ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာ ဒုက္ခသည်စခန်း ကိုးခုမှ ဒုက္ခသည်များ၏ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ခက်ခဲကြမ်းတမ်း စွာ ဖြတ်သန်းခဲ့ရသော ရုန်းကန်ရမှုများကို စုစည်းဖော်ပြထားသည့် စာအုပ် ထုတ်ဝေလိုက်ကြောင်း သိရသည်။
မြန်မာပြည်မှ ဒုက္ခသည်များ ဖြန်သန်းခဲ့ရသည့် ၁၅ နှစ်ကျော်ကြာ သို့မဟုတ် ညပေါင်း ကိုးထောင်ကျော်အကြောင်းကို “ညပေါင်း ကိုးထောင် - မြန်မာပြည်မှ ဒုက္ခသည်များ - လူသားတို့၏ ဘဝအပိုင်းအစများ မှတ်တမ်း” (Nine Thousand Nights – Refugees from Burma: A People's Scrapbook) စာအုပ်ကို ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ၂၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။
ဒုက္ခသည်စခန်းများ၏ အခြေအနေကို ဖော်ပြသော ဓာတ်ပုံများ၊ ကရင်၊ ရှမ်း၊ ကရင်နီနှင့် မွန်ဒုက္ခသည်များ၏ အတွေ့ အကြုံများကို ဖော်ပြထားသည့် ထိုစာအုပ် ဖြန့်ချိမှုနှင့် သတင်းစာရှင်းလင်းပွဲကို ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ်(FCCT) တွင် စက်တင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
ထိုစာအုပ်တွင် ပါဝင်ရေးသားခဲ့သူ ကယန်း အမျိုးသမီး မအန်နာဘယ်လီ မူဘီး က“ကျမတို့ ကယန်း လည်ပင်းရှည် (ပဒေါင်) တွေဟာ စခန်းထဲမှာလည်း မနေရဘူး။ ထိုင်းနယ်စပ်မှာ သီးသန့်ရွာ သုံးလေးရွာ ရှိတယ်။ နိုင်ငံခြားသားကို ဆွဲဆောင်တဲ့ဘ၀နဲ့  ရှင်သန်နေကြသလားလို့ သမိုင်းကို ကျမလေ့လာကြည့်တော့ မဟုတ်ဘူး။ ကျမတို့ ဒီကို လာတာက ဘ၀လုံခြုံမှုရဖို့ အတွက်လာတာ။ ဒုက္ခသည်စခန်းမှာ မနေရဘဲ ဘာလို့ သီးသန့် ဖြစ်နေသလဲ။ အဲဒီမေးခွန်းပေါ်လာတယ်။ ဒါကြောင့်မို့လို့ ဒီ ညပေါင်းကိုးထောင်ဆိုတဲ့ စာအုပ်မှာ ဒါကို အဓိက ထားပြီး ရေးထားတာဖြစ်တယ်”ဟု ဧရာဝတီ သို့ ပြောသည်။
အသက် ၇ နှစ် အရွယ်ကတည်းက ဒုက္ခသည်စခန်းသို့ ရောက်လာခဲ့သည့် မူဘီးသည် ယခုအခါ International Rescue Committee မှ Gender based Violence Manager အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။
မြန်မာပြည် ထိုင်းနယ်စပ်ဒေသသို့ ထွက်ပြေးလာသူများတွင် ကရင်နီ မျိုးနွယ်စုထဲမှ လည်ပင်း ကြေးကွင်းပတ်သည့် ကယန်း လူမျိုးများလည်း ပါဝင်သည်။ ကြေးကွင်းပတ် ကယန်းများကို ဒုက္ခသည်စခန်းတွင်မထားဘဲ သီးခြားရွာတည်ကာ ကမ္ဘာလှည့်ခရီးသွားများကို ဝင်ကြေးပေး ကြည့်ရှုစေသည့် ထိုင်းစီးပွားရေးသမားများ၏ လုပ်ရပ်ကို မူဘီးက ထောက်ပြ ဝေဖန်သွားခြင်း ဖြစ်သည်။
ဒုက္ခသည် စခန်းသို့ ရောက်ရှိလာသည့် မြန်မာပြည်မှ တိုင်းရင်းသားများအကြောင်း၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင် ခဲ့ကြသည့် ကျောင်းသားများနှင့် နိုင်ငံရေးလှုပ်ရှားသူများ ရောက်လာပုံ၊ ဒုက္ခသည်စခန်းများ တိုက်ခိုက်ခံရပုံနှင့် တိုင်းရင်းသားများ၏ ဆုံးရှုံးနစ်နာချက်များ စသည်တို့ကို ဓာတ်ပုံ အထောက်အထားများဖြင့် ဖော်ပြထားသည်။
မူဘီးက“ဒုက္ခသည်တယောက် ဖြစ်လာရပြီဆိုမှဖြင့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့ အရာအားလုံးကို စွန့်လွှတ် ဆုံးရှုံးရတော့ တာပါပဲ။ ဒါကြောင့် ကျမ ကိုယ်တတ်နိုင်တဲ့ဘက်က ဒုက္ခသည်တွေကို ကူညီဖို့ အမြဲ ကြိုးစားတယ်။ မြန်မာပြည် အရေး ကိုလည်း ကိုယ်က ဘယ်လို ပံ့ပိုးပေးနိုင်မလဲဆိုတာ ကျမအမြဲတမ်း ထည့်စဉ်းစားမိတယ်။ လက်လှမ်းမီသလောက် တော့ တတ်နိုင်သလောက် ကျမလုပ်တယ်”ဟု ပြောပြသည်။
မယ်ဟောင်ဆောင် အခြေစိုက် ကန္တာရ၀တီတိုင်းမ် သတင်းဌာနမှ အယ်ဒီတာ ဒေလီထက်က “မယ်ဟောင်ဆောင်က ဒုက္ခသည်စခန်းကနေ အနောက်ဘက်ကိုသွားရင် မြန်မာစစ်တပ်တွေ ကြီးစိုးတဲ့နေရာကိုရောက်မယ်။ အရှေ့ဘက်ကို
သွားရင် ထိုင်းတွေနေတဲ့ နေရာကို ရောက်မှာပေါ့။ အဲဒီတော့ ဟိုဘက်သွားရင်လည်း မိုင်းနင်းမိမှာကို ကြောက်ရတယ်။ ဒီဘက်လာပြန်ရင်လည်း ထိုင်းရဲက ဖမ်းတာဆီးတာကို ခံရတာတွေ ရှိတယ်။ ဒီဒုက္ခသည်တွေက သွားစရာ လာစရာ နေရာက အရမ်းကျဉ်းတယ်လေ။ ဒါကြောင့် တချို့တွေဟာ စာရိတ္တပိုင်း အားနည်းတာမျိုးရှိသလို တချို့လည်း စိတ်ဖိစီးမှုကို မခံနိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး အထိ ရှိဖူးတယ်”ဟု ဆိုသည်။
၁၉၈၃ မှ စတင်၍ စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေး လာကြသူများရှိနေ ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည်ပေါင်း တသိန်း ခြောက် သောင်း ခန့်ရှိကြောင်း ဒုက္ခသည်များ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများ၏ မှတ်တမ်းများအရ သိရသည်။
နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲ ပြီးပါက ဒုက္ခသည်များကို မြန်မာပြည်သို့ ပြန်ပို့နိုင်ရန် မျှော်လင့်ထားကြောင်း ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် ဧပြီလတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဘစောတင်
No comments:
Post a Comment