Wednesday, March 23, 2011

မီဇိုရမ်ရှိ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၄၀ ကျော်ကို တရားမ၀င် နိုင်ငံတွင်း နေထိုင်မှုဖြင့် ဒေသခံ အာဏာပိုင်များက ယမန်နေ့ညက ဖမ်းဆီးလိုက်ပြီး ထိုအထဲမှ ၂၉ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ဖွယ် ရှိကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူအများစုမှာ အိုက်ဇောမြို့မဈေးရှိ တည်းခိုခန်းများမှ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြပြီး ယနေ့နံနက်တွင် ရဲစခန်းမှ တရားရုံးသို့ လွှဲပြောင်းလိုက်သည်ဟု အိုက်ဇောမြို့နယ်ရဲစခန်း တာဝန်ကျ ရဲအရာရှိက ဧရာဝတီသို့ပြောသည်။

“သူတို့က ဒီမှာ တရားဝင်နေထိုင်ခွင့် မရှိလို့ ဖမ်းပြီး ပြန်ပို့တဲ့ သဘောပါ။ အခု တရားရုံးကို ပို့လိုက်ပြီ။ သူတို့ကို ဘယ်လို စီရင်မလဲ ဆိုတာကတော့ တရားရုံးပေါ်မှာပဲ မူတည်ပါတယ်။ မြန်မာနယ်စပ်ကို ပြန်ပို့ဖို့တော့ များပါတယ်” ဟု ရဲအရာရှိက ပြောသည်။

ရက်ကန်းရုံအများစုတည်ရှိသည့် ဇောင်းတွီရပ်ကွက်မှ ရက်ကန်းသမားတချို့လည်း ဖမ်းဆီးခံခဲ့ရပြီး ယနေ့နံနက်တွင်မူ ပြန်လွှတ်ပေးခဲ့ကြောင်း၊ တချို့ကို အလုပ်ရှင်များက လာရောက် ရွေးယူသောကြောင့် ပြန်လည် လွတ်မြောက်လာကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးများ ကူညီဆောင်ရွက်ပေးနေသည့် လူမူရေးအသင်း အမှုဆောင် တဦးဖြစ်သူ ကိုထွေးက ဆိုသည်။

သူက “ဇောင်းတွီဘက်က ရက်ကန်းရုံတွေဆိုရင် ပြေးကြလွှားကြနဲ့၊ မိန်းကလေးတွေက မပြေးနိုင်တော့ မိတာများတယ်။ မနေ့ညကတော့ စခန်းမှာ အိပ်ကြရတယ်။ နောက်တော့ အထက်ကနေ ရက်ကန်းသမားတွေကိုတော့ မဖမ်းဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်။ အခုတော့ ထုံးစံအတိုင်း ကြောက်လန့်ပြီး အလုပ်မလုပ်နိုင်ကြဘူးပေါ့” ဟု ပြောသည်။

ယခု ဖမ်းဆီးခြင်းသည် ဒေသခံ အာဏာပိုင်များက တရားမ၀င်နေထိုင်သူများအပေါ် စီမံချက်ချ ဖမ်းဆီးနှိမ်နင်းခြင်းမျိုး မဟုတ်ဘဲ တရားမ၀င် အရက်သေစာ ရောင်းချမှုနှင့် မူးယစ်သောက်စား ရမ်းကားမှုများကို သတိပေး အရေးယူသည့် အနေဖြင့် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း၊ စီမံချက်ချ ဖမ်းဆီးခြင်းဖြစ်ပါက ရက်ကန်းသမားများကို ပြန်လွှတ်ပေးမည် မဟုတ်ကြောင်း ကိုထွေးက ဆိုသည်။

“ဈေးနားမှာ အရက်သောက်ကြ၊ မူးကြနဲ့ ဖြစ်နေတာတွေကို ၀င်ဖမ်းရင်းနဲ့၊ အဲဒီမှာကလည်း မြန်မာပြည်သားတွေ ပါနေတော့ ဒီလိုဖြစ်သွားတာပဲ။ နောက် သူတို့ဘက်က ပြန်ပို့မယ်ဆိုရင် လေး၊ ငါးယောက်လောက်နဲ့ မပို့တော့ဘူး၊ ကားတစီးတိုက် ဆိုပြီးလုပ်တော့ ကျန်တဲ့သူတွေပါ ပါသွားတာပေါ့” ဟု ၎င်းက ပြောပြသည်။

ဖမ်းဆီးခံရသူများအနေဖြင့် အနည်းဆုံး ဒဏ်ငွေ ၅၀၀ ရူပီး ပေးဆောင်ရဖွယ် ရှိသကဲ့သို့ အိန္ဒိယ-မြန်မာနယ်စပ်သို့ ပြန်ပို့ခံရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှု များကြောင့် အိုက်ဇောသို့ ပြန်လည်ရောက်လာကြဦးမည်ဖြစ်ရာ ယခုကဲ့သို့ပင် သံသရာ လည်နေဦးမည်ဟု သူက ဆိုသည်။

အိုက်ဇောမြို့တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေမှာ ၅ သောင်းထက် မနည်း ရှိနေပြီး အများစုမှာ ရက်ကန်းလုပ်ငန်း၊ ရွှေပန်းထိမ်လုပ်ငန်း၊ အိမ်ဖော်၊ ပန်းရံ၊ မြေတူး၊ လွှဆွဲ၊ လမ်းဖောက် စသည့် ကြုံရာကျပန်းအလုပ်များ လုပ်ကိုင် နေထိုင်ကြသည်။


ဇာနည်မာန်

No comments:

Post a Comment