Saturday, March 5, 2011

ဘန်ကီမွန်းကို ကေအဲန်ယူ မေတ္တာရပ်ခံ

ကရင်ပြည်သူများအား ရန်သူသဖွယ် တိုက်ခိုက်နေသည့် နအဖ စစ်အစိုးရကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေဖြင့် ဟန့်တားပေးပါရန် မေတ္တာရပ်ခံသည့် ကြေညာချက်စာတစောင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ယမန်နေ့၌ ထုတ်ပြန်လိုက်သည်။
စစ်အစိုးရ၏ တိုက်ခိုက်ခြင်းခံနေရသည့် ကရင်လူထုများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဒေသတွင်းလူထုများအနေ ဖြင့် ကိုယ့်အရေးလို သဘောထားကာ စာနာထောက်ထား ဖြေရှင်းပေးရန် ရည်ရွယ်၍ ကြေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက ကေအိုင်စီကို ယခုလို ပြောသည်။
“နအဖက ထိုးစစ်တွေပြုလုပ်ပြီး တိုင်းရင်းသားတွေကို ညှင်းပမ်းနှိပ်စက်တယ်။ အခု မြန်မာနိုင်ငံ ပြည်တွင်းထဲမှာ အိုင်ဒီပီ တွေကလည်း တောထဲမှာ ဒုက္ခရောက်နေကြတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းထဲက ဒုက္ခသည်တွေဟာ လည်း သူတို့ရဲ့ဘ၀ရပ်တည်ချက်ဟာ မသေချာ မရေရာ စိုးရိမ်နေရတဲ့ အနေအ ထားမှာ ရှိတယ်။ ဒါတွေကို ကျနော်တို့ မီးမောင်းထွန်းပြချင်လို့ပါ။ ကုလအနေနဲ့လည်း ဒီထက် နအဖ စစ်အစိုးရကို ထိရောက်တဲ့ ဖိအားမှုတွေ ပေးသင့်တယ်”ဟု သူက ပြောသည်။
ဆက်လက်၍ သူက ကေအဲန်ယူသည် ဒီမိုကရက်တစ်အဖွဲ့အစည်းဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးကို ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းလိုကြောင်း၊ ကေအဲန်ယူသည် ပြည်သူအတွင်းမှ ပေါက်ဖွားလာသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ် သည့်အတွက် တော်လှန်းရေးကို ဆုံးခန်းတိုင် အောင်ပွဲရသည်အထိ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်းနှင့် စစ် အစိုးရ အင်အားကြီးသည်ကို ကြောက်မနေဘဲ အမှန်တရားဘက်က မားမားမတ်မတ်ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
မြန်မာ့ပြည်တွင်းစစ် နှစ်(၆၀)ကျော်ကြာလာသည်နှင့်အမျှ အလားတူ မေတ္တာရပ်ခံချက်၊ ပန်ကြားချက်များ ကုလသမဂ္ဂသို့ အကြိမ်ကြိမ်တင်ပြခဲ့ပြီး ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရအား တွေ့ဆုံဆွေးနွေးပွဲစားပွဲခုံသို့ ရောက်အောင် ဆက်လက်စွမ်း ဆောင်ပေးနိုင်ရန်ကိုလည်း ကေအဲန်ယူ ကြေညာချက်တွင် ရေးသားထားသည်။
ထို့အပြင် ကေအဲန်ယူက ကရင်ပြည်သူများကို စစ်အစိုးရတပ် တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ယခု ရက်ပိုင်းအတွင်း မစ္စတာ ဘန်ကီမွန်း ထုတ်ဖော်ပြောကြားလိုက်သည့်အပေါ် ကြိုဆိုသော်လည်း ယင်းအကြောင်းတခုတည်းဖြင့် ပြည့်စုံလုံ လောက်လိမ့်မည် မဟုတ်သေးကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။


စောခါးစူးညား။ (ကေအိုင်စီ)

ကရင်ပြည်သူ ၈သောင်းကျော် မစ္စတာဘန်ကီမွန်းထံ မေတ္တာရပ်ခ

ဗမာပြည်ရှိ ပြည်တွင်းတိုက်ခိုက်မှုများ ရပ်ဆိုင်းရေးအတွက် ကူညီဖြေရှင်းပေးရန် ကရင်ပြည်သူလူထု ၈၄,၀၀၀ဦးက လက်မှတ် ရေးထိုးကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ မေတ္တာရပ်ခံသည့် ပန်ကြားလွှာတစ်စောင် ပေးပို့ခဲ့ကြသည်။
အသက် ၁၆နှစ်မှ ၁၀၃နှစ်အရွယ် ရွာသူရွာသားများ ပါဝင်သည့် ၎င်းပန်ကြားလွှာကို ဒေသခံခေါင်းဆောင်များက ၂၀၁၀ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လအတွင်း စုဆောင်းရယူခဲ့ပြီး အဆိုပါ ကရင်ပြည်သူများ၏ မေတ္တာရပ်ခံချက်အရ ပြည်တွင်း ပြည်ပရှိ ကရင်လူမှုအသိုင်းအ၀ိုင်း ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ကရင်အမျိုးသားအစည်းအရုံး(KNU)က လူထုကိုယ်စား မစ္စတာဘန်ကီမွန်းထံသို့ ပေးပို့တင်ပြခဲ့ခြင်း ဖြစ်သည်။
ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ဒီစုဆောင်းရယူထားတဲ့ လူထုတွေရဲ့ လက်မှတ်တွေကို Scan ဖတ်ယူထားတဲ့ ဖိုင်လ်နဲ့ ကေအဲန်ယူအတွင်းရေးမှူးရဲ့ ပေးစာကို စီဒီထဲမှာထည့်ပြီး ကေအဲန်ယူကိုယ်စားလှယ် နော်ထူးဖောနဲ့ စောစတီဗင်ဒွန်းက နယူးယော့ခ်မြို့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ရုံးခန်းမှာ သွားပို့ပေးတာပါ။ ကျမတို့က လူထုတွေရဲ့ တောင်းဆိုချက်အရ လုပ်ဆောင်ပေးရတာဖြစ်သလို ဗမာပြည်နဲ့ အခြားနိုင်ငံ ၁၅နိုင်ငံက ကရင်လူမှုအဖွဲ့အစည်း ၃၁ဖွဲ့က လည်း ပံ့ပိုးကူညီပေးကြပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။
ယင်းသို့ ဘန်ကီမွန်းထံ လက်မှတ်ရေးထိုး တင်ပြသည့် ခရိုင် ၇ခုစလုံးမှ ကရင်ပြည်သူများသည် နအဖစစ်တပ်၏ အဓမ္မ လုပ် အားပေးခံရခြင်း၊ လုယက်ခြိမ်းခြောက်ခံရခြင်း၊ အိုးအိမ်လယ်ယာ ဖျက်ဆီး ပြောင်းရွှေ့ခံရခြင်း၊ အကြောင်းမဲ့ အသတ်ခံရခြင်းအ ပြင် အမျိုးသမီးနှင့် ကလေးသူငယ်များမှာ မတရား နှိပ်စက် အဓမ္မပြုကျင့်ခံရခြင်းများကို ဆယ်စုနှစ်များစွာ ခံစားရသူများဖြစ်ကြ သည်။ ၎င်းအပြင် ဗမာပြည်အရှေ့ပိုင်းမှ ကရင်ကျေးရွာပေါင်း ၃,၆၀၀ကျော်မှာ ပြီးခဲ့သည့် ၁၅နှစ်အတွင်း ဖျက်ဆီးခံရပြီး ပျှမ်းမျှ အားဖြင့် တပတ်လျှင် ၄ရွာနှုန်း ဖြစ်သည်ဟု သိရသည်။
၂၀၁၀ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲ မတိုင်ခင်ကာလ ကေအဲန်ယူ၏ စစ်တမ်းကောက်ယူချက်အရ ကရင်ပြည်နယ်အတွင်း၌ အရပ်သား ၁၈ဦး အသတ်ခံရပြီး ၃၈ဦး ညှင်းပမ်းနှိပ်စက်ခံရကာ ၅၂ဦး ဖမ်းဆီးခံရသည့်အပြင် ၂,၃၃၆ဦးမှာ အဓမ္မခိုင်းစေခံရ သည်ဟု မစ္စတာဘန်ကီမွန်းထံ ပေးပို့သည့် ပန်ကြားလွှာထဲတွင် ရေးသားဖော်ပြထားသည်။
လက်ရှိအခြေအနေတွင် ကရင်ပြည်နယ်အတွင်းရှိ ဖာပွန်၊ ဒူးပလာယာခရိုင် အပါအ၀င် စစ်အစိုးရ လွှတ်တော်အစည်းအဝေး ကျင်းပသည့် နေပြည်တော်နှင့် နီးစပ်သော တောင်ငူ၊ ညောင်လေးပင်ဒေသများ၌လည်း စစ်တပ်က အရပ်သားများကို ပစ်မှတ် ထားကာ စစ်လက်နက်ခဲယမ်း သယ်ဆောင်ခိုင်းခြင်းများ၊ လူထု၏ ကား၊ လှေ၊ လှည်းများကို ယူဆောင်အသုံးပြုမှုများ ရှိနေ ကြောင်း ကေအဲန်ယူက ဆိုသည်။
ကေအဲန်ယူသည် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် အခြားနိုင်ငံ များ အကြံပြုခဲ့သည့်အတိုင်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် စစ်အစိုးရအား တောင်းဆိုခဲ့သော်လည်း စစ်အုပ်စုမှာ အရပ်သားများကိုသာ ပစ်မှတ်ထား ဆက်လက် တိုက်ခိုက်နေခဲ့သည့်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် ကမ္ဘာ့ နိုင်ငံများမှ အစိုးရများနှင့် ပူးပေါင်းကာ အပစ်ခတ်ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေးမှသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း နော်စီဖိုးရာစိန်က ဆိုသည်။
“တကယ်တော့ ဒီအခြေအနေတွေ အားလုံးဟာ နှစ်ပေါင်းများစွာ တကယ်ဖြစ်ပျက်နေတာတွေ အမှန်ချည်းပါပဲ။ ကေအဲန်ယူအ နေနဲ့ အခုလို ပန်ကြားလွှာ ပေးပို့ပေးရတာကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးအနေနဲ့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စစ် အစိုးရက ကရင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားဒေသတွေက လူမျိုးစုအရပ်သားကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်စဲ သွားအောင် ဖိအားပေးဖို့ လိုအပ်နေပြီလို့ ပြောချင်ပါတယ်။”ဟု နော်စီဖိုးရာစိန်က ဆိုသည်။
အလားတူ ယနေ့တစ်ရက်တည်းတွင် အင်္ဂလန်နှင့် သြစတြေးလျားနိုင်ငံများမှ ကရင်အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ နိုင်ငံများ၏ ၀န်ကြီးချုပ်များရုံးသို့ အဆိုပါလက်မှတ်ရေးထိုးထားသည့် စီဒီမိတ္တူများကို သွားရောက်ပေးပို့ခဲ့ကြသည်ဟု သိရ သည်။
ယခုလို ကေအဲန်ယူအနေဖြင့် လူထု၏တောင်းဆိုချက်ဖြင့် ပြည်တွင်းပြည်ပမှ ကရင်လူမှုအသိုင်းအ၀ိုင်း၏ ထောက်ခံပံ့ပိုးမှုဖြင့် ကုလသမဂ္ဂထံ ပန်ကြားလွှာပေးပို့မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။


နန်းဖော့ဂေ (ကေအိုင်စီ)

၁၀ နှစ် နေထိုင်ခွင့်လက်မှတ် ထုတ်ပေးသည့် ထိုင်းဝန်ထမ်းများ လာဘ်စား

မြန်မာနိုင်ငံသား ၁၄၀၀၀ ကျော်၏ ထိုင်း နိုင်ငံအတွင်း ၁၀ နှစ် သက်တမ်း နေထိုင်ခွင့် လက်မှတ်များကို ပြန်လည်စိစစ်ရန် ညွှန်ကြားချက်သည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် ၀င်ဟယ်(Waing Haeng) မြို့နယ်အတွင်းရှိ ရွာသူကြီးနှင့် ထိုင်းအစိုးရ ၀န်ထမ်းများ တရားမ၀င် လာဘ်ပေး လာဘ်ယူ ပြုလုပ်ရန်အတွက် အခွင့်အရေး တခုဖြစ်နေသည်။


migrant1
ဝင်ဟယ်မြို့နယ်ရုံး အတွင်း ၁၀ နှစ်ခံ လက်မှတ် ပြန်လည် စိစစ်ရန် စောင့်ဆိုင်နေသူများကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)


















၂၀၀၇ နှစ်ကုန်ပိုင်းနှင့် ၂၀၀၈ ခုနှစ် အစောပိုင်းတွင် ၀င်ဟယ်မြို့နယ်ရုံးမှ မြန်မာနိုင်ငံသား ၂၀၀၀၀ နီးပါးကို ၁၀ နှစ် သက်တမ်း နေထိုင်ခွင့် လက်မှတ်များ ပြုလုပ်ပေးခဲ့သည်။ ယင်း၂၀၀၀၀ နီးပါးထဲမှ ၁၄၀၀၀ ကျော်ကို ထပ်မံစိစစ်ခိုင်းခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသား အများစုက ၁၀ နှစ် သက်တမ်းနေထိုင်ခွင့် လက်မှတ်များကို (၁၀ နှစ်ခံ လက်မှတ်)ဟု ခေါ်ကြသည်။

၁၀ နှစ်ခံ လက်မှတ်သည် နိုင်ငံအတွင်း နှစ်ရှည်လာရောက် နေထိုင်သူများကို ထုတ်ပေးခြင်းဖြစ်ပြီး လက်မှတ် ရရှိထားသူများသည် မြို့နယ် ထောက်ခံစာဖြင့် အလုပ်လုပ် ခွင့်ရသည့်အပြင် ထိုင်းနိုင်ငံ အတွင်း၌လည်း သွားလာရန်အတွက် အဆင်ပြေ သောကြောင့် မြန်မာနိုင်ငံသားများအကြား ရေပန်းစားလျက် ရှိသည်။

သို့သော်လည်း ယင်းလက်မှတ်များပြုလုပ်ရာတွင် တရားမ၀င် လာဘ်ပေးလာဘ်ယူမှုများ ရှိနေပြီး တချို့မှာ မိသားစုဝင် တခု အတွင်း လူ ၂၀၀ ခန့်ရှိနေခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးရုံးက တွေ့ရှိရသည့်အတွက် ယခုကဲ့သို့ပြန်လည်စိစစ်ရန် အစီအစဉ် ဖြစ် ပေါ်လာခြင်းဖြစ်သည်။

၁၀ နှစ်ခံ လက်မှတ် ကိုင်ဆောင်ထားသူများကို ၂၀၁၁ ခု ဇန်န၀ါရီလမှ စတင်၍ မတ်လ ၁၅ ရက်နေ့ အထိ ၀င်ဟယ်မြို့နယ် ရုံးသို့ လာရောက် အကြောင်းကြား ဆက်သွယ်ရန် ဒေသခံအာဏာပိုင်များက အသိပေးထားသည်။

ပြန်လည်စိစစ်ရမည့် လက်မှတ်ကိုင်ဆောင်ထားသူများသည် အမည်စာရင်းအသစ်တွင် ထည့်သွင်းရန်အတွက် ထိုင်းဘတ် ငွေ ၂၀၀ မှ ၅၀၀ ကို သက်ဆိုင်ရာ ရွာသူကြီးများထံသို့ ပေးဆောင်နေကြရသည်။ ပြန်လည်စိစစ်ရန် မလိုလားသူ တချို့က သက် ဆိုင်ရာ အာဏာပိုင်များနှင့် ပတ်သက်သူများကို လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်လျက်ရှိသည်။ 

“ရွာသူကြီးကို စာရင်းသွင်းဖို့အတွက် ဘတ်ငွေ၂၀၀ ပေးခဲ့ရတယ်”ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်မှာ ၁၀ နှစ်ခန့်ကြာပြီဖြစ် သည့် ရှမ်းတိုင်းရင်းသူ မနန်းခမ်းက ပြောသည်။ မနန်းခမ်း သည် နေ့စဉ်ပုံမှန် အလုပ်အကိုင် အတည်တကျ မရှိသော်လည်း အလုပ်ရှိသည့်နေ့များတွင် တရက်လျှင် ဘတ် ၁၂၀ သာ ရရှိသူဖြစ်သည်။

၂၀၀၇ ခုနှစ်ကုန်ပိုင်းတွင် ၁၀ နှစ်ခံ လက်မှတ်ရရှိရန်အတွက် မနန်းခမ်း အနေဖြင့် ရွာသူကြီးအား ဘတ်ငွေ ၂၀၀၀ ပေးခဲ့ရကြောင်း သိရသည်။ 

“အခုအချိန်အထိ အကြွေးမကြေသေးဘူး၊ ဘ၀လုံခြုံရေးအတွက် ကတ်(၁၀ နှစ်ခံ လက်မှတ်)လုပ်ချင်တယ်၊ လာဘ်ထိုးဖို့ ပိုက် ဆံ မရှိဘူး၊ ဘတ် ၅၀၀၀ လောက် ကုန်မယ်ဆိုရင်တောင်မှ ကတ်ရဖို့ မသေချာဘူးလို့ ကြားတယ်”ဟု မနန်းခမ်းက ပြောသည်။

အသက် ၄၂ နှစ် အရွယ်ရှိ ကိုစိုင်းအောင်ကလည်း“ကျနော့် ရှေ့မှာ လူတယောက်က သူ့ရဲ့စာရွက်ကြားကနေ ပိုက်ဆံပေးလိုက် တာတွေ့တယ်၊ ဘာကြောင့်မို့ ကျနော့်ကတ်ကို ပြန်စိစစ်လဲ ဆိုတာ နားမလည်ဘူး၊ သေချာတာကတော့ ပိုက်ဆံပေးရတော့ မယ် ဆိုတာ သေချာတယ်”ဟု ဒေါသသံဖြင့် ဆိုသည်။



၁၀ နှစ်ခံလက်မှတ် ပြုလုပ်ရာတွင် ၀င်ဟယ်ဒေသအတွင်း နှစ်ရှည်လများ နေထိုင်သူတဦး၏ ထောက်ခံချက် လိုအပ်သည်။ ဒေ သခံ များကလည်း ငွေကြေးဖြင့် ထောက်ခံချက် အများအပြားကို အမည်အမျိုးမျိုးဖြင့် ရေးပေးလေ့ရှိသည်။

“ကတ်တွေကို ပြန်စိစစ်ရတော့မယ် ဆိုတော့ ကျမကို ထောက်ခံတဲ့ လူရဲ့ နာမည်နဲ့ ကျမရဲ့နာမည် လွဲနေတယ် လို့ပြောတယ်၊ ကျမကို ထောက်ခံတဲ့ လူနာမည်တွေကို တခေါက်မှ မကြားဖူးဘူး”ဟု အသက် ၂၅ နှစ်အရွယ်ရှိသော ရှမ်းတိုင်းရင်းသူ နန်းဇမ် က ဆိုသည်။

ဝင်ဟယ်မြို့နယ် အနီးရှိ ကျေးရွာ ဒေသများတွင် အလုပ်လုပ် နေသူများသည် ရှမ်းတိုင်းရင်းသား အများစုဖြစ်ကြပြီး ဆောက် လုပ်ရေးလုပ်ငန်း၊ ကြက်သွန်နှင့် ငရုပ်စိုက်သော စသည့် တောင်ယာလုပ်ငန်းများကို လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။ 

မြန်မာပြည်မှ လာရောက်အခြေချ နေထိုင်သူများ အနေဖြင့် ထိုင်းအစိုးရ၏ဥပဒေ နားမလည်မှုနှင့် ထိုင်းစာ မဖတ်တတ်၊ မရေး တတ်ခြင်းသည်လည်း ဒေသခံများနှင့် အာဏာပိုင်များအတွက် လိမ်လည်စရာ အခွင့်ကောင်း တခုဖြစ်ခဲ့သည်။

မြို့နယ်ရုံး၏ စိစစ် ဆောင်ရွက်ချက်များသည် ယုတ္တိမရှိကြောင်း၊ အာဏာပိုင်များအကြား လာဘ်လာဘ်ယူမှု မညီမျှသဖြင့် ယခု ကဲ့သို့ ပြဿနာ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် ကိုစိုင်းမောင်ကလည်း ပြောသည်။

“ပိုက်ဆံနဲ့ လာလုပ်တဲ့ လူတွေပဲ အရင်ရတယ်၊ မလုပ်တဲ့လူတွေက နောက်မှရတယ်၊ အဝေးကလာတဲ့လူတွေက တိုးတိုး တိတ် တိတ် ရွာသူကြီးနဲ့ ညှိနှိုင်းပြီး လုပ်တာရှိတယ်၊ မြန်မာပြည်က လာတဲ့လူတွေက မိသားစုကို ပိုက်ဆံ ပြန်ထောက်ပံ့ရ တော့ သိပ် မတတ်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ဝင်ဟယ်မြို့နယ်ရုံးက သေချာ စစ်ဆေးမှု မပြုလုပ်ဘဲ ၁၀ နှစ်သက်တမ်းရှိသည့် ကတ်များကို ထုတ်ပေးရခြင်းနှင့် ပတ်သက်၍ လေ့လာသူများက မေးခွန်းထုတ်လျက်ရှိသည်။ ဖြစ်ပေါ်လာသည့် ပြဿနာများ အတွက် အာဏာပိုင်များတွင် တာဝန်ရှိသည် ဟုလည်း ဆိုသည်။ ကတ်ထုတ်ပေးစဉ်က မြန်မာနိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်၊ ဓာတ်ပုံ၊ လက်ဗွေ စသည်တို့ကို တောင်းခံခဲ့ကြောင်း သိရသည်။

ဧရာဝတီက ဒေသခံများ၏ လာဘ်ပေး လာဘ်ယူ ပြုလုပ်မှုရှိသည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ၀င်ဟယ်မြို့နယ်ရုံးသို့ ဆက်သွယ်ခဲ့ရာ ၀န်ထမ်းအမျိုးသမီး တဦးက ငြင်းဆိုခဲ့သည်။

၁၀ နှစ်ခံလက်မှတ်များအား ၁၉၉၉ ခုနှစ် အောက်တိုဘာလ ပထမ သတင်းတပတ်မတိုင်ခင် လာရောက်နေထိုင်ပြီး ထိုင်း အစိုး ရ ထံတွင် မှတ်ပုံတင်သွင်းရန် ကြိုးစားသူများ၊ တရားဝင်မှတ်တမ်း မရှိသော ကျောင်းသား၊ ကျောင်းသူများ၊ မွေးဖွားပြီး မိဘများ၏ စွန့်ပစ်ခြင်းကို ခံရသူများ၊ ထိုင်းနိုင်ငံ၏ အကျိုးကို လိုလားသူများအား ထုတ်ပေးလေ့ရှိသည်။

ယင်းလက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ပညာဆက်လက်သင်ကြားခွင့်၊ သတ်မှတ်ထားသောနေရာတွင် ယာယီနေထိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့်၊ ကျောင်းသား ကျောင်းသူများနှင့် မိဘ၏ စွန့်ပစ်ခြင်း ခံရသူများအနေဖြင့် ဆေးကုသခွင့် ခံစားရမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက ပြောသည်။ 

သို့သော်လည်း ကတ်ကိုင်ဆောင်ထားသူများအနေဖြင့် ခရီးသွားလာရာတွင် စစ်ဆေးရေး ဂိတ်များ၌ ရှာဖွေစစ်ဆေးမှုများကို သာမန်ထက် ပိုမိုခံကြရပြီး မိန်းကလေးများ အနေနှင့် ခန္ဓာကိုယ်အနှံ့ အသေးစိတ် ရှာဖွေခံကြရသည်။

ယခု ၁၀ နှစ်ခံကတ်များ ပြန်လည် စိစစ် ခံရခြင်းနှင့် ပတ်သက်၍ ၀င်ဟယ် ပတ်ဝန်းကျင်ရှိ ရွာများတွင် ကောလာဟလမျိုးစုံ ပျံ့နေပြီး မြန်မာ အလုပ်သမားများက ဒေသခံအာဏာပိုင်များကို မကျေမနပ် ပြောဆိုမှုများလည်း ရှိနေကြသည်။

“လူတိုင်း အပယ်ခံရတယ်လို့ ကြားတယ်၊ မဟုတ်တာ တခုခုဖြစ်နေတာကတော့ သေချာတယ်”ဟု ၀င်ဟယ်မြို့တွင် ဆိုင်ကယ် တက္ကစီ မောင်းနေသူ တဦးက ပြောသည်။

ဝင်ဟယ်မြို့နယ်ရုံး အနီးရှိ ဈေးဆိုင် ပိုင်ရှင်တဦးကလည်း ၁၀ နှစ်ခံကတ်များ ပြန်လည် စိစစ်မှုနှင့်ပတ်သက်ပြီး အာဏာပိုင်များ၏ ဆောင်ရွက်ချက်များကို နားမလည်ဟု ပြောသည်။

ယင်းမြို့နယ်ရုံးဝင်းအတွင်း၌ ရှမ်း အစားအစာများရောင်းသည့် ဈေးဆိုင်တန်းများနှင့် ဆိုင်များအနီး ရှိနေသော လူများကလည်း ၁၀ နှစ်ခံကတ်များကို မည်သည့်အတွက် ပြန်လည်စစ်ဆေးခြင်းအား နားမလည်နိုင်ကြောင်း ပြောဆိုလျက်ရှိကြသည်။

ဝင်ဟယ်မြို့နယ်ရုံး လမ်းထိပ် အဝေးပြေးကားလမ်းပေါ်ရှိ ကားမှတ်တိုင်တွင် ခေါင်းငိုက်စိုက်ချလျက် ကားစောင့်ဆိုင်းနေသူများ ရှိသကဲ့သို့ ရွာသူကြီးအိမ်သို့ သွားရောက်၍ ဘတ်ငွေ ၃၀၀ ပေးကာ စာရင်းသွင်းမည့်သူများကလည်း ဆိုင်ကယ် တက္ကစီသမား နှင့် ဈေးညှိနေကြသည်ကိုတွေ့ရှိနေရသည်။

ဈေးသည်တဦးကမူ“သိပ်မပူနဲ့ အခြေအနေက ကောင်းသွားလိမ့်မယ်၊ အခုတော့ အိမ်ပြန်ကြတော့”ဟု အော်ဟစ်ပြောဆို နေ သည်။ ရုံးအတွင်းမှ ပြန်ထွက်လာသော လူအများ၏ အမှုအရာများသည် ညှိုးနွမ်းနေကြသည်။ 

နန်းယိင်း ဆိုသည့် ရှမ်းတိုင်းရင်းသူ တဦးကလည်း“ပြန်စိစစ်နေတယ် ဆိုပေမယ့်လည်း အနည်းဆုံးတော့ ပိုက်ဆံ ကုန်မယ်၊ အလုပ် ပျက်မယ်၊ အလကား လုပ်ပေးတာမှ မဟုတ်တာ”ဟု ပြောဆိုနေသည်။



သန်းထိုက်ဦး( ဧရာဝတီ)