Monday, November 30, 2009

ဒုက္ခသည်များ စခန်းပြင်ထွက် အလုပ်လုပ်ခွင့် ထိုင်းအစိုးရကို EU တိုက်တွန်းမည်

ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့် ရရေးအတွက် ဥရောပသမဂ္ဂ အီးယူကနေ နောက်ထပ်တကြိမ် တိုက်တွန်း လုပ်ဆောင်သွားမယ်လို့၊ ဥရောပသမဂ္ဂ အရာရှိက နိုဝင်ဘာ ၂၉ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။


ထိုင်း-မြန်မာနယ်စပ်၊ အီလောထ ဒုက္ခသည်စခန်းရှိ ယာယီတဲ အမိုးအကာအောက်တွင် နေထိုင်နေကြသော မြန်မာ ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: RFA)

ထိုင်းမြန်မာနယ်စပ် တောတောင်တွေ အကြားမှာ ရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ နေထိုင်နေရတဲ့ ဒုက္ခသည် ၁ သိန်း ၄ သောင်းကျော်အတွက်၊ အကူအညီ အထောက်အပံ့တွေ အများဆုံး ပေးနေတဲ့ ဥရောပ သမဂ္ဂ အီးယူကနေ ဒီ အစီအစဉ်ကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအရာရှိကြီး ဒေးဗစ် လစ်မန်းက ပြောဆိုလိုက်တာပါ။

လူတယောက်ဟာ ဒုက္ခသည်စခန်းတခုထဲမှာ ၁၈ နှစ် အနှစ် ၂၀ လောက်ကြာအောင်နေ နေရတာကို တွေ့ရတာ အလွန်ကိုပဲ စိတ်ထိခိုက်စရာ ကောင်းပါတယ်လို့ ဥရောပ သံအရာရှိက ပြောဆိုပါတယ်။

သူတို့ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်နဲ့ ထိုင်းလူ့အဖွဲ့အစည်းအတွင်း ရောနှော ပါဝင်နိုင်အောင် ကူညီလုပ်ဆောင်ပေးသင့်တယ်လို့လည်း ပြောပါတယ်။

ဒုက္ခသည်တွေကို ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး စခန်းအပြင်ထွက်၊ အလုပ်လုပ်ခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးမဲ့ ဒီအစီအစဉ်ဟာ ဥရောပသမဂ္ဂရဲ့ ဒုက္ခသည်များကိစ္စ ကိုင်တွယ်ေ ဆာင်ရွက်ရေး အတွက် ရေးဆွဲထားတဲ့ ၅ နှစ် စီမံကိန်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

ဒုက္ခသည်တွေ သာမန် လူမှုဘဝ ပြန်လည်ရရှိရေးနဲ့ ထိုင်းလူ့အဖွဲ့အစည်းအတွက်လည်း အသုံးဝင်တဲ့ အင်အားစုတွေ ဖြစ်လာဖို့ ဒီအစီအစဉ်ကို ရည်ရွယ် ဆောင်ရွက်တာလို့လည်း သိရပါတယ်။

ဒီ အစီအစဉ်ဟာ မြန်မာဒုက္ခသည်တွေကို ကူညီနေတဲ့ အန်ဂျီအိုတွေနဲ့ ကမႝာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးတွဲပြီး စတင် တင်ပြခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒီအစီစဉ်ကို ၂၀ဝ၅ ခုနှစ် ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှိနာဝပ်လက်ထက်က စတင် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့ပါတယ်၊ အဲဒီအချိန်က မစ္စတာတပ်ခ်ဆင်ရဲ့ ထိုင်းအစိုးရအနေနဲ့ စိတ်ဝင်စားမှု ရှိခဲ့ပေမဲ့လည်း၊ ၂၀ဝ၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် လုံခြုံရေး အရ ရပ်ဆိုင်းထားခဲ့တာပါ။

အခုလို မြန်မာဒုက္ခသည်တွေ စခန်းအပြင်ထွက် အလုပ်လုပ်ခွင့်ပေးဖို့နဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထိုင်းအစိုးရနဲ့ ထပ်မံ ညှိနှိုင်းရဦးမှာ ဖြစ်ပြီး၊ ထိုင်းအစိုးရကို ခွင့်ပြုဖို့ ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း ဥရောပသမဂ္ဂ အရာရှိက ပြောဆိုပါတယ်။

ပထမဆုံးအနေနဲ့ ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်ရ ထားတဲ့အတွက် မယ်လဒုက္ခသည်စခန်းက ဒုက္ခသည် ၁၆၆ ယောက်ကို၊ ထိုင်းစိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ စတင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းက ပြည်တွင်းစစ်ကြောင့် လွန်ခဲ့တဲ့ ၂၅ နှစ်ကစပြီး ထိုင်းနိုင်ငံအတွင်းကို စစ်ပြေးဒုက္ခသည်တွေ ရောက်ရှိလာခဲ့ပြီး၊ နယ်စပ်တလျှောက် နေထိုင်လျက် ရှိပါတယ်။ ဒုက္ခသည် စုစုပေါင်း သိန်းနဲ့ချီပြီး ရှိနေပါတယ်။ အခုအချိန်အထိ ဒုက္ခသည် ၅ သောင်း ၃ ထောင်ဟာ အနောက်နိုင်ငံတွေ အပါအဝင် တတိယနိုင်ငံတွေကို ထွက်ခွာခဲ့ပြီးဖြစ်ပေမဲ့၊ နောက်ထပ် ဒုက္ခသည် ၁ သိန်းခွဲလောက် နယ်စပ်တလျှောက် ကျန်ရှိနေပါသေးတယ်။ ဥရောပသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဒုက္ခသည်ကူညီရေး ရန်ပုံငွေတွေ လျှော့ချခဲ့တာ ရှိပေမဲ့၊ အနည်းဆုံး တနှစ်ကို အမေရိကန်ဒေါ်လာ ၄၅ သန်းလောက် ပေးလှူနေတာ ဖြစ်ပါတယ်။

sawlinux

No comments:

Post a Comment