Friday, January 8, 2010

မယ်လစခန်းမှ ပထမအသုတ်ဒုက္ခသည်များ ဂျပန်သို့သွားရန် လူတွေ့စစ်ဆေးမည်

ဂျပန်နိုင်ငံက ပထမဦးဆုံးလက်ခံမည့် မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၃၀) သည် လာမည့်စက်တင်ဘာတွင် ဂျပန်နိုင်ငံသို့ စတင်ထွက်ခွာကြမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ မြန်မာဒုက္ခသည်များအတွက် စမ်းသပ်မည့် (၃) နှစ်စီမံကိန်းအရ ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ်ကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာခဲ့ပြီးနောက် ဒုက္ခသည်များ လက်ခံမည့်အစီအစဉ် စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအရ ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများထဲမှ တနှစ်လျှင် ဒုက္ခသည် (၃၀) ကို (၃) နှစ် စီမံကိန်းဖြင့် ဂျပန်နိုင်ငံက ခေါ်ယူခြင်းဖြစ်သည်။

မြန်မာဒုက္ခအများစုမှာ လူဦးရေ အကန့်အသတ်မရှိ ခေါ်ယူသည့် နိုင်ငံများသို့သာ သွားရောက်အခြေချလိုကြပြီး ဂျပန်နိုင်ငံသို့ သွားရောက်အခြေချလိုမှုကို စိတ်ဝင်စားသူ အလွန်နည်းပါးသည်ဟု မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌစောထွန်းထွန်းက ပြောသည်။

“ဂျပန်က ခေါ်တာနည်းတဲ့အပြင် ကန့်သတ်ချက်တွေကလည်းများတော့ လျှောက်တဲ့ဒုက္ခသည်တွေက ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ သူတို့်စီမံကိန်းအရ (၃) နှစ်မှာ ဒုက္ခသည်(၉၀) ပဲ သွားရမှာဖြစ်တယ်။ မယ်လစခန်းမှာဆိုရင် လက်ရှိ ဒုက္ခသည် (၅) သောင်းကျော် ရှိတယ်” ဟု ပြောသည်။

ဂျပန်အစိုးရ၏ သတ်မှတ်ချက်အရ လာရောက်အခြေချမည့် ဒုက္ခသည်များသည် မိသားစုအလိုက်ဖြစ်ရမည်၊ ကလေးငယ်များ ပါရှိရမည်၊ မိဘများအသက် (၄၀) အောက်ဖြစ်ပြီး ကျန်းမာသန်စွမ်းကာ အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည် စသည့် ကန့်သတ်ချက်များ ပါဝင်သည်။

မယ်လဒုက္ခသည်စခန်း ဇုန် (စီ) မှ ဒုက္ခသည်တဦးက “တို့လင်မယားက (၆၀) ကျော်တွေ၊ ကလေးတွေလည်း အရွယ်ရောက် ကုန်ပြီ၊ အမေရိကန်ထွက်ဖို့ စောင့်နေတာကြာပြီ။ ဂျပန်သွားဖို့ လျှောက်လွှာတင်တာ မရဘူး၊ ဂျပန်မူနဲ့ မကိုက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

ပထမဆုံး ဂျပန်သို့အခြေချခွင့်ရရန် လျှောက်ထားသည့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ယခုလကုန်တွင် (UNHCR) နှင့် ဂျပန်နိုင်ငံကိုယ်စားလှယ်များက လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို လာမည့်စက်တင်ဘာတွင် ဂျပန်သို့ ခေါ်ဆောင်မည်ဖြစ်သည်။




ရဲရင့် (ခေတ်ပြိုင်)

Thursday, January 7, 2010

မြန်မာအလုပ်သမား (၁၀၀) ခန့် ပြန်ပို့ခံရ

အလုပ်ကိုင်ရှာဖွေရေး အေးဂျင့်၏ လိမ်လည်မှုကြောင့် မြန်မာအလုပ်သမား (၁၀၀) နီးပါး စင်္ကာပူနိုင်ငံမှ ပြန်ပို့ခံရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က အလုပ်လုပ်ခွင့် သက်တမ်း (၆) လပြည့်သည့် အချိန်တွင် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင်တဦးက ပြောသည်။

“သူတို့က ကျနော်တို့မသွားခင် အရင်ဆုံး (၁) နှစ်စာလို့ဘဲပြောတယ်၊ ပြီးရင်နောက်တနှစ် ထပ်ပေးမယ်ပေါ့၊ အဲဒီလိုနဲ့စာချုပ်ချုပ်တာ တကယ်တမ်းသွားတော့ (၆) လဖြစ်သွားတာ၊ (၆) လနဲ့ ပြန်လွှတ်လိုက်တာ၊ တကယ်တမ်း ဟိုဘက်က ခေါ်တာက (၆) လဘဲခေါ်တာ၊ ဒါပေမဲ့ ဒီဘက်ကုမ္ပဏီက ကျနော်တို့ကိုလိမ်လိုက်တာ” ဟု ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ သွားရောက်ရန် ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီမှာ ကောင်းဆက်ကုမ္ပဏီဖြစ်ပြီး စင်္ကာပူနိုင်ငံတွင်လည်း ငွေဇင်ယော်အမည်ဖြင့် ကုမ္ပဏီရုံးခွဲဖွင့်လှစ်ထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကာယကံရှင်က ဆက်ပြောသည်။

“ကျနော်တို့ မသွားခင်မှာ သင်တန်းတက်တာရော အကုန်ဝန်ဆောင်ကြေး သိန်း ၃၀ လောက်ရှိတယ်၊ အရင်းမကြေပါဘူး၊ ဘာကြောင့်လည်းဆိုရင် ဟိုကိုရောက်ခါစက သူ့နိုင်ငံမှာနေရင် လုပ်ရမဲ့ စည်းမျဉ်းစည်းကမ်း စာမေးပွဲ လေးတွေဖြေတဲ့ စရိတ်တွေရှိတယ်၊ ခရီးသွားလာခွင့်ကဒ်တွေလုပ်တဲ့ ကုန်ကျစရိတ် ရှိတယ်၊ တကယ်တမ်းကျတော့ လခက ၄၅၀ နှုန်းဘဲရတယ်၊ အရင်ကလည်း အဲဒီကုမဏီက နှစ်နှစ်စာ အကျိုးဆောင်ခ တောင်းထားတာ သိန်း ၄၀ လောက်ရှိတယ်၊ အဲဒီလူတွေကလည်း တနှစ်လောက်ဘဲလုပ်ရတယ်၊ ကျနော်တို့က နှစ်ဆ နှစ်ဆပေးပြီး သူ့အတွက်လုပ်ပေးနေရပြီး ကိုယ့်အရင်းပါ ပျောက်သွားသလိုဖြစ်တာ” ဟု ၎င်းက ပြောသည်။

စင်္ကာပူတွင် အလုပ်လုပ်စဉ် အတွင်းမှာလည်း ခွဲခြားဆက်ဆံခံရခြင်းများရှိပြီး လုပ်အားခ အနိမ့်ဆုံးလခကိုသာ ရရှိကာ အခြားဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယအလုပ်သမားများမှာ လုပ်အားခ ၉၀၀ နီးပါရရှိကြောင်း ၎င်းက ပြောသည်။

“အဲဒီ အေးဂျင့်က ကျနော်တို့ကို သက်သက်ကို အနိုင်ကျင့်လိုက်တာ၊ သူတို့ ရုံးခွဲလည်း ရှိတာဘဲ၊ ကျနော်တို့က အဲလိုဖြစ်တာကို အကြောင်းကြားတော့ ရှောင်နေတယ်၊ ဘာမှ တစုံတရာ လိုက်ဖြေရှင်းပေးတာ မရှိဘူး” ဟု ကာယကံရှင်က ဆက်ပြောသည်။

အဆိုပါ ပြန်ပို့ခံရသူများမှာ ၂၀၀၉ ခုနှစ် မတ်လက သွားရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ဝန်ဆောင်မှု ကုမ္ပဏီက ၂ နှစ်ဗီဇာရမည်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်ဟု ပြောသည်။

ကောင်းဆက်ကုမ္ပဏီ တာဝန်ရှိသူတဦးက “ကျနော်တို့အလုပ်ကြော်ငြာထဲမှာကိုက Work ပါမစ်နဲ့ တနှစ်ဆို တနှစ် ပြည့်မှဘဲ ပြန်လွှတ်တာပါ၊ အဲဒါကို ပြန်လာတဲ့သူတွေက ပြောတယ်ဆိုရင်လည်း ကျနော်တို့ ကောင်းဆက်က မဖြစ်နိုင်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ စင်္ကာပူမှာလည်း ကုမဏီခွဲရှိတဲ့အတွက် အလုပ်သမားတွေနဲ့လည်း အချိတ်အဆက်ရှိတယ်၊ တနှစ်စာချုပ်ချုပ်ထားရင် တနှစ်အပြည့်ဘဲ လုပ်ရပါတယ်၊ (၆) လနဲ့ ပြန်လွှတ်တာတို့ ဘာတို့တော့ မရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ကောင်းဆက်ကုမ္ပဏီကို ဒေါ်ဌေးဌေးယုစံက တာဝန်ယူပြီး စင်္ကာပူမှ ငွေဇင်ယော်ကုမ္ပဏီကို ဦးဇော်ညွှန့်က ဦးစီးလုပ်ကိုင်နေလျှက်ရှိကာ မြန်မာနိုင်ငံမှ အလုပ်သမားများကို စင်္ကာပူ၊ ကာတာ၊ ဒူဘိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများသို့ ပို့ဆောင်ပေးနေသည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။


ရိုးမ၃ မှကိုးကားသည်..