Friday, June 11, 2010

မြန်မာဒုက္ခသည် အရေး အမေရိကန် ၀န်ကြီး အထူး စိုးရိမ်

အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် ဒုက္ခသည်များ ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး အဲရစ် ရှဝပ် (ဇ်) က မြန်မာ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်နေ ချိန်၌ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် တသိန်း လေးသောင်း ကျော်၏ အရေးကို အထူး စိုးရိမ်မိကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ၀န်ကြီး အဲရစ် ရှဝပ်(ဇ်) က သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခုရှိသည်။ ယင်း ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေးလာကြသူများ ရှိနေကြောင်း သိရသည်။

အဲရစ် ရှဝပ်(ဇ်)က လာမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စစ်အစိုးရက ဆက်လုပ်နေသည့် ဖိနှိပ်မှုနှင့် တင်းကျပ်မှု များသည် ပြည်တွင်း အခြေအနေကို ပြောင်းလဲစေနိုင်ရန် အခွင့်အရေး မဆို စလောက်သာ ရှိစေမည်ဟု ပြောသည်။

“တကယ်လို့သာ ဖြစ်လာမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ ဖိနှိပ်ခံရမှုကို ကြောက်နေရတဲ့ မြန်မာ နိုင်ငံသားတွေနဲ့ အကာအကွယ်မဲ့ နေတဲ့ နိုင်ငံပြင်ပမှာရောက်နေသူတွေအတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

တချိန်တည်းမှာပင် အဲရစ် ရှဝပ်(ဇ်) အပါအ၀င် ဘန်ကောက်သံရုံးမှ တာဝန်ရှိသူ ၇ ဦးခန့်သည် မယ်လ ဒုက္ခသည်စခန်းသို့ ယနေ့ ရောက်ရှိလာပြီး စခန်းတာဝန်ရှိသူများက လိုအပ်သော အကူအညီများကို တင်ပြခဲ့ကြသည်ဟု မယ်လ ဒုက္ခသည်စခန်း ဥက္ကဌ စောထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

ဒုက္ခသည်စခန်းတွင် ယခုလတ်တလော သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသော အခြေအနေများကို တင်ပြ ကြောင်း စောထွန်းထွန်းက ဆိုသည်။

အဲရစ် ရှဝပ်(ဇ်)သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)နှင့် မြန်မာ ဒီမိုကရေစီ အင်အားစု (Forum for Democracy in Burma) အပါအ၀င် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့ ၁၅ဖွဲ့မှ တာဝန်ရှိ သူများကို စနေနေ့တွင် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

မြန်မာ ယာယီပတ်စပို့စ်ကိုင်သူများ ပြည်ပြန်ဝင်ခွင့် တရားဝင်လုပ်ရမည်

ယာယီပတ်စပို့စ်ကိုင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မြန်မာပြည်သို့ပြန်လျှင် ယခင်ကကဲ့သို့ တိတ်တဆိတ်ပြန်၍ မရတော့ဘဲ တရားဝင် ပြည်ပြန်ဝင်ခွင့် အသိအမှတ်ပြု တံဆိပ်တုံးထု၍ သွားလာရတော့မည်ဖြစ်သည်။

ယခင်ကာလက မိမိတို့၏ သာရေးနာရေးကိစ္စများအတွက် မြန်မာပြည်သို့ပြန်လျှင် တိတ်တဆိတ် ပြန်နေကြသော ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ သတိထားမိလာ၍ တရားဝင်သွားလာရမည်ဖြစ်သော ပြည်ပြန်ဝင်ခွင့် (re-entry) တံဆိပ်တုံးထု၍သာ သွားလာရတော့မည်ဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့မနက်၌ မဲဆောက်မြို့အဝင် တောင်ပေါ်ရှိ ရဲနှင့် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်တွင် အများပြည်သူသုံး ခရီးသည်တင်ကားကြီးပေါ်တွင်ပါလာသူ ယာယီပတ်စ်ပို့ကိုင်သူ မြန်မာ (၄) ဦးအား လူဝင်မှုကြီးကြပ်ရေးသို့ ပို့ဆောင်ခဲ့ပြီး တရားဝင် ပြည်ဝင်၊ ပြည်ထွက်တံဆိပ်တုံး ထုခဲ့ရသည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူ မချောစုက ပြောသည်။

၎င်းက “ကျမနဲ့အတူ ကားပေါ်မှာ ပါလာတဲ့ ပတ်စပို့စ်ကိုင်တဲ့သူ (၄) ယောက်ကို ခေါ်ချသွားတယ်။ ပြီးတော့ တောမောရုံးကို သူတို့ကားနဲ့ခေါ်သွားတယ်။ အဲဒီမှာ တုံးထုပြီး ဘတ် (၁,၀၀၀) ပေးရတယ်၊ မဲဆောက်ကို သွားတာပါလို့ပြောရင် ဟိုကလူကို လာခေါ်ခိုင်းလို့ ပြောတယ်” ဟု ဆိုသည်။

ယခုအခါ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနနှင့်နီးစပ်သော ကားစီးသူတို့ပင်လျှင် လူဝင်မှုကြီကြပ်ရေးရုံးသို့ တိုက်ရိုက်သွားရကာ တုံးထုရကြောင်း သိရသည်။

ခရီးသည်တင်ကားငယ်ဖြင့် သွားခဲ့သူ မသူဇာက “ကျမတို့ကို ဖုန်းနံပါတ်ပေးထားတာရှိတယ်။ အကယ်၍ ဘန်ကောက်ကနေ သွားမယ်ဆိုရင် တဦးကို ဘတ် (၅၀၀) ပေးရတယ် အိမ်တိုင်ရာရောက် လာခေါ်တယ်။ အဲဒီဂိတ်ရောက်ရင် ရဲကပြောတယ်။ ဒီကားက တောမောရုံးကိုပဲ တိုက်ရိုက်သွားရမယ်နော်လို့ပြောတယ်” ဟုဆိုသည်။

ယခုအခါတွင် မြန်မာအလုပ်သမားများ ဝင်ထွက်သွားလာမှုများ၍ ယခင်ကကဲ့သို့ သာမာန်ခရီးသည်တင် လိုင်းကားများ တင်မကဘဲ ဘန်ကောက်နှင့် မဲဆောက် ကားအငယ်များဖြင့် ပြေးဆွဲနေမှုများလည်း ရှိနေပြီဖြစ်သည်။

သို့အတွက် မဲဆောက်ဒေသသို့ သွားလာရန်ရှိသော အလုပ်သမားများအတွက် အဆင်ပြေချောမွေ့နိုင်သော်လည်း ထိုသို့အတင်းအကျပ် တုံးထုခိုင်းမည်ဆိုပါက ထိခိုက်နစ်နာမည်ဟု အလုပ်သမားများက ပြောဆိုနေကြသည်။

နှစ်နိုင်ငံသဘောတူညီချက်များအရ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ရရှိရမည်ဖြစ်သည်။

တရားဝင်ထုတ်ပြန်ထားသော ဥပဒေအရ ယာယီပတ်စပို့စ် ကိုင်ဆောင်ထားသူများသည်လည်း တိုင်းပြည်ဖြတ်ကျော် သွားလာမည်ဆိုပါက ဤသို့တရားဝင် ပြည်ဝင်၊ ပြည်ထွက်တံဆိပ်တုံး ထုရမည်သာဖြစ်ပြီး၊ ထိုအခကြေးငွေမှာ အခြားကမ္ဘာပတ် ပတ်စပို့စ်ကိုင်ဆောင်ထားသူများကဲ့သို့ ဘတ်ငွေ (၁,၀၀၀) ကို တိုင်းပြည်အတွင်း ပြန်လည်ဝင်ရောက်ခွင့်အဖြစ် ပေးသွင်းကြရမည်ဖြစ်ကြောင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်း ကြေညာကတည်းကပင် ပါရှိပြီးဖြစ်သည်။

(၂) နှစ်ဗီဇာ ရရှိထားသော သက်တမ်းအတွင်း အချိန်မရွေး ဝင်ထွက်သွားလာလိုပါက ဘတ်ငွေ (၃,၈၀၀) ကို လူဝင်မှု ကြီးကြပ်ရေးဌာနသို့ အပြီးပြတ်ပေးသွင်း၍ ရသည်။ ဤသည်မှာ (multiple re-entry) ဟုခေါ်သည့် ဗီဇာသက်တမ်း ရှိကာလအတောအတွင်း အကြိမ်ရေ မည်မျှဖြစ်စေ ပြည်ဝင်၊ ပြည်ထွက်သွားလာခွင့်ကို ဆိုလိုသည်။

ဆက်လက်သိရှိရသည်မှာ မြန်မာပြည်ဘက်အခြမ်းသို့ဝင်လျှင် အဝင်နှင့်အထွက် တိုင်းအတွက် မြန်မာငွေ (၃၀၀) ကျပ်စီကို ပြည်ဝင်၊ ပြည်ထွက်ကြေးအဖြစ် ပေးဆောင်ရပြီး၊ ယာယီပတ်စပို့စ်အား ထိုရုံး၌ အပ်နှံထားရှိရကာ မိမိမှတ်ပုံတင်ဖြင့် ဆက်လက်သွားလာရသည်ဟု သိရသည်။ သို့သော် မြန်မာစစ်ဆေးရေးဂိတ်များမှ အမေးအမြန်းထူမှုနှင့် လာဘ်စားမှုများကို ရှောင်ကြဉ်ချင်၍ မိမိအစီအစဉ်ဖြင့် သွားလာသူများလည်း ရှိကြသည်။