Tuesday, September 29, 2009

မြန်မာနှင့် အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်ဆက်ဆံသွားမည်

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည်ဟု အမေရိကန်အစိုးရက တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပေါ်လစီသစ်တရပ်ကို ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရအာဏာပိုင်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများ စတင်ပြုလုပ်ရန် ရည်ရွယ်ကြောင်းလည်း မစ္စတာ ကမ်ဘဲလ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးလမ်းကြောင်း ချမှတ်သွားဖို့အတွက် မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက် စတင်ပြောဆိုဆွေးနွေးဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားပြီး ပိတ်ဆို့တားမြစ်မှုများကိုမူ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးများ တိုးတက်ကောင်းမွန်မှု မရှိမချင်း ဆက်လက်ထားရှိသွားမည်ဟု မစ္စတာ ကမ်ဘဲလ်က ပြောဆိုသည်။

၎င်းက “အခုအချိန်မှာ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းပေးလိုက်ရင် မှားယွင်းတဲ့လက္ခဏာအသွင် ဆောင်သွားပါလိမ့်မယ်။ အမေရိကန်အစိုးရရဲ့ အဓိက စိုးရိမ်ပူပန်မှုတွေအပေါ် မြန်မာအာဏာပိုင်တွေက အရေးတယူဆောင်ရွက်ပေးမှသာ ပိတ်ဆို့တားမြစ်မှုတွေကို ရုပ်သိမ်းပေးဖို့ ကျနော်တို့ ဆွေးနွေးနိုင်လိမ့်မယ်လို့ မြန်မာအစိုးရကို ပြောရမှာပါ” ဟု ရှင်းလင်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် (၇) လခန့်မှစ၍ အမေရိကန်သမ္မတ အိုဘားမားအစိုးရက မြန်မာစစ်အစိုးရအပေါ် ချမှတ်ခဲ့သည့် အထီးကျန်ထားရေး ပေါ်လစီနှင့် ချဉ်းကပ်ဆက်ဆံသည့် ပေါ်လစီ (၂) ခုစလုံးကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအတွက် ပေါ်လစီသစ်တရပ်ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပိတ်ဆို့တားမြစ်မှုတခုတည်းဖြင့် မြန်မာပြည်သူလူထု မျှော်လင့်တောင့်တနေသည့် ရလဒ်များကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

မစ္စတာကမ်ဘဲလ်၏ ပြောကြားချက်အရ အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား လွှတ်ပေးရေး၊ လူ့အခွင့်အရေးများ လေးစားလိုက်နာရေး၊ လက်နက်ကိုင် တိုင်းရင်းသား လူမျိုးစုများနှင့် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ အတိုက်အခံပါတီနှင့် တိုင်းရင်းသားပါတီတို့မှ ခေါင်းဆောင်များနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်သွားရန်အတွက်လည်း မြန်မာစစ်အစိုးရအား ဖိအားပေးသွားမည်ဟု သိရှိရသည်။

သက္ကရာဇ် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရေးအတွက် အမေရိကန်အစိုးရက ဆက်လက်ဖိအားပေးသွားမည်ဟု မစ္စတာကမ်ဘဲလ်က ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆက်ဆံရေးအရာရှိတဦး ခန့်အပ်ရန်အစီအစဉ်ရှိကြောင်းလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကမ်ဘဲလ်က ပြောကြားခဲ့သည်။

ခေတ်ပြိုင်မှကိုးကားသည်။

No comments:

Post a Comment