Friday, January 8, 2010

မယ်လစခန်းမှ ပထမအသုတ်ဒုက္ခသည်များ ဂျပန်သို့သွားရန် လူတွေ့စစ်ဆေးမည်

ဂျပန်နိုင်ငံက ပထမဦးဆုံးလက်ခံမည့် မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၃၀) သည် လာမည့်စက်တင်ဘာတွင် ဂျပန်နိုင်ငံသို့ စတင်ထွက်ခွာကြမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ မြန်မာဒုက္ခသည်များအတွက် စမ်းသပ်မည့် (၃) နှစ်စီမံကိန်းအရ ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ်ကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာခဲ့ပြီးနောက် ဒုက္ခသည်များ လက်ခံမည့်အစီအစဉ် စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအရ ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများထဲမှ တနှစ်လျှင် ဒုက္ခသည် (၃၀) ကို (၃) နှစ် စီမံကိန်းဖြင့် ဂျပန်နိုင်ငံက ခေါ်ယူခြင်းဖြစ်သည်။

မြန်မာဒုက္ခအများစုမှာ လူဦးရေ အကန့်အသတ်မရှိ ခေါ်ယူသည့် နိုင်ငံများသို့သာ သွားရောက်အခြေချလိုကြပြီး ဂျပန်နိုင်ငံသို့ သွားရောက်အခြေချလိုမှုကို စိတ်ဝင်စားသူ အလွန်နည်းပါးသည်ဟု မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌစောထွန်းထွန်းက ပြောသည်။

“ဂျပန်က ခေါ်တာနည်းတဲ့အပြင် ကန့်သတ်ချက်တွေကလည်းများတော့ လျှောက်တဲ့ဒုက္ခသည်တွေက ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ သူတို့်စီမံကိန်းအရ (၃) နှစ်မှာ ဒုက္ခသည်(၉၀) ပဲ သွားရမှာဖြစ်တယ်။ မယ်လစခန်းမှာဆိုရင် လက်ရှိ ဒုက္ခသည် (၅) သောင်းကျော် ရှိတယ်” ဟု ပြောသည်။

ဂျပန်အစိုးရ၏ သတ်မှတ်ချက်အရ လာရောက်အခြေချမည့် ဒုက္ခသည်များသည် မိသားစုအလိုက်ဖြစ်ရမည်၊ ကလေးငယ်များ ပါရှိရမည်၊ မိဘများအသက် (၄၀) အောက်ဖြစ်ပြီး ကျန်းမာသန်စွမ်းကာ အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည် စသည့် ကန့်သတ်ချက်များ ပါဝင်သည်။

မယ်လဒုက္ခသည်စခန်း ဇုန် (စီ) မှ ဒုက္ခသည်တဦးက “တို့လင်မယားက (၆၀) ကျော်တွေ၊ ကလေးတွေလည်း အရွယ်ရောက် ကုန်ပြီ၊ အမေရိကန်ထွက်ဖို့ စောင့်နေတာကြာပြီ။ ဂျပန်သွားဖို့ လျှောက်လွှာတင်တာ မရဘူး၊ ဂျပန်မူနဲ့ မကိုက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

ပထမဆုံး ဂျပန်သို့အခြေချခွင့်ရရန် လျှောက်ထားသည့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ယခုလကုန်တွင် (UNHCR) နှင့် ဂျပန်နိုင်ငံကိုယ်စားလှယ်များက လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို လာမည့်စက်တင်ဘာတွင် ဂျပန်သို့ ခေါ်ဆောင်မည်ဖြစ်သည်။




ရဲရင့် (ခေတ်ပြိုင်)

No comments:

Post a Comment