Friday, February 5, 2010

ကရင်စစ်ပြေး ဒုက္ခသည်များကို ထိုင်းက မြန်မာဘက် စတင်ပြန်ပို့

ထိုင်းအခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၇၀) ကျော်က ထိုင်းအစိုးရကို မေတ္တာရပ်ခံနေသည့်ကြားမှ ကရင်စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၃) စုကို ထိုင်းအာဏာပိုင်များက ယနေ့နံနက်တွင် အတင်းအကျပ် နေရပ်ပြန်ပို့လိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည် (၁၀) ဦးပါဝင်သည့် မိသားစု (၃) စု ကို ဒေသခံလုံခြုံရေး တပ်ဖွဲ့ဝင်များက အတင်းအကျပ် မြန်မာဘက်သို့ ပြန်ပို့လိုက်ခြင်းဖြစ်သည်။

မျက်မြင်သက်သေ ဒုက္ခသည်တဦးက “ဒီမနက်အစောကြီးဘဲ ထိုင်းစစ်တပ် (ထာ့ဟန်ဖန်း) က သူတို့ကို အတင်းကားပေါ် တက်ခိုင်းပြီး ဟိုဘက်ကမ်းပြန်ပို့လိုက်တယ်၊ စခန်းထဲမှာလည်း အရပ်ဝတ်တွေနဲ့ ကရင်လိုတတ်တဲ့ ထိုင်းစစ်သားတွေက ဒုက္ခသည်တွေကို ပြန်ဖို့ လိုက်ပြီး ပြောဆိုနေတယ်” ဟု ပြောသည်။

ဒုက္ခသည်များက အန္တရာယ်ရှိသည့်အတွက် လောလောဆယ်တွင် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်းပြောပြီး ယာယီဒုက္ခသည် စခန်းအတွင်းမှာပင် ဆက်လက်နေထိုင်လျက်ရှိသည်ဟု သိရသည်။

ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “ဒီနေ့မနက် စခန်းထဲကို ယူအန်အိပ်ခ်ျစီအာက လူတွေလာတော့ သူတို့ နည်းနည်း ရှိန်သွားတယ်။ ယူအန်ကလူတွေ ရှေ့မှာတော့ ဆိုးဆိုးဝါးဝါးမလုပ်ရဲကြဘူး။ ဒီညကိုတော့ သတိထားရမယ်၊ ဒုက္ခသည်တွေ ကြောက်တာက ညဘက်ဖမ်းပြီး ပြန်ပို့မှာကိုကြောက်တယ်။ အခုအခြေအနေကတော့ ဒီလူတွေက နအဖ၊ ဒီကေဘီအေ ထက်တောင် ဆိုးနေတယ်၊ ကိုယ်ချင်းစာတရားမရှိဘူး” ဟု ပြောသည်။

ယနေ့နံနက်က နောင်ဘိုးယာယီဒုက္ခသည်များ၏ နေအိမ်များကိုလည်း အာဏာပိုင်များက ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ရာ လက်ကိုင်ဖုန်းတလုံးကို တွေ့ရှိသွားပြီး “မင်းတို့က ဒီဖုန်းတွေနဲ့ ယူအန်နဲ့သတင်းဌာနတွေကို သတင်းပေးနေကြတယ်” ဟုဆိုကာ သိမ်းဆည်းသွားသည်။

ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ရပ်ဆိုင်းပေးပါရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီအဖွဲ့က ယမန်နေ့က ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့သည်။

ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်ဆူလဖုံးက “ထိုင်းနိုင်ငံဟာ ငလျင်ဒဏ်ခံရတဲ့ ဟေတီနိုင်ငံကို ကူညီပြီး ကရင်ဒုက္ခသည်တွေကို မကူညီရင် ဝေဖန်ခံရမယ်။ သူတို့ကိုပြန်ပို့ရင် မြေမြှုပ်မိုင်းရှင်းလင်းတဲ့အချိန်ထိ စောင့်ဆိုင်းဖို့ လိုသလို ကူညီရေးအဖွဲ့တွေ စေလွှတ်ပြီး ဒုက္ခသည်တွေကို ဘေးကင်းရာမှာ စောင့်ရှောက်ထားဖို့လည်း လိုတယ်” ဟု ပြောကြားသည်။

KWO ၏ ပြောခွင့်ရပုဂ္ဂိုလ် နော်ဘလူးမင်းနိုက်ဇန်က “များပြားလှတဲ့ မြေမြှုပ်မိုင်းရှိတဲ့နေရာကို ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ ပြန်ပို့တာဟာ သူတို့ကို သေတွင်းထဲ ပြန်ပို့တာနဲ့အတူတူပါပဲ။ သူတို့ကိုပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းပြီး သူတို့ကို လုံခြုံတဲ့ နေရာမှာ ထားရှိဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။

အဆိုပါစစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်တပ်က ယနေ့ ဖေဖော်ဝါရီ (၅) ရက်မှ စတင်ကာ မြန်မာဘက်သို့ အပြီး ပြန်ကြရမည်ဟု အမိန့်ပေးထားကြောင်း ဒုက္ခသည်များက ပြောသည်။

ကရင်စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံပြန်ပို့မည့်အရေးကို အမေရိကန် လွှတ်တော်အမတ် (၂၇) ဦးကလည်း အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ထံ ဖေဖော်ဝါရီ (၄) ရက်နေ့စွဲဖြင့် လက်မှတ်ရေထိုးကာ စာရေးသားပေးပို့ခဲ့ကြသည်။

ရဲရင့်

Thursday, February 4, 2010

နော်လွီဇာဘင်ဆင် - ကရင်အမျိုးသားတို့ ရဲ့  ငွေကြယ်တပွင့်

ခိုင်မာကျော်ဇော(မိုးမခ)

မယ်ဗမာတဦးလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တဦးလည်းဖြစ်၊ မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး အတွက် ကျိုးပမ်းဆောင်ရွက်နေသူလည်းဖြစ်တဲ့ နော်လွီဇာဘင်ဆင်(၆၉)နှစ်ဟာ ဖေဖော်ဝါရီလ(၂)ရက်နေ့ မွန်းလွဲပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွား ပြီဖြစ်ပါတယ်။

ကရင်လူမျိုးတော်တော်များများကတော့ နော်လွီဇာဘင်ဆင်ကို မယ်ဗမာတဦး၊ ရုပ်ရှင်သရုပ်ဆောင်တဦးဆိုတာ ထက် မြန်မာ့ပြည်ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို တက်ကြွစွာလှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးလို့ပဲ အသိများကြပါတယ်။
နော်လွီဇာဘင်ဆင် ကိုယ်တိုင်ကလည်း ကရင်အမျိုးသားတွေရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေးနဲ့ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် သူမ တတ်နိုင်တဲ့ဘက်က လှုပ်ရှားဆောင်ရွက်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့သူပါ။

နော်လွီဇာရဲ့ ဘဝကောက်ကြောင်းတွေကို ပြန်ပြောင်းကြည့်ရင် မိဘတွေက ကြွယ်ဝ ချမ်းကြပါတယ်။ ပေါ်တူဂီနိုင်ငံ သားဖခင်နဲ့ ကရင်လူမျိုး မိခင်က မွေးဖွားလာတဲ့ နော်လွီဇာဟာ ရုပ်ဆင်းအင်္ဂါ ချောမော လှပမောသူပါ။ ၁၉၅၆ ခုနှစ်မှာ မယ်ဗမာဖြစ်လာပြီး အဲ့ဒီအချိန်ကစလို့ ရုပ်ရှင်လောကထဲကို ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၅၆-၆ဝ ကာလတွေဟာ နော်လွီဇာ နံမည်ကျော်ခဲ့တဲ့ ကာလတွေပဲလို့ နော်လွီဇာခေတ်ကို မှီခဲ့သူတွေ ပြောကြပါတယ်။

နော်လွီဇာကိုယ်တိုင်ကတော့ နံမည်ကျော် လူသိများတဲ့ ဘဝထက် ရိုးစင်းတဲ့ ဘဝတခုကိုပဲ ပိုင်ဆိုင်ချင်ခဲ့တာပါ။ နိုင်ငံခြားမှာ ဘွဲ့တခုရအောင် ပညာသင်မယ်။ ပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းမယ်ဆိုတဲ့ စိတ်ကူးလည်း နော်လွီဇာမှာ ရှိခဲ့ဖူးပါတယ်။ ဒီစိတ်ကူးတွေကို နော်လွီဇာ ကျိုးစားပြီး အကောင်အထည် ဖော်ခဲ့ပါသေးတယ်။ နော်လီဇာဟာ သူမ စိတ်ကူးအတွက် အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့မှာ ပညာသင် ကြားခဲ့ပါတယ်။ ဘွဲ့ရလို့ မြန်မာပြည် ပြန်ရောက် လာတော့ ရုပ်ရှင်လောကထဲကို ခြေဦးမလှည့်တော့ပဲ တက္ကသိုလ်မှာ နည်းပြဆရာမ အလုပ်ကိုပဲ နော်လွီဇာ လုပ်ခဲ့ပါတယ်။
အေးအေးချမ်းချမ်း၊ ရိုးရိုးစင်းစင်းပဲ ဘဝကို လျှောက်လှမ်းမယ်လို့ စိတ်ကူးရှိပေမယ့် နော်လွီဇာရဲ့ ဘဝမှာ မထင် မှတ်တဲ့ အလှည့်အပြောင်းတခုနဲ့ ကြုံခဲ့ရပါတယ်။ ဒါကတော့ ကေအဲန်ယူ တပ်မဟာ(၅)က ဗိုလ်မှူးလင်းထင်နဲ့ အကြောင်းပါ ခဲ့ရာက စခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ နော်လွီဇာဘဝမှာ အလှည့်ပြောင်းတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။

“အဲဒီအချိန်ကစပြီး ကရင့်တော်လှန်ရေးအကြောင်းကို ကျမ ပိုပြီး သိခဲ့ရတယ်။ ကရင်လူမျိုးတွေ ကြုံတွေ့ခံစားနေရ တာတွေကိုလည်း ကျမ ပိုပြီး သဘောပေါက်လာတယ်။ ကိုယ့်လူမျိုးတွေ ဒုက္ခဆင်းရဲ ခံစားနေရတာကို တွေ့ရတော့ ကျမ စိတ်ထဲ မကောင်းဘူး။ ကျမနိုင်သလောက် ကူညီလုပ်ပေးချင်တဲ့ စိတ်တွေ ရင်ထဲမှာ ဖြစ်ပေါ်လာတယ်”
လို့ နော်လွီဇာ ဘင်ဆင်က သူ့ဘဝ အချိုးအကွေ့ တခုက ရလာတဲ့ အမျိုးသားရေး ချစ်စိတ်ကို ပြန်ပြောင်း ပြောပြဖူးပါတယ်။
ဗိုလ်မှူးလင်းထင် ဆုံးပြီးနောက်မှာ နော်လွီဇာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာပါတယ်။ ရေစက်မကုန်တော့ ဘော်စတွန်မှာ ကျောင်းတက်တုန်းက မေတ္တာမျှခဲ့တဲ့ ရည်းစားဦး အမေရိကန်နိုင်ငံသားနဲ့ ပြန်ဆုံတွေ့ပြီး နော်လွီဇာ နောက် အိမ်ထောင် ထူထောင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့အချိန်ကစပြီး မြန်မာ့အရေးအတွက် နော်လွီဇာ ကြိုးပမ်းခဲ့ပါတယ်။ အိမ်ထောင်ဖက်ဖြစ်သူကလည်း နော်လီဇာရဲ့ ခံစားချက်နဲ့ နော်လွီဇာရဲ့ ဆောင်ရွက်မှုတွေကို နားလည်မှု အပြည့်အဝပေးခဲ့ တယ်လို့ နော်လွီဇာက ပြောဖူးပါတယ်။



မြန်မာ့နိုင်ငံရေး၊ မြန်မာပြည်သူတွေနဲ့ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်တစားရှိ လာဖို့နဲ့ ကူညီဆောင်ရွက်နိုင်ဖို့အတွက်လည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ မြန်မာ့အရေး ကြားနာပွဲတွေ ဖြစ်ပေါ်လာအောင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့အတူ နော်လွီဇာ လက်တွဲဆောင်ရွက်ခဲ့ပါ တယ်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုရဲ့ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ နော်လွီဇာဟာ တောတွေတောင်တွေထဲက တော်လှန်ရေးနယ်မြေဒေသ ဆွေးနွေးပွဲတွေမှာလည်း တက်ကြွစွာ ဆွေးနွေးအကြံပေးသူပါ။ အနေအထိုင် ကျစ်လစ်ပြီး၊ စိတ်နေစိတ်ထား နှိမ့်ချတတ်တဲ့ နော်လွီဇာဘင်ဆင်ဟာ တော်လှန်ရေးရဲဘော်တွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကိုလည်း ရင်းနှီးနွေးထွေးစွာ အားပေးပြောဆိုတတ်သူပါ။

နော်လွီဇာခေတ်ကို မှီခဲ့၊ နော်လွီဇာကို ခရေစီဖြစ်ခဲ့ဖူးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့က နော်လွီဇာဘင်ဆင်ကို သူတို့ခေတ်ရဲ့ ကြယ်တပွင့်လို့ တင်စားပြောဆိုကြသလို မျက်မှောက်ခေတ် ကရင်လူမျိုးတွေကလည်း ကရင်တိုင်းရင်းသား အရေးသာမက မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ ဘဝတူ တိုင်းရင်းသားများရဲ့အရေးကို နောက်ဆုံးထွက်သက်အထိ ကျိုးပမ်း ဆောင်သွားရွက်ခဲ့တဲ့ နော်လွီဇာဘင်ဆင်ကို ကရင်အမျိုးသားတို့ရဲ့ ငွေကြယ်တပွင့်လို့ စူးနစ်စွာယုံကြည်ပြီးတော့ အမြဲသတိတရ ရှိနေဦးတော့မှာပါ။

ဖေဖော်ဝါရီ(၃)ရက်၊ ၂ဝ၁ဝ။

Wednesday, February 3, 2010

(၂၃)ကြိမ် မြောက် အခြေခံကျန်းမာရေးသင်တန်းဆင်းပွဲ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဆေးတပ်မှဖွင့်လှစ်သည့် (၂၃)ကြိမ် မြောက် အခြေခံကျန်းမာရေးသင်တန်းဆင်းပွဲကို ၃၀-၁-၁၀ ရက်နေ့က ကော်သူးလေပြည်နယ် ဖာပွန်ခရိုင်တွင် ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။

ဓါတ်ပုံ -- မိုးသောက်ကြယ်













(၆၁)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ

(၆၁)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ၃၁-၁-၁၀ ရက်နေ့က ကရင်ပြည်နည် ဖာပွန်ခရိုင်ရှိ တပ်မဟာ(၅)တွင် ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။

ဓါတ်ပုံ -- မိုးသောက်ကြယ်



















Tuesday, February 2, 2010

မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒုက္ခသည်များ ပြန်မပို့ရေး ကရင်အမျိုးသမီးအဖွဲ့ အသနားခံ

စစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ကြောင့် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာရသော ကရင်ဒုက္ခသည် (၃,၀၀၀) ကျော်ကို မြေမြှုပ်မိုင်း အန္တရာယ်ရှိနေသော နေရပ်သို့ အတင်းအကျပ် ပြန်မပို့ရေးအတွက် ကရင်အမျိုးသမီးအဖွဲ့က ယနေ့ ထိုင်းအစိုးရသို့ အသနားခံစာ ရေးသားပေးပို့လိုက်သည်။

ထိုင်းစစ်တပ်က ယခုလ (၅) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း အဆိုပါ အမျိုးသမီးနှင့်ကလေးငယ် အများစုပါဝင်သော ကရင်ဒုက္ခသည် (၃,၀၀၀) ကို နေရပ်ပြန်ရန် ပြောကြားထားပြီးဖြစ်သည်။

“မိုင်းတွေထဲမှာ ပြန်လွှတ်မယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလေ။ အဲဒါကို ကျမတို့ သတိလည်းပေးတယ်၊ အသနားလည်း ခံထားတယ်။ သူတို့ရဲ့ ညှာတာထောက်ထားမှုလည်း ဆက်လက်ထားရှိပေးဖို့ ကျမတို့ ယုံကြည်တယ်။ ဒါကြောင့် ကျမတို့ ဒီစာကိုရေးတာပါ” ဟု ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး (၁) ဖြစ်သူ Blooming Night Zan က ပြောကြားသည်။

ထိုင်းအစိုးရက မြေမြှုပ်မိုင်းအန္တရာယ်၊ စားနပ်ရိက္ခာ အခက်အခဲတို့ ရင်ဆိုင်နေရသည့် စစ်ဖြစ်ပွားခဲ့ရာ ဒေသများသို့ ကရင် ဒုက္ခသည်များကို အတင်းအကျပ် နေရပ်ပြန်ပို့နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အသိပေး စာရေးသားရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တိုက်ပွဲမရှိသော်လည်း ဗုံးတွေ ရှိနေတယ်။ ဘယ်သူမှလည်း မရှင်းဘူး။ ဘယ်သူမှလည်း အာမခံချက်မပေးဘူး။ စားနပ်ရိက္ခာကလည်း ပြဿနာ။ စားနပ်ရိက္ခာက ဘယ်နှရက် ဘယ်နှလ ပို့ပေးနိုင်သလဲ။ ကျန်တဲ့အချိန်က သူတို့ လုပ်ကိုင် စားသောက်ရမယ်။ ဒါပေမယ့် ဘယ်မှာမှ မိုင်းကြောင့် ဘယ်မှမသွားရဲတဲ့ အနေအထားရှိတယ်” ဟု Blooming Night Zan က ဆက်လက်ပြောကြားသည်။

မြေမြှုပ်မိုင်းကြောင့် ဒုက္ခသည်များ အသက်ဆုံးရှုံးခြင်း၊ ကိုယ်အင်္ဂါ ဆုံးရှုံးခြင်းများ ဖြစ်ပွားနေကာ ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၈) ရက်နေ့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက် ဆုံးရှုံးသွားရကြောင်း သိရသည်။

“ဒီစစ်ကြောင့် မြေမြှုပ်မိုင်းဒဏ်ကို အဓိကခံစားနေရတာက အမျိုးသမီးတွေနဲ့ ကလေးတွေ၊ ကျမတို့ ဘယ်လိုမှ မခံစားနိုင်ပါဘူး။ ကျမတို့ အမျိုးသမီးအဖွဲ့အနေနဲ့ ဒါကို ကြည့်မနေနိုင်ပါဘူး” ဟု ကရင်အမျိုးသမီးအဖွဲ့ အတွင်းရေးမှူး (၁) က ပြောကြားသွားသည်။

ပြီးခဲ့သည့်နှစ်က နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက ကေအန်ယူကို ထိုးစစ်ဆင်နွှဲခဲ့မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာရသည့် ကရင်ဒုက္ခသည် (၃,၀၀၀) ကျော်မှာ ထိုင်းနိုင်ငံ ထာ့ဆောင်ယန်း ဒေသတွင် ခိုလှုံနေခြင်းကို ထိုင်းစစ်တပ်က နေရပ်ပြန်ရန် ဖိအားပေးနေခြင်းဖြစ်သည်။

ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုဗိုလ်ချုပ်ထနွန်စာ အဖိရတ်ယိုထင်က စစ်ပြေးဒုက္ခသည်အချို့ ခိုလှုံနေသည့် နောင်ဘိုးယာယီဒုက္ခသည်စခန်းသို့ ပြီးခဲ့သည့် ဇန်န၀ါရီ (၂၈) တွင် လာရောက်ပြီး ဒုက္ခသည်များအား နေရပ်သို့ အမြန်ဆုံးပြန်ပို့မည်ဟု ပြောကြားခဲ့သည်။

စိုးမိုး ခေတ်ပြိုင်မှကိုးကား

Monday, February 1, 2010

မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦးသေဆုံးမှု မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အစီရင်ခံစာတင်ရ

ထိုင်းနယ်စပ် မဲဆောက်အနီး ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ (၇) ဦး သေဆုံးမှုတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိမရှိ သိရှိနိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့ဝင်အားလုံး ယနေ့နောက်ဆုံးထား၍ အစီရင်ခံစာ တင်ကြရမည်ဟု တာ့ခရိုင်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ပန်ညာဆူအင်က အမိန့်ပေးထားသည်။



ခရိုင်ရဲမင်းကြီး၏အမိန့်တွင် အခင်းဖြစ်ပွားသည့်ကာလ ယခင်လ (၂၃) ရက်မှ (၂၈) ရက်အတွင်း ဖို့ဖတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်အားလုံး မည်သည့်နေရာတွင် ရှိကြောင်း၊ တယ်လီဖုန်းဖြင့် မည်သူ့ကို အဆက်အသွယ်လုပ်ကြောင်း၊ မိမိကိုင်ဆောင်သည့်သေနတ် သတ်မှတ်ရက်အတွင်း ပစ်ခတ်မှုရှိမရှိ စသည်တို့ကို လာရောက် အစီရင်ခံရမည်ဟု ပါရှိသည်။

အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် တောလမ်းခရီးအတိုင်း ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် အသုံးများသည့် ကျည်များဖြစ်သည်ဟု သိရသည်။

ယခင်လ (၂၇) ရက်၌ ဖို့ဖတ်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာရုပ်အလောင်း (၄) လောင်းနှင့် ယမန်နေ့က ထပ်မံတွေ့ရှိသည့် မြန်မာ (၃) လောင်းအပါအ၀င် သေဆုံးသူ (၇) ဦးမှာ လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ရွာသားများဖြစ်ကြသည်။

သေဆုံးသွားသူတဦးဖြစ်သည့် နန်းပိုင်မူး၏ခင်ပွန်းဖြစ်သူ ကိုကြည်အောင်က “ကျနော်က ဘန်ကောက်မှာ အလုပ်လုပ်တယ်။ ကျနော့်မိန်းမက ရွာမှာ ကလေးငယ်နှစ်ယောက်ကို ချန်ထားပြီး အလုပ်လုပ်ဖို့လိုက်လာတာ။ သေတဲ့အထဲမှာ ကျနော့်ညီ ထူးအောင်နဲ့ သူ့မိန်းမလည်း ပါတယ်။ ဒီလူတွေ အတော်ရက်စက်တယ်။ အခု သူတို့အလောင်းတွေ မီးသဂြုင်္ိဟ်ဖို့ ကျနော်တို့ စောင့်နေတယ်၊ ရဲက ဘာမှမပြောသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်တွင် တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယမန်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ (၁၂) ဦးတွင် (၂) ဦးပျောက်ဆုံးနေပြီး (၃) ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ၎င်းတို့ကို ထိုင်းရဲက ထိန်းသိမ်းထားသည်။

ပျောက်ဆုံးနေသူ (၂) ဦးမှာ သေဆုံးသွားပြီးဟု ယူဆရပြီး ၎င်းတို့ကို တောနင်းရှာဖွေလျက်ရှိသည်ဟု ထိုင်းရဲအရာရှိက ပြောသည်။

မဲဆောက်မှ ၀ါရင့်ထိုင်းသတင်းထောက်တဦးက “ဒီအမှုဖြစ်စဉ်ကိုကြည့်ရတာ ၀န်ထမ်းအချို့ ပါဝင်ပတ်သက်မှုရှိမယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ ခရိုင်ရဲမင်းကြီးကတောင် အမိန့်ထုတ်ရတယ်ဆိုတော့ အမှုနောက်ဆက်တွဲကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။

ဖို့ဖတ်မြို့နယ်ရဲစခန်းမှ ရဲဒုဗိုလ်မှူးကြီးစုံစာမလိဖုံးက “ဒီအမှုဟာ လူမှောင်ခိုသမားတွေက ငွေယူပြီးတော့ ဘန်ကောက်မပို့ဘဲ တောထဲမှာ သူတို့ကို သတ်လိုက်တာလို့ ယူဆရတယ်” ဟု ပြောသည်။

တောလမ်းခရီးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြသည့် မြန်မာလူကယ်ရီမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းအား ထိုင်းရဲမှ လိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ှ ထိုင်းရဲမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်များတွင် ဖြစ်ပွားခဲ့ဖူးသည်။

လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်တွင် မြန်မာအလုပ်သမား(၈) ဦး အုပ်စုလိုက်အသတ်ခံရမှုနှင့် မဲလမတ်မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦး အုပ်စုလိုက်အသတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။



ရဲရင့်ခေတ်ပြိုင်မှကိုးကားတင်ပြပါသည်..

Saturday, January 30, 2010

ယနေ့ ကရင်လူငယ်များနှင့် ကရင်အမျိုးသားလှုပ်ရှားမှုသမိုင်း

ရှေးသမိုင်းပညာရှင်များက သမိုင်းမသိသောသူသည် ကျောရိုးမရှိသော သတ္တ၀ါများကဲ့သို့ သူတစ်ပါး၏ နှိပ်စက်ညှင်းပမ်းဖိနှိပ်မှုများကို အစဉ်အမြဲ ခံနေရမည်သာ ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ သမိုင်းဟုဆိုရာဝယ် လူသားမျိုးနွယ်စုများ၏ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသော အတွေးအခေါ်များ၏ သမိုင်းမှတ်တမ်းများပင် ဖြစ်သည်။ ယနေ့  လွတ်လပ်၍ တိုးတက်နေသောနိုင်ငံများနှင့် လူသားတို့ ၏ အခြေခံလူ့ အခွင့်အရေးကို အပြည့်အ၀ ခံစားရနေသောလူမျိုးများကို လေ့လာကြည့်ပါက ထိုလွတ်လပ်မှုနှင့်လူ့ အခွင့်အရေးများကို ရရှိခံစားနိုင်ရန်အတွက် ရင်းနှီးပေးဆပ်မှုများစွာရှိခဲ့သည်ကို ၎င်းတို့ ၏အမျိုးသားရေးလှုပ်ရှားမှုသမိုင်းများက သက်သေခံနေပေသည်။ အမျိုးသားရေးလှုပ်ရှားမှုသမိုင်းဆိုသည်မှာ လူမျိုးတမျိုးအဖြစ် အခိုင်အမာရပ်တည်ရေးအတွက် လွတ်လပ်ရေးနှင့်လူတန်းစားရေး တောင်းဆိုတိုက်ပွဲဝင်မှုတို့ မှ အခြေခံကာ တမျိုးသားလုံးအတိုင်းအတာအထိ ကျယ်ပြန့် စွာ ဖြစ်ပေါ်လာသော လှုပ်ရှားမှုသမိုင်းကို ဆိုလိုပေသည်။

ထို့ ကြောင့် လူမျိုးတမျိုး၏ အဆင့်အတန်းတို့ သည် ၎င်းလူမျိုးတို့ ၏ သမိုင်း အသိတရား အနိမ့်အမြင့်ပေါ်တွင် မူတည်လျက်ရှိသည်။ကရင်လူမျိုးတို့ တွင်လည်း ကရင်လူမျိုးဆင်းသက်လာပုံ သမိုင်းစာပေ၊ ယဉ်ကျေးမှုသမိုင်း၊ အမျိုးသားရေးလှုပ်ရှားမှုသမိုင်း စသည်ဖြင့် ရှိပေရာ ကရင်အမျိုးသားလှုပ်ရှားမှုသမိုင်းသည် ပစ္စုပ္ပန်နှင့်အနာဂတ်တွင် ကရင်လူမျိုးအနေဖြင့် ရပ်တည်နိုင်ရန်အတွက် လွန်စွာအရေးပါလျက်ရှိသည်။ သမိုင်းပညာရှင်များက အာဏာရှင်များခေတ်တွင်ရေးသောသမိုင်းသည် မြောက်ဝင်ရိုးစွန်းတွင်ရှိသည့် ရေခဲတောင်များကဲ့သို့ တ၀က်ပေါ်၍ တ၀က်မြုပ်နေသည်ဟု ဆိုခဲ့ကြသည်။ ယနေ့ ကရင်လူငယ်များသည် လူမျိုးကြီးဝါဒီ အာဏာရှင်ခေတ်အဆက်ဆက်မှ ရေးသားလာသောသမိုင်းများနှင့် ကြီးပြင်းလာသည်ဖြစ်ရာ မိမိလူမျိုး၏သမိုင်းဖြစ်စဉ်များကို မသိရှိကြသည်မှာ လွန်စွာဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။ ကရင့်အမျိုးသားလှုပ်ရှားမှုသမိုင်းကို လေ့လာကြည့်ပါက ကရင်တို့ ၏ ထူးခြားသော ၀ိသေသလက္ခဏာများကို တွေ့ ရှိရမည်ဖြစ်သည်။ ထိုဝိသေသလက္ခဏာများမှာ (၁) အမှန်တရား။ (၂) သန့်  ရှင်းဖြူစင်ခြင်း။ (၃) ညီအကိုမောင်နှမစိတ်ဓါတ်။ (၄) အတူတကွလုပ်ကိုင်စားသောက်ခြင်း။ (၅) သစ္စာရှိခြင်း စသော ကရင်တို့ ၏ မွေးရာပါ မျိုးရိုးဗီဇလက္ခဏာများဖြစ်သည်။ ကရင်အမျိုးသားအကျိုးအတွက် အခြေခံသော ကရင့်လူ့ အဖွဲ့ အစည်းများ ပေါ်ပေါက်လာရသည့် အဓိကအကြောင်းအရင်းမှာ ပညာတတ်၍ အတွေးအခေါ် အသိအမြင် ကျယ်ပြန့် မှုတို့ မှ ရရှိလာသော မျိုးချစ်စိတ်ဓါတ်ကို အရင်းခံလျက်ရှိသည်။

ထို့ ကြောင့် ကရင့်အမျိုးသားလှုပ်ရှားမှုသည် ခေတ်နှင့်လျှော်ညီသော မျိုးချစ်စိတ်ဓါတ်နှင့် အထက်ပါထူးခြားသော ၀ိသေသလက္ခဏာများပေါင်းစပ်၍ ဖြစ်ပေါ်လာသော မြင့်မြတ်သည့်လှုပ်ရှားမှုကြီးဖြစ်သည်။ (၁၈၈၁)ခုနှစ်မှ စတင်ပေါ်ပေါက်လာသော ကရင်ကို အခြေခံသည့် ဘာသာရေး ၊စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စာပေယဉ်ကျေးမှုနှင့်ဒေသအလိုက် ကရင်မျိုးချစ်အဖွဲ့ အစည်းများသည် ၎င်းတို့ ၏အမျိုးသားရေးရည်မှန်းချက်များအမျိုးမျိုးကို လှုပ်ရှားအကောက်အထည်ဖေါ်ခဲ့ကြသည်။ ၎င်း၏နောက် ၁၉၃၈ ခုနှစ်တွင် ကရင်ပညာတတ်မျိုးချစ်များစုပေါင်း၍ ဥပဒေကြောင်းအရ တောင်းဆိုတိုက်ပွဲဝင်ခဲ့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ နှင့်ကရင့်အမျိုးသားအလံတော်သည် ယနေ့ တိုင် ကရင်အမျိုးသားရေးအမြင်နှင့်အမျိုးသားရေးပန်းတိုင်ကို မီးမောင်းထိုပြလျက်ရှိပါသည်။ (ကရင်အမျိုးသားရေးအမြင်ဆိုသည်မှာ မျိုးနွယ်စုစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ စာပေစွဲ၊ ၀ါဒစွဲ၊ ဘာသာစွဲများ ကင်းစင်သောစည်းလုံးညီညွတ်မှုကို အခြေခံသည့် အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားရေးပန်းတိုင်ဆိုသည်မှာ ကရင်အမျိုးသားအလံတော်ကို အခိုင်အမာ စိုက်ထူနိုင်သော ကရင်အမျိုးသားနယ်မြေ(ကရင်ပြည်)ကို ဆိုလိုပါသည်။)

၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပေါ်ခဲ့သော ကရင် ဗမာ အဓိကရုဏ်းကြီးသည် ကရင်လူမျိုးတို့ ၏ အနာဂတ်ရပ်တည်ရေးအတွက် ကြီးစွာသောစိုးရိမ်စိတ်များ ပေါ်ပေါက်ခဲ့ပါသည်။ ဤ(၆)လကြာမြင့်သော ကရင်နှင့်ဗမာလူမျိုးများ အဓိကရုဏ်းသည် နှစ်ဦးနှစ်ဖက်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ ပစ္စဥစ္စာဆုံးရှုံးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့သည်။
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် ကမ္ဘာအရပ်ရပ်၌ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှု ပေါ်ပေါက်လာရာ ကရင်တို့ သည်လည်း လွတ်လပ်သောလူမျိုးတမျိုးတွင်ရှိသော ဂုဏ်အင်္ဂါများနှင့်ပြည့်စုံသည့်အလျှောက် လွတ်လပ်သော ကရင်ပြည်ရရှိရေးအတွက် အင်္ဂလိပ်အစိုးရထံမှ ဗမာလူမျိုးနှင့်တန်းတူ ဥပဒေနည်းလမ်းအရ တောင်းဆိုခဲ့ကြသည်။
၁၉၄၉ ခုနှစ် နုအက်တလီစာချုပ်အရ ဇန်န၀ါရီလ ၄ ရက်တွင် အင်္ဂလိပ်မှ မဟာလူမျိုးကြီးဝါဒီ ဖဆပလအစိုးရအား လွတ်လပ်ရေးပေးခဲ့သည်။ ထိုလွတ်လပ်ရေးကို ကရင်မျိုးချစ်ခေါင်းဆောင်များက အသိအမှတ်မပြုချေ။ ထိုမှတဖန် ကရင်အမျိုးသားခေါင်းဆောင်များသည် ဖဆပလအစိုးရထံမှ ကရင်ပြည်အားပေးရန် တင်ပြတေင်းဆိုခဲ့သည်။

၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ တွင် တပြည်လုံးအတိုင်းအတာဆောင်သော ကရင်လူထု၏ အသံတိတ်ဆန္ဒပြပွဲကို မြို့ ကြီးတိုင်းတွင် ကျင်းပခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ကြွေးကြော်သံ ၄ရပ်မှာ (၁)ကရင်ပြည်ချက်ခြင်းပေး၊ (၂)ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ခြင်းပြ၊(၃) လူမျိုးအဓိကရုဏ်းအလိုမရှိ၊ (၄)ပြည်တွင်းစစ်အလိုမရှိ စသည်တို့ ဖြစ်သည်။ ထိုနေ့ ကို ကရင်အမျိုးသားအားလုံး၏ အမျိုးသားနေ့ အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။ ဤကြွေးကြော်သံ ၄ ရပ်သည် ကရင်တို့ ၏နိုင်ငံရေးအရ လွတ်လပ်ရေး၊ တန်းတူရေး၊ ငြိမ်းချမ်းရေး၊နှင့် ဒီမိုကရေးရေးတို့ ကို ဖေါ်ညွန်းလျက်ရှိရာ ယခုခေတ်ကာလနှင့်လျှော်ညီသော အမှန်တရားများပင်ဖြစ်သည်။ ယနေ့ တိုင် ကရင်တမျိုးသားလုံး၏ ဘ၀ပေးလမ်းညွန် ပြဌာန်းချက်များဖြစ်ကြသည်။
ထိုကာလရှိ ကရင်ပြည်သူလူထုစည်းလုံးညီညွတ်မှုနှင့်နိုင်ငံရေးအသိအမြင် နိုးကြားတက်ကြွမှုတို့ ကို ကြည့်ခြင်းအားဖြင့် ကရင်အမျိုးသားခေါင်းဆောင်များ၏ ကရင်ပြည်သူများ အနာဂတ်အတွက် အမြော်အမြင်ကြီးမားပုံကို လေ့လာတွေ့ ရှိရပါသည်။ ကရင်တို့ ၏ တောင်းဆိုမှုမှန်သမျှကို ဖဆပလအစိုးရမှ လျစ်လျူခှုခဲ့ကြသည်။ ဖဆပလ ဦးနုမှ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးအား ခင်ဗျားတို့ ကရင်ပြည်လိုချင်ရင် ကျွန်တော်တို့ က မပေးနိုင်သဖြင့် တိုက်ကြခိုက်ကြဖို့ ပဲရှိတော့တယ်။ သမိုင်းဝင်ပြောကြားခဲ့ပါသည်။ ဦးနုမှ ကရင်ပြည်ရရှိရေးအတွက် ပါလီမန်နည်းဖြင့် ကြိုးပမ်းသွားရန်ပြောကြားခဲ့ပါသည်။ (ဤနေရာတွင် ကရင်ခေါင်းဆောင်များသည် တိုင်းပြုပြည်ပြုလွှတ်တော်(ပါလီမန် စတင်ဖွဲ့ စည်းစဉ်က လွှတ်တော်အမတ်ဦးရေသတ်မှတ်ရာတွင် ဗမာများသာ အများစုဖြစ်ရာ တိုင်းရင်းသားတို့ ၏အခွင့်အရေးကို လွှတ်တော်အတွင်း တောင်းဆိုရာမှာ မဖြစ်နိုင်သည့်အတွက် ထိုလွှတ်တော်ရွေးကောက်ပွဲကို ဦးစွာသပိတ်မှောက်ခဲ့ပြီးဖြစ်သည်။) ထို့ နောက် ဖဆပလအစိုးရသည် ကရင်တို့ ၏လက်နက်များကို လိုက်လံသိမ်းဆည်းရာမှ တင်းမာမှုပိုမိုပြင်းထန်လာကြသည်။ ဖဆပလအစိုးရသည် ကရင်တို့ ၏အင်အားကို ချေမှုန်းပစ်နိုင်ရန်အတွက် အောင်ဆန်းစစ်ဆင်ရေး (Aung San Operation)ဟု အမည်ပေးထားသော ကရင်များမျိုးပြုတ်ချေမှုန်းရေး လျှို့ ဝှက်အစီအစဉ်ကို ရေးဆွဲခဲ့ကြသည်။

တပြည်လုံးရှိကရင်တို့ ၏ အင်အားအနေအထားကိုလည်း တွက်ချက်ထားသည်။ ဗမာတပ်မတော်အင်အားကိုလည်း များစွာတိုးချဲ့ ဖွင့်လှစ်ခဲ့ကြသည်။ ဖဆပလတွင်ရှိသည့် အစီအမံအတိုင်း ၁၉၄၉ ဇန်န၀ါရီလ ၂၈ ရက်နေ့ တွင် ရန်ကုန်မြို့ စမ်းချောင်းသဌေးကုန်းတွင်ရှိသည့် (KNU)ဗဟိုဌာနချုပ်ကို စတင်တိုက်ခိုက်ခဲ့သည်။ ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့  မနက်စောစောအချိန်အတွင် အင်းစိန်မြို့ တွင်ရှိသည့် (KNDO)ဌာနချုပ်ကို တိုက်ခိုက်ပြီး ထိုနေ့ မှပင် (KNU)အား မတရားအသင်းကြေငြာခဲ့သည်။ ထိုတိုက်ခိုက်မှုများကို ကရင်တို့ သည် အသာတကြည်လည်စင်းမခံတော့ပေ။ (KNDO)ဌာနချုပ်တွင် ကရင်များသည် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သည့်အပြင် တပြည်လုံးရှိကရင်များထံသို့ ပုန်ကန်ထကြွရန် အမိန့် ပေးလိုက်လေတော့သည်။ ထိုကြောင့် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ တွင် ကရင့်လက်နက်တော်လှန်ရေးစတင်ခဲ့သည်။ ဤနေ့ ဤရက်ကို ကရင်အမျိုးသားတော်လှန်ရေးနေ့ အဖြစ် အတည်ပြုသတ်မှတ်လေတော့သည်။

ထိုအချန်မှစတင်ခဲ့သော ကရင့်တော်လှန်ရေးသည် နှစ်ပေါင်း(၆၀)ကျော် အခက်အခဲပေါင်းများစွာရင်ဆိုင်လျက် ယနေ့ တိုင် တော်လှန်တိုက်ပွဲဝင်လျက်ရှိသည်။ ဤသည်မှာ ယနေ့ ကရင်လူငယ်များအတွက် ဂုဏ်ယူဖွယ်ရာသမိုင်းမှတ်တိုင်များ ဖြစ်ပေသည်။ ထူးခြားမှုရှိသည်မှာ ကရင်အမျိုးသားလှုပ်ရှပ်မှုသမိုင်းသည် အခြားသောလူမျိုးများကဲ့သို့ ပဒေသရာဇ် ဧကရာဇ်များကောင်းစားခဲ့သည်ကို အမျိုးသားရေးအားမာန်ဖြင့် ဆွဲယူအသုံးပြုခြင်းမဟုတ်ပဲ၊ ကရင်အမျိုးသားခေါင်းဆောင်တို့ ၏ ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာသော အမျိုးသားရေးစိတ်ဓါတ်ကို အခြေခံလျက်ရှိပါသည်။ ကျွန်ုပ်တို့ အနေဖြင့် အတိတ်သမိုင်းသင်ခန်းစာများကိုမသိလျှင် ပစ္စုပ္ပန်တွင် စည်းလုံးညီညွတ်မှုနှင့်အနာဂတ်တွင် တမျိုးသားလုံး၏လွတ်မြောက်ရေးအတွက် ပုံဖေါ်နိုင်ရန်မှာ ခက်ခဲနေအုံးမည်ဖြစ်သည်။ ကရင်အမျိုးသားလှုပ်ရှားမှုသမိုင်းကို သိရှိလျှင် ကရင်လူမျိုးတို့ ၏ လက်ရှိ ကြုံတွေ့ နေရသော အမျိုးသားရေးဆိုင်ရာပြဿနားများ ဖြစ်ပေါ်လာရခြင်း၏အကြောင်းအရင်းခံများကို သိရှိလာမည်ဖြစ်သည်။ ထိုသို့  သိရှိလာသည်နှင့်အညီ မိမိလူမျိုး၏လိုအပ်ချက်များဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုအတတ်ပညာများကို ကြိုးစား၍ လေ့လာဆည်းပူးရမည်ဖြစ်သည်။ ထိုသိမှု၊ တတ်မှု တို့ မှတဆင့် မိမိ၏တာဝန်ပိုင်းကို နားလည်လာမည်ဖြစ်သည်။ ထိုတာဝန်များကို ကရင်တို့ ၏မွေးရာပါသမိုင်းပေးတာဝန်အဖြစ် ခံယူယင်း ထိုခံယူချက်၊ ယုံကြည်ချက်များအပေါ်တွင် သစ္စာရှိရန်မှာ အလွန်အရေးကြီးသောအချက်ဖြစ်သည်။ ထိုမျိုးချစ်အသိတရားတို့ မှ ပေါက်ဖွားလာသော သမိုင်းပေးတာဝန်များသည် လူငယ်များအနေဖြင့် ကရင်အမျိုးသားရေးတွင် စိတ်မ၀င်စားသည်ဖြစ်စေ၊ ၀ါသနာမပါသည်ဖြစ်စေ၊ ကရင်တိုင်းပါဝင်လှုပ်ရှားရမည့် အမျိုးသားလှုပ်ရှားမှုကြီးဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ကရင်တမျိုးသားလုံးသည် ခေတ်အဆက်ဆက် ဗမာလူမျိုးကြီးဝါဒီ အစိုးရတို့ ၏ ဖိနှပ်မျိုးဖြတ်မှုအောက်တွင် အလူးအလှိမ့်ခံနေရသည်မှာ တကမ္ဘာလုံးအသိပင်ဖြစ်သည်။ ဗမာပြည်၏နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ရန် ကြာမြင့်လာသည်နှင့်အမျှ တိုင်းရင်းသားလူမျိုးစုတို့ ၏ နယ်မြေဒေသနှင့်စာပေယဉ်ကျေးမှုများ လွှမ်းမိုးဝါးမျိုခံရကာ လူမျိုးပါ ပျောက်ကွယ်မည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသခြင့် ကရင်အမျိုးသားလှုပ်ရှားမှုသည် ဗမာပြည်ဒီမိုကရေစီပြောင်းလဲရေးအတွက်လည်း လွန်စွာအရေးပါသည်ကို မငြင်းနိုင်ပေ။ ထို့ ကြောင့် သမိုင်းတာဝန်များသိရှိသောကရင်လူငယ်များသည် လူမျိုးကြီးတို့ ၏ဖိနှိပ်မှုအဆင့်ဆင့်အောက်တွင် တော်လှန်မှုအဆင့်ဆင့်ကို ဖေါ်ထုတ်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် သွေးခွဲမှုကို စည်းလုံးမှုဖြင့်လည်းလည်းကောင်း၊ သွေးနှောမှုကို သွေးနှီးမှုဖြင့်လည်းကောင်း၊ စာပေယဉ်ကျေးမှုဝါးမျိုမှုကို စာပေယဉ်ကျေးမှုဖေါ်ထုတ်မှုခြင်းဖြင့်လည်းကောင်း၊ တမျိုးသားလုံးအတိုင်းအတာနှင့် စည်းရုံးလှုပ်ရှားနိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ ထိုသို့  တာဝန်သိသော ကရင်လူငယ်များသည် အမျိုးသားလှုပ်ရှားမှုကြီးတွင် ပါဝင်ခြင်းအားဖြင့် နောင်အနာဂတ် ကရင်မျိုးဆက်များအတွက် အတုယူဖွယ်ရာ မျိုးချစ်လူငယ်များအနေဖြင့် သမိုင်းမှတ်တမ်းကျန်ရှိနေမည်ဖြစ်သည်။ ထို့ ကြောင့် ယခုရရှိထားသော အမျိုးသားရေးတာဝန်များ ထမ်းဆောင်ရန် အခွင့်အရေးကို ကရင်လူငယ်များသိရှိလာစေရန် ကရင့်အမျိုးသားလှုပ်ရှားမှုသမိုင်းအမြင်ရှုထောင့်မှ လေ့လာ တင်ပြလိုက်ပေသည်။

အတ္ထရံဖါးမင်း (၁၀)နှစ်မြောက် OKRSO အထူးထုတ်မဂ္ဂဇင်းမှ ကောက်နှုတ်ဖေါ်ပြခဲ့ပါသည်။

OKRSO

အိမ်ဖော်အလုပ်သမား အခွင့်အရေး လမ်းညွှန်စာအုပ် ထုတ်ဝေ



နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) မှ ထုတ်ဝေသည့် “တို့ အိမ်ဖော် အလုပ်သမား- တင့်တင့် တယ်တယ် လုပ်အားရှင်များ” အမည်ရှိ အိမ်ဖော် အလုပ်သမားများ အတွက် လမ်းညွှန်စာအုပ် ထုတ်ဝေမှု ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ကျင်းပ ခဲ့သည်။



(ဓာတ်ပုံ - ဧရာဝတီ)
ယနေ့ ရှင်းလင်း ပွဲတွင် ဦးဆောင် ပါဝင် ဆွေးနွေးသူ တဦးဖြစ်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေး ကူညီဆောင်ရွက် နေသော MAP ဖောင်ဒေးရှင်းမှ Ms.Kanc- hna –Di-ut က ယခု စာအုပ်သည် အိမ်ဖော် အလုပ် သမားများ အတွက် အကျိုး သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ဒီစာအုပ် ကလေးကို ဖတ်ရတဲ့ အိမ်ဖော် အလုပ်သမားတွေ အတွက် ကောင်းမွန်တဲ့ အကျိုး သက်ရောက်မှုတွေ တကယ်ရှိမယ် ဆိုတာ ကျမတို့ ယုံကြည်ပါတယ်၊ အိမ်အလုပ် လုပ်နေကြတဲ့ အမျိုးသမီး အမျိုးသား တွေဟာ ကိုယ်ရသင့်တဲ့ လူ့အခြေခံ ရပိုင်ခိုင်ခွင့်ကို မသိကြလို့ နစ်နာ နေကြရတာ တွေဟာ နေရာ အနှံ့မှာပါ၊ ဒါကို ILO က ဦးဆောင်ပြီး ကျမတို့ နဲ့ အတူ အခြားသော အဖွဲ့ အစည်းများ ကပါ ဒီစာအုပ်ကလေး ဖြစ်မြောက် လာအောင် လပေါင်းများစွာ အချိန်ယူပြီး ကြိုးစား လုပ်ဆောင် ခဲ့ကြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို စာအုပ်တွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော အိမ်ဖော် အလုပ်သမားများအတွက် ဆောင်ရန် ရှောင်ရန်နှင့် သိသင့် သိထိုက်၊ လိုက်နာသင့် လိုက်နာထိုက်သည်များကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြ ထားသည်။

ယင်းစာအုပ်၏ တနေရာတွင်“ကျွန်ုပ်သည် အိမ်ဖော်အလုပ်သမား တယောက်ဖြစ်သည်။ ကျွန်ုပ်တွင် တာဝန် ၀တ္တရားများရှိသလို အခွင့်အရေးများလည်းရှိသည်။ ကျွန်ုပ်သည် တခြားအလုပ်သမားတွေလိုပဲ မျှမျှတတ ဆက်ဆံခွင့်ရရန် ထိုက်တန်ပါသည်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို လေးစားရန် တောင်းဆိုသည်”ဟု ဖော်ပြထား သည်။

သူတပါးအိမ်တွင် အလုပ်လုပ်နေကြရသည့် ထောင်ပေါင်းများစွာသော အိမ်ဖော်အလုပ်လုပ်သူများတွင် အမျိုး သမီး များက များသောအားဖြင့် ထမင်းချက် ကလေးထိန်း သက်ကြီး ရွယ်အိုများကို ပြုစုခြင်း စသော အိမ် တွင်း မှု လုပ်ငန်းများ၌ လုပ်ကိုင်ကြသည်။ အမျိုးသားများက ကားမောင်း၊ ခြံသန့်ရှင်းရေး စသည့် အလုပ် များ ကို လုပ်လေ့ရှိကြသည်။ ၎င်းတို့သည် များသောအားဖြင့် နိုင်ငံတကာက ပြဌာန်းထားသော အခြေခံရပိုင်ခွင့် များကို သိရှိသူနည်းပါးကြောင်း သိရသည်။

မွန်ပြည်နယ် မုဒုံမြို့ နယ် ရခိုင်ကုန်းရွာမှ ထိုင်းနိုင်ငံတွင် အနှစ် (၂၀)နီးပါးခန့် အိမ်ဖော်အလုပ် လာရောက် လုပ်ကိုင်သူ မလွင်လွင် က အိမ်ဖော်ကို ကျေးကျွန်သဖွယ် ဆက်ဆံသောအလုပ်ရှင်မျိုးနှင့် တွေ့ ပါက များစွာ စိတ်ဆင်းရဲရကြောင်း ပြောဆိုသည်၊။

“ကောင်းတဲ့သူဌေး အိမ်ဆို ကိုယ့်အိမ်လိုပဲ။ သူတို့ သတ်မှတ်ပေးတဲ့ အလုပ်ကို တာဝန်ကျေအောင်လုပ်၊ ပြီးရင် ကိုယ့်ဘာသာ အကြိုက်နေလေ၊ တချို့အိမ်ကျတော့ အဲသလိုမဟုတ်ဘူး၊ အိမ်အလုပ်သမဆို တကယ် ခိုင်းတာ၊ တခါတခါ ထွက်ပြေးချင်စိတ်တွေ ပေါက်ပေါက်လာတယ်၊ ဒါပေမယ့် ကိုယ်က ပိုက်ဆံလိုချင်တော့ လည်း လုပ်ရတာပဲ၊ အခု နောက်ဆုံး လုပ်နေတဲ့ အလုပ်ရှင်ကလည်း မကောင်းဘူးရှင့်၊ ကျမတို့က မနက် ၄နာရီလောက်က စထရတာ တနေကုန် အိမ်မှုကိစ္စလုပ်ရတယ်၊ လစာကျတော့ ၅၀၀၀ ပဲပေးတယ်၊ ကျမတို့ ပြောင်းပြေးမှာစိုးလို့ အလုပ်သမား လက်မှတ်တွေလည်း သိမ်းထားတယ်၊ အိမ်ဖော်အလုပ်သမား အခွင့်အရေး ဆိုတာ ကျမလည်း မသိဘူး။ သူဌေးလည်း ကြားဖူးမယ်မထင်ပါဘူး”ဟု မလွင်လွင်ကဆိုသည်။

အလားတူ ယနေ့ပြုလုပ်သော စာအုပ်ရှင်းလင်းပွဲသို့ တက်ရောက်လာသော ကိုယ်တိုင် အိမ်ဖော်လုပ်နေသူ ရှမ်း အမျိုးသမီး မနန်းကလည်း“ ကျမ ဒီထိုင်းကိုရောက်ခါစ ၅နှစ်လောက် ထိုင်းသူဌေး အိမ်တွေမှာလုပ်ဖူး တယ်၊ နောက်ပိုင်း အခု အချိန်တွေမှာတော့ နိုင်ငံခြားသား အိမ်တွေမှာပဲ လုပ်တော့တယ်၊ ထိုင်းတွေနဲ့ စာရင် တော့ နိုင်ငံခြားသားတွေက အခွင့်အရေးပိုရတယ် ပြောရမယ်၊ သူတို့က စည်းနဲ့ကမ်းနဲ့ ခိုင်းတယ်၊ ပိုက်ဆံ မှန်တယ်၊ ပိုလည်းရတယ်၊ ထိုင်းတွေကတော့ လစာနည်းမယ်၊ အသေခိုင်းမယ်၊ ဥရောပကလူတွေက လူ့ အခွင့် အရေး ဘာညာတွေ သိနေတော့ သူတို့က သူတို့ သတ်မှတ်ထားတဲ့ အလုပ်ကို တာဝန်ကျေရင် ပြီးတာ များပါတယ်၊ တယောက်တလေတော့ ထိုင်းထက်ဆိုးတဲ့ နိုင်ငံခြားသားလည်း ကြုံဖူးတယ်”ဟု ဆိုသည်။

မြန်မာပြည် ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက“ဒီစာအုပ်ထဲ မှာ ပါတဲ့အချက် အလက်တွေကို မြန်မာအလုပ်သမားတွေ သိဖို့အတွက် စာကြည့်တိုက်တွေမှာ ထား ပေးမယ်၊ စက်ရုံအလုပ်ရုံတွေမှာ ဖြန့်ပေးမယ်။ ဒီစာအုပ်မှာ ကိုယ် အခက်အခဲကြုံရင် ဘယ်လိုလူတွေကို ဆက်သွယ်ရ မယ်၊ အကူအညီတောင်းရမယ်ဆိုတဲ့ လမ်းညွှန်တွေ ဖုန်းနံပါတ် တွေဟာ သိပ်ကို အဖိုးတန်ပါတယ်၊ အရင်က မသိသေးတဲ့သူတွေအနေနဲ့ ဒီစာအုပ်ကို ဖတ်လို့သိသွားရင် ကိုယ့်အခွင့်အရေး မဆုံးရှုံးရအောင် ဘာလုပ်ရ မယ် ဆိုတာကို နားလည်သွားမယ်”ဟု ပြောဆိုသည်၊

ယနေ့ရှင်းလင်းသော အိမ်ဖော်အလုပ်သမားများအတွက် လမ်းညွှန်စာအုပ်ကို အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ရှမ်း၊ ပိုးကရင်၊ စကောကရင် ဟူသော ဘာသာစကား ၇မျိုးဖြင့် သီးခြားစီ ထုတ်ဝေသည်ကို တွေ့ ရသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်းမှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမား အဖွဲ့များက ပြော သည်။


ဘစောတင် (ဧရာဝတီ)

Wednesday, January 27, 2010

ဒုက္ခသည်အရေးဆောင်ရွက်နေသည့်တွေ့ဆုံဆွေးနွေးပွဲ

ထိုင်းနယ်စပ် ထာ့စောင်ရန်းမြို့နယ် နောင်ဘိုးရွာ ယာယီဒုက္ခသည်စခန်းတွင်ခိုလုံနေသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးအတွက် ထိုင်းအာဏာပိုင်အဖွဲ့အစည်းများ၊ ဒုက္ခသည်အရေးဆောင်ရွက်နေသည့်ထိုင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကေအင်ယူနှင့်ဒီကေဘီအေ အဖွဲ့ဝင်အချို့တို့်၂၆-၁-၁၀ ရက်နေ့က နောင်ဘိုးရွာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ဒုက္ခသည်များပြန်ပို့မည့်နေ့ရက် ကို မသတ်မှတ်နိုင်သေးသည့် ဆွေးနွေးပွဲ ဓါတ်ပုံမှတ်တမ်းများ။

ဓါတ်ပုံ:O K R S O












Wednesday, January 20, 2010

မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို ထိုင်းသတိပေး

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရားမ၀င် ဖွဲ့စည်း လှုပ်ရှားနေသည့် မြန်မာ အတိုက်အခံ အဖွဲ့ အစည်းများ အနေဖြင့် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်သည်ကို တွေ့ရှိပါက ထိုင်းနိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း ယမန်နေ့၌ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက သတိပေး ပြောကြား လိုက်သည်။


ယမန်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တခုတွင် တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး Samart Loifah က “တရားဝင် မှတ်ပုံတင် ထားခြင်းမရှိတဲ့ နိုင်ငံရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း တွေက လူမှုရေးကို ဗန်းပြပြီး နိုင်ငံရေး လုပ်နေတာတွေ၊ ကိုယ်ကျိုး စီးပွားရှာနေတာ တွေ့ရင် ထိုင်းနိုင်ငံကနေ နှင်ထုတ်မှာ ဖြစ်ပါတယ်”ဟု ဒေသခံ သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်း အာဏာပိုင်များက မဲဆောက်မြို့ အခြေစိုက် လူမှုရေး လုပ်ငန်းများအား အကြောင်းပြ၍ နိုင်ငံရေး လှုပ်ရှားနေသူများကို ထောက်ပြ သွားခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အသိုင်းအ၀န်းက ယူဆကြသည်။ သို့သော်လည်း ကျန်းမာရေးနှင့် ပညာရေး လုပ်ကိုင် နေသည့် အဖွဲ့အစည်း များကိုမူ ထိုင်းနိုင်ငံ အနေဖြင့် ခွင့်ပြုထား ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့မှ ကိုမိုးဆွေက“အဓိက ဖြစ်လာနိုင်တာက အလုပ်သမားအရေးကို ဆောင် ရွက်နေတဲ့ အဖွဲ့အစည်း တော်တော်များများကို ပြောချင်တဲ့ သဘောတော့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မဲဆောက်မြို့ရှိ အတိုက်အခံ အဖွဲ့ အစည်းများတွင် တရားမ၀င် အဖွဲ့ အစည်းများ ရှိကြသော်လည်း ထိုင်းနိုင်ငံ၏ ဥပဒေအရ စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်ပါက စိုးရိမ်စရာမရှိကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

“တကယ့် သူတို့နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ကိစ္စမျိုးတွေ၊ မူးယစ်ဆေးဝါးသယ်တဲ့ ကိစ္စမျိုးတွေ၊ ဒီလို ဥပဒေမျိုးတွေကို မချိုးဖောက်ဘူးဆိုရင်တော့ သိပ်ပြီး စိုးရိမ်းစရာ မရှိဘူးလို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အတိုက်အခံ အဖွဲ့အစည်းများရှိသကဲ့သို့ စက်ရုံပေါင်း (၃၀၀) နီးပါးခန့်ရှိပြီး မြန်မာအလုပ်သမား သိန်း နှင့်ချီ၍ရှိကြောင်း သတင်းများအရသိရသည်။

အလားတူပင် လွန်ခဲ့သည့်နှစ် အောက်တိုဘာလ အတွင်း မဲဆောက်မြို့ရှိ ကရင် အမျိုးသား အစည်းအရုံး(KNU)ခေါင်းဆောင်များ၏ နေအိမ်များကို နယ်မြေ ရှင်းလင်းရေးအတွက် ထိုင်းအာဏာပိုင်များက ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ထိုင်း အာဏာပိုင်များက KNU စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာပြည်ရှိ ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ သို့ ပြန်ရန် ဖိအားပေးခဲ့သည်။

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသော KNU သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် တိုက်ခိုက် ခံခဲ့ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။ ထို့နောက်တွင် ၎င်းတို့၏ ဗဟို ဌာနချုပ်ကို ထိုင်း - မြန်မာ နယ် စပ်အနီးသို့ ရွှေ့ပြောင်း အခြေချခဲ့ကြရသည်။


(သန်းထိုက်ဦး)ဧရာဝတီ

O K R S O

Tuesday, January 19, 2010

တရားဝင် ရွှေ့ပြောင်းအလုပ်သမားများကို (၂) နှစ် သက်တမ်းတိုးပေး

တရားဝင် အလုပ်သမားလက်မှတ်ကိုင်ဆောင်သူ ရွှေ့ပြောင်းအလုပ်သမား အားလုံးကို ထိုင်းအစိုးရက နောက်ထပ် (၂ )နှစ် သက်တမ်းတိုး အလုပ်လုပ် ခွင့်ပြုလိုက်သည်။

ယနေ့ ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့သည့် (၂) နှစ်သက်တမ်းတိုးပေးမည့် အလုပ်သမားများမှာ တရားဝင် အလုပ်လုပ်ခွင့်သက်တမ်း မနက်ဖြန်တွင် ကုန်ဆုံးမည့် အလုပ်သမားများအပါအ၀င် ယမန်နှစ်က အလုပ်သမား မှတ်ပုံတင် ပြုလုပ်ခဲ့သော ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း (၁) သန်း (၃) သိန်းကျော်တို့ဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) သန်းကျော်တို့ ပါဝင်သည်။

“မြန်မာအပါအ၀င် တရားဝင် ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း (၁,၃၁၀,၆၉၀) ကို သက်တမ်း (၂) နှစ် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ကို တိုးမြှင့်ပေးလိုက်တယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရမှ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ထိုင်းအစိုးရ ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ပြောကြားသည်။

ထိုသို့ သက်တမ်းတိုးပေးခံရသူများမှာ ၂၀၀၇ ခု ဒီဇင်ဘာ (၁၈) ရက် ဆုံးဖြတ်ချက်အရ လက်မှတ်သက်တမ်း တိုးပေးခဲ့သူ (၃၈၂,၅၄၁) ဦး၊ ၂၀၀၉ ခု မေ (၂၆) ရက် ဆုံးဖြတ်ချက်၊ ၂၀၀၉ ခု ဇူလိုင် (၂၈) ရက် ဆုံးဖြတ်ချက်နှင့် ၂၀၀၉ ခု နိုဝင်ဘာ (၃) ရက် ဆုံးဖြတ်ချက်အရ သက်တမ်းတိုး နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုခဲ့သူ (၉၂၈,၁၄၉) ဦးတို့ဖြစ်သည်။

၎င်းတို့အနက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အဆိုပါ သက်တမ်းတိုးကာလအတွင်း မြန်မာနိုင်ငံကူးလက်မှတ် လုပ်ဆောင်ထားကြရမည်ဖြစ်သည်။

မြန်မာအလုပ်သမားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်လုပ်ကိုင်ရန် ငွေကြေးအခက်အခဲနှင့် ကြုံတွေ့နေရပြီး ထိုင်းနိုင်ငံရောက် တရားဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) သန်း (၇) သောင်းခွဲကျော်တွင် ယာယီနိုင်ငံကူးလက်မှတ် လုပ်ထားပြီးသူ (၁) သောင်းခွဲသာ ရှိနေသေးသည်။

မြန်မာယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် မြန်မာစစ်အစိုးရက တရားဝင် သတ်မှတ်ပေးထားသော ထိုင်းကုမ္ပဏီ (၇) ခု ရှိနေပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်ခ ၀န်ဆောင်ကြေး အဆမတန် တောင်းခံနေခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် အခက်တွေ့နေခြင်းဖြစ်သည်။

“ပုံမှန်အားဖြင့် ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့က ထိုင်းပိုက်ဆံနဲ့ဆို မြန်မာဘက်ခြမ်းက ဘတ် (၁၀၀)၊ ထိုင်းဘက်က ဘတ် (၅၀၀)၊ ဓာတ်ပုံရိုက်တာ ဖောင်ဖြည့်တာနဲ့ဆို စုစုပေါင်း ဘတ် (၁,၀၀၀) လောက်ပဲ ကုန်ရမှာကို အခု ကုမ္ပဏီတွေက ယူနေတာက ဘတ် (၅,၀၀၀) ကနေ (၇,၀၀၀) လောက်ထိယူနေတော့ အလုပ်သမားတွေ မတတ်နိုင်ပါဘူး” ဟု ဦးသက်ခိုင်က ပြောကြားသည်။


ခေတ်ပြိုင်မှတဆင့် ကူးယူဖော်ပြသည်။

Sunday, January 17, 2010

ပဉ္စမအကြိမ်မြောက် ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲ

ကရင်အမျိုးသားအစည်းအရုံး(ကေအင်ယူ)၏ ပဉ္စမအကြိမ်မြောက် ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲကို ၁၄-၁-၁၀ နေ့က ဖာပွန်ခရိုင်တွင်ကျင်းပရာ(KNLA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး တက်ရောက်ပြီး ရာထူးခန့်အပ်လွှာများအပ်နှင်းခဲ့သည်။







































































































ဓါတ်ပုံ -- KNU

သတင်း--- OKRSO

Wednesday, January 13, 2010

ထိုင်းနိုင်ငံအတွင်း passport မရှိသူများ လုပ်ဖို့အကြံပေး

ကျွန်တော့် သူငယ်ချင်း တစ်ယောက်က အကူအညီ တောင်းထားတာပါ . ပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာများလဲ သိစေချင်တာလဲ ပါပါတယ် . ကျွန်တော်တို့ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်ကော တရားမ၀င်ကော အလုပ်လုပ်ကိုင် နေတဲ့ ညီအစ်ကို မောင်နှစ်မများရှိပါတယ် . ကောလဟာလတွေကလဲ တစ်ပုံတစ်ပင်ရယ်ပါ . အားလုံးကို ကျွန်တော့်အနေနဲ့ အကြံပေးချင်တာ ကတော့ ဘယ်သူတွေ ဘာတွေပြောပြောပါ . passport လုပ်ဖို့ ကိစ္စကို လုပ်ဖြစ်အောင် လုပ်ကြပါ . အခု ဒီ passport လုပ်ပေးဖို့ကိစ္စဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နိမ့်ပါးတဲ့ အဆင့်တွေနဲ့ လုပ်နေရတဲ့သူအဖို့ အတော်လေးကို မြင့်မားတဲ့ အခွင့်အရေးတစ်ခုကို ပေးလိုက်သလိုပါပဲ . နောက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဘယ်တော ဘယ်တောင်မှာပဲ လုပ်နေရလုပ်နေရ ကိုယ့်ဘ၀အတွက် အသက်အာမခံ ရှိနေတော့ ကိုသေဆုံးသွားတောင်မှ မိသားစုအတွက် အကျိုးရှိနေဦးမှာပါ . အခွင့်အရေး လက်တစ်ဆုပ်စာပဲ ရတဲ့ မြန်မာလူမျိုးများအတွက် သူ့နိုင်ငံသားနဲ့ တန်းတူအခွင့်အရေး ရဖို့အတွက် စွမ်းဆောင်ပေးတဲ့ ဒီအခွင့်အရေးကို ယုံယုံကြည်ကြည်နဲ့ လုပ်ကြပါ . လုပ်ဖြစ်အောင်လုပ်လိုက်ပါ . လုပ်ဖို့အတွက် ဘယ်ကနေစလုပ်လို့ လုပ်ရမှန်း မသိတဲ့သူများ ကျွန်တော့်ကို ဟန်းဖုန်းနဲ့ မေးမြန်းနိုင်ပါတယ် . ကျွန်တော် နိုင်သလောက် ကူညီပေးပါ့မယ် .

အဲ့ဒီ့ passport လုပ်ဖို့ ဘယ်သူတွေက ကောလဟာလ ဖြန့်သလဲ ပြီးတော့ ဘယ်သူတွေက မလုပ်စေချင်တာလဲ
ဒါကတော့ရှင်းပါတယ် . လုပ်ငန်းရှင်နဲ့ လူမှောင်ခိုပွဲစားတွေပါ . လူမှောင်ခိုပွဲစားတွေက သူတို့လုပ်စားမယ့် ဂွင်တွေပျက်သွားမယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဒီ passport လုပ်ပြီးသွားရင် တရားဝင် ကြိုက်တဲ့နေရာကို သွားလာခွင့်ရမယ်။ ထိုင်းနိုင်ငံရဲ့ တစ်ခြားနေရာမှာ ရှိတဲ့ သူငယ်ချင်းဆီကို ခဏတဖြုတ် သွားလည်လို့ရမယ်။ မြန်မာပြည်ကို တရားဝင်ပြန်လို့ရမယ်၊ အဲ့ဒီ့လိုဆိုရင် သူတို့တွေရဲ့ မှောင်ခို ဇါတ်လမ်း တခန်းရပ်သွားမှာမို့ ကောလဟာလ ဖြန့်တာတွေပါ၊ ပြီးတော့ သူဌေးတွေ ဘာလို့မလုပ်စေချင်လဲ၊ ဒါကရှင်းပါတယ်။ ကိုတွေ ဒီအလုပ်မှာ လုပ်မယ်ဆိုတာကို ကိုတစ်ယောက်တည်း လက်မှတ်ထိုးရတာမဟုတ်ပါဘူး။ သူဌေးကော ကိုပါ လက်မှတ်ထိုးရတာပါ။ သူဌေးနဲ့ကိုနဲ့ လုပ်ငန်း နှစ်ဦး သဘောတူစာချုပ် ချုပ်ဆိုရမှာဖြစ်တဲ့အတွက် သူတို့က လက်မခံချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့လုပ်ငန်းခွင်မှာ အလုပ်သမားတစ်ဦး မတော်တဆ သေဆုံးသွားမှာကို မစိုးရိမ်ဘူး၊ ပြီးတော့ စိတ်မ၀င်စားချင်ဘူး။ အခု ဒီ passport လုပ်ပြီး လုပ်ငန်းနှစ်ဦး သဘောတူ စာချုပ်ချုပ်လိုက်တာနဲ့ စိတ်မ၀င်စားလို့ မရတော့ဘူး။ ဒီအလုပ်သမားသေ သွားတာနဲ့ ဒီအလုပ်သမား အတွက် နစ်နာကြေးပေးရမယ်။ နစ်နာကြေးကို ပြီးပြီးရော ပေးလို့မရပါဘူး။ သူသတ်မှတ်ထားတဲ့ အတိုင်း ပေးရမှာပါ။ နောက်ပြီး (၃)လကို တစ်ကြိမ် ဘတ်(500) ပေးရတယ်ဆိုတာ ကလဲ အာမခံအဖွဲ့အစည်း ကနေ ဒီအလုပ်သမား ဒီအလုပ်မှာ သက်ရှိထင်ရှား ရှိသေးရဲ့လား ဆိုတာကို သိချင်လို့ လုပ်လိုက်တဲ့ အစီအစဉ်ပါ . အဲ့ဒီ့ပိုက်ဆံ သွားပေးတဲ့အခါ မိမိမဟုတ်တဲ့ တစ်ခြားသူ တစ်ယောက်အနေနဲ့ မိမိကိုယ်စား သွားပေးလို့မရပါဘူး။ မိမိကိုယ်တိုင် မျက်နှာပြပြီးတော့မှ ပေးရတာပါ။ ဒါကလဲ အလုပ်သမားတွေ အတွက် ကောင်းမွန်တဲ့ အစီအစဉ်ပါ။ တစ်ခြားနိုင်ငံတွေထက် ထိုင်းနိုင်ငံမှာ ရှိနေတဲ့ အလုပ်သမားလူဦးရေဟာ အများဆုံးပါ။ ကျွန်တော့် မျက်မြင် မြန်မာတွေကို အနိုင်ကျင့်နေတာတွေ၊ နှိမ်နေတာတွေကို တွေ့နေရတော့ စိတ်မကောင်းဘူး။ တစ်ကယ်တမ်း မြန်မာတွေနဲ့ သူတို့နိုင်ငံသားတွေ အလုပ်တစ်ခုကို အတူတူခိုင်းကြည့် အလုပ်ဆိုတာ အားလုံးနော် အောက်ခြေသိမ်း အလုပ်ကအစ အထက်တန်းကျကျ အလုပ်အထိ ၊ စမ်းကြည့်လိုက် ကျွန်တော်ပြိုင်လောင်းရဲတယ် ကျွန်တော်တို့ လူမျိုးဖက်ကနေ ၊ ဒီကောင်တွေက တတ်လားဆိုတော့ မတတ်ဘူး ဒါပေမယ့် ဆရာလုပ်ချင်တယ်၊ တစ်ချို့ဆိုရင် အလုပ်ခွင်ထဲမှာ ကိုလုပ်ရမယ့်အလုပ်ကိုတောင် တစ်ခြား မြန်မာတစ်ယောက်ကို ခိုင်းပြီးကိုကတော့ အေးအေးဆေးဆေးထိုင်နေပြီး အလုပ်ရှင်လာမှ ဟိုဟာကိုင် ဒီဟာကိုင်နဲ့ လုပ်တဲ့ ရှမ်းတွေလဲ ရှိသေးတယ်။ အဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အခု passport လုပ်ဖို့ကိစ္စကို မဖြစ်မနေလုပ်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ ကျွန်တော့်ကိုလဲ ညီငယ်များ မေးလ်ပို့ပြီး ဒီကိစ္စကို မေးကြပါတယ်။ အားလုံး အဆင်ပြေကြပါစေ ..

ထိုင်းနိုင်ငံရောက်လူငယ်များ အဆင်ပြေချောမွေ့ကြပါစေ ....
ညီနေမင်း blog မှကိုးကားထားပါသည်။

Tuesday, January 12, 2010

အမေရိကန်သွားခွင့်မရရင် မြန်မာပြည် ပြန်ပို့မှာစိုးရိမ်မိ

ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံထားရတဲ့ နိုင်ငံရေးအဖွဲ့အစည်းများက လူ (၄၀၀) လောက်ကို ယူအန်အိပ်ခ်ျစီအာက တတိယနိုင်ငံတွေကို ထွက်ခွာခွင့် ဆိုင်းငံ့ထားတာ အခုဆိုရင် (၃) နှစ် ရှိပါပြီ။ အရင် မဲဆောက်မှာနေတဲ့ ဆိုင်းငံ့ခံထားရသူတွေ အပါအ၀င် လူ (၂၀၀၀) လောက်ကို ယူအန်အိပ်ခ်ျစီအာနဲ့ အမ်အိုအိုင်တို့ရဲ့ အစီအစဉ်နဲ့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် စက်တင်ဘာလက နို့ဖိုးစခန်းမှာ စခန်းသွင်းခဲ့ပါတယ်။ အဲဒီထဲက လူ (၁၅၀၀) လောက်ကို ယူအန်အိပ်ခ်ျစီအာကနေ တတိယနိုင်ငံတွေကို သွားခွင့်ပြုခဲ့ပြီး နိုင်ငံရေးအဖွဲ့အစည်းက လူတွေကျတော့ (၃၀၀) ကျော်ကို ဆိုင်ငံ့ထားပီး (၆၀) ကျော်ကတော့ ဒုက္ခသည်အဖြစ် ပယ်ချခြင်း ခံကြရပါတယ်။

နိုင်ငံခြားထွက်သွားတဲ့လူ (၁၅၀၀) ထဲက အများစုဟာ နိုင်ငံရေးနဲ့မပတ်သက်ဘဲ အကြံအဖန်နဲ့ ထွက်ကြတဲ့လူတွေ ဖြစ်တယ်ဆိုတာ ယူအန်က ၀န်ထမ်းတွေလည်း သိပါတယ်၊ ကျနော်တို့ နိုင်ငံရေးအဖွဲ့အစည်းက လူတွေကိုတော့ ထွက်ခွာခွင့် မပြုဘဲ ဆိုင်းငံ့ထားပါတယ်။ ယူအန်အိပ်ခ်ျစီအာအနေနဲ့ ဒုက္ခသည်အစစ်အမှန်နဲ့ အတုအယောင်တွေကို သေချာစိစစ် စေချင်ပါတယ်။ ကျနော်တို့ဟာ စခန်းတွင်းမှာ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ဒုက္ခရောက်နေကြတာကို နိုင်ငံတကာက သိစေချင်ပါတယ်။ စခန်းထဲမှာလည်း စားဝတ်နေရေး၊ ကျန်းမာရေးဆိုတာ မသေရုံသာသာ အခြေအနေလို့တောင် ဆိုနိုင်ပါတယ်။ ကျနော်တို့အားလုံးဟာ မြန်မာပြည်ပြန်လို့မရတဲ့သူတွေ ဖြစ်ပါတယ်။

ကျနော်တို့ကို ၆-၁-၁၀ ရက်နေ့က စခန်းမှာ UNHCR က တာဝန်ရှိသူတွေ လာပြီး ဆွေးနွေးပါတယ်။ အဲဒီအဖွဲ့ထဲက နိုင်ငံခြားသူ အမျိုးသမီးအရာရှိတဦးပြောတာက ကျနော်တို့အားလုံးအတွက် လာမယ့် မတ်လမှာ ရက်(စ်) အော် နိုး အဖြေတခုခု သိရမယ်၊ ဘာအဖြေပဲထွက်ထွက် အမေရိကန်ကလွဲပြီး အခြားနိုင်ငံသွားခွင့်မရှိဘူးလို့ ပြောပါတယ်။

ကျနော်တို့အားလုံးဟာ အမေရိကန်ကိုထွက်ဘို့ လျှောက်ထားကြတဲ့လူတွေ ဖြစ်ပါတယ်။ ဆိုင်းငံ့ခံရသူတွေထဲမှာ တချို့ဆိုရင် သားသမီးမြေးတွေ အမေရိကန်မှာ ရှိတဲ့လူတွေ ပါပါတယ်။ ဒါပေမယ့် အဲဒီလူတွေလည်း အခုထိ သွားခွင့်မရှိသေးပါဘူး။
တခြားနိုင်ငံကိုလည်း လျှောက်ခွင့်မရှိတဲ့အပြင် အမေရိကန်က မခေါ်မချင်း (၁၀) နှစ်လား၊ အနှစ် (၂၀) လား စောင့်ရမယ့်သဘော ဖြစ်နေပါတယ်။ ပိုပြီး စိုးရိမ်ဖို့ကောင်းတာက ကျနော်တို့ကို အမေရိကန် မပို့ဘဲ ထိုင်းနိုင်ငံမှာခိုလှုံနေတဲ့ လောနိုင်ငံက (မုန်) လူမျိုး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံက အတင်းအကြပ်ဖမ်းပြီး ပြန်ပို့သလိုလုပ်မှာကို အထူး စိုးရိမ်မိပါတယ်ခင်ဗျား။



လေးစားစွာဖြင်
ကိုနိုင်လေး (နို့ဖိုးဒုက္ခသည်စခန်း)

ခေတ်ပြိုင်မှကိုးကားခြင်း

Sunday, January 10, 2010

လောကနိဗ္ဗာန် နှင့် ငြိမ်းချမ်းရေး

ဆောင်ပါးရှင်။ စိမ့်စမ်းသော (ကော့ကရိတ်)

“သူငယ်ချင်းရေ ဒီမှာ နေရတာကတော့ ဘာမှ ပူစရာမလိုဘူး၊ စားဖို့ လည်း မပူရဘူး၊ နေဖို့လည်း မပူရဘူး၊ စားဝတ်နေရေးအတွက် ဘာမှ ပူပင်စရာမရှိတော့ လောကနိဗ္ဗာန်ဘဲပေါ့သူငယ်ချင်း။ တစ်လမှာ အလွန်ဆုံးကုန်ရင် ဒေါ်လာ ၃၀၀၊ နိုင်ငံတော်ထောက်ပံ့ကြေးငွေက ဒေါ်လာ ၈၀၀ ဆိုတော့ ဘာမှ အလုပ်လုပ်စရာမလိုဘဲ စားစရိတ် နေစရိတ်အပြီးငြိမ်း နှုတ်လိုက်ရင် တစ်လ ဒေါ်လာ ၅၀၀ လောက် ကျန်သေးတယ်”။

အထက်ပါစကားကို လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလတုန်းဆီက ပညာရေးဌာနတွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့ဘူးသော နယူးဇီလန်နိုင်ငံရောက် သူငယ်ချင်းတစ်ယောက်၏ ပြောစကားဖြစ်သည်။ သူ့ ဘ၀အတွက် ဘာမှ ပူပင်စရာမရှိသော လောကနိဗ္ဗာန်ဘ၀ကို ကျနော့်ဆီဖုန်းဆက်တိုင်း ပြောပြတတ်သည်။ တကယ့်အားကျစရာအတိ။ တကယ်သွားရောက်နေချင်စရာအတိပါပင်။

သူ့ အတွက် လောကနိဗ္ဗာန်ဘ၀ကို ကျနော့်အား အကျယ်တ၀င့်ရှင်းပြတတ်သည်။ လောကီဘ၀ လူ့ ချမ်းသာအတွက် ပူပင်စရာမရှိသလို လောကုတ္တရာအတွက်လည်း တရားဓမ္မများအားထုတ်ချင်ပါကလည်း အေးဆေးငြိမ်သက်စွာဖြင့် တရားအားထုတ်နိုင်ကြောင်းလည်း ပြောပြသေးသည်။ ဟုတ်ပါသည်၊ လူ့ ဘ၀ခရီးလမ်းတွင် လောကီလူနေမှုဘ၀ ဘာမှ ပူပင်စရာမရှိတော့ ဘ၀သံသရာအတွက် လောကုတ္တရာခရီးလမ်းကိုလည်း ဖြောင့်ဖြူးစွာ လုပ်ဆောင်နိုင်ပါမည်ဟု ထင်ပါသည်။ တကယ့်အားကျစရာပါပင်။

သို့ သော် ကျနော့်သူငယ်ချင်း သတိမထားမိသော ကမ္ဘာတည်သရွေ့ ကရင်လူမျိုးတည်တံ့နေနိုင်ပါမည်လော ဟူသော အချက်ဖြစ်သည်။

ဟုတ်ပါသည်၊ ယနေ့ မျက်မှောက်ကာလတွင် ကျနော်တို့ ကရင်လူမျိုးများသည် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားတိုင်းတစ်ပါးဒေသများတွင် သိန်းဂဏန်းဦးရေဖြင့် ရောက်ရှိနေကြပါသည်။ အသွင်အမျိုးမျိုး၊ ပုံသဏ္ဍာန်အသွယ်သွယ်ဖြင့် ရောက်ရှိနေကြပါသည်။ ရည်ရွယ်ချက် ရည်မှန်းချက်ကိုယ်စီဖြင့် ရောက်ရှိနေကြပါသည်။ ဘ၀အမျိုးမျိုး အတွေးအခေါ်အဖြာဖြာဖြင့် ကျင်လည်နေကြပါသည်။ အိမ်နီးချင်းနိုင်ငံများတွင် အလုပ်သမားဘ၀ဖြင့် အသက်မွေးမြူကြသူများရှိသလို တတိယနိုင်ငံများတွင် ဒုက္ခသည်အမည်ခံပြီး သက်ဆိုင်ရာနိုင်ငံများ၏ ထောက်ပံ့ကြေးငွေများဖြင့် ပူပင်စရာမရှိ နေနိုင်ကြပါသည်။

ရေရှည်ကာလတွင် ကရင်လူမျိုးများဘ၀အတွက် ကျနော် ရင်လေးမိသည်။ ရာစုနှစ်၊ ထောင်စုနှစ်များအထိ စဉ်းစားမိတိုင်း တွေးထင်မိတိုင်း ရင်လေးမိသည်။ ထိုမျှမက နိုင်ငံရပ်ခြား တိုင်းတစ်ပါးဒေသများတွင် မွေးဖွားကြီးပြင်းလာမည့် အနာဂတ် ကရင်လူငယ်များ၏ဘ၀ကို တွေးထင်မိတိုင်း ရင်လေးမိသည်။ အခြားတော့မဟုတ်ပါ၊ ဘာသာစကားတစ်ခုတည်းဖြင့်ပင် ရာစုနှစ်သက်တမ်းတစ်ခုလောက်တွင် စဉ်းစားကြည့်ပါက တကယ်ရင်လေးမိသည်။ မျိုးချစ်စိတ်ဓါတ် ဘယ်လောက်ပင်ရှင်သန်ထက်မြက်နေပါစေ ထောင်စုနှစ်သက်တမ်းတစ်ခုလောက် ကုန်ဆုံးသွားပါက အဆိုပါနိုင်ငံရပ်ခြားဒေသများတွင် မွေးဖွားလာမည့် ကရင်လူမျိုးများသည် မိမိတို့ ကိုယ်ကို “ကရင်လူမျိုး”ပါဟု ရာနှုန်းပြည့် ကြွေးကြော်နိုင်ပါမည်လော။ သက်သေပြုနိုင်ပါမည်လော။ လောကီလူနေမှုဘ၀ဖြင့် ပူပင်စရာမလိုသော်လည်း ရေရှည်အနာဂတ်အတွက် ကျနော်ရင်လေးမိသည်။ အားနည်းသူကို အားကြီးသူက အနိုင်ယူလွှမ်းမိုးတတ်သောဓလေ့သည် ကမ္ဘာဦးက တည်ရှိသောဓလေ့ဖြစ်သည်။ မျက်မှောက်ခေတ်အတွက် အထူးတလည် သက်သေပြုစရာလိုမည်မထင်ပါချေ။

တစ်ချို့သောကရင်လူမျိုးများကလည်း နိုင်ငံရပ်ခြားတွင် ခေတ္တယာယီမျှ သွားရောက်နေထိုင်ပြီး မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီပေါ်ထွန်းလာသောတစ်နေ့ဝယ် အမိမြေပေါ်တွင် ပြန်လာပြီး အခြေချ ကျေးဇူးဆပ်ချင်သူများလည်းရှိသည်။ ထိုကဲ့သို့သော မျှော်လင့်ချက်၊ ယုံကြည်ချက်မျိုးဖြင့် အမှန်တကယ် ဖေါ်ဆောင်ခွင့်ရခဲ့လေကား ကောင်းပါသည်။ သို့သော် ထိုကဲ့သို့သော မျှော်လင့်ချက်များဖြင့် မဖြစ်ပေါ်လာခဲ့သည်ရှိသော် -----။

အိမ်နီးချင်းနိုင်ငံများတွင် အထူးတလည် မပြောလိုသော်လည်း တတိယနိုင်ငံများတွင် သွားရောက်အခြေချနေထိုင်မည့် ယနေ့ကရင်လူငယ်များ အမှန်တကယ် ကိုယ့်ကိုယ်ကို အသေအချာ ချင့်ချိန် စဉ်းစားစေချင်သည်။ အသေအချာတွေးတော ထောက်ဆစေချင်သည်။ ဆင်းရဲဒုက္ခဘ၀ဖြင့် ပစ္စုပ္ပန်ဘ၀နှင့် လောကနိဗ္ဗာန်ဖြင့် ကရင်လူမျိုး ထာဝရရှင်သန်ရပ်တည်ရေးတည်း ဟူသော အနာဂတ်ဘ၀ကို အသေအချာ ရွေးချယ်စေချင်သည်။ ပစ္စုပ္ပန်လောကနိဗ္ဗာန်ဘ၀ဖြင့် အနာဂတ်ကရင်လူမျိုး ကမ္ဘာတည်သရွေ့ တည်တံ့နိုင်ခဲ့သော်ကား အတိုင်းထက်အလွန်ကောင်းပါသည်။ ကမ္ဘာတည်သရွေ့ ကရင်လူမျိုးတည်တံ့နိုင်ခဲ့သော်ကား ---------- ။

ယနေ့ အမိရပ်ရွာဒေသများတွင် နိုင်ငံတော်အစိုးရများနှင့် ငြိမ်းချမ်းရေးယူထားကြသော အဖွဲ့အစည်းအသီးသီးများဘ၀ကို အနည်းငယ် မီးမောင်းထိုးတင်ပြလိုပါသည်။ ငြိမ်းချမ်းရေးအဖွဲ့အစည်းများသည် ကရင်လူထုတစ်ရပ်လုံးကို အမှန်တကယ်ပင် ငြိမ်းချမ်းရေးအနှစ်သာရအပြည့်အ၀ရရှိအောင် စွမ်းဆောင်ပေးနိုင်ပြီလော ---။ ကရင်လူမျိုးကို ချစ်လှပါသည်ဆိုသော အဆိုပါ ငြိမ်းချမ်းရေးတမံတော်များသည် ယနေ့ ကရင်လူထုကြီးကိုသာ ဒုက္ခပေးနေသယောင်ပင်ဖြစ်နေသည်။

ငြိမ်းချမ်းရေးတမံတော်များသည်လည်း မိမိတို့ကိုယ်ကို အသေအချာ ဝေဖန်ဆန်းစစ်ဖို့ လိုပါပြီ။ တစ်ချိန်တုန်းကတော့ အမျိုးဘာသာ၊ သာသနာအတွက် အမှန်တကယ်လက်တွေ့ အကောင်အထည်ဖေါ်ဆောင်မည်ဟူသောရည်ရွယ်ချက်၊ ခံယူချက်များဖြင့် ငြိမ်းချမ်းရေးတမံတော်ဘ၀များဖြင့် မိမိတို့၏ရပ်ရွာဒေသများတွင် အခြေချရောက်ရှိလာခဲ့ကြသည်။

၁၀ စုနှစ်ကာလတစ်ခု ကျော်လွန်လာသည့်တိုင်အောင် မိမိတို့၏ အမျိုးဘာသာ သာသနာတော်အတွက် အဘယ်အတိုင်းအတာမျှဖြင့် လက်တွေ့  အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့ပါပြီလော ---။ မိမိတို့ကရင်လူမျိုးအတွက် လူနေမှုဘ၀မြှင့်တက်လာအောင် ပညာရည် အဆင့်အတန်းမြင့်မားလာအောင် ဘယ်လောက်အတိုင်းအတာတစ်ခုထိ ဆောင်ရွက်နိုင်ခဲ့ပါပြီးလော----။ မိမိတို့၏ စာပေယဉ်ကျေးမှုများ ဆထက်ထမ်းပိုးတိုးမြင့်လာအောင် ဘယ်လောက်အတိုင်းအတာထိ မြင့်တင်နိုင်ခဲ့ပါသလော -----။

ကရင်လူထုအတွက် မေးခွန်းပုစ္ဆာပေါင်းများစွာဖြင့် ယနေ့ ငြိမ်းချမ်းအရှင် သခင်များ မိမိကိုယ်ကို မေးကြည့်စေချင်သည်။ ဝေဖန်ဆန်းစစ်စေချင်သည်။ အားရကျေနပ်လောက်သောအဖြေများ ကရင်လူထုကြီးအပေါ် ပေးနိုင်ပါပြီလော။ အနာဂတ်အတွက် ဘယ်လိုရှေ့ ဆက်ကြမည်ကိုကော မြင်ယောင်ပါပြီလော။ ယနေ့ ငြိမ်းချမ်းရေးတမံတော်များအနေဖြင့် သူတစ်ပါးလက်ခုပ်ထဲကရေဘ၀အဖြစ် ခံယူကြပါမည်လော။ ကရင်လူမျိုးများ ကမ္ဘာတည်သရွေ့ ရာသက်ပန် တည်တံ့သွားနိုင်ရေးအတွက် ယနေ့ ငြိမ်းချမ်းရေးစေတမန်များ အထူးတလည်တာဝန်ရှိသည်။ ရေတိုရေရှည်စီမံကိန်းများ ချမှတ်ပြီး ကရင်လူမျိုးများ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ မပျောက်ပျက်ရအောင် နည်းမှန်လမ်းကောင်းများ ချီတက်သွားစေချင်သည်။ သို့ မဟုတ်ပါက ကရင်လူမျိုးအနာဂတ်အတွက် ရင်လေးစရာအတိပင် ----။

အင်အားနည်းသူကို အင်အားကြီးသူက အနိုင်ယူလွှမ်းမိုးတတ်သော အစဉ်အလာသည် ကမ္ဘာဦးကျောက်ခေတ်ကတည်းက အစဉ်အလာဖြစ်သည်ကို အစဉ်သတိချပ်သင့်သည်။

ဤမေးပုစ္ဆာတိုင်းအတွက် အဖြေရှိသလို ဖြစ်ပေါ်လာသောပြဿနာတိုင်းအတွက် ထွက်ပေါက်နည်းလမ်းများရှိပါသည်။ မှန်ကန်သောနည်းလမ်းထွက်ပေါက်ဖြစ်ဖို့ တော့ အထူးလိုအပ်သည်။ ယနေ့ ကရင်လူမျိုးများ ကြုံတွေ့ နေရသောလူနေမှုဘ၀ပြဿနာများအတွက် ပြေလည်အောင်ဖြေရှင်ပေးနိုင်ရေးမှာ ကရင်အမျိုးသားတိုင်းတွင် တာဝန်ရှိသည်။ တစ်ယောက်အားဖြင့် ဖြေရှင်းမရသော် စုပေါင်းအားဖြင့် ဖြေရှင်းရမည်။ ဦးစီးဦးဆောင်များ နည်းမှန်လမ်းမှန်ဖြင့် ချီတက် အကောင်အထည်ဖေါ်ဆောင်ရေးအတွက် အထူးအရေးကြီးပါသည်။ အာဝါဒေး (OurDay)ဖြင့် ကရင်ပြည်နယ်တစ်လွှားတွင် ခေတ်စားနေသော ပျော်ရွှင်ပွဲများသည် အနာဂတ် မျိုးဆက်သစ်ကရင်လူငယ်များအတွက် ကောင်းသော နိမိတ်လက္ခဏာမဟုတ်တန်ရာချေ။

ကရင်လူမျိုးအနည်းစု ကြီးပွားချမ်းသာရေးမျှဖြင့် ကရင်လူထုကြီးတစ်ရပ်လုံး လူနေမှုဘ၀အဆင်ပြေသည်ဟု မဆိုလိုနိုင်ပါ။ “ဘယ်သူသေသေ ငတေမာရင်ပြီးရော”ဆိုတဲ့ အတွေးအခေါ်များ ယနေ့ ငြိမ်းချမ်းရေးအရှင်သခင်များဦးနှောက်ထဲတွင် သံမှိုမစွဲသင့်ပါ။ မိမိ၏အမျိုးသားထုတစ်ရပ်လုံးအတိုင်းအတာအထိ တွေးခေါ်မျှော်မြင်ပြီး အားစိုက်မတ်မတ် ချီတက်သွားစေချင်သည်။ စစ်မှန်သော ငြိမ်းချမ်းရေးဘ၀ဖြင့် ကရင်လူထုကြီးတစ်ရပ်လုံးကို လက်တွဲခေါ်သွားစေချင်သည်။ သို့ မှသာ ကမ္ဘာတည်သရွေ့  ကရင်လူမျိုးထာဝရရှင်သန်ရပ်တည်နိုင်ပါမည်။

ရေတိုလူနေမှုဘ၀မြင့်တက်မှုထက် ရေရှည်လူနေမှုဘ၀မြင့်တက်မှုက ပိုအရေးကြီးသည်။ တဒင်္ဂစိတ်ချမ်းသသာခြင်းထက် ရာသက်ပန်စိတ်ချမ်းသာခြင်းက ပိုအရေးကြီးသည်။ ဘယ်လိုဘဲဖြစ်ဖြစ် ယနေ့ ကရင်အကြီးအကဲများ မိမိတို့ ကရင်လူထုကြီး ရေရှည်ဘ၀အရေးကို အထူးတလည် ခံယူဖေါ်ဆောင်စေချင်သည်။ နိုင်ငံတွင်းတွင် သက်ဆိုင်ရာအစိုးရအသီးသီးက မိမိတို့ တိုင်းနိုင်ငံတော်ကြီး ရေရှည်တည်တံ့တိုးတက်နိုင်ရေးအတွက် ရေတိုရေရှည်စီမံကိန်းများ ချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ရွက်နေကြသည်။ ထိုစံနမူနာများကို ယနေ့ ပြည်တွင်းပြည်ပမှ ကရင်အကြီးအကဲခေါင်းဆောင်များ အတုယူအကောင်အထည်ဖေါ်ဆောင်ရွက်စေချင်သည်။

ရေတိုဆင်းရဲဒုက္ခ ကရင်လူထုကြီးဘ၀ထက် ရေရှည်လောကနိဗ္ဗာန် ကရင်လူထုကြီးဘ၀ကို ဖြစ်စေချင်သည်။ ပေါ်ပေါက်စေချင်သည်။ စစ်မှန်သောငြိမ်းချမ်းရေးလောကနိဗ္ဗာန်ဘ၀ဖြင့် အနာဂတ်ကရင်လူထုကြီးအား ရယူခံစားစေချင်သည်။ “အုတ်မြစ်သဲတိုင် တက်နိုင်ဖျားရောက်”ဆိုသောစကားအတိုင်း စွမ်းစွမ်းတမံဆောင်ရွက်စေချင်သည်။

အထက်ပါဖေါ်ပြချက်များသည် တစ်ဦးတစ်ယောက်အား ရည်ရွယ်ပြီးရေးခြင်းမဟုတ်ပါ။ ကရင်လူမျိုးတိုင်းကို ရည်ရွယ်ပြီး ရေးခြင်းဖြစ်ပါသည်။ သို့  သော်ငြားလည်း လက်ရှိ ပစ္စုပ္ပန်အခြေအနေကို မြင်သည့်အတိုင်း ဖြစ်ပေါ်နေသည့်အတိုင်း ခံစားပြီး တင်ပြသွားခြင်းဖြစ်ပါသခြင့် တိုင်ဆိုင်မှုရှိခဲ့ပါသော် အနာဂတ်ကရင်လူမျိုးဘ၀ ရေရှည်တည်တံ့နေနိုင်ရေးဟူသော အသိစိတ်ဓါတ်၊ ခံယူချက်၊ ရည်ရွယ်ချက်များဖြင့် နားလည်ခွင့်လွှတ်ကြပါရန် အထူးတောင်းပန်အပ်ပါသည်။ ကျနော့်အမြင် အတွေးအခေါ်ခံယူချက်များ၊ ရည်ရွယ်ချက်များ၊ ကရင်လူမျိုးအပေါ် စေတနာသဘောထားများ ချွတ်ချော်မှားယွင်းတင်ပြမှုရှိခဲ့သော် သက်ဆိုင်ရာက၀ိပညာရှင်များက အညတြစာရေးသူအားလည်း ခွင့်လွှတ်နိုင်စေရေးအတွက် အထူးဝန်ချတောင်းပန်အပ်ပါသည်။

“အားနည်းသူကို အားကြီးသူက အနိုင်ယူလွှမ်းမိုးတတ်သောအစဉ်အလာသည် ကမ္ဘာကျောက်ခေတ်ကတည်းက တည်ရှိခဲ့သည်” ကို ယနေ့  ကရင်လူမျိုးများ မမှိတ်မသုန် သိမြင်နားလည်သဘောပေါက်ဖို့ လိုပါကြောင်း နိဂုံးချုပ်တင်ပြလိုက်ရသည် ------။



စိမ့်စမ်းသော (ကော့ကရိတ်)

OKRSO

Friday, January 8, 2010

မယ်လစခန်းမှ ပထမအသုတ်ဒုက္ခသည်များ ဂျပန်သို့သွားရန် လူတွေ့စစ်ဆေးမည်

ဂျပန်နိုင်ငံက ပထမဦးဆုံးလက်ခံမည့် မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၃၀) သည် လာမည့်စက်တင်ဘာတွင် ဂျပန်နိုင်ငံသို့ စတင်ထွက်ခွာကြမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ မြန်မာဒုက္ခသည်များအတွက် စမ်းသပ်မည့် (၃) နှစ်စီမံကိန်းအရ ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ်ကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာခဲ့ပြီးနောက် ဒုက္ခသည်များ လက်ခံမည့်အစီအစဉ် စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအရ ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများထဲမှ တနှစ်လျှင် ဒုက္ခသည် (၃၀) ကို (၃) နှစ် စီမံကိန်းဖြင့် ဂျပန်နိုင်ငံက ခေါ်ယူခြင်းဖြစ်သည်။

မြန်မာဒုက္ခအများစုမှာ လူဦးရေ အကန့်အသတ်မရှိ ခေါ်ယူသည့် နိုင်ငံများသို့သာ သွားရောက်အခြေချလိုကြပြီး ဂျပန်နိုင်ငံသို့ သွားရောက်အခြေချလိုမှုကို စိတ်ဝင်စားသူ အလွန်နည်းပါးသည်ဟု မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌစောထွန်းထွန်းက ပြောသည်။

“ဂျပန်က ခေါ်တာနည်းတဲ့အပြင် ကန့်သတ်ချက်တွေကလည်းများတော့ လျှောက်တဲ့ဒုက္ခသည်တွေက ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ သူတို့်စီမံကိန်းအရ (၃) နှစ်မှာ ဒုက္ခသည်(၉၀) ပဲ သွားရမှာဖြစ်တယ်။ မယ်လစခန်းမှာဆိုရင် လက်ရှိ ဒုက္ခသည် (၅) သောင်းကျော် ရှိတယ်” ဟု ပြောသည်။

ဂျပန်အစိုးရ၏ သတ်မှတ်ချက်အရ လာရောက်အခြေချမည့် ဒုက္ခသည်များသည် မိသားစုအလိုက်ဖြစ်ရမည်၊ ကလေးငယ်များ ပါရှိရမည်၊ မိဘများအသက် (၄၀) အောက်ဖြစ်ပြီး ကျန်းမာသန်စွမ်းကာ အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည် စသည့် ကန့်သတ်ချက်များ ပါဝင်သည်။

မယ်လဒုက္ခသည်စခန်း ဇုန် (စီ) မှ ဒုက္ခသည်တဦးက “တို့လင်မယားက (၆၀) ကျော်တွေ၊ ကလေးတွေလည်း အရွယ်ရောက် ကုန်ပြီ၊ အမေရိကန်ထွက်ဖို့ စောင့်နေတာကြာပြီ။ ဂျပန်သွားဖို့ လျှောက်လွှာတင်တာ မရဘူး၊ ဂျပန်မူနဲ့ မကိုက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

ပထမဆုံး ဂျပန်သို့အခြေချခွင့်ရရန် လျှောက်ထားသည့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ယခုလကုန်တွင် (UNHCR) နှင့် ဂျပန်နိုင်ငံကိုယ်စားလှယ်များက လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို လာမည့်စက်တင်ဘာတွင် ဂျပန်သို့ ခေါ်ဆောင်မည်ဖြစ်သည်။




ရဲရင့် (ခေတ်ပြိုင်)

Thursday, January 7, 2010

မြန်မာအလုပ်သမား (၁၀၀) ခန့် ပြန်ပို့ခံရ

အလုပ်ကိုင်ရှာဖွေရေး အေးဂျင့်၏ လိမ်လည်မှုကြောင့် မြန်မာအလုပ်သမား (၁၀၀) နီးပါး စင်္ကာပူနိုင်ငံမှ ပြန်ပို့ခံရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က အလုပ်လုပ်ခွင့် သက်တမ်း (၆) လပြည့်သည့် အချိန်တွင် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင်တဦးက ပြောသည်။

“သူတို့က ကျနော်တို့မသွားခင် အရင်ဆုံး (၁) နှစ်စာလို့ဘဲပြောတယ်၊ ပြီးရင်နောက်တနှစ် ထပ်ပေးမယ်ပေါ့၊ အဲဒီလိုနဲ့စာချုပ်ချုပ်တာ တကယ်တမ်းသွားတော့ (၆) လဖြစ်သွားတာ၊ (၆) လနဲ့ ပြန်လွှတ်လိုက်တာ၊ တကယ်တမ်း ဟိုဘက်က ခေါ်တာက (၆) လဘဲခေါ်တာ၊ ဒါပေမဲ့ ဒီဘက်ကုမ္ပဏီက ကျနော်တို့ကိုလိမ်လိုက်တာ” ဟု ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ သွားရောက်ရန် ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီမှာ ကောင်းဆက်ကုမ္ပဏီဖြစ်ပြီး စင်္ကာပူနိုင်ငံတွင်လည်း ငွေဇင်ယော်အမည်ဖြင့် ကုမ္ပဏီရုံးခွဲဖွင့်လှစ်ထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကာယကံရှင်က ဆက်ပြောသည်။

“ကျနော်တို့ မသွားခင်မှာ သင်တန်းတက်တာရော အကုန်ဝန်ဆောင်ကြေး သိန်း ၃၀ လောက်ရှိတယ်၊ အရင်းမကြေပါဘူး၊ ဘာကြောင့်လည်းဆိုရင် ဟိုကိုရောက်ခါစက သူ့နိုင်ငံမှာနေရင် လုပ်ရမဲ့ စည်းမျဉ်းစည်းကမ်း စာမေးပွဲ လေးတွေဖြေတဲ့ စရိတ်တွေရှိတယ်၊ ခရီးသွားလာခွင့်ကဒ်တွေလုပ်တဲ့ ကုန်ကျစရိတ် ရှိတယ်၊ တကယ်တမ်းကျတော့ လခက ၄၅၀ နှုန်းဘဲရတယ်၊ အရင်ကလည်း အဲဒီကုမဏီက နှစ်နှစ်စာ အကျိုးဆောင်ခ တောင်းထားတာ သိန်း ၄၀ လောက်ရှိတယ်၊ အဲဒီလူတွေကလည်း တနှစ်လောက်ဘဲလုပ်ရတယ်၊ ကျနော်တို့က နှစ်ဆ နှစ်ဆပေးပြီး သူ့အတွက်လုပ်ပေးနေရပြီး ကိုယ့်အရင်းပါ ပျောက်သွားသလိုဖြစ်တာ” ဟု ၎င်းက ပြောသည်။

စင်္ကာပူတွင် အလုပ်လုပ်စဉ် အတွင်းမှာလည်း ခွဲခြားဆက်ဆံခံရခြင်းများရှိပြီး လုပ်အားခ အနိမ့်ဆုံးလခကိုသာ ရရှိကာ အခြားဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယအလုပ်သမားများမှာ လုပ်အားခ ၉၀၀ နီးပါရရှိကြောင်း ၎င်းက ပြောသည်။

“အဲဒီ အေးဂျင့်က ကျနော်တို့ကို သက်သက်ကို အနိုင်ကျင့်လိုက်တာ၊ သူတို့ ရုံးခွဲလည်း ရှိတာဘဲ၊ ကျနော်တို့က အဲလိုဖြစ်တာကို အကြောင်းကြားတော့ ရှောင်နေတယ်၊ ဘာမှ တစုံတရာ လိုက်ဖြေရှင်းပေးတာ မရှိဘူး” ဟု ကာယကံရှင်က ဆက်ပြောသည်။

အဆိုပါ ပြန်ပို့ခံရသူများမှာ ၂၀၀၉ ခုနှစ် မတ်လက သွားရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ဝန်ဆောင်မှု ကုမ္ပဏီက ၂ နှစ်ဗီဇာရမည်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်ဟု ပြောသည်။

ကောင်းဆက်ကုမ္ပဏီ တာဝန်ရှိသူတဦးက “ကျနော်တို့အလုပ်ကြော်ငြာထဲမှာကိုက Work ပါမစ်နဲ့ တနှစ်ဆို တနှစ် ပြည့်မှဘဲ ပြန်လွှတ်တာပါ၊ အဲဒါကို ပြန်လာတဲ့သူတွေက ပြောတယ်ဆိုရင်လည်း ကျနော်တို့ ကောင်းဆက်က မဖြစ်နိုင်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ စင်္ကာပူမှာလည်း ကုမဏီခွဲရှိတဲ့အတွက် အလုပ်သမားတွေနဲ့လည်း အချိတ်အဆက်ရှိတယ်၊ တနှစ်စာချုပ်ချုပ်ထားရင် တနှစ်အပြည့်ဘဲ လုပ်ရပါတယ်၊ (၆) လနဲ့ ပြန်လွှတ်တာတို့ ဘာတို့တော့ မရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ကောင်းဆက်ကုမ္ပဏီကို ဒေါ်ဌေးဌေးယုစံက တာဝန်ယူပြီး စင်္ကာပူမှ ငွေဇင်ယော်ကုမ္ပဏီကို ဦးဇော်ညွှန့်က ဦးစီးလုပ်ကိုင်နေလျှက်ရှိကာ မြန်မာနိုင်ငံမှ အလုပ်သမားများကို စင်္ကာပူ၊ ကာတာ၊ ဒူဘိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများသို့ ပို့ဆောင်ပေးနေသည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။


ရိုးမ၃ မှကိုးကားသည်..

Sunday, December 27, 2009

2749ကရင်နှစ်သစ်ကူးကျင်းပပြီးစီးခြင်းအခမ်းအနား

နှစ်စဉ် ပြာသိုလဆန် (၁)ရက်နေ့ ရောက်တိုင်း ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားများကို ပြည်တွင်း၊ ပြည်ပရှိ နေရာအနှံ့ အပြားတွင် ကရင်တိုင်းရင်းသားများက ကျင်းပလေ့ရှိရာ ထိုင်းနိုင်ငံတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် ကရင်တိုင်းရင်းသားများ ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ၂၇၊ ၁၂၊ ၂၀၀၉ ခုနှစ်၊ ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)က (Scared Heart Convent School Compus.klong Toei) ကျောင်းတွင် ဦးဆောင် ကျင်းပသည်။

ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)က ပြည်ပရောက်တွင် ရောက်ရှိနေသည့် ကရင်အမျိုးသားများ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်ရလေအောင် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနား ကျင်းပခဲ့သည်။

နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် အမျိုးသားအလံတော်နှင့်အမျိုးသားသီချင်း အလေးပြုသီဆိုပြီး နှစ်သစ်ကူးဖြစ်ပေါ်လာပုံအကြောင်း ဖတ်ကြားသည်။ ထို့ နောက် ကရင်ရိုးရာဒုံးယိမ်းအက (သရုပ်ဖ်ါဒုံးယိမ်းအက)နှင့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

နှစ်သစ်ကူးပွဲတော်သို့  မိမိတို့ အဖွဲ့ သ၀ဏ်လွှာနှင့် ကရင်လူငယ်အစည်းအရုံး (KYO)သ၀ဏ်လွှာတွင် ကရင်အမျိုးသားများ နိုင်ငံရေးနိုးကြားရန်၊ မိမိတို့  ဘာသာစကား၊ စာပေ ယဉ်ကျေးမှု ဖေါ်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်၊ စည်းရုံးညီညွတ်ကြရန်နှင့် ညီညွတ်မှုကို ထိပါးမည်အရာများကို ရှောင်ရှားရန် အခမ်းအနားသို့  ပေးပို့ သည့် နှစ်သစ်ကူးမိန့် ခွန်းတွင် ပြောကြားသည်။




ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)အဖွဲ့က ကရင်သက္ကရာဇ်(၂၇၄၉)ခုနှစ်၏ ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားတရပ်ကို ၂၇-၁၂-၀၉- နေ့က ဘန်ကောက်မြို့တွင်ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။