Thursday, May 13, 2010

ထိုင်း ဗီဇာကြေး တနှစ် ကင်းလွတ်ခွင့်ပြုမည်

ထိုင်းနိုင်ငံ သံရုံးတွင် ခရီးသွား ဗီဇာ လျှောက်ထား သူများနှင့် ဆိုက်ရောက်ဗီဇာ လျှောက်ထား သူများအား ဗီဇာကြေး ကင်းလွတ်ခွင့် တနှစ် အထိ ခွင့်ပြုမည် ဖြစ်ကြောင်း ယခုလအတွင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

ခရီးသွားဗီဇာ (Tourist visa) တမျိုးတည်းကိုသာ ယခု မေလ ၁၁ ရက်နေ့မှ စတင်၍ ၂၀၁၁ မတ်လ ၃၁ ရက်နေ့ အတွင်း ဗီဇာ ကြေး ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း ၎င်း ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဗီဇာ ကင်းလွတ်ခွင့်ပြုခြင်းသည် ထိုင်း ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာန (လ၀က)မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

သို့သော်လည်း ဗီဇာ ကင်းလွတ်ခွင့် ပြုလိုက်သည့်အတွက် အကြမ်းဖက် သမားများလည်း အလွယ်တကူ ရောက်ရှိလာနိုင် သော ကြောင့် ထိုင်းနိုင်ငံ အတွက်လည်း စိုးရိမ်ရသည်ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့်နှစ်ကလည်း နိုင်ငံတကာ ခရီးသွားဧည့်သည် ပြန်လည်ဝင်ရောက်မှုများပြားရန် ကြိုးပမ်းချက် တခုအဖြစ် ထိုင်းနိုင်ငံက ဗီဇာကြေး ၃၅ ဒေါ်လာကို ၃ လကြာ ကင်းလွတ်ခွင့်ပြုခဲ့သည်။

ထိုအချိန်က ပြည်ဝင်ခွင့် ဗီဇာကြေး ကင်းလွတ်ခွင့်ပြုသည့် အစီအစဉ်ကို စတင်ခဲ့သော်လည်း မြန်မာပြည်သားများအနေဖြင့်မူ ပိုင်ဆိုင်မှု စာရွက် စာတမ်းများကို တင်ပြနေကြရသည်။

သန်းထိုက်ဦး

မြန်မာရွှေ့ ပြောင်းအလုပ်သမားများ နိုင်ငံသားစိစစ်ရေးပြုမှု ၂၀၁၂ တွင် ပြီးဆုံးမည်

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားစိစစ်မှုနှင့် ယာယီပတ်စပို့စ် ထုတ်ပေးမှု လုပ်ငန်းစဉ်အား ၂၀၁၂ ခုနှစ်တွင် အပြီးသတ်ပြုလုပ်မည်ဟု ထိုင်းအစိုးရက ယမန်နေ့က ကြေညာသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသား စိစစ်ရေးပြုမှုနှင့် ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့် လုပ်ငန်းစဉ်အား ၂၀၁၂ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်သော သက်သေခံကတ်ပြား အရောင်နှင့် အဆင့်အတန်းတို့ကိုလည်း ပြောင်းလဲပေးမည်ဟု ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ချုပ် မစ္စတာ ဂျီလီဆက်ဆူခွန်ချတ်က ပြောကြားကြောင်း ထိုင်းနိုင်ငံရှိ sanook အင်တာနက် စာမျက်နှာနှင့် ယနေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြပါရှိသည်။

ယခုအခါ မြန်မာနိုင်ငံဘက်ခြမ်းရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရာ ဌာနတိုင်းက တနေ့လျှင် ယာယီနိုင်ငံကူးလက်မှတ် (၆၀၀) ထုတ်ပေးမည်ဖြစ်ပြီး ဌာန (၃) ခုပေါင်း တနေ့လျှင် နိုင်ငံကူးလက်မှတ်ပေါင်း (၁,၈၀၀) ထုတ်ပေးမည်ဖြစ်သည့်အတွက် လာမည့် ၂၀၁၂ တွင် အပြီးသတ်နိုင်မည်ဟု ညွှန်ချုပ်က ပြောသည်။

ယာယီနိုင်ငံကူးလက်မှတ်ကို ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းမြို့တို့တွင် ထုတ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းရှိ ပတ်စပို့စ် ထုတ်ပေးရာဌာနကို မြန်မာပြည်သားများ ရေလမ်းခရီးသွားလာမှု မလုပ်ရစေရန် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မကြာမီရက်ပိုင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်ပေးတော့မည်ဟု သိရသည်။

ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့်ရသူ ရွှေ့ပြောင်းအလုပ်သမားများသည် ယခင်ကိုင်ဆောင်ထားသော အလုပ်လုပ်ခွင့် ပန်းရောင်ကတ်ပြားအစား တနိုင်ငံလုံးသွားလာခွင့်ရှိသည့် အစိမ်းရောင်ကတ်ပြားကို ထိုင်းအလုပ်သမားရုံးတွင် သွားရောက်ထုတ်ယူရမည်ဖြစ်သည်။

သို့သော် အဆိုပါအစိမ်းရောင်ကတ်ပြား သွားရောက်လျှောက်ထားသူ ဆောက်လုပ်ရေးအလုပ်သမား ကိုအောင်က “ကျနော်တို့ (၃) လပိုင်းကတည်းက ရုံးသွားပြီးတော့ အဲဒီ အစိမ်းရောင်ကတ်ပြား (work permit) သွားလျှောက်တယ်။ အဲဒီမှာ သူတို့က (၉) လပိုင်းမှ ပြန်လာယူဆိုပြီးတော့ နေ့စွဲရေးပေးလိုက်တယ်။ (၂) နှစ်စာ အလုပ်လုပ်ခွင့်အတွက် ဘတ် (၃,၆၀၀) နဲ့ စာရွက်စာတမ်းကြေး (၁၀၀)၊ စုစုပေါင်း ဘတ် (၃,၇၀၀) ပေးခဲ့ရပြီးပြီ။ ဒါပေမယ့် ဆိုင်ရာပိုင်ရာတွေနဲ့ ဘတ် (၅၀၀) ပေးရင် ချက်ချင်းရတယ်လို့တော့ ကြားတယ်” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမား တရားမျှတမှုရရှိရေး အစီအစဉ်မှ ဒါရိုက်တာ အန်ဒီဟောကမူ နိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှုမရှိဘဲ အလုပ်သမားနှင့်အလုပ်ရှင် မည်သို့တိတိကျကျ လုပ်ဆောင်ရမည် ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိဟု ဆိုသည်။

၎င်းက “ထိုင်းအစိုးရဟာ ပွဲစားတွေကို သက်ရောက်မှုရှိရှိ ထိန်းချုပ်နိုင်မှု မရှိသေးပါဘူး။ ဆိုလိုတာက ပွဲစားတွေဟာ ဒီရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်အတွက် အလွန်ဈေးကြီးတဲ့နှုန်းထားနဲ့ အလုပ်သမားတွေအပေါ်ကို ခေါင်းပုံဖြတ်နေပါတယ်။ အခုကျနော်တို့ မြင်တွေ့နေရတာကတော့ အတော်မြင့်မားတဲ့ ဈေးနှုန်းနဲ့ ရွှေ့ ပြောင်းအလုပ်သမားတွေဟာ ပတ်စပို့စ်ကို ရရှိလိုက်ပါတယ်” ဟု ပြောသည်။

ရှုတ်ထွေးသည့် အလုပ်အကိုင် ခန့်ထားရေး စည်းမျဉ်းစည်းကမ်းများကို နားမလည်သည့် အလုပ်သမားများမှာ အာဏာပိုင်များ၏ အဖမ်းဆီးခံရ၊ ခြိမ်းခြောက်ငွေညှစ်ခံကြရသည့်အတွက် နိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်တွင်လည်း ပွဲစားများကို စည်းမျဉ်းစည်းကမ်းနှင့်ထိန်းချုပ်ကာ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်နေသည့် အာဏာပိုင်များ၊ ၀န်ထမ်းများ၏ လာဘ်စားမှုများကို လုပ်ငန်းစဉ်ပြီးဆုံးသည်အထိ ဖယ်ရှားရန်လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

နိုင်ငံသားစိစစ်ရေးပြုမှုနှင့် ယာယီနိုင်ငံကူးလက်မှတ် လုပ်ငန်းစဉ်တွင် ကြားခံပွဲစား ကုမ္ပဏီများ၏ တောင်းခံသော ငွေကြေးပမာဏကို မတတ်နိုင်၍သော်လည်းကောင်း၊ စစ်အစိုးရကို အယုံအကြည်မရှိ၍ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ တရားမဝင် ရွှေ့ ပြောင်းအလုပ်သမားအဖြစ်သို့ ကူးပြောင်းသွားသူများသည် ယခုအခါ (၂) သိန်းခွဲကျော် ရှိနေပြီး ယခင်ရှိပြီးသူများနှင့် ဆိုပါက အနည်းဆုံး မြန်မာရွှေ့ပြောင်း အလုပ်သမား (၁) သန်းခန့် ရှိနိုင်သဖြင့် ထိုသူများ၏ အရေးအတွက် ထိုင်းအစိုးရအနေဖြင့် မလွဲမသွေ စဉ်းစားရဦးမည်ဖြစ်ကြောင်း အလုပ်သမားအရေး လုပ်နေသူများက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင် ရွှေ့ပြောင်းအလုပ်သမား (၁.၃) သန်းကျော်ရှိပြီး အလုပ်လုပ်ခွင့် သက်တမ်းမတိုးတော့ဘဲ တရားမဝင် အလုပ်သမားအဖြစ်သို့ ကူးပြောင်းသွားသူပေါင်း (၃) သိန်းနီးပါးရှိသည်ဟု ဧပြီလ (၃၀) ရက်က အတည်ပြုထုတ်ဝေသည့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ အစီရင်ခံစာအရ သိရသည်။

ခေတ်ပြိုင်မှကိုးကားသည်..