Wednesday, March 3, 2010

ရွှေ့ပြောင်း လုပ်သား ၅ သိန်း မိခင်နိုင်ငံ ပြန်ပို့မည်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အလုပ်သမားလက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းခန့်ကို ဖမ်းဆီး၍ နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပြောသည်။

“သဘောတူညီချက်အတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်တဲ့ တရားမဝင်အလုပ်သမားတွေကို ကျနော်တို့ အနေနဲ့ ဖမ်းပြီးတော့ ပြန်ပို့ရမှာဘဲ” ဟု ထိုင်း အလုပ်ရှာဖွေခန့်ထားရေးဌာန လက်ထောက်ဒါရိုက်တာ Supat Gukun က ယင်းသို့ ပြောကြောင်း ယနေ့ထုတ် THE NATION သတင်းစာ၌ ဖော်ပြထားသည်။

ယနေ့တွင် စတင်အသက်ဝင်မည့် ပြန်ပို့ရေးအစီအစဉ်ကို ရဲနှင့် လူဝင်မှုကြီးကြပ်ရေးဌာနများနှင့် ပူးတွဲ၍ ပြန်ပို့ရေး အစီအစဉ်ကို အကောင်ထည် ဖော် မည်ဟုလည်းဆိုသည်။

အမှန်တကယ်သာ အကောင်အထည်ဖော်ဖြစ်လျှင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား နိုင်ငံသား ၅ သိန်းခန့်မှာ ပြန်ပို့ခံရမှာဖြစ်သည်။

ထိုင်းနိုင်ငံတွင်းအလုပ်လုပ်ခွင့် သက်တမ်းတိုးရန်နှင့် ယာယီနိုင်ငံကူး လက်မှတ်အတွက် နိုင်ငံသား စီစစ်မှု ခံယူရန် ပုံစံဖြည့်စွပ်ချိန် နောက်ဆုံးရက်အဖြစ် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယခင်လ ၂၈ ရက်နေ့ကို သတ်မှတ်ပေးခဲ့သည်။ သို့သော် ရုံးပိတ်ရက်များနှင့် တိုက်နေသဖြင့် ၂ ရက် ထပ်တိုးပေးခဲ့ရာ ယမန်နေ့က နောက်ဆုံးဖြစ်သည်။

သက်ဆိုင်ရာ ထိုင်းအလုပ်သမားရုံးများက လက်မှတ်သက်တမ်းလာတိုးသူများအား နိုင်ငံသားစီစစ်ရေး ပုံစံကိုပါ ဖြည့်စွပ်စေကြောင်း မဖြည့်စွပ်ပါက သက်တမ်းမတိုးပေးကြောင်း သိရသည်။ စီစစ်ရေးပုံစံ တင်ပါမည်ဟု အလုပ်ရှင်နှင့် အလုပ်သမားက ဝန်ခံချက် လက်မှတ်ထိုးလျင်မှု သက်တမ်းတိုးပေးပြီး ပုံစံဖြည့်တင်ရန် ယခုလကုန်အထိ အချိန်ရမည်ဖြစ်သည်။ ယခု ဖမ်းဆီးပြန်ပို့ ခံရမည့်သူများသည် လက်မှတ်သက်တမ်းလည်းမတိုး၊ ပုံစံလည်း မဖြည့်သူများဖြစ် သည်ဟု ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားအချို့မှာ ခရီးကွာဝေးသည့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း၊ လယ်လုပ်ငန်း၊ ရော်ဘာ လုပ်ငန်း၊ သစ်သီးခြံလုပ်ငန်းများတွင် လုပ်ကိုင်နေကြသဖြင့် အချိန်တိုအတွင်း ဆောင်ရွက်ရန်ကိစ္စများကို အမြန်ဆုံးရန် မလွယ်ကူကြောင်း အဝေးရောက်ညွှန့်ပေါင်းအစိုးရ NCGUB မှ ရွှေ့ပြောင်းအလုပ်သမား ရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးနေ့ဖြစ်သော ယမန်နေ့က အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တိုးမြှင်ခဲ့သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို တို့မှ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၇ဝ၇၂၄၆ ဦး ရှိသည်ဟု ထိုင်းနိုင်ငံ နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေးဌာနမှ အစီရင်ခံစာ ထုတ်ပြန်ထားသည်။

ထိုအရေအတွက်သည် တရားဝင်မှတ်ပုံတင်ထားသည့် စာရင်းရှိ ၁၃၁၅၉၃၂ ဦး မှဖြစ်သည်။ ၅၃၆ဝ၇၄ ဦးသည် ၎င်းတို့၏ နိုင်ငံသားစီစစ်မှုပြုရေး လျှောက်လွှာကို တင်သွင်းခဲ့ကြပြီး၊ ၁၆၈၆၈၈ ဦးသည် ယာယီ နိုင်ငံကူးလက်မှတ် လက်ခံရရှိပြီး ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများကို ဖမ်းဆီးပို့ဆောင်မည်ဆိုလျင် လူအခွင့်အရေးချိုးဖောက်မှုများ၊ အနိုင်ကျင့်ခံရမှုများ ခံရဖွယ်ရှိကြောင်းနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံစီးပွားရေးကဏ္ဍအတွက် အရေးပါ သောကြောင့် ထိုင်းအစိုးရအနေနဲ့ ငဲ့ညှာသင့်ကြောင်း နိုင်ငံတကာနှင့် ထိုင်း အလုပ်သမားအဖွဲ့အစည်းများ နှင့် ကျွမ်းကျင်သူများက ထောက်ပြနေကြသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

မဇ္ဈိမ သတင်းမှကူးယူဖေါ်ပြသည်။

Monday, March 1, 2010

ယာယီနိုင်ငံကူးလက်မှတ်လုပ်သူများကို မဖမ်းဟု ပြည်ထဲရေးဝန်ကြီး ပြော

မြန်မာ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် ယနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက် မြို့အနီးရှိ မဟာချိုင်ဒေသသို့ လာရောက်၍ ယာယီနိုင်ငံကူး လက်မှတ်(ပတ်စ်ပို့)ပြုလုပ်သည့် အလုပ်သမားများကို ဖမ်းဆီးမှုမပြုလုပ်ကြောင်း ပြောဆိုသည်ဟု သတင်းရရှိသည်။

မြန်မာ ပြည်ထဲရေးဝန်ကြီးသည် မဟာချိုင်မြို့ တော်ဝန်ရုံးတွင် ထိုင်းလုပ်ငန်းရှင်များနှင့် တွေ့ ဆုံစဉ် ယင်း ကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ရတ်ထိုင်း (Rath Thai) အဖွဲ့ မှ ထိုင်း-မြန်မာ ဘာသာပြန် ကိုအောင်က ဧရာဝတီသို့ ပြောပြသည်။

“ဗိုလ်ချုပ်မောင်ဦး အဓိကပြောသွားတာတွေကတော့ မဟာချိုင်မှာ အလုပ်သမား လက်မှတ် လုပ်ထားတဲ့ လူဦးရေ ၁၆၅၀၇၀ ရှိတဲ့ အထဲက ပတ်စ်ပို့ လုပ်တာ ၆၀၀၀ ကျော်လောက်ရှိတာ ဘာကြောင့်လဲ ဆိုတာကို မေးပါတယ်၊ ပြီးတော့ သူတို့မြန်မာဘက်က ပတ်စ်ပို့ ဗီဇာ လာလုပ်တဲ့သူ ဘယ်သူ့ ကိုမှ ဖမ်းဆီးခြင်းမပြုဘူး ဆိုတာကို အာမခံတယ်လို့ ကတိပေးတယ်၊ တကယ်ကုန်ကျမယ့်စရိတ်နဲ့ မြန်မာ အလုပ်သမားတွေ ဒီကနေ့ ပွဲစားတွေကို ပေးနေရတဲ့ စရိတ်တွေက အရမ်းကို ကွာဟ နေတာကိုလည်း ထောက်ပြခဲ့တယ်”ဟု အထက်ပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကိုအောင်က ပြောသည်။

ယနေ့ တွေ့ ဆုံပွဲတွင် ထိုင်းအလုပ်ရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိများသာ တက်ရောက်ဆွေးနွေးခဲ့ကြပြီး အလုပ်သမားများ တက်ရောက်ခွင့်မရခဲ့ဟု သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် မြန်မာအလုပ်သမားများက ဂျပန်စက်ရုံဟု ခေါ်သော မဟာချိုင်ရှိ ငါးပုစွန်စက်ရုံမှ တာဝန်ရှိ ထိုင်းအမျိုးသမီးကြီး တဦးက ဗိုလ်ချုပ်မောင်ဦးအား ယာယီပတ်စ်ပို့ လုပ်ငန်းကို ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်ရန် အစီအစဉ် ရှိမရှိကို မေးမြန်းခဲ့သည်။

ဗိုလ်ချုပ်မောင်ဦးက ယခု အချိန်အထိ ထိုင်းနိုင်ငံတွင်းသို့ လာရောက် လုပ်ပေးရန် အစီအစဉ်မရှိသေးဟု ဖြေကြားခဲ့ကြောင်း သိရသည်။

သို့သော် လာမည့် မေလခန့်တွင် ရနောင်းမြို့ ၌်လာရောက် လုပ်ကိုင်ပေးနိုင်ဖွယ်ရှိသည်ဟု ပြောဆိုခဲ့ကြောင်း လည်း ကိုအောင်က ဆက်ပြောသည်။

“ဂျပန်စက်ရုံက ထိုင်းအမျိုးသမီးကမေးတာကို သူပြန်ဖြေတာက လာမယ့် မေလလောက်တော့ ရနောင်းမှာ လာပြီး ယာယီပတ်စ်ပို့လုပ်ဖို့ အစီအစဉ်တော့ ရှိပါတယ်၊ ဘာလို့လဲဆိုတော့ ကော့သောင်းနဲ့ ရနောင်း ကြားမှာ ရေလမ်းခရီးဖြတ်ရတာဆိုတော့ အန္တရယ်ကြီးလို့ဆိုပြီး ပြောပါတယ်၊ နောက်ပြီး မြန်မာဘက်မှာ ဘတ် ၁၀၀ လောက်ပဲကုန်ကျတဲ့ကိစ္စကို အလုပ်သမားတွေ ဘာကြောင့် ဘတ် ၅၀၀၀၊ ၆၀၀၀ ကုန်ကျနေကြရသလဲ ဆိုတာကိုလည်း ထိုင်းအစိုးရလူကြီးတွေက ထည့်သွင်း စဉ်းစားပေးဖို့ တိုက်တွန်းသွားတယ်လို့ သိရတယ်”
ဟု ကိုအောင်က ဆိုသည်။

ထို့အပြင် ဗိုလ်ချုပ်မောင်ဦးသည် မြန်မာအလုပ်သမား အများအပြား ရှိသော Thai Union ငါးပုစွန် စက်ရုံသို့ သွားရောက်ခဲ့သည်ဟု ၎င်းက ပြောသည်။

ယနေ့ တွေ့ ဆုံပွဲသို့ ထိုင်း ပြည်ထဲရေးဝန်ကြီးအပါအ၀င် မြန်မာသံရုံးမှ ၀န်ထမ်းများလည်း တက်ရောက် ခဲ့သည်ဟု သိရသည်။

ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က နယ်စပ်တွင် ယာယီနိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူများ မဖမ်းဆီးရန် အာမခံကြောင်း ပြောကြားခဲ့သည်။

မဟာချိုင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားပေါင်း ၅ သိန်းကျော်ရှိသည်ဟု ရတ်ထိုင်းအဖွဲ့က ခန့်မှန်းသည်။

ယာယီပတ်စ်ပို့ လုပ်ရန်အတွက် လျှောက်လွှာ တင်သွင်းရမည့် ရက်ကို မူလက ဖေဖော်ဝါရီလ(၂၈)ရက်နေ့ တွင် နောက်ဆုံးထားရန် သတ်မှတ်ခဲ့ရာမှ မတ်လ (၂)ရက်နေ့ သို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါနောက်ဆုံးသတ်မှတ်ရက် နောက်ပိုင်းတွင် ထိုင်းအစိုးရက မြန်မာအလုပ်သမားအများအပြားကို အတင်းကျပ်ဖမ်းဆီးခြင်း၊ နေရပ်ရင်းသို့ ပြန်ပို့ခြင်းများ ပြုလုပ်လာမည်ကို လူ့အခွင့်အရေး အဖွဲ့များနှင့် အလုပ်သမားအဖွဲ့များကလည်း စိုးရိမ်ပူနေကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း နိုင်ငံခြားသား အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်သော မူဝါဒများကို ပြင်ဆင်ပေးရန် ထိုင်းနိုင်ငံ အခြေစိုက် NGO အဖွဲ့များက ဦးဆောင်၍ ထိုင်းဝန်ကြီးချုပ် ထံသို့ တောင်းဆိုထားသည်။

ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်း အထိ ရှိကြောင်း အလုပ်သမားအဖွဲ့များက ပြောသည်။

ဘစောတင်