Wednesday, May 26, 2010

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် အကြမ်းဖက်သမား သတ်မှတ်ခံရ

ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ဘန်ကောက်မြို့ အဓိကရုဏ်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရာဇ၀တ်မှု ဆိုင်ရာ တရားရုံးက အကြမ်းဖက် သမားအဖြစ် သတ်မှတ်ခဲ့ပြီး ဖမ်းဆီးရန် ယနေ့ အမိန့် ထုတ်ပြန်လိုက်သည်။


ဝန်ကြီး ချုပ်ဟောင်း အပါအ၀င် အကြမ်းဖက် လုပ်ရပ်များ လုပ်ကိုင် ခဲ့သည်ဟု သံသယ ရှိသော ရှပ်နီ ခေါင်းဆောင် ၉ ဦးကို ဖမ်းဆီး ခွင့်ပြုရန် ထိုင်း အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့မှ တရားရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ထုတ် The Nation သတင်းစာတွင် ရေးသား ထားသည်။

အဆိုပါ ခေါင်းဆောင် များထဲမှ ၀ိဖူထလန်၊ ဖာရပ် နှင့် ကျိန်ဒေါ့ကျစ် တို့ကိုမူ ပက်ချဘူရီ ခရိုင် ချအမ်းမြို့ရှိ နရဲစွမ် စခန်းတွင် ထိန်းသိမ်း ထားပြီး ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရာ့ချပရစုန် စခန်းကို ထိုင်းစစ်တပ်က ၀င်ရောက် ရှင်းလင်းစဉ် လက်နက် ချခဲ့သည့် ဆန္ဒပြ ခေါင်းဆောင် ကျသူဖွန် ဖုန်ဖန်မှာ ထိုင်းလွှတ်တော် အမတ်တဦး ဖြစ်သည့်အတွက် ထိုင်းအစိုးရက ပြန်လည် လွှတ်ပေးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ခေါင်းဆောင်တဦးဖြစ်သော စေဒန်ဟု လူသိများသည့် ဗိုလ်ချုပ် ခတ်သိယဆဝပ် ဒီဖွန်(Khattiya Sawasdipol)သည်လည်း မေလ ၁၃ ရက်နေ့ ည ၇ နာရီခွဲတွင် စာလာဒန်နှင့် လုမ္ပနီ လမ်းဆုံ ရှပ်နီများ စခန်းချရာ နေရာ၌ ဦးခေါင်းကို သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခဲ့သည်။

ထိုင်းနိုင်ငံတွင် မတ်လ ၁၂ ရက်နေ့ကတည်း ရှပ်နီတို့၏ ဆန္ဒပြပွဲများကို စတင်ခဲ့ရာ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း ၁၄၀၀ ကျော် ရှိသည်ဟု သိရသည်။

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းတွင်လည်း အကြီးအကျယ် ထိခိုက်မှုရှိခဲ့သည့် အပြင် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများတွင် Central World၊ Carre four ၊ Big C ၊ Zen စသည့် ကုန်တိုက်ကြီးများ အပါအ၀င် အဆောက်အဦးပေါင်း ၄၀ နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။

၎င်းဆုံးရှုံးသွားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် အစိုးရက ဘတ် ၅၀ ဘီလီယံ ကူညီမည်ဖြစ်ကြောင်း ယနေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ယခုအခါ ဘန်ကောက်မြို့ရှိ ကျောင်များ၊ ရုံးများ ပြန်လည်ဖွင့်လှစ်ပြီး စီးပွားရေး လုပ်ငန်းကြီးများ ပုံမှန်လည်ပတ်နေပြီ ဖြစ်ကြောင်း
ဘန်ကောက်မြို့ ဆူကွန်ဗစ်လမ်းတွင် နေထိုင်သည့် မြန်မာလူမျိုး ဦးဇော်မင်းက ဧရာဝတီသို့ ပြောသည်။

“မနေ့ကတော့ ကျောင်းနဲ့ရုံး အတော်များများ ဖွင့်ပြီ၊ လမ်းပေါ်မှာလည်း တော်တော်လေး ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီ”ဟုဆို သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘန်ကောက်မြို့စည်ပင်သာယာရေး ၀န်ထမ်းများ ၊ ကျောင်းသားများ၊ထိုင်းစစ်တပ် နှင့် ရပ်ကွက်နေ ပြည်သူများ စုပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း ၎င်းကဆိုသည်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လုပ်ဆောင်နေပြီး ဘတ်စ်ကားလိုင်းများ၊ ကောင်းကင်မြို့ပတ်ရထားနှင့် မြေအောက်ရထားလိုင်းများလည်း ပြန်လည်ပြေးဆွဲ နေပြီဖြစ်ကြောင်း၊ သို့သော် ရာ့ချပရစုန် ဘူတာတွင် ရပ်နားခြင်းမရှိကြောင်း သိရသည်။

အစိုးရက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို လာမည့် တနလာင်္နေ့အထိ ထပ်မံတိုးမြှင့်ခဲ့သော်လည်း အချိန်ကိုမူ ည ၁၂နာရီမှ နံနက် ၄နာရီအထိ လျော့ချပေးခဲ့သည်။

ဖလိန်ကျစ် ဘူတာအနီးတွင် နေထိုင်သည့် မြန်မာအမျိုးသမီး တဦးကလည်း“စကိုင်းထရိန်းပေါ်က ပျက်စီးနေတဲ့ Central Worldကုန်တိုက်ကြီးကို မြင်ရတော့ လူတွေအားလုံး အထူးအဆန်း လက်ညှိုးထိုးပြီး ၀ိုင်းကြည့်ကြတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရာမ ၄ လမ်းမကြီးတွင် မီးလောင်ထားသော တာယာများ၊ အမှိုက်များကို အနီးရှိရပ်ကွက်တွင် နေထိုင်သူများက လာရောက် ရှင်းလင်းကြကြောင်း ၎င်းက ဆိုသည်။

ရာမ ၄ လမ်းတွင် ကားများပုံမှန်သွားလာနေသော်လည်း လျှပ်စစ်မီးပေးသည့် ဌာနကြီးမှာ မီးရှို့ခံရသည့်အတွက် လျှပ်စစ်မီး ရရှိရန် ပြန်လည်ပြင်ဆင် နေရကြောင်း၊ Central World၊ Zen ကုန်တိုက်ကြီးများနှင့် ဖောက်ထွင်းခံရသည့် ဘန်ကောက်ဘဏ်ကိုလည်း ပြန်လည်ပြင်ဆင်နေကြောင်း၊ လုံခြုံရေးတပ်များ ဆက်လက်ချထားကြောင်းသိရသည်။

အ၀တ်အထည်များကို လက်ကားရောင်းချသည့် ပသူးနမ်းဈေး အနီးရှိ မီးလောင် ကျွမ်းထားသည့် Big C နှင့် တခြားသော ကုန် တိုက်ကြီးများ မီးလောင်ထားသည့်အတွက် ယင်းနေရာများတွင် မြန်မာအလုပ်သမားများ အခြေအနေမှာ ပုံမှန်ပြန်ဖြစ်ရန် မလွယ် ကူသေးကြောင်း စားသောက်ဆိုင်တွင် လုပ်ကိုင်သည့် မော်လမြိုင်မြို့သူ မအေး ကလည်း ပြောသည်။

“အရင်က အလုပ်လုပ်ရင် တနေ့ ဘတ် ၄၀၀ ရတယ်၊ အလုပ်မရှိတာ ဆန္ဒတွေ စပြကတည်းကပဲ၊ အခုတော့ သူဌေးမ က ပြန်ဖွင့်ဖို့ လုပ်နေတယ်”ဟု ၎င်းကဆိုသည်။

Big C ကုန်တိုက်ကြီး အနီးတ၀ိုက်တွင် မီးလောင်ကျွမ်းထားသည့် ဒဏ်ကြောင့် ရုတ်တရက်ပြိုကျလာမည်ကို စိုးရိမ်သည့်အတွက် သွပ် ပြားများ နှင့် ကာရန်ထားကြောင်း၊ ဆန္ဒပြပွဲများ ပြီးဆုံး၍ ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်သည့် အတွက် ၀မ်းသာကြောင်း မော်လမြိုင်မြို့သူ မအေးကပြောဆိုသည်။

No comments:

Post a Comment