်အတန်းတို့ကိုလည်း ပြောင်းလဲပေးမည်ဟု ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ချုပ် မစ္စတာ ဂျီလီဆက်ဆူခွန်ချတ်က ပြောကြားကြောင်း ထိုင်းနိုင်ငံရှိ sanook အင်တာနက် စာမျက်နှာနှင့် ယနေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြပါရှိသည်။

ယခုအခါ မြန်မာနိုင်ငံဘက်ခြမ်းရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရာ ဌာနတိုင်းက တနေ့လျှင် ယာယီနိုင်ငံကူးလက်မှတ် (၆၀၀) ထုတ်ပေးမည်ဖြစ်ပြီး ဌာန (၃) ခုပေါင်း တနေ့လျှင် နိုင်ငံကူးလက်မှတ်ပေါင်း (၁,၈၀၀) ထုတ်ပေးမည်ဖြစ်သည့်အတွက် လာမည့် ၂၀၁၂ တွင် အပြီးသတ်နိုင်မည်ဟု ညွှန်ချုပ်က ပြောသည်။

ယာယီနိုင်ငံကူးလက်မှတ်ကို ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းမြို့တို့တွင် ထုတ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းရှိ ပတ်စပို့စ် ထုတ်ပေးရာဌာနကို မြန်မာပြည်သားများ ရေလမ်းခရီးသွားလာမှု မလုပ်ရစေရန် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မကြာမီရက်ပိုင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်ပေးတော့မည်ဟု သိရသည်။

ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့်ရသူ ရွှေ့ပြောင်းအလုပ်သမားများသည် ယခင်ကိုင်ဆောင်ထားသော အလုပ်လုပ်ခွင့် ပန်းရောင်ကတ်ပြားအစား တနိုင်ငံလုံးသွားလာခွင့်ရှိသည့် အစိမ်းရောင်ကတ်ပြားကို ထိုင်းအလုပ်သမားရုံးတွင် သွားရောက်ထုတ်ယူရမည်ဖြစ်သည်။

သို့သော် အဆိုပါအစိမ်းရောင်ကတ်ပြား သွားရောက်လျှောက်ထားသူ ဆောက်လုပ်ရေးအလုပ်သမား ကိုအောင်က “ကျနော်တို့ (၃) လပိုင်းကတည်းက ရုံးသွားပြီးတော့ အဲဒီ အစိမ်းရောင်ကတ်ပြား (work permit) သွားလျှောက်တယ်။ အဲဒီမှာ သူတို့က (၉) လပိုင်းမှ ပြန်လာယူဆိုပြီးတော့ နေ့စွဲရေးပေးလိုက်တယ်။ (၂) နှစ်စာ အလုပ်လုပ်ခွင့်အတွက် ဘတ် (၃,၆၀၀) နဲ့ စာရွက်စာတမ်းကြေး (၁၀၀)၊ စုစုပေါင်း ဘတ် (၃,၇၀၀) ပေးခဲ့ရပြီးပြီ။ ဒါပေမယ့် ဆိုင်ရာပိုင်ရာတွေနဲ့ ဘတ် (၅၀၀) ပေးရင် ချက်ချင်းရတယ်လို့တော့ ကြားတယ်” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမား တရားမျှတမှုရရှိရေး အစီအစဉ်မှ ဒါရိုက်တာ အန်ဒီဟောကမူ နိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှုမရှိဘဲ အလုပ်သမားနှင့်အလုပ်ရှင် မည်သို့တိတိကျကျ လုပ်ဆောင်ရမည် ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိဟု ဆိုသည်။

၎င်းက “ထိုင်းအစိုးရဟာ ပွဲစားတွေကို သက်ရောက်မှုရှိရှိ ထိန်းချုပ်နိုင်မှု မရှိသေးပါဘူး။ ဆိုလိုတာက ပွဲစားတွေဟာ ဒီရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်အတွက် အလွန်ဈေးကြီးတဲ့နှုန်းထားနဲ့ အလုပ်သမားတွေအပေါ်ကို ခေါင်းပုံဖြတ်နေပါတယ်။ အခုကျနော်တို့ မြင်တွေ့နေရတာကတော့ အတော်မြင့်မားတဲ့ ဈေးနှုန်းနဲ့ ရွှေ့ ပြောင်းအလုပ်သမားတွေဟာ ပတ်စပို့စ်ကို ရရှိလိုက်ပါတယ်” ဟု ပြောသည်။

ရှုတ်ထွေးသည့် အလုပ်အကိုင် ခန့်ထားရေး စည်းမျဉ်းစည်းကမ်းများကို နားမလည်သည့် အလုပ်သမားများမှာ အာဏာပိုင်များ၏ အဖမ်းဆီးခံရ၊ ခြိမ်းခြောက်ငွေညှစ်ခံကြရသည့်အတွက် နိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်တွင်လည်း ပွဲစားများကို စည်းမျဉ်းစည်းကမ်းနှင့်ထိန်းချုပ်ကာ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်နေသည့် အာဏာပိုင်များ၊ ၀န်ထမ်းများ၏ လာဘ်စားမှုများကို လုပ်ငန်းစဉ်ပြီးဆုံးသည်အထိ ဖယ်ရှားရန်လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

နိုင်ငံသားစိစစ်ရေးပြုမှုနှင့် ယာယီနိုင်ငံကူးလက်မှတ် လုပ်ငန်းစဉ်တွင် ကြားခံပွဲစား ကုမ္ပဏီများ၏ တောင်းခံသော ငွေကြေးပမာဏကို မတတ်နိုင်၍သော်လည်းကောင်း၊ စစ်အစိုးရကို အယုံအကြည်မရှိ၍ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ တရားမဝင် ရွှေ့ ပြောင်းအလုပ်သမားအဖြစ်သို့ ကူးပြောင်းသွားသူများသည် ယခုအခါ (၂) သိန်းခွဲကျော် ရှိနေပြီး ယခင်ရှိပြီးသူများနှင့် ဆိုပါက အနည်းဆုံး မြန်မာရွှေ့ပြောင်း အလုပ်သမား (၁) သန်းခန့် ရှိနိုင်သဖြင့် ထိုသူများ၏ အရေးအတွက် ထိုင်းအစိုးရအနေဖြင့် မလွဲမသွေ စဉ်းစားရဦးမည်ဖြစ်ကြောင်း အလုပ်သမားအရေး လုပ်နေသူများက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင် ရွှေ့ပြောင်းအလုပ်သမား (၁.၃) သန်းကျော်ရှိပြီး အလုပ်လုပ်ခွင့် သက်တမ်းမတိုးတော့ဘဲ တရားမဝင် အလုပ်သမားအဖြစ်သို့ ကူးပြောင်းသွားသူပေါင်း (၃) သိန်းနီးပါးရှိသည်ဟု ဧပြီလ (၃၀) ရက်က အတည်ပြုထုတ်ဝေသည့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ အစီရင်ခံစာအရ သိရသည်။

ခေတ်ပြိုင်မှကိုးကားသည်..

Friday, May 7, 2010

လူကုန်ကူးခံရသူများအား ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ပြုမည်

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းထားသော လူကုန်ကူးခံရသူများအား ယာယီနေထိုင်ခွင့်ပေးပြီး အလုပ်လုပ်ကိုင်ခွင့်ပြုရန် ထိုင်းအစိုးရက မေ (၄) ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

အဆိုပါညွှန်ကြားချက်ကို မေ (၄) ရက်တွင်ပြုလုပ်သည့် ထိုင်းအစိုးရ၀န်ကြီးများအစည်းအဝေးတွင် အတည်ပြုကာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သွားရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ယာယီထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားသည့် လူကုန်ကူးခံရသူများအား အမှုရင်ဆိုင်နေရစဉ်အတွင်း အမှုအတွက် အကျိုးရှိစေရန်၊ ဆေးဝါးကုသခွင့်ရရှိနိုင်စေရန်၊ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်စေရန်နှင့် မိမိတို့အခွင့်အရေးများ တောင်းဆိုနိုင်စေရန် ရည်ရွယ်၍ အထူးသတ်မှတ်ချက်အနေဖြင့် ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် အခွင့်အရေးပေးအပ်ရန် ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလူကုန်ကူးခံရသူများအား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ပြုခြင်းနှင့် ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်ခွင့်ပြုရန် ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် လုံခြုံရေးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်း၍ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲအတည်ပြုရန်အတွက်လည်း အခွင့်အာဏာ အပ်နှင်းကြောင်း ထိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမား ရေးရာ ဌာနတာဝန်ခံ ဦးသက်ခိုင်က “အခုလို ခွင့်ပြုတယ်ဆိုတာ အလွန်ကို ၀မ်းသာစရာပါ။ မဟုတ်ရင် သူတို့ဟာ အချိန်အတော်ကြာ စခန်းထဲမှာ အမှုပြီးတဲ့အထိ အဓိပ္ပာယ်မဲ့နေထိုင်ရမှာဖြစ်ပါတယ်။ ဒီအမှု မဖြစ်ခင်ကတည်းကိုက လူကုန်ကူးမှုသားကောင်အဖြစ် ခံခဲ့ရတဲ့ သူတို့ရဲ့ ခါးသည်းတဲ့ အတွေ့အကြုံတွေအတွက် ဒါဟာ ဆေးကောင်းတလက် ဖြစ်နိုင်ပါတယ်။ လိုအပ်တဲ့ အသေးစိတ် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကိုတော့ ကျနော်တို့ စောင့်ရဦးမှာပေါ့ဗျာ” ဟု ဆိုသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသားတို့သည် လူမှောင်ခိုဂိုဏ်းများ၊ မာဖီးယားဆန်သော လူမိုက်အုပ်စုများနှင့် အချို့သော ဒေသဆိုင်ရာ အာဏာပိုင်များကြောင့် နေ့စဉ်နှင့်အမျှ ထိုင်းနိုင်ငံအတွင်းသို့ လူကုန်ကူးခံကြရပြီး အချို့ဖြစ်စဉ်များတွင် လူကုန်ကူးခံရသူများသည် သတ်ဖြတ်ညှဉ်းဆဲခံကြရသည်။

၂၀၀၈ ခုနှစ် ဧပြီလအတွင်း လူမှောင်ခိုကူးဂိုဏ်းများ၏ သယ်ဆောင်လာမှုကြောင့် မြန်မာအလုပ်သမား (၅၄) ဦးသည် အလုံပိတ် ငါးသယ်သည့် အအေးခန်းကားအတွင်း အောက်စီဂျင် မလုံလောက်မှုကြောင့် သေဆုံးခဲ့ရပြီး ယခုနှစ်ဦးပိုင်း ဇန်န၀ါရီလ အတွင်းကလည်း မြန်မာအလုပ်သမား (၉) ဦးသည် တောင်းဆိုသော ငွေကြေးမပေးနိုင်သောကြောင့် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရာဒေသရှိ တောနက်တနေရာတွင် ဒေသဆိုင်ရာ အာဏာပိုင်ရဲအရာရှိ၏ သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။

မြတ်ခိုင်ဦး (ခေတ်ပြိုင်)

Wednesday, May 5, 2010

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်သော မြန်မာ (၁၀၃) ဦး ဖမ်းမိ

ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အသစ် ထုတ်ပေးတော့မည်မဟုတ်ဟု ထိုင်းအစိုးရဘက်မှ ပြောဆိုနေသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ တရားမ၀င် ဝင်ရောက်နေဆဲဖြစ်ပြီး ယခုလ (၃) ရက်တွင် မြန်မာပြည်သား (၁၀၃) ဦးအား ထိုင်းဒေသဆိုင်ရာ စစ်တပ်နှင့်နယ်ခြားစောင့်တပ်တို့က ဖမ်းဆီးရမိသည်။

မေ (၃) ရက် ညနေ (၄) နာရီနှင့် (၇) နာရီအချိန်တွင် ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ဝင်ရောက်လာသော မြန်မာပြည်သား (၁၀၃) ဦးအား ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နယ်အတွင်းရှိ ဘူရားသုံးဆူလမ်းခွဲအနီး ထိုင်းကရင်လူမျိုးများနေထိုင်ရာ စနီဖောင်းကျေးရွာအ၀င်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဖမ်းခံရသူများသည် အသက် (၁၅) နှစ်မှ (၄၅) နှစ်အရွယ် အလုပ်လုပ်ကိုင်နိုင်သော အရွယ်များဖြစ်ကြသည်။

“လူအုပ်တွေ့တယ်ဆိုတဲ့ သတင်းရလို့ အာဏာပိုင်တွေက သွားရောက်ဖမ်းဆီးတာမှာ မေလ (၃) ရက် ညနေ (၄) နာရီမှာ ကျား (၉) ယောက် မ (၁၄) ယောက်၊ ပေါင်း (၂၃) ယောက်နဲ့ ညနေ (၇) နာရီမှာ ကျား (၃၁) မ (၄၉) ယောက်၊ ပေါင်း (၈၀) အားလုံးစုစုပေါင်း (၁၀၃) ယောက်ကို ဖမ်းမိတယ်” ဟု ထိုင်းအာဏာပိုင်သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက အတည်ပြု ပြောကြားသည်။

ယင်းသို့ဖမ်းမိရာတွင် ထိုသူများကို ခေါ်ဆောင်လာသော ပွဲစားကို မသိရဘဲ အဆိုပါပွဲစားသည် လူအုပ်အတွင်း ရောနှောသွားဖွယ် ရှိသည်ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ပွဲစားနှင့်ဝင်ရောက်လာသူတို့သည် အဖမ်းခံရပါက (၃) ကြိမ်တိုင်တိုင် ပြန်လည်ပို့ဆောင်ပေးမည်ဟု အာမခံချက်ရှိသဖြင့် ပွဲစားအား ငွေထပ်မံပေးရခြင်း မရှိပေ။

အဖမ်းခံရသူများသည် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော မြို့နယ်တို့မှ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်ရန် လာရောက်ကြခြင်းဖြစ်ပြီး ထိုသို့လာရောက်ရန်အတွက် တဦးလျှင် မြန်မာငွေ ကျပ် (၅) သိန်းစီ ပွဲစားအား ပေးအပ်ခဲ့ရကြောင်း၊ ၎င်းတို့အား လာရောက်ခေါ်ဆောင်မည့် ကားအလာကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ယမန်နေ့ နံနက်တွင် အဖမ်းခံရသူများအား ဘုရားသုံးဆူနယ်စပ်သို့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း အဆိုပါ ထိုင်းအာဏာပိုင်နှင့် နီးစပ်သူက ပြောသည်။

မြန်မာနိုင်ငံအတွင်း စားဝတ်နေရေး ကျပ်တည်းကာ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အရွယ်ကောင်းပြီး အလုပ်လုပ်ကိုင်နိုင်သော မြန်မာပြည်သားများသည် ထိုင်း၊ မလေးရှား စသောနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် နယ်စပ်ဒေသအသီးသီးမှ ၀င်ရောက်လျက်ရှိသည်။

ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ ပြောင်း အလုပ်သမား (၁,၀၇၉,၉၉၁) ဦးရှိပြီး၊ တရားဝင်နှင့် တရားမ၀င် စုစုပေါင်း (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်းသည်။

ထိုင်းအစိုးရအနေဖြင့် ထပ်မံ၍ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အသစ် ထုတ်ပေးတော့မည့် အစီအစဉ်မရှိကြောင်း ဧပြီလအတွင်းက အလုပ်အကိုင် ခန့်ထားရေးဌာန ညွှန်ကြားရေးမှူးက အခိုင်အမာ ပြောဆိုခဲ့ပြီးဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်မှုများ ရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့်လများအတွင်း ထိုင်း-မြန်မာနယ်စပ် တောင်ဘက်စွန်း ကော့သောင်း၊ ရနောင်းဒေသဘက်တွင် တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးပြန်လည်ပို့ဆောင်မှုများ ရှိခဲ့သည်။





မြတ်ခိုင်ဦး

Monday, May 3, 2010

ထိုင်း-မြန်မာ နယ်စပ်တွင် စိတ်ကြွဆေး ၂ သိန်း ဖမ်းမိ

မူးယစ်ဆေး သယ်ဆောင်လာ သူများနှင့် ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူ ၃ ဦး သေဆုံးပြီး စိတ်ကြွဆေး ၂ သိန်း ဖမ်းဆီး မိခဲ့သည် ဟု ထိုင်းစစ်တပ် သတင်းရပ်ကွက်မှ သိရသည်။


ထိုင်းစစ်တပ်က သတင်းအရ ချင်းမိုင် ခရိုင် မယ့်အိုင် မြို့နယ်အတွင်း စောင့်ဆိုင်း ခဲ့သည်ဟု ဆိုသည်။

“နယ်စပ် ဒေသမှာ မူးယစ်ဆေး မှောင်ခို ကူးတာက အခုဆိုရင် အရမ်း များလာတယ်။ ဒီထက် ပိုပြီး များလာမှာကို ကျနော်တို့ စိုးရိမ် နေကြတယ်” ဟု ချင်းမိုင် အခြေစိုက် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဖွန်ထစ်အင်ပရာဖိုင်က ဧရာဝတီသို့ ပြောသည်။

နယ်စပ်ဒေသ တရားမ၀င် မူးယစ်ဆေး လုပ်ကိုင်သူ များထဲတွင် ၀၊ လားဟူ၊ လီဆူး စသည့် တိုင်းရင်းသား လူမျိုးစု မူးယစ်ဆေး ကုန်ကူးသူများ ပါဝင်နေသည်ဟု သူက ပြောသည်။

မူးယစ်ဆေးထုတ်လုပ်မှုတွင် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား သူပုန် အဖွဲ့ တချို့ ပါဝင် နေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း မူးယစ်ဆေး သယ်ဆောင်သည့် အဖွဲ့တဖွဲ့နှင့် နယ်စပ်ဒေသတွင် တိုက်ပွဲ ဖြစ်ပွား အပြီး စိတ်ကြွဆေးပြား ၆၅၀ ၀၀၀ ဖမ်းဆီး မိကြောင်း ထိုင်းစစ်တပ်က ကြေညာခဲ့သည်။ မူးယစ်ဆေး သယ်ဆောင်သူများသည် ၀ လက်နက်ကိုင် အဖွဲ့ဝင်များ ဖြစ်နိုင်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုစဉ်က ဖော်ပြခဲ့သည်။

Sunday, April 25, 2010

မဟာချိုင်မှ ထိုင်းပုလိပ်များ၏ ငွေညှစ်နည်းအမျိုးမျိုး

မြန်မာအလုပ်သမားတွေ အများဆုံးနေကြတဲ့ မဟာချိုင်ဒေသမှာ အခုတလော ဖြစ်နေတဲ့ပြဿနာက ကွန်ပျူတာအသုံးပြုမှုနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာက အလုပ်ကို စိတ်ရှိလက်ရှိလုပ်ပြီး စည်းလေးကမ်းလေးနဲ့နေလိုက်ရင် ကွန်ပျူတာတလုံးလောက် ၀ယ်နိုင်တဲ့ငွေကို စုဆောင်းမိပါတယ်။ ဒါကြောင့် အခုလို နည်းပညာတွေတိုးတက်နေတဲ့ခေတ်ကြီးမှာ တီးခေါက်လေ့လာချင်တဲ့ လူငယ်တချို့က ကွန်ပျူတာတလုံးစာ ငွေစုဆောင်းမိတာနဲ့ ကွန်ပျူတာ ၀ယ်ဖြစ်ကြပါတယ်။ တချို့ကလည်း ခိုးကူးခွေတွေ ကူးကြမယ်၊ တချို့ကလည်း pagemaker လို နာမည်ကြီး စာစီစာရိုက် ဆော့ဖ်ဝဲလ်နဲ့ ဖိတ်စာလေး ဘာလေး ရိုက်တာမျိုးလည်း ရှိကြပါတယ်။

ဒီလို ကျနော်တို့မှာ ကွန်ပျူတာရှိတာကို ပုလိပ်တွေသိရင်တော့ အသည်းအသန်ကို ဖမ်းပါတယ်ဗျာ။ ဖမ်းမယ်ဆိုလည်း ကွန်ပျူတာနဲ့လုပ်စားပြီး ဥပဒေနဲ့ငြိနေလို့ တရားဥပဒေနဲ့အညီ အရေးယူတယ်ဆို ဖမ်းပါဗျာ။ အခုတော့ လူငယ်တချို့က အင်တာနက်လေး သုံးတတ်အောင်၊ ဂျာနယ်လေးတွေဖွင့်ဖတ်ပြီး အချိန်မီသတင်းလေးတွေ သိနိုင်အောင်၊ တချို့ကလည်း ဒေသအသီးသီးက မိတ်ဆွေတွေနဲ့ အဆက်အသွယ်ရအောင်၊ အီးမေးလ်လေး ပို့တတ်အောင်ဆိုပြီး ၀ယ်ထားကြတာ ဖြစ်ပါတယ်။ ဒါကို ပုလိပ်တွေက သူလျှိုတွေကတဆင့် လိုက်လံစုံစမ်း ဖမ်းဆီးပြီး ကွန်ပျူတာအမှုက ကြီးတယ်ဆိုကာ ဘတ်ငွေ (၂) သောင်း၊ (၃) သောင်း ခြိမ်းခြောက်တောင်းပါတယ်။ ငွေရှာနိုင်ရင်ရှာ မရှာနိုင်ရင် ထောင်ကျမယ်ပေါ့။ ဒီလိုနည်းနဲ့ ငွေတောင်းတာ ကျနော်တို့ ခံနေရပါတယ်။

နောက်ဆုံး ပုလိပ်တွေရဲ့ငွေတောင်းနည်းသစ်ကတော့ စာရင်းစာရွက်ပါပဲ။ အခုတလော ထိသွားတဲ့သူ (၁၀) ယောက်ထက် မနည်းတော့ပါဘူး။ ဖမ်းပုံဖမ်းနည်းကတော့ လမ်းပေါ်သွားနေတဲ့ မြန်မာအလုပ်သမားတယောက်ကိုတွေ့ရင် ဆိုင်ကယ်ရပ်ပြီး လက်မှတ်ရှိမရှိ မေးမြန်းစစ်ဆေး၊ ပိုက်ဆံအိတ် နှိုက်စစ်ဆေး၊ မတော်တဆများ ဂဏန်းလေးတွေပါတဲ့ စာရွက်လေး တရွက်လောက် ဥပမာ ဖုန်းနံပါတ်ပဲဖြစ်ဖြစ် တွေ့လို့ကတော့ အဲဒီစာရွက်ထဲက ဂဏန်းကို (၃) လုံးလောက်ကျန်အောင် ဆွဲဆုတ်၊ ချဲဂဏန်းဆိုပြီး လုပ်ဖမ်းပါတော့တယ်။ ဒီလိုမိရင် လူကွယ်ရာကို ခေါ်သွား၊ ငွေဘယ်လောက်ပေး၊ မပေးရင် ဒီဂဏန်း (၃) လုံးပါတဲ့ စာရွက်ကို သက်သေလုပ်ပြီး ချဲဂဏန်းအမှုနဲ့ ဖမ်းမယ်လို့ဆိုပါတယ်။

အလုပ်သမားတွေမှာ အခုဆို ဒီလိုထိုင်းပုလိပ်တွေရဲ့ အကွက်ဆင်ဖမ်းပြီး ငွေတောင်းတာတွေကို ကြောက်လွန်းလို့ စာရင်းစာရွက်လေးဖြစ်ဖြစ် မှတ်တမ်းမှတ်ရာလေးဖြစ်ဖြစ် ကိုင်သွားတဲ့လူတောင် မရှိသလောက် ဖြစ်ကုန်ကြပါပြီ။

နောက်ငွေညှစ်နည်းတမျိုးကတော့ မြန်မာနိုင်ငံသားအလုပ်သမားတွေ နေ့စဉ်နဲ့အမျှဆိုသလို ကြုံတွေ့နေရတဲ့အဖြစ်အပျက်ပါ။ အထူးသဖြင့်တော့ စနေ တနင်္ဂနွေလို အလုပ်နားရက်တွေမှာ ဖြစ်ပါတယ်။ ကျနော်တို့လို အလုပ်သမားတွေဟာ တပတ်လုံး အလုပ်လုပ်ထားကြလို့ အလုပ်နားရက်မှာ အပြင်ထွက်ပြီး သွားစရာ လုပ်စရာရှိတာကို သွားကြပါတယ်။ ဒီလိုသွားတဲ့အခါ မြန်မာနိုင်ငံသားမှန်းသိတယ် ဆိုတာနဲ့ ထိုင်းပုလိပ်တွေက ဘယ်သွားမလဲ၊ လက်မှတ်ရှိလား၊ ပြစမ်းဆိုပြီး စစ်ဆေးမေးမြန်း ပါတော့တယ်။ အဲလိုစစ်ဆေးတဲ့အခါ လက်မှတ်က ဘာတွေလိုနေတယ်၊ ဘယ်နေရာက မပြည့်စုံဘူးဆိုပြီး အကြောင်းအမျိုးမျိုးရှာ၊ နောက်ဆုံး မင်းတို့ မြင်းဆေးရောင်းသလားလို့ မေးမြန်းပြီး အိတ်ကို ဟိုနှိုက်ဒီနှိုက်နဲ့ ငွေရေးကြေးရေးအခြေအနေ စူးစမ်းလိုက်ပါသေးတယ်။

ထိုင်းပုလိပ်ပါးစပ်က ယာဘ (မြင်းဆေး) ဆိုတဲ့ အသံကြားတာနဲ့ ထမင်းစားရေသောက်လောက်သာ ထိုင်းစကားပြောတတ်တဲ့ ကျနော်တို့ အလုပ်သမားတွေခမျာ ဘာလုပ်ရမှန်းမသိ ကြောက်လန့်နေတာကို မြင်တဲ့အခါ ပုလိပ်တွေက ရုံးလိုက်ခဲ့ မြန်မာပြည်ပြန်ပို့မယ်ဆိုပြီး ခြိမ်းခြောက် ငွေညှစ်တော့တာပါပဲ။

တနင်္ဂနွေလိုနေ့မျိုးမှာ အဲလိုအဖြစ်မျိုးကြုံရင် အလုပ်ရုံက တာဝန်ရှိသူတွေ မလိုက်လာနိုင်တာကြောင့် ပုလိပ်တွေအတွက် အကွက်ပါပဲ။ တကယ်တော့ အလုပ်ရုံ (သို့မဟုတ်) သူဌေးတွေကလည်း ပုလိပ်စစ်ရင် ပြသနိုင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးထားပြီးသားပါ။ ဒါကိုလည်း ပုလိပ်တွေကသိလျက်နဲ့ စကားမတတ်ကြ၊ နားမလည်ကြ၊ ကြောက်တတ်ကြတာကို အခွင့်ကောင်းယူပြီး လုပ်စားနေကြတာပါ။

မဟာချိုင်ဒေသတ၀ိုက်မှာ တကယ့်ကို ထိထိရောက်ရောက် အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ အဖွဲ့အစည်းတခုမှမရှိပါဘူး။ ဒါကြောင့် ကျနော်တို့ မြန်မာအလုပ်သမားတွေ ကြောက်လန့်နေရမှုက ကင်းဝေးအောင် တာဝန်ရှိအဖွဲ့အစည်းတွေ နည်းလမ်းတစုံတရာ ရှာဖွေအကူအညီပေးနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

မဟာချိုင်မှ အိမ်ဝေးသူများ

Saturday, April 17, 2010

ခေါင်းဆောင်မှုနှင့် စီမံခန့် ခွဲမှု ပညာသင်တန်းအောင်မြင်စွာကျင်းပပြီစီးခြင်း

OKRSO မှကြီးမှူးကျင်းပသော ခေါင်းဆောင်မှုပညာနှင့် စီမံခန့် ခွဲမှုပညာကို
April 11-13,2010 သုံးရက်တာ
သင်တန်းကို okrso လူငယ်အဖွဲ့ ဝင်များနှင့်
ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ University မှာ
တက်ရောက်ပညာသင်ကြားနေသော
ကရင်ကျောင်းသား၊ကျောင်းသူစုစုပေါင်း အယောက်၂၀
ကျော်ပါဝင်ခဲ့ ကြပါတယ်.....

ဒီသင်တန်းကိုသင်ကြားပို့ ချပေးသော Assumption University မှာ
လက်ရှိစာသင်ပို့ ချပေးသောDr.Noel Jones နှင့် Dr.Mac တို့ ပဲဖြစ်ပါတယ်....


ဒီသင်တန်းကို တက်ရောက်သင်ကြားခဲ့ ကြသော
ကရင်လူငယ်များအားလုံးအနာဂတ်မှာ
ပေးအပ်လာမဲ့ အမျိုးသားရေးတာဝန်တွေကို
တက်ကြွစွာနှင့် ထမ်းဆောင်ကြလိမ့် မယ်လို့ 
ကျမတို့ okrso မိသားစုမှမျှော်လင့် ပါတယ်..

သင်တန်းရဲ့ လှုပ်ရှားမှုဓါတ်ပုံတွေကိုအောက်မှာကြည့် ရှုနိုင်ပါသည်...





































































































OKRSO မိသားစု




Tuesday, April 6, 2010

ယာယီ နိုင်ငံကူးလက်မှတ် သိမ်း၍ အလုပ်သမားများ ဆန္ဒပြ

ယာယီနိုင်ငံကူး လက်မှတ်များကို အလုပ်ရှင်က သိမ်းယူထားပြီး ငွေတောင်း သောကြောင့် ယမန်နေ့က မြန်မာ အလုပ်သမားများ ဆန္ဒပြ တောင်းဆို ကြကြောင်း သိရသည်။

ဘန်ကောက်မြို့၊ ဖလန်ဆောင် အရပ်ရှိ Chamlisure Furniture ကုလားထိုင် စက်ရုံမှ အလုပ်သမား ၂၀၀ ခန့်၏ ယာယီ နိုင်ငံကူးလက်မှတ်များကို ပြန်လိုချင်လျှင် ဘတ် ၂၀၀၀ ပေးရမည်ဟု အလုပ်ရှင်က တောင်း သဖြင့် ဧပြီလ ၅ ရက်နေ့ နံနက်မှစ၍ အလုပ်မဆင်းဘဲ တောင်းဆို ဆန္ဒပြကြခြင်း ဖြစ်သည်။

“ကျနော်တို့က ပတ်စ်ပို့ လုပ်ထားပြီးမှ မိတ္တူပဲ ကိုင်ထားရတော့ မကျေနပ်ကြဘူး၊ ဒါကြောင့် စုပြီးတော့ စာအုပ် ထုတ်မပေးရင် အလုပ် မဆင်းဘူး ဆိုပြီး တောင်းဆို ကြတယ်၊ တခြား စက်ရုံတွေမှာ ဒီလို သိမ်းမထားဘူး”ဟု ယာယီ နိုင်ငံကူး လက်မှတ် ပြန်ရရန် တောင်းဆိုသူ ကိုသန်းဇော်လင်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါစက်ရုံတွင် မြန်မာအလုပ်သမား ၄၀၀ နီးပါးအနက် ၂၀၀ ခန့်က ယာယီ နိုင်ငံကူးလက်မှတ်ကို ကော့သောင်းတွင် သွားရောက် ပြုလုပ်ခဲ့ကြသည်။ ယင်းလက်မှတ် ကုန်ကျစရိတ်ကို အလုပ်သမားများက ကိုယ်တိုင် အကုန်အကျခံထားခြင်း ဖြစ်သည်။

အလုပ်သမားများက ထိုသို့ တောင်းဆိုရာ အလုပ်ရှင်က ငွေပေးရမည်ဟု မြန်မာဘာသာဖြင့် စာကပ်ကြေညာ ကြောင်း၊ အလုပ်သမား ၂၀ ခန့်ကသာ ငွေပေး ရွေးယူကြကြောင်း သိရသည်။

လက်မှတ် အသိမ်းခံထားရသူ အလုပ်သမား ကိုမျိုးက“ပတ်စ်ပို့ စာအုပ် လုပ်ပြီးကတည်းက သူဌေးမ တွေပဲ သိမ်းထားတယ်၊ ကျနော်တို့က လူစုပြီးတောင်းတော့ အစက ဟိုနေ့ ပေးမလိုလို ဒီနေ့ ပေးမလိုလိုနဲ့ နောက် ဆုံးတော့ စက်ရုံထဲမှာ စာကပ်တယ်ဗျာ၊ အရေးတကြီး ရွာပြန်မယ့်လူ တချို့တော့ ပိုက်ဆံပေး ယူသွား ကြ တယ်၊ ကျနော်တို့တော့ မပေးနိုင်ဘူး”ဟု ပြောသည်။

ယာယီ နိုင်ငံကူးလက်မှတ် ပြန်ရရန် တောင်းဆိုသူများက မြန်မာအလုပ်သမားများ အရေး ဆောင်ရွက်နေ သည့် ဘန်ကောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားရေးအဖွဲ့သို့လည်း ဆက်သွယ် အကူအညီ တောင်း ကြောင်း သိရသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ ကိုစောဂျက်က“အလုပ်သမား ဥပဒေအရဆိုရင် ဒီစာအုပ်ဟာ အလုပ်သမားနဲ့ပဲ ရှိနေရမယ်၊ သူဌေးက သိမ်းထားရမယ့်ဟာ မဟုတ်ဘူး၊ အခုလို သိမ်းထားတယ်ဆိုတာ မဖြစ်သင့်ဘူး၊ ပုလိပ်စစ်ရင် ဘာနဲ့ ဖြေရှင်းမလဲ”ဟု ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (Thai Action Committee for Democracy in Burma – TACDB) မှ ထိုင်းလူမျိုး ရှေ့နေ မစ္စတာ ဖိနိန်ကလည်း“ယာယီ ပတ်စ်ပို့က အလုပ်သမားတွေ အတွက် လုပ်တာ၊ သူဌေးတွေ ကိုင်ထားဖို့ လုပ်တာ မဟုတ်ဘူး”ဟု ပြောသည်။

ယင်းသို့ အလုပ်သမားများ ဆန္ဒပြတောင်းဆိုကြသောကြောင့် အလုပ်ရှင်၏ သမီးရောက်လာကာ သင်္ကြန် မတိုင်မီ ၂ ရက်အလိုတွင် ယာယီနိုင်ငံကူးလက်မှတ်များ ပြန်ထုတ်ပေးမည်ဟု ပြောဆိုသဖြင့် တချို့က အလုပ်ပြန်ဝင်သော်လည်း အများစုမှာ အလုပ် ပြန်မဆင်းကြသေးကြောင်း သိရသည်။

အကယ်၍ ကတိအတိုင်း ယင်းလက်မှတ်များ ပြန်ထုတ်မပေးပါက အလုပ်သမား ဝန်ကြီင်္းဌာနအထိ တိုင်တန်း ရန် ရည်ရွယ်ထားသည် ဟု အလုပ်သမားများက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိသည်ဟု အလုပ်သမား ရေးရာ အဖွဲ့များက ခန့်မှန်းကြသည်။

နယ်စပ်ဖြတ်ကျော် သွားရောက် အလုပ်လုပ်ကိုင်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အာဏာပိုင်တို့က ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ၂၀၀၉ ခု ဇူလိုင်လအတွင်းက စတင်ခဲ့ခြင်း ဖြစ်သည်။

ဘစောတင်

Tuesday, March 30, 2010

လေပြင်းကြောင့် ဒုက္ခသည် (၁၀၀) ကျော် အိုးအိမ်ပျက်စီး

မတ်လ (၂၉) ရက်နေ့က တိုက်ခတ်သွားခဲ့သည့် လေပြင်းမုန်တိုင်းကြောင့် ထိုင်း-မြန်မာနယ်စပ် ဘန်တောင်ယန် ဒုက္ခသည်စခန်းအတွင်းရှိ နေအိမ် (၄၅) လုံးကျော် ပျက်စီးသွားကာ ဒုက္ခသည် (၁၁၀) ဦးတို့ အိုးအိမ်မဲ့ခဲ့ရကြောင်း တီဘီဘီစီ ခေါ် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်အရေး ကူညီနေသော ညွန့်ပေါင်းအဖွဲ့မှ ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “အဲဒီစခန်းထဲက ဒုက္ခသည် (၁၁၂) ဦး နေထိုင်တဲ့အိမ် (၄၅) လုံးကျော် ပျက်သွားတယ်။ နောက် အင်တာဗျူးလုပ်တဲ့ ရုံးနေရာက ပစ္စည်းတချို့လည်း သစ်ပင်ကျိုးကျလို့ အတော်ပျက်စီးသွားတယ်။ တချို့အိမ်တွေက လေတိုက်လို့ လဲကျတာရှိသလို၊ တချို့က သစ်ပင်လဲကျတာကြောင့်လည်း ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပျက်စီးသွားသည့် အိုးအိမ်အများစုမှာ စခန်း၏ကုန်းမြင့်ပိုင်းနေရာများမှဖြစ်ပြီး အသေအပျောက် မရှိသော်လည်း သစ်ပင်လဲကျခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူ (၆) ဦးရှိကြောင်း သိရသည်။

အဆိုပါဒုက္ခသည်စခန်းမှ ကရင်အမျိုးသားတဦးက “မနေ့က နေလယ် (၂) နာရီကျော်က လေစတိုက်တာ။ ပထမတော့ မိုးပါရွာတယ်။ မိုးက မိုးသီးတွေအနေနဲ့ ရွာချလာတော့ ပြေးကြရတာပေါ့။ ပြီးတော့ လေကလည်း ပြင်းပြင်းလာတော့ ကျနော်တို့ အိမ်အမိုးတွေ လန်သွားတယ်။ လူတွေက စာသင်ကျောင်းရှိတဲ့ နေရာကို ပြေးလာကြတယ်။ စခန်းထဲမှာ ခိုင်ခန့်မှုရှိတဲ့ နေရာတွေဆီ ပြေးရှောင်ကြတာပေါ့” ဟု ပြောသည်။

(၁) နာရီခန့် တိုက်ခတ်သွားသည့် လေပြင်းကြောင့် စခန်းအပြင်ဘက်ရှိ ကားဂိုဒေါင်ပေါ်သို့ သစ်ပင်လဲကျ၍ ပြိုကျပျက်စီးသွားပြီး ဒုက္ခသည်ပို့ဆောင်သည့် ကား (၂) စီးလည်း ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

စံခရဘူရီမြို့မှ (၃၁) ကီလိုမီတာ ကွာဝေးသည့် ဘန်တောင်ယန် ဒုက္ခသည်စခန်းတွင် အိမ်ခြေ (၉၀၀)၊ ဒုက္ခသည်ပေါင်း (၄,၃၀၀) ကျော်ရှိကြောင်း တီဘီဘီစီ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

လေပြင်းဒဏ်ကြောင့် စာသင်ကျောင်းနှင့် ကွန်ပျူတာထားရှိရာ အဆောင်တို့ ပျက်စီးခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်နှင့် စခန်းတာဝန်ခံတို့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း တီဘီဘီစီဝန်ထမ်းက ပြောသည်။

ပျက်စီးသွားသော နေအိမ်များအတွက် ကူညီရေးအဖွဲ့တို့က အမြန်ဆုံး ပြန်လည်ဆောက်လုပ်နိုင်ရန် စီစဉ်လျက်ရှိပြီး နေအိမ်မဲ့သူတို့က ၎င်းတို့နှင့် နီးစပ်သူတို့၏ နေအိမ်များတွင် ယာယီနေထိုင်ကြရသဖြင့် အခက်အခဲများရှိကြောင်း အဆိုပါ ဝန်ထမ်းက ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း (၉) ခုအနက် (၁) ခု အပါအဝင်ဖြစ်သည့် ဘန်တောင်ယန် ဒုက္ခသည်စခန်းတွင် ကရင်အများစု နေထိုင်ကြကာ ကျန်ရှိသည့် (၇) ရာခိုင်နှုန်းမှာ မွန်၊ မြန်မာ၊ ထားဝယ်တို့ဖြစ်သည်။

ဝီရ

Friday, March 26, 2010

မြန်မာအလုပ်သမား (၁၀၀ ) ကျော် ဘတ် (၆) သိန်းခန့် ငွေလိမ်ခံရ

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမည်ဆိုကာ APHAI PHANOK ကုမ္ပဏီတာဝန်ခံက ဘတ် (၆) သိန်းခန့် ငွေကြေး လိမ်လည်တောင်းယူပြီး တိမ်းရှောင်သွားကြောင်း အလုပ်သမားများက ပြောသည်။



“ကျနော် ဒီမနက် ကုမ္ပဏီကို သွားမေးတော့ ကုမ္ပဏီက သူနဲ့အတူလုပ်တဲ့ လူတွေကလည်း သူ့ကို တွေ့ချင်နေတယ်။ သူနဲ့ အလုပ်အပ်ထားတဲ့ အလုပ်သမားက (၁၀၀) ကျော်လောက်ရှိတယ် ပြောတယ်။ ဒီကိစ္စ တိုင်မယ်ဆိုရင် ကုမ္ပဏီ ၀န်ထမ်းတွေကလည်း ကျနော်တို့နဲ့ အတူတူတိုင်မယ်လို့ ပြောလိုက်တယ်” ဟု ငွေကြေးလိမ်လည်ခံလိုက်ရသူ မြန်မာအလုပ်သမား ကိုဝင်းက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရထုတ်ပေးထားသည့် အလုပ်သမားကတ်မရှိဘဲ ယာယီနိုင်ငံကူးလက်မှတ် (၃) ရက်အတွင်း ထုတ်ပေးမည်ဆိုကာ တဦးလျှင် ဘတ် (၄,၈၀၀) မှ (၅,၈၀၀) အထိ လိမ်လည်တောင်းခံသွားပြီး အလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ကိုင်နေကြောင်း အသိအမှတ်ပြုထားသည့် ကတ်ပြားများပေးကာ တိမ်းရှောင်သွားခြင်းဖြစ်သည်။

“အဲဒီ ဘတ် (၅,၀၀၀) ပေးတော့ သူက ဒီကတ်ပြား အစိမ်းလေးပေးတယ်။ အဲဒီကတ်ပြားက ရနောင်းမှာ နေလို့ရတယ်၊ အလုပ်လုပ်လို့ မရဘူးလို့ ရဲက ပြောတယ်။ အခု အလုပ်သမားတွေက အလုပ်လုပ်လို့မရဘဲ ဒီတိုင်းနေနေရတယ်” ဟု ကိုဝင်းက ဆက်ပြောသည်။

ယင်းကုမ္ပဏီက မြန်မာအလုပ်သမားများကိုသာမက ကုမ္ပဏီဝန်ထမ်း မြန်မာ (၃) ဦးကိုပါ လစာမပေးဘဲ ကုမ္ပဏီရုံးတွင် ထားခဲ့ပြီး တိမ်းရှောင်သွားခြင်းဖြစ်သည်။

“အခုဟာက ကျမတို့ကိုလည်း လစာမပေးဘူး။ အလုပ်သမားတွေကိုလည်း နိုင်ငံကူးလက်မှတ်ဖောင်တင်မပေးဘူး။ အလုပ်သမားတွေက ရုံးကို လာမေးတော့ ကျမတို့က ရှင်းနေရတယ်။ ကျမတို့ကို လစာပေးမယ်ပြောပြီး မပေးဘဲ ရှောင်သွားတာ။ တကယ်လို့ လစာလည်း မပေးဘူး၊ အလုပ်သမားတွေကိုလည်း ဘာမှလုပ်မပေးဘူးဆိုရင် ရနောင်းတရားရုံးကို တိုက်ရိုက်တိုင်မယ်” ဟု ယင်းကုမ္ပဏီဝန်ထမ်း ဒေါ်ပိုပိုက ပြောကြားသည်။

မြန်မာအလုပ်သမားများက အလုပ်သမားအရေး ဆောင်ရွက်နေသည့် အလုပ်သမားအဖွဲ့များနှင့် ဆက်သွယ်နေပြီး မနက်ဖြန်တွင် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

“ထိုင်းအစိုးရကို တိုင်မယ်။ ထိုင်းလူ့အခွင့်အရေးကောင်စီကို ကြားဝင်ဆောင်ရွက်ဖို့ပြောမယ်။ အိုင်အယ်လ်အိုကလည်း လိုအပ်သလို လုပ်ဖို့တင်ပြမယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောကြားသည်။

စိုးမိုး

Thursday, March 11, 2010

ရှပ်နီ ဆန္ဒပြပွဲတွင် ပါဝင်မိသည့် မြန်မာအလုပ်သမားများ ဒုက္ခတွေ့ဖွယ်ရှိ

ဆန္ဒပြ အနီရောင်ဝတ် (ရှပ်နီ) ထိုင်းအစိုးရ ဆန့်ကျင်ရေးသမားများ ကြားတွင် တွေ့ရသည့် ရွှေ့ပြောင်း အလုပ်သမား များကို ထောင်ဒဏ် ၅ နှစ်နှင့် အလုပ်ရှင်အား ဘတ်ငွေ တသိန်း (ကျပ် သိန်း ၃၀ ဝန်းကျင်) ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးက ပြောကြားလိုက်သည်။

“ဒီသတင်းပတ်ကုန် ဘန်ကောက်မှာ လုပ်မယ့် ရှပ်နီတွေရဲ့ ဆန္ဒပြပွဲမှာ ရွှေ့ပြောင်း အလုပ်သမားတွေ ပါလာ နိုင်တယ်။ ဒီဆန္ဒပြပွဲထဲမှာ ဖမ်းမိတဲ့ ဘယ်ရွှေ့ပြောင်းအလုပ်သမား ကိုမဆို ထိုင်းအစိုးရက ထောင်ချ၊ဒဏ်ရိုက်မယ့် အပြင် အလုပ်လုပ်ခွင့်ပါမစ်ကိုပါ ဖျက်သိမ်းမယ်။ အလုပ်ရှင်ကိုလည်း ရွှေ့ပြောင်းအလုပ်သမား တယောက်စီအတွက် ဘတ် ၁ သိန်းစီ ဒဏ်ရိုက်မယ်” ဟု ထိုင်းအလုပ်သမား ၀န်ကြီး Phaitoon Kaeothong က မတ်လ ၉ ရက်နေ့တွင် ပြောကြားကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြ ထားသည်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသော ရှပ်နီများသည် လာမည့် မတ်လ ၁၄ ရက်နေ့တွင် ဘန်ကောက်မြို့ sanamluang ကွင်း၌ အကြီးမားဆုံး ဆန္ဒပြပွဲတရပ်ပြုလုပ်မည် ဖြစ်သောကြောင့် မနက်ဖြန်မှ စတင်ကာ စုရပ်များတွင် စုရုံးကြရန် ဆော်သြထားသည်။

တရားရုံးချုပ်၏ အမိန့်အရ သက်ဆင်နှင့် ၎င်း၏ ဇနီးပိုင်ဆိုင်သော ဘတ်ငွေ ၄၆ ဘီလီယံကို သိမ်းလိုက်သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ရှပ်နီများသည် ၎င်းတို့ ထောက်ခံသော ၀န်ကြီးချုပ်ဟောင်း၏ ပိုင်ဆိုင်မှု အများစုကို အစိုးရပိုင်အဖြစ် သိမ်းမည် ဟူ၍ ယခင် ရက်သတ္တ ၂ ပတ်ခန့်က အမိန့် ချလိုက်သောကြောင့် ဆန္ဒပြကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အစိုးရကို ရှပ်နီများက ၎င်းအာဏာရချိန်မှစ၍ ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်ရှင်နှင့် အတူ ထိုင်းတနိုင်ငံလုံးကို သွားခွင့်ရှိရာ အနီရောင်ကို ထောက်ခံသည့် အလုပ်ရှင်ဖြစ်နေပါက အလုပ်သမားများကိုခေါ်ပြီး ဆန္ဒပြပွဲတွင် ပါဝင်ခိုင်းနိုင်ကြောင်း၊ ထို့ပြင် တချို့ ရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ဆန္ဒပြပွဲ အနီးဝန်းကျင်တွင် သွားလာ လှုပ်ရှားမှုများ ရှိနိုင်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ ရွှေ့ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောသည်။

“အာဏာပိုင်တွေက စစ်ဆေးတဲ့ အခါ ရွှေ့ပြောင်းအလုပ်သမားမှန်း သိလို့ အဖမ်းခံရနိုင်တယ်။ တော်တော် တော့ စိုးရိမ်စရာကောင်းတဲ့ အနေအထားပါ။ ကျနော့်အမြင်ပြောရရင် ဒီလို အမိန့် ထုတ်တာတော့ တကယ့် ကို မသင့်လျော်တဲ့ လုပ်ရပ်လို့ ပြောချင်တယ်ဗျာ” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ခြင်းမှာ ယခင်က ဖြစ်ပေါ်ခဲ့ဖူးသော အနီဝတ်နှင့် အ၀ါဝတ် အုပ်စု ဆန္ဒပြပွဲများတွင် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ခဲ့ဖူးသည့် သာဓကများ ရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။

အ၀ါရောင်ဝတ် ဆန္ဒပြသမားများက သက်ဆင်ရှင်နာဝပ်နှင့် နောက်တက်သည့် သက်ဆင်၏ နောက်လိုက် ၀န်ကြီးချုပ်များကို ပြုတ်ကျစေရန် ဘန်ကောက်မြို့တွင် ကြီးမားသော ဆန္ဒပြပွဲကြီးများ ပြုလုပ်ခဲ့ကြဖူးသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ စမတ် နှင့် ဆုမ်ချိုင်း စသော ၀န်ကြီးချုပ် သုံးဆက်ကို အ၀ါရောင်ဝတ် ဆန္ဒပြ သမားများက ဖြုတ်ချပြီးနောက် လက်ရှိဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အာဏာရလာခြင်းဖြစ်သည်။

ထိုင်းအလုပ်သမား ၀န်ကြီး၏ ထုတ်ပြန်ကြေညာချက်မှာ ရွှေ့ပြောင်းအလုပ်သမားများ အတွက် များစွာ စိုးရိမ်ဖွယ်ရာကောင်းကြောင်းနှင့် ထိုင်းနိုင်ငံသား အချင်းချင်း ဖြစ်ပျက်နေသော နိုင်ငံရေး ပြဿနာကို မဖြေရှင်းဘဲ အားနည်းသော ရွှေ့ပြောင်းအလုပ်သမားများကို ခြိမ်းခြောက်ခြင်းမှာ အလုပ်သမား အခွင့်အရေးနှင့် လူ့ အခွင့်အရေးကို ချိုးဖောက်ရာရောက်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသော MAP ဖောင်ဒေးရှင်းမှ ကိုနစ်ကပြောသည်။

ထိုင်း အလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ခြိမ်းခြောက်သည့် ကြေညာချက် ထုတ်နေသော်လည်း အလုပ်သမားအများစုမှာ မကြာမီပြုလုပ်မည့် ဆန္ဒပြပွဲကို သိသူ နည်းပါးလှသည်ဟု ကိုနစ်က ဆက်ပြောသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ကိုမြင့်ဝေကလည်း “ထိုင်းအလုပ်သမား ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အလုပ်သမားအခွင့်အရေးတွေကို တောင်းဆိုနိုင်တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်မရှိဘူး။ ဒါကြောင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကိုယ်အန္တရာယ်ဖြစ်စေမယ့် အရေးကို သတိထားပြီး ဆင်ဆင်ခြင်ခြင် နေထိုင်သင့်ပါတယ်” ဟုဆိုသည်။

ယခုလတ်တလောကာလသည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ အလုပ်သမား လက်မှတ်သက်တမ်းတိုးခြင်း ပြုလုပ်နေသည့် ကာလဖြစ်သကဲ့သို့ လက်မှတ်မရှိသူများအား ထိုင်းအစိုးရက ဖမ်းဆီး ပြန်ပို့မည်ကို စိုးရိမ်နေသည့် ကာလလည်း ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းတွင် လာရောက်အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းမှ ၄ သန်း ရှိသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။



ဘစောတင်

Tuesday, March 9, 2010

ထိုင်းရဲဖမ်းသဖြင့် ထွက်ပြေးသည့် မိန်းကလေး ၂ ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုတွင် ထိုင်းရဲများက ၀င်ရောက် ဖမ်းဆီးသဖြင့် ထွက်ပြေးကြရင်း မြန်မာမိန်းကလေး ၂ ဦး ရေနစ်သေဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။

ဖူးခက်မြို့ ပါတောင်ကမ်းခြေမှ ၁၃ ထပ် အမည်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ယမန်နေ့ ညနေ ၆ နာရီခန့်၌ ထိုင်းရဲများ ဝင်ရောက် စီးနင်းသောကြောင့် မြန်မာအလုပ်သမားများ ထွက်ပြေးကြရင်း အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

“ကျနော့် ညီမလေးတွေ အခုလို သေရတာ အရမ်းခံပြင်းတယ်ဗျာ။ သူများဒေသမှာဆိုတော့ ဘာမှလည်း လုပ်လို့မရဘူး။ အမေဆို အရူးမကြီးလိုဖြစ်နေပြီ။ အဖေလည်း သူ့သမီးလေးတွေ အခုလို ရုတ်တရက် ရေနစ်သေရတော့ ခံစားရလွန်းလို့ စကားတောင် မပြောနိုင်ဘူး” ဟု သေဆုံးသူ မိန်းကလေးများ၏ အစ်ကို ကိုနောင်က ပြောသည်။

ရေနစ်သေဆုံးသူများမှာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အံ့ဇော်ရွာမှ ဦးမြင့်သိန်း၊ ဒေါ်တင့်ဝေတို့၏ သမီး မမြင့်မြင့်စန်း (၁၂ နှစ်) နှင့် မညိုညိုစမ်း (၂၀ နှစ်) တို့ဖြစ်ကြသည်။

ထိုင်းရဲ ၀င်ဖမ်းသည်ဆိုသည်နှင့် အလုပ်သမားလက်မှတ် မရှိသူအားလုံး ကြောက်လန့်ကာ နီးရာ တောထဲ တောင်ထဲသို့ ထွက်ပြေး တိမ်းရှောင်ကြလေ့ ရှိကြောင်း သိရသည်။

မမြင့်မြင့်စန်းမှာ အသက်မပြည့်သေးသဖြင့် အလုပ်သမားလက်မှတ် လုပ်၍ မရသေးသကဲ့သို့ ဆောက်လုပ် ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူ မဟုတ်ဘဲ မိဘများ အလုပ်သွားနေချိန် အိမ်မှုကိစ္စများကို လုပ်ကိုင် ပေးနေသူသာ ဖြစ်သည်။ မညိုညိုစမ်းမှာမူ ကျပန်း အလုပ်သမားဖြစ်သည်။

အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူ ဘကြီးအောင်က “တန်းလျားကို ရဲဝင်တယ် ဆိုတော့ ပြေးကြတာ။ မြင့်မြင့်စန်းကလည်း ကြောက်ကြောက်နဲ့ လိုက်ပြေးရင်း ရေထဲကိုပြုတ်ကျပြီး နစ်သွားတာ။ ညီမနစ်နေတော့ အစ်မက လိုက်ဆယ်ရင်း အစ်မပါ သေသွားတယ်။ ရဲတွေက ကလေးတွေ ရေနစ်တာကို မြင်နေရက်သားနဲ့ မကူညီဘဲ ဒီအတိုင်းကြည့်နေကြတယ်” ဟုဆိုသည်။

ရေနစ်နေစဉ် ကယ်ဆယ်ရန်ကြိုးစားသူကို ထိုင်းရဲများက သေနတ်ဖြင့်ထောက်ကာ ကယ်ဆယ်ခြင်း မပြုရန် တားမြစ်သည်ဟု သိရသည်။

“ကိုမိုးသီးဇွန်ဆိုတဲ့ ထားဝယ်သားတယောက်က ဒီညီအစ်မနှစ်ယောက် ရေနစ်နေတာကို ကယ်ဖို့ ရေထဲ ဆင်းမလို့ လုပ်တာကို ရဲက ကယ်မလား၊ အဖမ်းခံမလားဆိုပြီး သေနတ်နဲ့ ကြောကို ထောက်ထားတယ်။ သူက ကယ်မယ်ဆိုတော့ ရဲတွေက သူ့ကို ပုလင်းနဲ့ ပေါက်ပြီး မောင်းထုတ်လို့ မကယ် လိုက်ရဘူး” ဟု မျက်မြင်ဖြစ်သူ ကိုဉာဏ်လင်းက ပြောသည်။

ထို ၁၃ ထပ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ နီးပါးခန့် ရှိပြီး အများစုမှာ အလုပ်သမား လက်မှတ် လုပ်ထားကြသော်လည်း လက်ဝယ်မရှိကြပေ။ တချို့မှာ လက်ရှိ လုပ်ငန်းခွင် သူဌေး၏ နာမည်ဖြင့် လက်မှတ်လုပ်ထားသူများ မဟုတ်ကြသောကြောင့် ရဲဖမ်းလျှင် ကြောက်လန့်တကြား ပြေးကြရာမှ ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရခြင်းဖြစ်သည်။

ယမန်နေ့က အလုပ်သမား ၁၅ ဦးခန့် ဖမ်းဆီး ခံရသည်ဟု သိရသည်။

ဖူခက်မြို့ရှိ ပါတောင်ကမ်းခြေသည် နာမည်ကြီး ပင်လယ်အပန်းဖြေ စခန်းဖြစ်ရာ ပင်လယ်ထဲသို့ လူနေရပ်ကွက်အတွင်းမှ ချောင်းငယ်၊ မြောင်းငယ်များက စီးဝင်လျှက်ရှိသည်။ ယခု မိန်းကလေး ၂ ဦး ရေနစ်သေဆုံးသော နေရာမှာ ပင်လယ်ထဲသို့ စီးဝင်နေသော ချောင်းတခုတွင် ဖြစ်သည်။

ထိုင်းနိုင်ငံ ဖန်င အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသော GHRE ၏ ဒါရိုက်တာဦးထူးချစ်က “ထိုင်းနိုင်ငံအတွင်းက မြန်မာအလုပ်သမားတွေကြားမှာ ဒီလိုမျိုး အဖြစ်အပျက်တွေကတော့ မကြာခဏ ကြုံနေရတာပါ။ ဖမ်းမှာကြောက်လို့၊ တချို့ကျတော့ လက်မှတ် ရှိတာတောင် ငွေပေးရမှာ ကြောက်လို့ ပြေးတတ်ကြတယ်” ဟု ဆိုသည်။

ယခုကဲ့သို့သော ဖြစ်ရပ်များ၏ အဓိက အကြောင်းအရင်းမှာ ထိုင်း အစိုးရက ရွှေ့ပြောင်း အလုပ်သမားများ တွက် အလုပ်သမာျးဥပဒေနှင့်အညီ အခွင့်အရေးများ တိတိကျကျ မလုပ်ဆောင် ပေးနိုင်သောကြောင့် ဖြစ်သည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် မြန်မာအများအပြား အလုပ်လုပ်ကိုင်လျှက်ရှိကြသည်။ အလုပ်သမားအရေး ဆောင်ရွက်သူများ၏ အဆိုအရ ထိုင်းနိုင်ငံတဝန်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းမှ ၄ သန်းအထိ ရှိသည်ဟု သိရသည်။


ဘစောတင်

Sunday, March 7, 2010

မဲဆောက်၌ နှစ်ရက်အတွင်း မြန်မာ ၂၀၀ ကျော်အဖမ်းခံရ

ထိုင်းနိုင်ငံ မဲဆောက် မြို့တွင် ယနေ့နှင့် ယမန်နေ့ နှစ်ရက်အတွင်း တောင်းစားသူများ အပါအ၀င် မြန်မာပြည်သား ၂၀၀ ကျော်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက မဲဆောက်ဆေးရုံဝန်းကျင်၊ T.K လေး သိုးမွေးစက်ရုံအနီးနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ သွားသော လမ်းတလျှောက်တွင် မြန်မာ အလုပ်သမားများကို အာဏာ ပိုင်များက ဖမ်းဆီးသွားသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မှ အလုပ်သမား ဆက်ဆံရေး တာဝန်ခံ ဦးထွန်းအောင်ကျော်က ဧရာဝတီသို့ ပြောသည်။

“T.K လေး စက်ရုံရှေ့မှာ အလုပ်သမား ၄၀ နဲ့ စက်ဘီး ၂၀လောက်ပါသွားတယ်၊ လူရော စက်ဘီးရော ကား တစီးနဲ့ ဖမ်းတင်သွားတယ်၊ ပြီးတော့ မဲဆောက်ဆေးရုံထောင့်မှာလည်း ဖမ်းတယ်၊ မဲဆောက် UN ရုံးသွားတဲ့ လမ်းပေါ်မှာလည်း ဖမ်းတယ်ဆိုတော့ အားလုံး တရာကျော်လောက်တော့ ရှိမယ်”ဟု ၎င်းက ဆိုသည်။

ထို့အတူ ပြည်သူ့ စေတနာ့ဝန်ထမ်းအဖွဲ့(People Volunteer Association)မှ ရုံးတာဝန်ခံ ကိုကျော်ကျော်က လည်း“ကျနော့်ရှေ့မှာပဲဖမ်းသွားတာဗျ၊ စက်ဘီးနဲ့ လာတဲ့သူရော လမ်းသွားလမ်းလာရော အားလုံးကား ပေါ် တင်တာပဲ၊ ကားသုံးစီးနဲ့တင်သွားတယ်၊ အများစုကတော့ ပန်းရံအလုပ်သမားတွေ နေ့ စားအလုပ်သမား တွေ
များမယ် ထင်တယ်”ဟုပြောသည်။

ယနေ့ အဖမ်းခံရသူများထဲမှ ၄၀ ခန့်ကို မဲဆောက် ရဲစခန်းဝင်းတွင် ချုပ်နှောင်ထားကြောင်း ရဲစခန်းဝင်း သို့
သွားရောက်တွေ့ဆုံခဲ့သူ ရခိုင်အလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုလှမင်းကပြောဆိုသည်။

“ကျနော် အခု မဲဆောက်ရဲစခန်းထဲကို သွားကြည့်တယ်၊ လူ ၄၀ ဖမ်းထားတယ်လို့ ရဲကပြောတယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန အလုပ်ခန့်ထားရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Supat Gukhun က အလုပ်သမား လက်မှတ်သက်တမ်းမတိုးသူများ၊ လက်မှတ်မရှိသူများကို ဖမ်းဆီးကာ မိခင် နိုင်ငံသို့ ပြန်ပို့မည်ဟု မတ်လ (၃) ရက်နေ့ကကြေညာပြီးနောက် ယခုကဲ့သို့ မဲဆောက်မြို့တွင် ရာနှင့်ချီသော ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် လုပ်ရန် နိုင်ငံသား စိစစ်ရန်အတွက် နောက်ဆုံးလျှောက်လွှာတင်ရမည့် နောက်ဆုံးရက်မှာ မတ်လ (၃) ရက်နေ့ က ကုန်ဆုံးသွားပြီဖြစ်သည်။

ယမန်နေ့ ကလည်း မဲဆောက်ဈေးကြီးအတွင်းတွင် မြန်မာနိုင်ငံဘက်မှ လာရောက် တောင်းရမ်းစားသောက် နေသူများနှင့် ဈေးရောင်းဈေးဝယ် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သေးသည်။ တောင်းစားသူများထဲတွင် အမျိုးသမီး နှင့် ကလေးများမှာ အများစုဖြစ်ပြီး စစ်တပ်မှထွက်လာသော မသန်မစွမ်းများနှင့် ကူးစက်ရောဂါ ခံစားနေရသူ များလည်းပါဝင်ကာ ၎င်းတို့ကို မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။

မဲဆောက်ဈေးမှ ဈေးသည် တဦးဖြစ်သူ ကိုအောင်မြတ်မိုးက“မနေ့ က မြို့နယ် လုံခြုံရေး တပ်ဖွဲ့ ဝင်တွေ ၄၀ လောက်ရှိမယ်၊ ဈေးကို ပိတ်ဖမ်းတာ၊ တောင်းစားတဲ့သူတွေကို အရင်ဖမ်းတယ်၊ ပြီးတော့ ဈေးရောင်း ဈေးဝယ် တွေကို ထပ်ဖမ်းတယ်၊ ဈေးရောင်းခွင့် လက်မှတ်မရှိသူတွေ၊ ဆယ်နှစ်ခံ လက်မှတ် ကိုင်ထားတဲ့ သူတွေ တောင် ပါသွားတယ်”ဟု ပြောသည်။

မဲဆောက် ဈေးဟောင်းနှင့် ဈေးသစ်၂ခုလုံးကို ၀င်ဖမ်းခြင်းဖြစ်ပြီး လက်မှတ်ရှိသူများကို ပြန်လည်စိစစ်ကာ လွှတ်ပေးခဲ့ကြောင်း၊ အလုပ်သမားလက်မှတ်မရှိသူများကို မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ပြန်ပို့ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများကို မဲဆောက်မြို့နယ် မယ်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် ချုပ်နှောင်ထားပြီး ငွေပေး၍ ရွေးနိုင်သူများကို ပြန်လွှတ်ကာ ငွေမပေးနိုင်သူများကို မြန်မာဘက်ခြမ်းရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ၉၉၉ ဂိတ်သို့ ပို့ ဆောင်ပေးသည်ဟု လည်း သိရသည်။

ငွေမပေးနိုင်သူများကို DKBA တပ်၏ လမ်းဖောက်ရာသို့ ပေါ်တာအဖြစ် ခေါ်ဆောင်သွားတတ်ကြကြောင်း လည်း မဲဆောက်မြို့မှ အလုပ်သမားများ၏ သာရေးနာရေး လူမှုရေးများကို ကူညီ ဆောင်ရွက်ပေးနေသူ ကိုဝဏ္ဏက ပြောသည်။

“တောမော (ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံး) ကိုရောက်ရင် ဗမာပွဲစားတွေ အရင်လာတယ်၊ ညှိတယ်၊ ဘတ် ၁၀၀၀ ပေးနိုင်ရင် အဲဒီမှာတင် ပြီးတယ်၊ မပေးနိုင်ရင်တော့ ဟိုဘက်ကမ်းကို ပို့တယ်။ ၉၉၉ဂိတ်ကိုရောက်ရင် ပေါင်းစားတဲ့ ပွဲစားတွေက အိမ်လေးတွေဆောက်ထားပြီး အဖမ်းခံလာရသူတွေကို လူ၂၀။ ၃၀ စသည်ဖြင့် ခေါ်သွားပြီးတော့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆီက ပိုက်ဆံရအောင် တောင်းခိုင်းတယ်၊ ရွေးမယ့်သူမရှိလို့  ကတော့ အဲဒီလူကို DKBA လမ်းဖောက်ရာမှာ ပေါ်တာအဖြစ်သုံးတယ်”ဟု ကိုဝဏ္ဏက ဆိုသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာ ရွှေ့ ပြောင်းအလုပ်သမား ၂သန်းမှ ၄သန်းအထိ ရှိသည်ဟု အလုပ်သမား အရေးဆောင်ရွက်သူများက ခန့်မှန်းပြောဆိုကြသည်။

ဘစောတင်