Friday, June 11, 2010

မြန်မာဒုက္ခသည် အရေး အမေရိကန် ၀န်ကြီး အထူး စိုးရိမ်

အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် ဒုက္ခသည်များ ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး အဲရစ် ရှဝပ် (ဇ်) က မြန်မာ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်နေ ချိန်၌ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် တသိန်း လေးသောင်း ကျော်၏ အရေးကို အထူး စိုးရိမ်မိကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ၀န်ကြီး အဲရစ် ရှဝပ်(ဇ်) က သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခုရှိသည်။ ယင်း ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေးလာကြသူများ ရှိနေကြောင်း သိရသည်။

အဲရစ် ရှဝပ်(ဇ်)က လာမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စစ်အစိုးရက ဆက်လုပ်နေသည့် ဖိနှိပ်မှုနှင့် တင်းကျပ်မှု များသည် ပြည်တွင်း အခြေအနေကို ပြောင်းလဲစေနိုင်ရန် အခွင့်အရေး မဆို စလောက်သာ ရှိစေမည်ဟု ပြောသည်။

“တကယ်လို့သာ ဖြစ်လာမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ ဖိနှိပ်ခံရမှုကို ကြောက်နေရတဲ့ မြန်မာ နိုင်ငံသားတွေနဲ့ အကာအကွယ်မဲ့ နေတဲ့ နိုင်ငံပြင်ပမှာရောက်နေသူတွေအတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

တချိန်တည်းမှာပင် အဲရစ် ရှဝပ်(ဇ်) အပါအ၀င် ဘန်ကောက်သံရုံးမှ တာဝန်ရှိသူ ၇ ဦးခန့်သည် မယ်လ ဒုက္ခသည်စခန်းသို့ ယနေ့ ရောက်ရှိလာပြီး စခန်းတာဝန်ရှိသူများက လိုအပ်သော အကူအညီများကို တင်ပြခဲ့ကြသည်ဟု မယ်လ ဒုက္ခသည်စခန်း ဥက္ကဌ စောထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

ဒုက္ခသည်စခန်းတွင် ယခုလတ်တလော သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသော အခြေအနေများကို တင်ပြ ကြောင်း စောထွန်းထွန်းက ဆိုသည်။

အဲရစ် ရှဝပ်(ဇ်)သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)နှင့် မြန်မာ ဒီမိုကရေစီ အင်အားစု (Forum for Democracy in Burma) အပါအ၀င် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့ ၁၅ဖွဲ့မှ တာဝန်ရှိ သူများကို စနေနေ့တွင် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

No comments:

Post a Comment