Friday, December 18, 2009

ကရင်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်ကွဲမှု ကေအန်ယူ ဖြေရှင်း

ကရင်ပြည်နယ် ဖာပွန်မြို့တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်ည၌ ဗုံးပေါက်ကွဲခဲ့သဖြင့် လူအများ သေကျေဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်သည် နအဖက ကေအန်ယူကို ချောက်တွန်းရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောကြားလိုက်သည်။

၎င်းက “အဲဒါမျိုး ကေအန်ယူက မလုပ်ဘူး။ နအဖက မဟုတ်မမှန် စွပ်စွဲတာ။ နအဖဆိုတာက တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို စနစ်တကျ ဖျက်ဆီးနေတယ်။ ကရင်နှစ်သစ်ကူးရဲ့ ယဉ်ကျေးမှုကိုလည်း ဖျက်ဆီးပြီး တချက်ခုတ် နှစ်ချက်ပြတ် ဖန်တီးတာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အမြင်မမှားဖို့ လိုတယ်” ဟု ပြောသည်။

နအဖသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပြဿနာရှာခြင်းဖြစ်ကြောင်း၊ မိမိတို့ တပ်ဖွဲ့အနေဖြင့် ဖာပွန်မြို့အနီးပတ်ဝန်းကျင်တွင်ပင် စစ်ရေးလှုပ်ရှားမှုများ လုံးဝမရှိကြောင်း၊ မိမိတို့အမျိုးသား ကရင်နှစ်သစ်ကူး ပွဲတော်ကို နအဖက ဖျက်ဆီးခြင်းသာဖြစ်သည်ဟု ပဒိုဒေးဗစ်သကဘောက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် အရပ်သား (၇) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ကေအန်ယူ၏ လုပ်ရပ်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးပိုင် မြန်မာ့အလင်းသတင်းစာတွင် စွပ်စွဲထားသည်။

ယခင်လ (၁၁) ရက်နေ့ကလည်း ဘားအံ၊ ရွှေဂွန်းပြေးဆွဲသည့် စောဥမ္မာအမည်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် ခရီးသည်တင် နှစ်ထပ်သင်္ဘောကို တကောင်ဘိုးရွာတွင် ပစ်ခတ်ခံရ၍ ခရီးသည် (၃) ဦးသေဆုံးခဲ့မှုကိုလည်း နအဖက ကေအန်ယူကို စွပ်စွဲထားသည်။

တကောင်ဘိုးရွာသားတဦးမှ အဆိုပါ ပစ်ခတ်မှုတွင် ဒီကေဘီအေမှ ရဲမင်းပိုင်အဖွဲ့က တကောင်ဘိုးသင်္ဘောဆိပ်မှ ဒီကေဘီအေ အကောက်မှူး ဗိုလ်သိန်းတန်(ခေါ်) ဗိုလ်ဂျပု ကို စီးပွားရေး ပြဿနာများကြောင့် လာရောက်ပစ်သတ်ရာမှ ဘားအံသို့ ဆင်းမည့် အဆိုပါ နှစ်ထပ်သင်္ဘောကိုပါ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ရဲရင့်(ခေတ်ပြိုင်)










No comments:

Post a Comment