Tuesday, February 9, 2010

ပြန်ပို့ခံရသော ဒုက္ခသည်များ ပြန်လည်ရောက်ရှိလာ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင် ယန်းမြို့နယ်ရှိ ဒုက္ခသည်စခန်း၌ မကြာသေးခင် ရက်ပိုင်းက ပြန်ပို့ခံလိုက်ရသော ကရင်ဒုက္ခသည် ၁၂ ဦး ယနေ့ ပြန်လည် ရောက်ရှိလာ သည်ဟု ကရင် အမျိုးသမီး အစည်းအရုံး (KWO) ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်း နိုက်ဇန် က ပြောသည်။

[ပြီးခဲ့သည့် သောကြာနေ့က ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် စခန်းမှ ပြန်ပို့ခံရသော ကရင် ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)]



ပြီးခဲ့သည့် သောကြာနေ့က ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် စခန်းမှ ပြန်ပို့ခံရသော ကရင် ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
လွန်ခဲ့သည့် အပတ် သောကြာနေ့၌ ၎င်း ဒုက္ခသည်များကို ထိုင်းအာဏာ ပိုင်းများ၏ အစီအစဉ်ဖြင့် ပြန်ပို့ခဲ့ရာမှ လုံခြံမှု မရှိသည့် အတွက် ယခုကဲ့သို့ ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပြန်သွားတဲ့ ဒုက္ခသည်တွေ အတွက် လုံခြုံမှုမရှိဘူး အာမခံ ချက်လည်း မရှိဘူး မိုင်းတော တွေထဲမှာ နေရတယ်၊ အဲဒါကြောင့် သူတို့ တအား ကြောက်နေ ကြတယ်၊ မနေရဲလို့ ပြန်လာတာ ဖြစ်တယ်”ဟု နော်ဘလူး မင်းနိုက်ဇန်က ဧရာဝတီသို့ ပြောသည်။

ပြန်ပို့ရန် စီစဉ်ထားသည့် ဒုက္ခသည်များကို ထို့နေ့၌ပင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန် ရှိသူတချို့ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်း၌ ထိုင်းအာဏာပိုင်များက ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ဒုက္ခသည်များကို နေရပ်သို့ ပြန်မပို့ရန်အတွက် KWO အဖွဲ့အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက ပါဝင် တောင်းဆိုမှုများကြောင့် ယင်း အစီအစဉ်ကို ရပ်ဆိုင်းပေးခြင်းဖြစ်ကြောင်း နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။

အမေရိကန် နိုင်ငံ ရီပတ်ဘလစ်ကန် နှင့် ဒီမိုကရက်တစ်ပါတီ လွှတ်တော် အမတ် ၂၉ဦးတို့က စုပေါင်း လက်မှတ်ရေးထိုးကာ ဒုက္ခ သည်များအား နေရပ်သို့ ပြန်မပို့ရန် ပြီးခဲ့သည့်အပတ် သောကြာနေ့က ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝအား တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်များ နေရပ်သို့ ပြန်ပို့ခြင်း နှင့် ပတ်သက်၍ လူ့အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက “ဒုက္ခသည်များကို ပြန်ပို့မယ်ဆိုလို့ရှိရင် သေတွင်းကို ပို့တာနဲ့တူတယ်”ဟု ထောက်ပြခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက KNU လက်အောက်ခံ KNLAတပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာ ကြခြင်းဖြစ်သည်။ ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။

တချိန်တည်းမှာပင် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာ ၂ ရွာကို စစ်အစိုးရ စစ်ဒေသကွပ်ကဲရေး ဌာနချုပ်(စကခ) ၁၁ လက်အောက်ခံ တပ်အင်အား ၂၀၀ ခန့်က ယခုလ ၇ ရက်နေ့က လက်နက်ကြီးများဖြင့် အချက်၂၀ ပစ်ခတ်ခဲ့ ကြောင်း Karen Department of Health အဖွဲ့မှ စောအယ်ကလူရွှေဦး က ဧရာဝတီသို့ ပြောသည်။

ယင်း ကျေးရွာများမှ အိမ်ခြေ အလုံး ၂၀ အပါ အ၀င် ဆေးပေးခန်း တခု မီးရှို့ခံလိုက်ရသည်ဟုဆိုသည်။

ထိုင်းစစ်တပ်က ကရင်ပြည်နယ်တွင် တိုက်ပွဲများ မဖြစ်တော့ကြောင်း ပြောနေသော်လည်း နအဖ စစ်တပ်က စစ်ရေးလှုပ်ရှားမှု များ ဖြင့် လူ့အခွင့် အရေး ချိုးဖောက်မှုများ ပြုလုပ်နေကြောင်း၊ ယခုကဲ့သို့ ဒုက္ခသည်တွေကို ပြန်ပို့ရန် မသင့်လျော်သဖြင့် ဆက်လက် ထားရှိ သွားရန် ထိုင်းအစိုးရကို တောင်းဆိုချင်ကြောင်း စောအယ်ကလူရွှေဦး က ပြောသည်။

ထို့အပြင် ဒုက္ခသည်အရေး နှင့် ပတ်သက်သည့် အစည်းတရပ်ကို ဘန်ကောက်မြို့၌ မနက်ဖြန် ကျင်းပရန် စီစဉ်ထားပြီး ထိုင်းဝန်ကြီး များ အပါအ၀င်၊ ထိုင်းစစ်တပ်၊ UNHCR တာဝန်ရှိသူများ၊ ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်း အဖွဲ့ (TBBC)နှင့် ကရင် လူ့အခွင့်အရေး အဖွဲ့အစည်းများက တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက်ဦး (ဧရာဝတီ)

No comments:

Post a Comment