Friday, December 18, 2009

ကရင်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်ကွဲမှု ကေအန်ယူ ဖြေရှင်း

ကရင်ပြည်နယ် ဖာပွန်မြို့တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်ည၌ ဗုံးပေါက်ကွဲခဲ့သဖြင့် လူအများ သေကျေဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်သည် နအဖက ကေအန်ယူကို ချောက်တွန်းရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောကြားလိုက်သည်။

၎င်းက “အဲဒါမျိုး ကေအန်ယူက မလုပ်ဘူး။ နအဖက မဟုတ်မမှန် စွပ်စွဲတာ။ နအဖဆိုတာက တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို စနစ်တကျ ဖျက်ဆီးနေတယ်။ ကရင်နှစ်သစ်ကူးရဲ့ ယဉ်ကျေးမှုကိုလည်း ဖျက်ဆီးပြီး တချက်ခုတ် နှစ်ချက်ပြတ် ဖန်တီးတာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အမြင်မမှားဖို့ လိုတယ်” ဟု ပြောသည်။

နအဖသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပြဿနာရှာခြင်းဖြစ်ကြောင်း၊ မိမိတို့ တပ်ဖွဲ့အနေဖြင့် ဖာပွန်မြို့အနီးပတ်ဝန်းကျင်တွင်ပင် စစ်ရေးလှုပ်ရှားမှုများ လုံးဝမရှိကြောင်း၊ မိမိတို့အမျိုးသား ကရင်နှစ်သစ်ကူး ပွဲတော်ကို နအဖက ဖျက်ဆီးခြင်းသာဖြစ်သည်ဟု ပဒိုဒေးဗစ်သကဘောက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် အရပ်သား (၇) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ကေအန်ယူ၏ လုပ်ရပ်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးပိုင် မြန်မာ့အလင်းသတင်းစာတွင် စွပ်စွဲထားသည်။

ယခင်လ (၁၁) ရက်နေ့ကလည်း ဘားအံ၊ ရွှေဂွန်းပြေးဆွဲသည့် စောဥမ္မာအမည်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် ခရီးသည်တင် နှစ်ထပ်သင်္ဘောကို တကောင်ဘိုးရွာတွင် ပစ်ခတ်ခံရ၍ ခရီးသည် (၃) ဦးသေဆုံးခဲ့မှုကိုလည်း နအဖက ကေအန်ယူကို စွပ်စွဲထားသည်။

တကောင်ဘိုးရွာသားတဦးမှ အဆိုပါ ပစ်ခတ်မှုတွင် ဒီကေဘီအေမှ ရဲမင်းပိုင်အဖွဲ့က တကောင်ဘိုးသင်္ဘောဆိပ်မှ ဒီကေဘီအေ အကောက်မှူး ဗိုလ်သိန်းတန်(ခေါ်) ဗိုလ်ဂျပု ကို စီးပွားရေး ပြဿနာများကြောင့် လာရောက်ပစ်သတ်ရာမှ ဘားအံသို့ ဆင်းမည့် အဆိုပါ နှစ်ထပ်သင်္ဘောကိုပါ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ရဲရင့်(ခေတ်ပြိုင်)










ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုချက်အားလုံး ရရှိ

ထိုင်းနိုင်ငံ ပတ်ခ်ျဘူရီခရိုင်၊ စမုန်ဒေါရှိ SAHA FARM Co.Ltd ကြက်သားထုတ်လုပ်ရေး စက်ရုံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅,၀၀၀) ခန့်က အလုပ်သမားအခွင့်အရေး တိုးမြှင့်ရရှိရေးအတွက် ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။

ကျန်းမာရေးခွင့်ရက်ပင် ခံစားခွင့်မရှိဘဲ အလုပ်ချိန် တရက် (၁၂) နာရီ မနားတမ်း ခိုင်းစေမှု၊ အခြေခံလစာ အချိန်ပိုကြေး ခံစားခွင့် နည်းပါးမှုတို့ကို ပြင်ဆင်ပေးရန် အလုပ်ရှင်ထံ တောင်းဆိုကြခြင်းဖြစ်သည်။

“တကယ်လို့ လိုက်လျော ညှိနှိုင်းမပေးဘူးဆိုရင် အလုပ်မဆင်းဘဲ ဆန္ဒပြမယ်။ ဒီနေ့ ရွှေ့ပြောင်းအလုပ်သမားနေ့လည်း ဖြစ်တယ်။ ဒီနေ့လည်း ကျနော်တို့ အလုပ်မဆင်းဘူး” ဟု အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြသူ ကိုကျော်ကျော်က ပြောသည်။

လုပ်သားတဦးချင်း အခြေခံလစာ ထိုင်းဘတ် (၄,၅၀၀)၊ အလုပ်ချိန် တရက် (၁၂) နာရီ၊ အချိန်ပိုကြေးအတွက် တနာရီ ဘတ် (၂၀) သာရရှိသည့်အတွက် လုပ်သားတဦး တလ အမြင့်ဆုံးဝင်ငွေ ဘတ် (၄,၉၅၀) သာရရှိကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်စေ့စပ် ညှိနှိုင်းပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) က ထိုင်းရှေ့နေများကောင်စီကို အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

“ထိုင်းရှေ့နေများ ကောင်စီကို အကြောင်းကြားထားတယ်။ အခု ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်ညှိနှိုင်းပေးဖို့ တိုက်တွန်း ထားပါတယ်” ဟု NCGUB ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောကြားသည်။

နံနက် (၇) နာရီခွဲမှ စတင်သည့်ဆန္ဒပြပွဲ ရလဒ်အဖြစ် နေ့လယ် (၁၁) နာရီတွင် စက်ရုံကြီးကြပ်သူများက နေ့စဉ် အလုပ်ချိန် (၁၂) နာရီမှ (၉) နာရီသို့ လျှော့ချပေးပြီး အချိန်ပိုအလုပ်ခကို တနာရီ ထိုင်းဘတ် (၃၀) ပေးမည်ဟု ကတိပြုလိုက်သော်လည်း
အလုပ်သမားများဘက်က ဆက်လက်တောင်းဆိုမှုများကြောင့် မွန်းလွဲ (၁) နာရီခွဲတွင် မြန်မာ အလုပ်သမားများ၏ တောင်းဆိုချက် (၅) ခုလုံးကို လိုက်လျောပေးလိုက်ကြောင်း သိရသည်။

“အလုပ်ချိန် (၈) နာရီသတ်မှတ်ဖို့၊ သတ်မှတ်ချိန်ထက်ကျော်ရင် OT အနေနဲ့ တနာရီ ဘတ် (၃၀) ပေးဖို့၊ လက်မှတ်ရပြီးသား အလုပ်သမားတွေကို လက်မှတ် (ဘတ်) ပေးကိုင်ဖို့၊ အစိုးရအားလပ်ရက်တွေမှာ စက်ရုံပိတ်ပေးဖို့နဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို
နောက်ဆုံးအချိန်အထိ စောင့်ပြီး လုပ်ခွင့်ပြုဖို့ (ဖိအားအတင်းမပေးဖို့) မဖြစ်မနေလုပ်ရတော့မယ်ဆိုရင် လုပ်ကြပါမယ်ဆိုတဲ့ ကတိပေးကြတယ်” ဟု ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သူ အလုပ်သမားက အချက်(၅) ချက်ကို ပြောပြသည်။

ယခု ကြက်သားထုတ်လုပ်ရေး စက်ရုံ၏ လုပ်ငန်းခွဲ စက်ရုံတခုတွင် ပြီးခဲ့သည့်လက ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပြီး စက်ရုံကြီးကြပ်သူများက တောင်းဆိုချက်များကို လိုက်လျောမည်ဆိုကာ ကတိပျက်ခဲ့မှုကြောင့် ယခုတကြိမ် ထပ်မံတောင်းဆိုကြခြင်းဖြစ်သည်။

“တကယ်လို့ သူတို့ ကတိထပ်ဖျက်မယ်ဆိုရင် တရားဥပဒေကြောင်းအရ တိုင်ချက်ဖွင့်လို့ ရပါတယ်” ဟု ကိုသက်ခိုင်က ပြောကြားသည်။

SAHA FARM Co.Ltd က ကြက်နှင့် ကြက်ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး တရက် ကြက်ကောင်ရေ (၅) သိန်းကို အဆင်သင့် စားသောက်ကုန်အဆင့်အထိ ကုန်ချောထုတ်လုပ်နေသည်။


ှိ
စိုးမိုး


Wednesday, December 16, 2009

ညောင်လေးပင်ခရိုင်တွင် KNU မှကရင်နှစ်သစ်ကူးပွဲနေ့အခမ်းအနားကျင်းပ


ယနေ့တွင်ကျရောက်သည့် ကရင်သက္ကရာဇ် (၂၇၄၉) ခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့ အခမ်းအ နားတရပ်ကို (ကေအင်ယူ)မှ ညောင်လေးပင်ခရိုင်တွင် ကျင်းပခဲ့ရာ ကရင်အမျိုးသား (၁၅၀၀) ခန့်တက်ရောက်ခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) လက်အောက်ခံ တပ်မဟာ(၃)အခြေစိုက် ညောင် လေးပင်ခရိုင်၏ ကျောက်ကြီးမြို့နယ်တွင် ကျင်းပခဲ့ပြီး ဒေသခံကရင်အမျိုးသားများက နှစ် သစ်ကူးဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အမျိုးသားအလံတော်အား အလေးပြုခဲ့ကြသည်ဟု ခရိုင်တာဝန် ရှိသူတဦးကပြောသည်။

ညောင်လေးပင်ခရိုင်၏ မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ (FBR)၏ တာဝန်ခံ စောစန်း က"အခမ်းအနားကို ဒီမနက်တပ်ရင်း(၉) စစ်ရေးပြကွင်းမှာလုပ်တယ် တပ်ရင်းမှူးဒုဗိုလ်မှူးကြီး စောပလယ့်နဲ့ ကျောက်ကြီးမြို့နယ်ဥက္ကဌပဒိုနဲထူးဗျိုင်း တို့တက်ရောက်ပြီးနှစ်သစ်ကူးမိန့်ခွန်း ပြောတယ် ပရိတ်သတ် ကတော့(၁၅၀၀)နီးပါးရှိတယ်"ဟုရွှေဖားစည် သို့ပြောသည်။

နယ်မြေဒေသ၏ လုံခြုံရေးအခြေအနေအရ ပွဲကျင်းပရာတွင် အခက်အခဲအချို့ရှိသော်လည်း ဒေသခံ ကရင်အမျိုးသားများ ထောင်ချီလာရောက်ခဲ့ကြပြီး မည်သည့်ပြဿနာမှမရှိဘဲ အောင် မြင်စွာကျင်းပနိုင်ခဲ့သည်ဟုလည်းပြောသည်။

ယခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတရပ်ကိုလည်း တပ်မဟာ(၅)အခြေစိုက် ဖါပွန်ခ ရိုင်တွင်ခမ်းနားစွာကျင်းပပြုလုပ်ခဲ့သည်ဟုကေအင်ယူ၏အဆင့်မြင့်ခေါင်းဆောင်တဦးကပြောသည်။

ကရင်နှစ်သစ်ကူးနေ့အတွက် ကေအင်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောတာမလာဘော ပြောကြား သောမိန့်ခွန်းတွင် ကရင်အမျိုးသားများ ဖိနှိပ်ကျွန်ပြုမှုအပေါင်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေး အရနိုးကြားပြီး ဘာသာအယူဝါဒ မခွဲခြားဘဲတစိတ်တ၀မ်းတည်း စည်းလုံးညီညွတ်ကြရန်နှင့် ရန်သူများ၏ လိမ်လည်လှည့်စားမှုများကို အထူးသတိရှိရန် တိုက်တွန်းပြောကြားထားသည်။

မဲဆောက်ဒေသတွင်းရောက် ကရင်အမျိုးသားများကလည်း နှစ်သစ်ကူးအခမ်းအနားများကို ကျင်းပကြပြီး ထိုင်းနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်စခန်း(၇)ခုတွင်လည်း ကျင်းပပြုလုပ် ခဲ့ကြသည်။


Tuesday, December 15, 2009

ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောတာမလာဘောက ပြောကြားသောမိန့်ခွန်း

ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားအပေါင်းတို့-
ခေါင်းဆောင်-ရဲဘော်အပေါင်းတို့-
ဒီကနေ့ဟာ ကရင်သက္ကရာဇ် (၂၇၄၉)ခုနှစ် သလေလဆန်း (၁)ရက်နေ့၊ ခရစ်သက္ကရာဇ် (၂၀ဝ၉)ခုနှစ် ဒီဇင် ဘာလ (၁၆)ရက်နေ့သည် ကရင်အမျိုးသား နှစ်သစ်ကူးမင်္ဂလာအခါသမယ ကျရောက်ချိန်ဖြစ်ပါတယ်။ ဒီလို နှစ်သစ် မင်္ဂလာနေ့မြတ်ကို ကြုံကြိုက်ပြန်ရတာဟာလည်း ထပ်မံဝမ်းမြောက်ဝမ်းသာ ဖြစ်ဖွယ်ဖြစ်ပါတယ်။ ဒါကြောင့် နေရာဒေသ အသီးသီးမှာ နေထိုင်ကြတဲ့ကရင်အမျိုးသားတစ်ဦးစီတိုင်းကို ကိုယ်စိတ်နှစ်ဖြာကျမ်းမှုာ ချမ်းသာပါစေကြောင်း ဆုမွန် ကောင်းများပို့သရင်း နှစ်သစ်ကူးနုတ်ခွန်းဆက် အမှာစကားပြောလိုပါတယ်။


ပထမအနေနဲ့ မိမိတို့ကရင်အမျိုးသားဆိုတာ လူမျိုးငယ်လေးတစုမျှသာမဟုတ်ကြောင်းဦးစွာပြောကြားလို တယ်။ ဘီစီ ၇၃၉ ကစပြီး ဒီတိုင်းပြည်ထဲကို ဦးစွာပထမ ဝင်ရောက်လာခဲ့တဲ့ လူမျိုးတမျိုးဖြစ်သလို လွန်ခဲ့သော နှစ်ပေါင်း ထောင်ကျော်မှာ လွတ်လပ်ငြိမ်းချမ်းစွာ နေလာနိုင်ခဲ့လူတွေလဲဖြစ်ပါတယ်။ ဒါပေမဲ့သက်ဦးဆံပိုင် မွန်ဘုရင်။ ဗမာဘုရင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ဖိနှိပ်ညှင်းပမ်းမှူကြောင့် ငြိမ်းချမ်းလွတ်လပ်စွာ မနေနိုင်ခဲ့ကြတော့တာ မဟာဗမာဝါဒီ စစ်အာဏာရှင် များရဲဏ္ဍ အုပ်စိုးတဲ့ခေတ် ယနေ့ကာလတိုင်အောင်ဖြစ်ပါတယ်။

ဒီနိုင်ငံမှာ ကရင်လူမျိုးဟာ လူမျိုးတမျိုး ဖြစ်တာနဲ့အညီ မိမိ တို့နဲ့ထိုက်တန်တဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကလည်းရရှိပြီး မိမိတို့ဖာသာ ကိုယ့်အားကိုယ်ကိုး တိုးတက် ကြီးပွားအောင် လုပ်နိုင်ခွင့်ရကြဘို့လိုတယ်။ ဒီနေရာမှာ အမျိုးသားရဲ့စကား။ စာပေနဲ့ရိုးရာ ယဉ်ကျေးမှူထိမ်းသိမ်း စောင့် ရှောက်ရေးကိစ္စဟာ အလွန်အရေးကြီးကြောင်း ထပ်မံအသိပေးလိုက်ပါတယ်။ ကရင့် တော်လှန်ရေးနဲ့ ကေအဲန်ယူ အဖွဲ့ အစည်းခေါင်းဆောင် ရပ်တည်နိုင်တဲ့အတွက် အရှေ့ဘက်မှ ကရင်အမျိုးသားတွေဟာ မိမိရဲ့ဘာသာစကားကို ပြောကြား ခွင့်ရပြီး ကရင်စာပေကိုလည်း အစုံလျင်သင်ယူခွင့်ရနေကြသေးတယ်။

မြစ်ဝကျွန်းပေါ့်၌မြို့ပြဒေသမှာရှိတဲ့ ကရင်အများစု ကြီးတော့ ဒီလိုအခွင့်အရေးတွေ အကြီးအကျယ်ဆုံးရှုံးနေလို့ ကရင်ဖြစ်ပြီး ကရင်စကားမပြောတတ်၊ ကရင်စာပေမရေး တတ်၊ မဖတ်တတ်ကြဘူး၊ တချိန်တည်းမှာဘဲ စာပေလည်းပျောက်၊ လူမျိုးပျောက်မဖြစ်အောင် ဝိုင်းဝန်းထိမ်းသိမ်းကြတဲ့ မြို့ပြနဲ့မြစ်ဝကဋ္ဌန်းပေါ်က ကရင်မျိုးချစ်တွေ။ ဘာသာရေးဘက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်းများရဲ့ကဏ္ဍကိုလည်း အသိ အမှတ်ပြုကြရမှာဖြစ်တယ်။

အဲ့ဒီနေရာတွေမှာ ကရင်ဘာသာစကား ကရင်စာပေဟာ တစုံတရာရှင်သန်နေသေးတာ ဖြစ်တယ်။ ဒီကနေ့မှာ ကရင်အမျိုးသားအခွင့်အရေးတွက် တော်လှန်ရုန်းကန်တိုက်ပွဲဝင်နေကြရင်း ကရင်တော်တော် များများဟာ ကမ္ဘာ့အနှံ့ပြန့်နှံ့ ရောက်ရှိနေကြပြီးဖြစ်လို့ ကရင်လူမျိုးတမျိုးဤွှကမ္ဘာမြေပေါ်မှ လုံးဝဆိတ်သုန်း ပျောက် ကွယ်ခြင်း မရှိရလေအောင် ကိုယ့်အမျိုးသား ဘာသာစာပေစကားနဲ့ ရိုးရာအစဉ်လာကောင်းများကို အစွမ်းကုန်ထိမ်းသိမ်း ကြဘို့လိုတယ်။ ဒါကြောင့်ကရင်တိုင်းက ဒီကိစ္စအပေါ် အထူးအလေးနက်သတိပြုဘို့လိုတယ်။

ဒုတိယအနေဖြင့် ကရင်အမျိုးသားတို့၏ သမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်လျင် အုပ်စိုးသူအဆက်ဆက် တို့၏ ဖိနှိပ်မှူ၊ သတ်ဖြတ်မှူအပေါင်းဖြင့် နာကျည်းဘွယ်ရာအဖြစ် ပြည့်နှက်လျက်ရှိနေပြီး ယနေ့ထိတိုင် မိမိတို့၏ မွေးရာပါအခွင့်အရေးများ ဆိတ်သုန်းလျက်ရှိသည်။ ကရင်အမျိုးသားအရေးသည် နိုင်ငံရေး ပြဿနာဖြစ်သည်နှင့် အညီ ကရင်အမျိုးသား ခေါင်းဆောင်များက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဿကိုကြိုးပမ်းဖြေရှင်းခဲ့သော်လည်း စစ်အာဏာရှင်အုပ်စုမှ လက်မခံသည့်အပြင် လက်နက်ဖြင့်ချေမှူန်းလာခဲ့သည့်အပေါ် ယနေ့ထက်တိုင် လက်နက် ကိုင် ခုခံတော်လှန်ရေးကို ကြံ့ကြံ့ခံဆင်နွဲနေရခြင်းဖြစ်သည်။

သို့ဖြစ်၍် ကရင်အမျိုးသားအရေး ကြိုးပမ်းဆောင်ရွက် ရာမှာ ဖိနှိပ်ကျွန်ပြုမှူအပေါင်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေးအရ နိုးကြားပြီး ဘာသာအယူဝါဒ မခွဲခြားဘဲ တစိတ် တဝမ်းတည်း စည်းလုံးညီညွတ်ကြရန်၊ အမျိုးသား ရန်သူမသမာသူများ. လိမ်လည်လှည့်စားမှူများကို မခံကြရန် အထူးသတိရှိကြရန် လိုအပ်ပါသည်။

တတိယအနေနဲ့ အုပ်စိုးသူစစ်အစိုးရတို့သည် ကရင်တမျိုးသားလုံးအပေါ် ဖိနှိပ်ကျွန်ပြုယုံမက ကရင် အမျိုးသားထုအတွင်း အချင်းချင်းသတ်ဖြတ်ဖြိုခွဲခြင်း၊ လူငယ်လူရွယ်များ စာရိတျွှပျက်ပြားအောင် မူးယစ်ဆေးဝါး များနှင့် မြူဆွယ်ဖျက်ဆီးခြင်း၊ ဘာသာရေးအရ ဖြိုခွဲခြင်းများကို စနစ်တကျလုပ်ဆောင်လျက်ရှိသည်။ အုပ်စိုးသူ စစ်အာဏာရှင်အဆက်ဆက်တို့၏ ဖိနှိပ်မှူ၊ နှိပ်စက်ညှင်းပမ်းမှူ၊ မတရားသတ်ဖြတ်မှူများကို ခံစားလာရသည်မှာ တနေ့ထက်တနေ့ပိုပြီး ပြင်းထန်လာသည်။

အုပ်စိုးသူအဆက်ဆက်တို‹သည် ကရင်အမျိုးသားများအား နည်း ပရိယာယ်မျိုးစုံဖြင့် လူမျိုးတုံး သတ်ဖြတ်မှူမျိုးကို အစီအစဉ်ရှိရှိ စီမံချက်ဖြင့် ကျင့်သုံးလျက်ရှိပြီး တချိန်တည်းတွင် ကရင်အမျိုးသားနေထိုင်ရာ ဒေသအသီးသီးတွင် စစ်ရေးလှူပ်ရှားမှူအပြင်းအထန်ပြုလုပ်လျက် လယ်ခင်းယာခင်း များ ပတ်လည်အနှံ့မြေမြုပ်မိုင်း အများအပြားထောင်ခြင်း။ မြန်မာပြည်အရှေ့ခြမ်းနေ ကရင်လူထုများထံ တိုက်ရိုက်ဦးတည်တိုက်ခိုက်ခြင်းသည် ကိုယ်ချင်းစာနာမှူကင်းမဲ့သည့် လုပ်ရပ်ဖြစ်သည်။

နောက်ဆုံးအနေနဲ့ မှာကြားလိုတာကတော့ ၂၀၁၀ ခုနှစ်ဟာ ကရင်အမျိုးသားတွေအတွက် အလွန်တရာ စိုးရိမ်ဖွယ်ကောင်းတဲ့နှစ်တနှစ်ပါ။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ မွေးရာပါ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အသိအမှတ်ပြုဖို့ လုံးဝဆန္ဒမရှိတဲ့ အာဏာရှင်အစိုးရဟာ သူတို့အတင်းအကြပ် ရေးဆွဲပြဌာန်းထားတဲ့ တိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုသုံးပြီး တိုင်းရင်းသားတွေကို ချေမှူန်းသုတ်သင်ဘို့ စီမံချက်တွေကို ချမှတ်အကောင်အ ထည်ဖော်နေတာကြောင့်ဖြစ်တယ်။

ကေအဲန်ယူ အမျိုးသားအစည်းအရုံးဟာ တိုင်းရင်းသားလူမျိုးများအတွက် မည်သည့် အာမခံချက် အခွင့်အရေးမှ မပါဝင်တဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဆိုတာကို ဆန့်ကျင်နေတာဖြစ်တယ်။ ကေအဲန်ယူ အမျိုးသားအစည်းအရုံးရဲလှူပ်ရှားတိုက်ပွဲဝင်မှူမှန်သမျှဟာ နိုင်ငံရေးအဓိပယ်ဆောင်ပြီး မိမိလူမျိုးဖိ နှိပ်မှူက လွတ်မြောက်ပြီး လူမျိုးတမျိုးအဖြစ် ဂုဏ်သိက္ခာရှိစွာနဲ့ အသက်ရှင်နေထိုင်ဘို့ လွတ်လပ်ဘို့ (ဝါ) ကရင်ကံကြမ္မာကို ကရင်ဖန်တီးနိုင်ခွင့်ရမယ်။ ဒီမိုကရေစီပြည့်ဝတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးဖြစ်တယ်။ ဒီလိုမျိုးနိုင်ငံရေး အရ ရုန်းကန်တိုက်ပွဲဝင်မှူဟာ ကရင်အမျိုးသားများရဲ့ဘဝကံကြမ္မာနဲ့ တိုက်ရိုက်သက်ဆိုင်နေတာဖြစ်လို့ ကရင်အမျိုးသား တိုင်းက ထမ်းရွက်ရမဲ့အမျိုးသားရေးတာဝန်ဖြစ်တယ်။

ဒါကြောင့် နေရာဒေသအသီးသီးမှာ ရောက်ရှိနေထိုင်ကြတဲ့ ကရင် တွေက ကရင်အမျိုးသားဘဝလွတ်မြောက်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ ကိုယ်စီကိုယ်စီတာဝန်ယူပြီး တစိတ် တဝမ်းတည်း ညီညီဍွတ်ဍွတ် အောင်ပွဲရသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြရန်နှင့် ဒီနေ့ထူးနေ့မြတ်အခါ သမယမှာ ကရင်အမျိုးသားတရပ်လုံး KNU ဆောင်မှူအောက်တွင် ညီညီညွတ်ညွတ်၊ မားမားမတ်မတ်ရပ်ခံပြီး၊ ဘဝတူတိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ လက်တွဲပြီး မိမိအောင်ပွဲပန်းတိုင် အရောက် ခွန်အားသစ်ဖြင့် ဆက်လက်ဦးတည် တိုက်ပွဲဝင်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။