Monday, November 23, 2009
အလေးအနက် စဉ်းစားသင့်သော ရွှေ့ပြောင်းအလုပ်သမားအရေး
ထိုင်းအစိုးရက နိုင်ငံအတွင်း အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တရားဝင် သတ်မှတ် ပေးနိုင်ရေးဆိုင်ရာ မူဝါဒတရပ်ကို ထုတ်ပြန် ကြေညာခဲ့သည်။ အလုပ်သမားများ အနေနှင့် မြန်မာနိုင်ငံသား စစ်မှန်ကြောင်း စိစစ်ရေး အစီအစဉ်ကို ဆောင်ရွက်ကြရမည်ဟု ဆိုသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) အများစုလည်း မျက်စိလည် ခေါင်းရှုပ်ကုန်ကြရသည်။ ထိုင်းအစိုးရ အနေနှင့် တရားမ၀င် ရွှေ့ပြောင်း မြန်မာနိုင်ငံသားများ အရေး ဖြေရှင်း နိုင်ရန် လက်တွေ့မကျသော မျှော်မှန်းချက်များ ထားရှိနေသည်ဟု သူတို့က ယုံကြည်နေကြသည်။
ယခုအခါ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလူထု ၃ သန်း ပတ်ဝန်းကျင် ရှိနေသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ နေ ထိုင်ခွင့်နှင့် အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ "တရားဝင်" အလုပ်သမား လက်မှတ်များ ထုတ်ပေးနေစေကာမူ ထိုင်းနိုင်ငံ တွင်း တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေထိုင်ကြဆဲဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည့် အခြေအနေများနှင့် လည်း ရင်ဆိုင်နေကြရသူများ ရှိနေသေးသည်။
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာများကြောင့် ရာဇ၀တ်မှုများ၊ ရောဂါဘယများ၊ အလုပ်လက်မဲ့ဖြစ်ရမှုများ စသည့် အမျိုး စုံသော ပြဿနာများ ပေါ်ပေါက်ရသည်ဟု သတင်းများတွင်လည်း ဖော်ပြထားသည်။ သို့သော်လည်း ရွှေ့ပြောင်းလုပ်သား များ၏ အခွင့်အရေးနှင့်လုပ်အား အရေးပါမှုကိုလည်း တရားဝင် အသိအမှတ်ပြုထားပြန်သည်။
နိုင်ငံသား စိစစ်ရေး အစီအစဉ် ဆိုသည်ကို ပြောနေကြသည်မှာ ၁၀ နှစ်မျှ ရှိတော့မည်။ မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရများ အကြား နားလည်မှုစာချွန်လွှာ (MoU) တရပ်ကို ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ကပင် လက်မှတ် ရေးထိုးထား ခဲ့ကြပြီး ဖြစ်သော်လည်း လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘဲ ရှိနေခဲ့သည်။
ယခုတော့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်က ဖြစ်လာတော့မည်။ ထိုင်း-မြန်မာ နယ်စပ် ဂိတ် ၃ နေရာတွင် နှစ်နိုင်ငံလုံး၌ နိုင်ငံသား စိစစ်ရေးဌာန(၆) ခုကို ဖွင့်လှစ် ဆောင်ရွက်နေကြပြီ ဖြစ်သည်။ နောက်ထပ် စိစစ်ရေးဌာန ၂ ခု ထပ်မံဖွင့်လှစ်ရန် လည်း စီစဉ်ထားကြသည်။ ယခုအခါ မြန်မာရွှေ့ပြောင်းလူထုများ အကြား၌ သတင်းများလည်း ပျံ့နှံ့နေသည်။ သူတို့ ပထမ ဦးစွာ မြန်မာပြည်သို့ ပြန်ရမည်။ ပြန်လာသည့်အခါ ယာယီနိုင်ငံကူးလက်မှတ် ရရှိလာမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ၂ နှစ်ကြာ နေထိုင်နိုင်မည့် ဗီဇာရရှိမည် ဖြစ်သည်။ ယခုအခါ နိုင်ငံသားစိစစ်ရေးကိစ္စ လုပ်သင့် မလုပ်သင့် မဟုတ်တော့ဘဲ၊ မည်သို့ မည်ပုံ ထိရောက်စွာလုပ်ဆောင် နိုင်မည်နည်းဟူသော ဆွေးနွေးမှုမျိုး ဖြစ်နေကြပြီ။
နိုင်ငံသား စိစစ်ရေး အစီအစဉ်က မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ရာ ခြောက်အိပ်မက် မျိုး ဖြစ်နေသည်။ ဤလုပ်ငန်းစဉ်ကြောင့် ရွှေ့ပြောင်းလုပ်သားများတွင် နှစ်မျိုးနစ်နာဖွယ် အကြောင်း ရှိနေသည်။ ပထမ အချက်မှာ ဤလုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ရွှေ့ပြောင်းလုပ်သားများက သူတို့၏ "ရန်သူ" သဖွယ်ဖြစ်နေသည့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် ကြုံရနိုင်သည့် အန္တရာယ် ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုများအတွက် အမှန်တကယ် ကြောက်ရွံ့စိုးရိမ်ဖွယ် ကိစ္စလည်း ဖြစ်သည်။ အကြောင်းမှာ တိုင်းရင်းသားလူမျိုးစုများ သည် စစ်အစိုးရကို ဆန့်ကျင်၍ ဆက်လက် စစ်ပွဲဆင်နွှဲနေကြဆဲကြောင့် ဖြစ်သည်။
ထိုင်းအစိုးရကလည်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ ရှုပ်ထွေးေ၀၀ါးရန် လုပ်နေသည်။ ပွင့်လင်းမြင်သာမှု မရှိသကဲ့သို့ ငွေကုန်ကြေးကျလည်း များလှသည်။ ရွှေ့ပြောင်းလူထုများအကြား၊ အလုပ်သမား အဖွဲ့များနှင့် အစိုးရ မဟုတ် သည့် အန်ဂျီအို အဖွဲ့များအကြားတွင် သတင်းပြန်ကြား ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း မရှိဘဲ၊ ဤ ကိစ္စကို အစိုးရ အရာရှိအနည်းငယ်နှင့် အလုပ်ရှင် အနည်းငယ်ကသာ သိရှိကြသည်။ ကြားပွဲစားများကို စည်းကျပ်ရန် မဆောင် ရွက်နိုင်ကြသည့်အတိုင်း ထိုသူများက ယခုကိစ္စအတွက် အမေရိကန်ဒေါ်လာ ၁၀၀ မှသည် ၃၀၀ အထိ ကုန်ကျ ငွေကို အလုပ်သမားများထံမှ တောင်းယူနေကြသည်။ ရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် လုပ်ခအနည်းငယ်မျှနှင့် ရှင်သန် ရုန်းကန်နေကြရသည့် အခြေအနေတွင် အလွန်မှ မဖြစ်သင့်သော ကိစ္စလည်း ဖြစ်သည်။
နိုင်ငံသား စိစစ်ရေး အစီအစဉ်နှင့် ပတ်သက်၍ တရားဝင် ဖော်ပြချက် ဟူသည်မှာ မြန်မာအစိုးရက ရွှေ့ပြောင်းလူထုများ (မြန်မာနိုင်ငံမှ တရားမ၀င် ထွက်ခွာသွားကြပြီး စစ်အစိုးရအပေါ် ယုံကြည်မှုနည်းနေကြသူများ) အကြား ပေးသည့် လက် ကမ်းသတင်းလွှာ တခုပင် ရှိသည်။ ဤလုပ်ငန်းစဉ်သည် အန္တရာယ်မရှိကြောင်း၊ ကုန်ကျစရိတ်နည်းပါးကြောင်းနှင့် ရင်းနှီး လက်ကမ်းနွေးထွေးစွာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားသည်။
ရွှေ့ပြောင်းလူထုအကြားတွင်မူ ကောလာဟလများက ပျံ့နှံ့လျှက်ရှိနေသည်။ မြန်မာ နိုင်ငံတွင်း ကျန်နေသူ မိသားစုများထံမှ မြေသိမ်းယူခြင်း၊ ဘန်ကောက်မှ ရွှေ့ပြောင်းအခြေချလုပ်သားများ ၆၀ (သို့မဟုတ် ပြောသူအပေါ် မူတည်၍ ၂၀၀ အထိ အရေအတွက် အပြောင်းအလဲလည်း ရှိနိုင်သည်) ခန့် မြ၀တီစိစစ်ရေးဂိတ်သို့ နိုင်ငံသား စိစစ်ရေးကိစ္စများ လုပ်ဆောင်ရန် ရောက်ရောက်ချင်း မြန်မာအစိုးရကဖမ်းဆီးလိုက်ပြီး အင်းစိန်ထောင်သို့ ပို့ခြင်း၊ ငွေညှစ်ခြင်း၊ ထိုမျှမက ရွှေ့ပြောင်းအလုပ် သမားများအကြား ယခု နိုင်ငံသားစိစစ်ရေးကိစ္စ ရှောင်လွှဲနိုင်ရန် မိမိကိုယ်ကိုသတ်သေခြင်း စသည့် ကောလာဟလများ ပြောဆိုနေကြသည်။ ထိုင်းနှင့် မြန်မာအစိုးရများက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဤကောလာဟလများကို ငြင်းဆိုခဲ့ ကြသည်။
သို့သော်လည်း နှစ်နိုင်ငံအစိုးရများက ယခုလုပ်ငန်းစဉ်ကို သိုသိပ်စွာ လုပ်ကိုင်နေကြခြင်းမှာ အပြစ်ဆိုဖွယ်ရာ ရှိနေပါ သေးသည်။ ကြားပွဲစားဆိုသူများကရော မည်သူများပါနည်း။ မည်သို့မည်ပုံ နိုင်ငံသား ဟုတ် မဟုတ် စစ်ဆေးသနည်း။
ဤလုပ်ငန်းစဉ် လုပ်ဆောင်ပုံက မည်သို့ ရှိနေသနည်း။ မည်သူက အကျိုးအမြတ် ဖြစ်နေသနည်း။ တချို့သော လျှောက် လွှာများက အမြန်ကျလာပြီး တချို့လျှောက်လွှာများက မည်သည့်အကြောင်းကြောင့် ကြာမြင့်နေရပါသနည်း။ မည်သည့် အတွက်ကြောင့် မွတ်စလင်များကို ချန်ဖယ်ထားရပါသနည်း။ လာအိုနှင့် ကမ္ဘာဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအခြေချ လုပ် သားများကို ဆောင်ရွက်ပေးခဲ့သည့်နည်းတူ မြန်မာများကို ထိုင်း နိုင်ငံအတွင်း ဆောင်ရွက်ပေးနိုင်ရန် မည်သည့်အတွက် ကြောင့် ခွင့်မပြုပါသနည်း။ ယခု နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် လာမည့် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲနှင့် တနည်းတဖုံ သက်ဆိုင်မှု ရှိနေပါသလော စသဖြင့် မေးခွန်းများစွာ ရှိနေကြပါသည်။
မဖွံ့ဖြိုးသေးသည့် နိုင်ငံတခု၊ ခြစားမှုလည်း ထူပြော၊ ဒီမိုကရေစီနည်းကျ အစိုးရလည်းမရှိ၊ ရှည်လျားစွာ ထိစပ်နေသော နယ်စပ်ချင်းလည်း ဆက်စပ်နေသည့် နိုင်ငံတခုနှင့် တရားမ၀င် လူဝင်ရောက်မှု ပြဿနာကို ဖြေရှင်းရန် ဆိုသည်မှာ ကမ္ဘာ ပေါ်တွင် ဖွံ့ဖြိုးပြီးဟူသည့် အဆင့်မြင့်နိုင်ငံများအတွက်ပင် ခက်ခဲလှသော ပြဿနာလုပ်ငန်း ဖြစ်ပါသည်။ သို့သော် ဤ စံနှုန်းထားနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ထိုင်းနိုင်ငံက ဆောင်ရွက်နေသော လုပ်ငန်းမှာ ညံ့ဖျင်းလှပါသည်။
ရွှေ့ပြောင်း အခြေချနေထိုင်မှုဆိုသည်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်တခုမျှသာ ဖြစ်ပြီး လူများက သူတို့ နှင့် သူတို့မိသားစု ပိုမိုတိုးတက်ကောင်းမွန်မည့် ရေကြည်ရာ၊ မြက်နုရာကို ရှာဖွေနေကြပါသည်။ တခုခုပို၍ ထူးခြားသည့် နေရာ၊ သူတို့ဘ၀အတွက် အပြောင်းအလဲ ဖြစ်စေမည့် နေရာကို ရှာနေကြသည်။ တနည်းအားဖြင့် သူတို့ဘ၀ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ပဋိပက္ခများနှင့် ဝေးရာသို့ ပြောင်းရွှေ့လိုကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။
၁၉၉၀ ခုနှစ် အစောပိုင်းကာလများမှစ၍ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရေးအတွက် မစို့မပို့ မူဝါဒများ စတင်ချမှတ် ကျင့်သုံးလာခဲ့သည်။ ပထမပိုင်းတွင် တချို့သောခရိုင်များနှင့် တချို့လုပ်ငန်းကဏ္ဍများကို ကန့်သတ်၍ ခွင့်ပြုပေးခဲ့သည်။ အစီအစဉ် မကျလှသော ပြဿနာချဉ်းကပ်မှုတွင် ၀န်ကြီးအဖွဲ့မှ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ထိုသူ များအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း၊ ရွှေ့ပြောင်း လုပ်သားများ မှတ်ပုံတင်နိုင်မည့် အခွင့်အလမ်းများ ယာယီခွင့်ပြု ခြင်း၊ အနည်းအကျဉ်းမျှသော လူထုပြန်ကြားဆက်သွယ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အလုပ် သမားရေးရာဝန်ကြီးဌာနရှိ အရာရှိများက ယခုလုပ်ငန်းစဉ် စတင်ပြီးနောက်မှ အလုပ်သမား မှတ်ပုံတင်ရေးကိစ္စကို ကြားသိ ကြရခြင်း၊ များသောအားဖြင့် အလုပ်ရှင်များနှင့် ရွှေ့ပြောင်း အခြေချလူထုအကြား နောက်တနှစ်တွင် ပြီးဆုံး တော့မည့် ၎င်းအစီအစဉ်များနှင့် ပတ်သက်၍ သတိမမူမိဘဲ ရှိနေကြခြင်းတို့မှာ များစွာ အံ့သြဖွယ် ကိစ္စ မဟုတ်ပါ။
မြန်မာရွှေ့ပြောင်း အခြေချလူထုက ၎င်းတို့၏ နှလုံးသားအတွင်းမှ ငြင်းဆန်နေကြသည့် အရေးကြီးကိစ္စ အချက်တခု ရှိပါ သည်။ ၎င်းမှာ သူတို့က မွေးရပ်ဇာတိမြေမှ တရားမ၀င် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်ပြီး (အကယ်၍ သူတို့ပြန်ပါက တရား စွဲဆို ဖမ်းဆီးခံရနိုင်၍ ထောင်ချခံရနိုင်ဖွယ် အခြေအနေလည်း ရှိနေသည်။) သူတို့က ဤသို့ဖြင့် ထိုင်းနိုင်ငံတွင်း တရားမ၀င် ခိုးဝင်နေထိုင်ကြခြင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် ခွင့်ပြုသက်တမ်း သက်တမ်းလွန်သည့်တိုင် နေထိုင်နေကြခြင်း ဖြစ်သည်။
ထိုသူများက ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်လာကြသည်။ သို့မဟုတ် တရားဝင် ၀င်ရောက်လာပြီးမှ အချိန် ကြာကြာ နေထိုင်နေကြသည်။ အကြောင်းမှာ မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရများအကြားတွင် အလုပ်လုပ်နိုင်သော တရားဝင် သဘောတူညီချက်၊ နားလည်မှု စာချွန်လွှာ (MoU) များ ရှိမနေသောကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံတွင်း သို့ တရားမ၀င် ခိုးပို့ပေးကြမည့် ကြားပွဲစားများလည်း အများအပြား ရှိနေကြသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးစနစ်ကလည်း ထိုသူများ၏ လုပ်အားကို အကြီးအကျယ် မှီခိုနေကြရပြီး အထူးသဖြင့် လုပ်အားခနည်းနည်းပေး၍ လုပ်စေလိုသော လုပ်ငန်းများတွင် ထိုသူများကို အလိုရှိနေကြသည်။
ရွှေ့ပြောင်း အခြေချလုပ်သားများသည် အန္တရာယ် အများဆုံး၊ အညစ်ညမ်းဆုံး၊ အနိမ့်ကျဆုံး လုပ်ငန်းခွင်များတွင် လုပ် ဆောင်နေကြရပါသည်။ သူတို့ မတော်တဆ ထိခိုက်ဒဏ်ရာရမည်ဆိုလျှင်လည်း လျော်ကြေးခံစားခွင့်များ ရှိမနေပါ။ ထိုသူများက တရားဝင်အရ မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့်မရှိသလို၊ သူတို့မှတ်ပုံတင်ထားသည့် ခရိုင်ပြင်ပသို့ ခရီး ထွက်ခွာခွင့်လည်း မရှိကြပါ။ တချို့သောနေရာများတွင် လူစုလူဝေးဖြင့် တွေ့ဆုံ စုစည်းခွင့်ပင် မရှိကြပါ။
နိုင်ငံသား စိစစ်ရေး အစီအစဉ်သည် ယခုကဲ့သို့ ချွတ်ချော်လွဲမှားသည့် စီမံခန့်ခွဲမှုများ ရှိနေသော်လည်း လိုအပ်သည့် လုပ်ငန်းစဉ် တခုပင် ဖြစ်သည်။ အကြောင်းမှာ မြန်မာရွှေ့ပြောင်း အခြေချလူထုသည် ထိုင်းနိုင်ငံတွင် ပျောက်ကွယ်သွား မည် မဟုတ်ဘဲ ထိုင်းနိုင်ငံ စီးပွားရေးစနစ်အတွက်လည်း ထိုသူများကို လိုအပ်နေသောကြောင့်ပင်။
အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာ၏ အယ်ဒီတာ့အာဘော်က အမှန် အတိုင်း မှတ်ချက်ပေး ရေးသားခဲ့သေးသည်။ "ပြဿနာ ရေသောက်မြစ်မှာ မြန်မာနိုင်ငံတွင်ပင် ဖြစ်သည်။ မြန်မာစစ် အစိုးရက ၎င်း၏ပြည်သူများကို အကြောက်တရားလွှမ်းမိုးထားစေရန် အကြမ်းဖက်ဆောင်ရွက်နေသမျှ ဤပြဿနာများ ပြီးဆုံးသွားမည် မဟုတ်ပါ။ ဤအဖုအထုံးများကို ပြည်တွင်း ပြည်ပဖိအားများဖြင့် ဖြေရှင်းရမည် ဖြစ်သည်။ ထိုင်းနိုင်ငံက ၎င်း၏ ရွှေ့ပြောင်းလုပ်သားများကို စည်းမျဉ်းချမှတ် ထိန်းသိမ်းရန်၊ ထိုသူများအတွက် သင့်လျော်သည့် လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် ခံစားခွင့်များ ပံ့ပိုးပေးရန် တာဝန်ရှိနေမှုကို ငြင်းပယ်နေ၍ မရပါ" ဟု ဖော်ပြရေးသားထားခဲ့သည်။
မည်သည့် အားနည်းချွတ်ယွင်းချက်များ ရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံ၏ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်ကို ဆက်လက်အားပေး ထောက်ခံရမည်ပင် ဖြစ်သည်။ ၎င်းက အဓိပ္ပာယ်ရှိသော ဆွေးနွေးငြင်းခုန်မှုများနှင့် ဤလုပ်ငန်းကို စတင်ခဲ့သည်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအတွက် စနစ်တကျ ခေါင်းပုံဖြတ်မှုများနှင့် ကြုံတွေ့ရသည့်အခါ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သား များမှာ ကမ္ဘာပေါ်တွင် အနစ်နာ အခံစားရဆုံး အလုပ်သမားဟုပင် ဆိုနိုင်တော့သည်။ မွေးရပ်ဇာတိမြေ နိုင်ငံကလည်း ၎င်း ကိုယ်ပိုင် ပြည်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ပေးရန် လျစ်လျူရှုထားကြသေးရာ အားနည်း ချက်ရှိနေ သော ယခုနိုင်ငံသားစိစစ်ရေး အစီအစဉ်သည်ပင် မြန်မာရွှေ့ပြောင်းလူထုအတွက် ရည်ရွယ်ချက်ကောင်းနှင့် ဆောင် ရွက် ခဲ့သော်လည်း ပြဿနာများ ပေါင်းစုံနှင့် ကြုံရသည်။
ပို၍ ဆွေးနွေးညှိနှိုင်းမှုများ၊ လွတ်လပ်ပွင့်လင်းသော ဆွေးနွေးမှုများ ရှိလာလျှင် သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်း အခြေချ အလုပ်သမားများသည် ပို၍ ကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်များကို ရရှိလာစေနိုင်သည်။ သူတို့အားလုံး အပြုခံသဘော သက်ရောက်နေသည့် သားကောင်များ ဖြစ်နေကြပါသည်။ သူတို့၏ ပြဿနာ အခက်အခဲများအတွက် အဖြေရရှိနိုင်ရန် အလေးအနက် ဆောင်ရွက်ပေးရန် လိုအပ်နေသကဲ့သို့ သူတို့အတွက် ခံစားထိုက်သော အခွင့်အရေးလည်း ဖြစ်ပါသည်။
ANDY HALL ရေးသားသည့် A Debate Worth Having? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Andy Hall သည် ဘန်ကောက်မြို့ အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Human Rights and Development Foundation) မှ ရွှေ့ပြောင်းလူထု တရားမျှတမှု ရရှိစေရေး အစီအစဉ်၏ ဒါရိုက်တာဖြစ်ပါသည်။
မြန်မာ ဒုက္ခသည်များ အကြောင်း အခြေခံသည့် အချစ်ဇာတ်လမ်း ရိုက်ကူးပြီးစီး
စီးပွားရေး၊ နိုင်ငံရေး အကျပ်အတည်းနှင့် နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များ အကြောင်းအပါအဝင် ၎င်းတို့လမ်းခရီးတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လူထုအတွက် အလွန်အန္တရာယ် ကြီးမားသည့် မြေမြှုပ် မိုင်းအကြောင်းကို ရိုက်ကူးတင်ပြထားသည်ဟု အဆိုပါဇာတ်ကား၏ ဒါရိုက်တာ ဆွစ်ဇာလန်လူမျိုး စတီဖင်ဟဒ်က ဧရာဝတီကိုပြောသည်။
“လွန်ခဲ့တဲ့ အနှစ် ၂၀ က ကျနော့် အိမ်မှာနေခဲ့တဲ့ ကမ္ဘောဒီယား ကလေးနှစ်ယောက်ရဲ့ ကြမ်းတမ်းတဲ့ ဒုက္ခသည်စခန်း အိမ်မက်ဆိုးတွေကို သိလိုက်ရတာက ပထမဆုံး ဒုက္ခသည်နဲ့ပတ်သက်တဲ့ ကိုယ်တွေ့အဖြစ်အပျက်ပါပဲ။ အဲဒီကနေပြီး မြန်မာ ဒုက္ခသည်တွေအကြောင်း လေ့လာမိရင်း ရုပ်ရှင်ရိုက်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းကဆိုသည်။
ယင်းဇာတ်ကား၏ အမည်ကို ယာယီအားဖြင့် How about Love ဟု အမည်ပေးထားကြောင်း သိရသည်။
ယခုရုပ်ရှင်ကားသည် ဆွစ်ဇာလန်နိုင်ငံသား ဆရာဝန်တဦးနှင့် ဒုက္ခသည်စခန်းမှ ကရင်အမျိုးသမီး တဦး၏ အချစ်ဇာတ် လမ်းကို ဇာတ်အိမ်တည်ကာ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ နေထိုင်ရသည့်အခက်အခဲ ဒုက္ခများကို တင်ပြရိုက်ကူးထား ခြင်းဖြစ်သည်ဟု သိရသည်။
ထိုင်း - မြန်မာနယ်စပ်ဒေသတလျှောက်တွင် တရားဝင်ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်း ၉ ခုရှိပြီး ကရင်ပြည်နယ် အနီးတွင် စခန်း ၆ ခု၊ ကယားပြည်နယ်အနီးတွင် ၂ ခု၊ ရှမ်းပြည်နယ်အနီးတွင် ၁ ခုရှိနေ၍ ဒုက္ခသည် စုစုပေါင်း ၁ သိန်း ၃ သောင်းကျော်ရှိသည်ဟု ယခင်လက ထုတ်ပြန်ခဲ့သော ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) ၏ အချက်အလက်များ အရ သိရသည်။
တချို့သော သူများသည် ဒုက္ခသည်ဘ၀ဖြင့် စခန်းအတွင်းနေထိုင်ခဲ့ကြသည်မှာ ၂၅ နှစ်ခန့်ရှိပြီဖြစ်သည်။ ထို စခန်းများ အပြင် တရားမ၀င် ဖွင့်လှစ်ထားသည့် စခန်းပေါင်းများစွာ ရှိသေးသည်ဟုလည်း သိရသည်။
ထို့အပြင် ထွက်ပြေးလာသည့် ဒုက္ခသည်များ လမ်းခရီးတွင် မိုင်းနင်းမိပြီး ကိုယ်ခန္ဓာ ပျက်စီး ဆုံးရှုံးရမှုများနှင့် စခန်းအတွင်း ဆေးဝါးမပြည့်စုံသည့် အခြေအနေတွင် အရေးပေါ် ကုသရပုံများ၊ တိုက်ပွဲများဖြစ်ပွားမှုကြောင့် လမ်းခရီးတွင် ပုန်းအောင်းနေရသည့် အခက်အခဲဒုက္ခများ၊ ကရင်ရွာသားများအား စစ်အစိုးရတပ်များက အထမ်းသမား (ပေါ်တာ) များ အဖြစ် ခိုင်းစေပုံ၊ ရွာသားများ ပင်ပန်းသည်ဟု ညည်းညူမိသည့်အတွက် နှိပ်စက်ခံရပုံ၊ သတ်ဖြတ်ခံရပုံများကို ထည့်သွင်း ရိုက်ပြထားသည် ဟု ဒါရိုက်တာ စတီဖင်ဟဒ်က ပြောသည်။
ယင်းရုပ်ရှင်တွင် ဒုက္ခသည်စခန်း ကော်မတီလူကြီးအဖြစ် သရုပ်ဆောင်ခဲ့သည့် ဦးသိန်းဝင်းကလည်း “မိုင်းထိလာတဲ့ လူနာ တွေကို အရေးပေါ်အခြေအနေမှာ ခွဲစိတ်ကုသမှု ခံယူနိုင်အောင် ထိုင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်၊ လူသားချင်းစာနာတဲ့ အကူအညီ တွေပေးဖို့အတွက် လှုံ့ဆော်ထားတဲ့ ရည်ရွယ်ချက်တွေပါတယ်” ဟု ၎င်းကဆိုသည်။
ဦးသိန်းဝင်းသည် ဧရာဝတီတိုင်း ရေကြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ စည်းရုံးရေးမှူးတဦးဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ်သို့ရောက်ရှိလာကာ တနသာင်္ရီတိုင်း ရေးချောင်းဖျားရှိ ဗိုလ်မှူးကြီးစိန်မြ ဦးဆောင်သည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တွင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခုအခါ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ ပညာရေးအတွက် ဆောင်ရွက်နေသူဖြစ်သည်။
ဦးသိန်းဝင်းသည် မကြာသေးခင်က ၂၀၀၉ ခုနှစ်အတွက် အော်စကာဆု ဆန်ခါတင်အဆင့် ရွေးချယ်ခံရသည့် ၂၀၀၇ ခုနှစ် သံဃာတော်များ ဆန္ဒပြခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးကို ရိုက်ကူးထားသော “Burma VJ” ရုပ်ရှင်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။
အဆိုပါရုပ်ရှင်ကားကို ဆွစ်ဇာလန်နိုင်ငံမှ ကုမ္ပဏီ တခုနှင့် ဂျာမနီနိုင်ငံမှ ရုပ်ရှင်ကုမ္ပဏီတို့ ပူးပေါင်းပြီး ရိုက်ကူးခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်း အကုန်အကျခံထားကြောင်းသိရသည်။
ထိုသို့ရိုက်ကူးရာတွင် ဒုက္ခသည်စခန်းအဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီးရှိ ကရင်ရွာတရွာတွင် ရိုက်ကူးခဲ့ပြီး တချို့သော ဇာတ်ဝင်ခန်းများကို ဆွစ်ဇာလန်နိုင်ငံတွင် ရိုက်ကူးကြောင်း သိရသည်။
ထိုရုပ်ရှင်၌ ပါဝင်သည့် သရုပ်ဆောင်များကို ရွေးချယ်ရာတွင် အဓိက ဇာတ်လမ်း သရုပ်ဆောင်များဖြစ်သည့် မင်းသမီး နေရာတွင် ထိုင်းနာမည်ကြီး ရုပ်ရှင်မင်းသမီးတဦးအား ရွေးချယ်ထားသော်လည်း၊ နောက်ပိုင်းတွင် ဇာတ်လမ်းနှင့် ပိုမိုလိုက်ဖက်သည့် ရှမ်းအမျိုးသမီး သရုပ်ဆောင်ကို ရရှိခဲ့သည်ဟု ဒါရိုက်တာ စတီဖင်ဟဒ်က ပြောသည်။
“ဒီသရုပ်ဆောင်တွေ အားလုံးကို နှလုံးသားနဲ့ ရွေးချယ်ခဲ့တာပါ” ဟု ၎င်းကဆိုသည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ထိုင်းနိုင်ငံသို့လာရောက်ကာ တချို့သရုပ်ဆောင်များကို ရွေးချယ်ခဲ့ပြီး မိုင်းထိသည့် လူနာ ကလေးငယ်အဖြစ် ၁၂ နှစ်သားအရွယ် ထိုင်းကျောင်းသား တဦးက သရုပ်ဆောင်ထားသည်ဟုသိရသည်။
ဒါရိုက်တာ စတီဖင်ဟဒ်က “လူတိုင်းမှာ ကွဲပြားခြားနားတဲ့ အမြင်တွေ ရှိတဲ့အတွက် ယခုရုပ်ရှင်ကို ကြည့်ပြီးတဲ့အချိန်မှာ တဦးနဲ့တဦး မတူညီတဲ့ အမြင်တွေနဲ့ ဒီရုပ်ရှင်ရဲ့ အနှစ်သာရကို ခံစားနိုင်ကြမှာပါ” ဟု ဆိုသည်။
နယ်စပ်ဒေသရှိ ဒုက္ခသည်များ အကြောင်းကို ရုပ်ရှင် ရိုက်ကူးပြီး ကမ္ဘာကိုတင်ပြသကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည်များ ဘ၀နှင့် ထိုင်းနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် နေထိုင်ပြီး အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၏ ပင်ပန်းဆင်းရဲစွာ၊ အန္တရာယ်များစွာဖြင့် လုပ်ကိုင်စားသောက်နေရသည့် ဘ၀များကိုလည်း ကမ္ဘာကသိအောင် ရိုက်ကူးစေချင်ကြောင်း သရုပ်ဆောင်ခဲ့သူ ဦးသိန်းဝင်းက ပြောသည်။
ထို့အပြင် ဒါရိုက်တာ စတီဖင်ဟဒ်သည် ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်၌ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးဒုက္ခသည်များ အကြောင်း ရိုက်ကူးထားသည့် ဇာတ်လမ်းဖြင့် ဆုရရှိထားသူဖြစ်သည့် အတွက် ဤရုပ်ရှင်ကိုလည်း နိုင်ငံတကာရုပ်ရှင်ဆု မျှော်လင့်ထားသည်ဟု ဆိုသည်။
ဒါရိုက်တာ စတီဖင်ဟဒ်သည် ၁၉၆၁ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် မွေးဖွားခဲ့ပြီး ၁၉၈၅ မှ ၁၉၈၈ ခုနှစ်အထိ ဇူးရစ်မြို့ရှိ ရုပ်ရှင်ပညာသင်တန်းကျောင်းတွင် ရုပ်ရှင်ပညာသင်ကြားခဲ့သည်။ ထို့နောက် ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့ရာ ၂၀၀၂ ခုနှစ်တွင် “Utopia Blues” ရုပ်ရှင်ကားဖြင့် အကောင်းဆုံး ဆွစ်ဇာလန်ရုပ်ရှင်ဆု ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်မှ စတင်၍ ယနေ့အထိ ဆွစ်ဇာလန် ရုပ်ရှင်ထုတ်လုပ်သူများ အသင်း၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။
၂၀၀၈ ခုနှစ်က ပြသခဲ့သည့် နာမည်ကြီး သရုပ်ဆောင် Sylvester Stallone (ရမ်ဘို) ပါဝင်သရုပ်ဆောင်ထားသော မြန်မာပြည် နယ်စပ်ဒေသများ အပေါ် မြန်မာစစ်တပ်၏ ဖိနှိပ်မှုများကို အခြေခံ ရိုက်ကူးတင်ဆက်ထားသည့် Rambo IV ရုပ်ရှင်ကားသည် ပရိသတ်များ အကြား ရေပန်းစားခဲ့သည်။
ရန်ပိုင်
ခရီးသည်တင် နှစ်ထပ်သင်္ဘော ပစ်ခတ်မှု ဒီကေဘီအေ လက်ချက်ဟု ဒေသခံ ပြော
ခရီးသည်တင် နှစ်ထပ်သင်္ဘောကို ယခင်လအတွင်းမှ ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ရာတွင် တိုးတက်သောဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ) က ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံ တကောင်ဘိုးရွာသားတဦးက ပြောသည်။
ဖားအံမြို့နှင့် ရွှေဂွန်းကျေးရွာသို့ ပြေးဆွဲသည့် ပြည်တွင်းရေကြောင်းဌာနပိုင် စောဥမ္မာ အမည်ရှိ ခရီးသည်တင်နှစ်ထပ်သင်္ဘောကို ဖားအံမြို့နယ် တကောင်ဘိုးကျေးရွာတွင် ယခင်လ (၁၀) ရက်တွင် လက်နက်ကိုင်အဖွဲ့တခု က ကမ်းစပ်မှ ချောင်းမြောင်းပစ်ခတ် သဖြင့် ခရီးသည်(၃) ဦး သေဆုံးခဲ့သည်။
အဆိုပါ ပစ်ခတ်မှုအပြီး နောက်တနေ့တွင် စစ်အစိုးရပိုင် သတင်းဌာနများက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မျက်မြင်တဦးဖြစ်သည့် ဒေသခံ တကောင်ဘိုးရွာသားတဦးက “မနက် (၇) နာရီ မထိုးသေးဘူး တကောင်ဘိုးရွာ လှေဆိပ်မှာထိုင်တဲ့ ဒီကေဘီအေက အကောက်မှူး ဗိုလ်ဂျပုကို သူတို့အဖွဲ့ကလူတွေပဲ လာပစ်သတ်သွားတယ်။ သစ်ကိစ္စလို့ပြောတယ်၊ အဲဒါပြီးတာနဲ့ ရွှေဂွန်းကနေ ဖားအံကိုဆင်းမယ့် သင်္ဘောရဲ့အပေါ်ထပ် ဦးပိုင်းမှာရှိတဲ့ သင်္ဘောလုံခြုံရေး ရဲတွေကို သူတို့ပဲ အရင်ပစ်တယ်၊ ရဲကလည်းပြန်ပစ်တော့ နှစ်ဖက်အပြန်အလှန် ပစ်ကြပြီး ခရီးသည် (၃) ယောက်သေသွားတယ်၊ ကျနော်တို့ရွာမှာ ငပွေး (ကေအန်ယူ) တွေ မလာတာ အနှစ် (၂၀) ကျော်ပြီ” ဟု ပြောသည်။
တကောင်ဘိုးရွာလှေဆိပ်တွင် ဒီကေဘီအေမှ အကောက်ဂိတ်ဖွင့်ထားပြီး မြိုင်ကြီးငူနှင့် ရွှေဂွန်း ဘက်မှ စုံဆင်းလာသည့် သစ်ဖောင်များကို အခွန်ကောက်ခံရာတွင် ဂိတ်မှူးဗိုလ်ဂျပုသည် အခွန် အဆမတန်တောင်းခြင်း၊ သစ်ဖောင်သမားများအား ရမယ်ရှာကာ နေပူလှန်းခြင်း၊ အချိန်ကြာမြင့်စွာ ရေငုတ်ခိုင်းခြင်း၊ သစ်တောမျှောစာ ပါသည်မပါသည်ဖြစ်စေ မတရားအကြပ်ကိုင် ခြိမ်းခြောက်ငွေညှစ်ခြင်းတို့ကြောင့် ဒီကေဘီအေ အပါအ၀င် အခြားသစ်လုပ်ငန်းရှင်များနှင့်လည်း မကြေလည်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း အဆိုပါဒေသခံက ပြောသည်။
သင်္ဘောပစ်ခတ်သူများကို ယနေ့အချိန်ထိ အာဏာပိုင်များမှ ဖမ်းဆီးစစ်ဆေးနိုင်ခြင်း မရှိသေးဘဲ ကေအန်ယူအဖွဲ့ကို အပြစ်ပုံချထားပြီး သေဆုံးသူများကိုလည်း တစုံတရာ အကူအညီပေးခြင်းလုံးဝမရှိဟု သေဆုံးရာတွင်ပါဝင်သည့် ကုလားကုန်းရွာသားတဦး၏ မိတ်ဆွေများက ပြောသည်။
ကေအန်ယူ ဗဟိုအဆင့် ခေါင်းဆောင်တဦးကလည်း အခင်းဖြစ်ပွားရာ သံလွင်မြစ် အနောက်ဘက်ခြမ်းဒေသတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ မရှိကြောင်း၊ ဒီကေဘီအေ အဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်းသာဖြစ်ပြီး နအဖက ကေအန်ယူကို
နိုင်ငံရေးအရ ထိုးနှက်ခြင်းသာဖြစ်ကြောင်း ပြောသည်။
၁၉၉၄ ခုနှစ်နှောင်းပိုင်း ဒီကေဘီအေအဖွဲ့ စတင်ပေါ်ပေါက်ချိန်မှစ၍ ဖားအံမြို့နယ်နှင့် ဆက်စပ်သည့် သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် ကေအန်ယူတပ်ဖွဲ့များ လှုပ်ရှားမှုမရှိတော့ကြောင်း ဒေသခံများက ပြောသည်။
ရဲရင့်ဘန်ကောက် စတိတ်ရှိုးတွင် “ရဲတွေလာနေပြီ” သီချင်း လူကြိုက်များ
နိုဝင်ဘာ ၂၁ ရက်နေ့က လာရောက်ဖျော်ဖြေသွားခဲ့သော ယင်း စင်တင်ဖျော်ဖြေပွဲတွင် အများဆုံး ကြည့်ရှု အားပေးခဲ့သူများမှာ ထိုဒေသတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြပြီး “ရဲတွေလာနေပြီ” ဆိုသည့် သီချင်းက ၎င်းအလုပ်သမားတို့၏ ဘဝနှင့် တထပ်တည်း ကျသောကြောင့် နှစ်ခြိုက်အားပေးခြင်း ဖြစ်ကြောင်း အဆိုပါပွဲသို့ သွားခဲ့သည့် ကိုမင်းက ပြောသည်။
“စင်ပေါ်က အဆိုတော် ထွန်းထွန်းက ရဲတွေလာနေပြီ၊ ရဲတွေလာပြီလို့ ဆိုလိုက်တော့ ကျနော်တို့လည်း အောက်ကနေ ရဲတွေလာနေပြီ၊ ရဲတွေလာနေပြီ။ ဘတ် (အလုပ်သမားလက်မှတ်) မရှိရင်ပြေး၊ တောမော (ထိုင်းရဲ) လာနေပြီ၊ တောမောလာနေပြီ၊ ဘတ်မရှိရင်ပြေး လို့ ပြိုင်တူ တိုင်ပင်မထားဘဲ အော်လိုက်မိကြ တယ်” ဟု သူက ပြောပြသည်။
ထွန်းထွန်း၏ “ရဲတွေလာနေပြီ” သီချင်းထဲတွင် ပါဝင်သည့် အကြောင်းအရာများက လက်ရှိ မြန်မာပြည်သူ များ၏ နေ့စဉ်ဘ၀ကို ဖော်ပြထားသကဲ့သို့ ထိုင်း နိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ ဘ၀များ ထဲတွင်လည်း ထိုင်းရဲများ၊ ထိုင်း လ၀ကများကို အမြဲတမ်း ကြောက်ရွံ့ထိတ်လန့် နေရသည့် ခံစားမှု ရှိနေရာ ထိုသီချင်းကို အော်ဟစ်အားပေးမိကြောင်း ကိုမင်းက ဆက်ပြောသည်။
“ရဲတွေ လာနေပြီ၊ ရဲတွေလာနေပြီဆိုတာကို ဖျော်ဖြေပွဲအပြီး အပြန်မှာတောင် စိတ်ထဲက ဆိုနေမိတယ်” ဟု သူက ဆိုသည်။
လာရောက်ဖြေဖျော်သည့် အဆိုတော်များမှာ ရေဗက္ကာဝင်း၊ ဂျင်းနီ ၊ထွန်းထွန်း။ ဟန်ထွန်းနှင့် နောနော်တို့ ဖြစ်ကြသည်။
ပထမဦးဆုံး ထွန်းထွန်း ဖျော်ဖြေပြီးနောက် “ကြာပါတယ်ကွာ” ဆိုသည့် သီချင်းနှင့် နာမည်ကြီးလာသူ ဂျင်းနီဖျော်ဖြေသည်။
ပထမနေ့ ဖျော်ဖြေပွဲ စင်မြင့်ပေါ်တွင် ဂျင်းနီက “ကျမတို့ ဟာ နိုင်ငံရပ်ခြားမှာ မြန်မာတွေကို လာရောက် ဖျော်ဖြေတာပါ၊ ပရိသတ်က နည်းလွန်းတော့ အားမရဘူး၊ မြန်မာပရိသတ် ဒီလောက်ပဲလား၊ ရှိသေးရင် လာခဲ့ကြပါ။ မနက်ဖြန်ရော သဘက်ခါပါ ဂျင်းနီတို့ ဖြေဖျော်ဦးမှာပါ၊ လာခဲ့မယ်မဟုတ်လား” ဟု ပရိသတ်ကို ပြောခဲ့သည်။
ပွဲစတင်ချိန်တွင် ပရိသတ် ၂၀၀ ၀န်းကျင်သာရှိသောကြောင့် ဂျင်းနီနှင့် အဆိုတော် နောနော်တို့ ကိုယ်တိုင် လက်မှတ်ရောင်း ဌာနရှေ့တွင် ပရိသတ်များကို အားပေးရန် ခေါ်ယူခဲ့ကြောင်း တွေ့ရသည်။
ပရိသတ် အ၀င်နည်းမှုနှင့် ပတ်သက်၍ ငါးသေတ္တာစက်ရုံအနီးရှိ လဘက်ရည်ဆိုင် ပိုင်ရှင်တဦးက လွန်ခဲ့သည့် လေး၊ ငါး လခန့်က Iron Cross (IC) တေးဂီတအဖွဲ့ လာရောက်ဖျော်ဖြေခဲ့စဉ် အလုပ်သမား ရာနှင့်ချီ၍ အဖမ်းခံခဲ့ရကြောင်း၊ ထိုစဉ်က အဆိုတော် လေးဖြူအပါအဝင် IC အဖွဲ့သားများ အားလုံး အစစ်အမေး ခံခဲ့ ရကြောင်း၊ ထို့ပြင် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မဟာချိုင်တွင် အဆိုတော် Rဇာနည်နှင့် အဖွဲ့လာမည်ဟု ဆိုကာ ကြော်ငြာ၍ လက်မှတ်များရောင်းခဲ့ပြီးမှ ပွဲမဖြစ်ခဲ့ကြောင်း ပြောပြသည်။
“လူတွေက ကြောက်နေကြတယ်၊ ကန်ထရိုက်တွေ ကိုယ်တိုင်လည်း ခပ်လန့်လန့်ပဲလေ။ လက်မှတ်တောင် ကြိုမရောင်းရဲဘူး၊ ပြောရရင် ဒါ သူတို့ စမ်းကြည့်တာ။ ဒီပွဲအောင်မြင်ရင် သူတို့ ထပ်လုပ်ကြမှာ” ဟု သူက ဆိုသည်၊
ယခုကျင်းပသည့် ပွဲအတွက် ရုံဝင်လက်မှတ်များမှာ R ဇာနည်လာမည်ဟု ဆိုခဲ့စဉ်က စီစဉ် ထားသော လက်မှတ်များပင် ဖြစ်သည်။ အလားတူ အဆိုပါ ပွဲအတွက် ရည်ရွယ် ရိုက်နှိပ်ထားသော IRON CROSS တံဆိပ်ပါ တီရှပ်များနှင့် စီဒီချပ်များကိုပါ ရုံဝတွင် ရောင်းချနေသည်ကို တွေ့ရသည်။
ပရိသတ်ထဲမှ ဟန်ဇော်ငြိမ်းအမည်ရှိ ထားဝယ်တိုင်းရင်းသား တဦးက “ဒီညမှာတော့ ကျနော်က ထွန်းထွန်း ကို အကြိုက်ဆုံးပဲ။ အစကတော့ ဒီမှာ နာမည်ကြီးတာ၊ လူကြိုက်များတာက နောနော်နဲ့ ရေဗက္က၀င်းပါ။ ဒါပေမယ့် ဒီညကတော့ ထွန်းထွန်းညပဲ” ဟု ပြောသည်။
ရေဗက္က၀င်းကလည်း သူ၏ လူကြိုက်များသော သီချင်းတပုဒ်ဖြစ်သည့် “ငါပြောမယ် စောရအိုင်” ကို ပရိသတ်နှင့် အတူ သီဆိုခဲ့သည်။ စောရအိုင် ဆိုသည်မှာ ကချင်ဘာသာဖြင့် “နင့်ကို ငါချစ်တယ်” ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။
ပထမနေ့ ဖျော်ဖြေပွဲတွင် အဆိုတော်များက အနည်းဆုံး တဦးလျှင် သီချင်း ၅ ပုဒ်စီခန့် သီဆိုခဲ့ကြသည်။ ပွဲစတင်ရန် သတ်မှတ်ထားသော အချိန်ထက် ၁ နာရီကျော်ကျော် နောက်ကျသည်မှ အပ အဖမ်းအဆီး စသော မည်သည့်ပြဿနာမှ မရှိဘဲ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည်။
ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်သော မချိုက “အစက လူတွေလည်း သိပ် မသိဘူး၊ သိတဲ့ လူတွေလည်း မလာရဲကြဘူး၊ တခုခုဖြစ်မှာကြောက်လို့။ အခု ဘာမှမဖြစ်ဘူးဆိုတော့ ဒီနေ့အရမ်းစည်မှာ သေချာတယ်” ဟု ဒုတိယနေ့ပွဲစဉ်အတွက် ခန့်မှန်းစကား ဆိုသည်၊
ိနိုဝင်ဘာ ၂၂ ရက်နေ့၊ ဒုတိယညတွင် ပရိသတ် ထောင်နှင့်ချီ၍ လာရောက်အားပေးသည်ကို တွေ့ရသည်။ အဖမ်းအဆီး မရှိဘဲ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည်။
အဆိုပါ ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ၃ ရက်ကျင်းပပြုလုပ်သွားမည်ဟု ကြေညာ ထားသော်လည်း တတိယ ညဖျော်ဖြေပွဲကို ပွဲသွင်းသူ ကန်ထရိုက်များ အရှုံးပေါ်သဖြင့် ဖျက်လိုက်သည်ဟု ကြားသိရသည်။
ပွဲဖျက်လိုက်ရခြင်းနှင့် ပတ်သက်၍ ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်သည့် ကိုမောင်မောင်က “မနေ့ ကပွဲက စည်ပေမယ့် ရုံဝင်လက်မှတ်မှာ ပြဿနာတက်သွားတယ်။ သူတို့ အခု ရောင်းတဲ့ ရုံဝင်လက်မှတ်က မဟာချိုင် မှာ အာဇာနည်တို့ ပွဲအတွက် ရောင်းတဲ့ လက်မှတ်နဲ့  အတူတူပဲဆိုတော့ ပြန်အမ်းငွေမရခဲ့တဲ့ သူတွေက အဲဒီလက်မှတ်အဟောင်းတွေနဲ့ လာကြည့်ကြတယ်” ဟု ရှင်းပြသည်။
ဆက်လက်၍ သူက ဒုတိယနေ့ ပွဲတွင် လက်မှတ်အသစ် သိပ်မရောင်းရဘဲ လူစည်ခဲ့သဖြင့် ကန်ထရိုက်များ အရှုံးပေါ်ခြင်းဖြစ်ကြောင်း ပြောပြသည်။
“နောက်ပြီး တနင်္ဂနွေ အလုပ်ပိတ်ရက်တောင် လူသိပ်မရတာ တနင်္လာဆို အချိန်ပိုအလုပ်ဆင်းရတာနဲ့ ပွဲလာမယ့်သူ ရှိမဟုတ်ဘူး၊ အဲဒါကြောင့် ပွဲဖျက်လိုက်တာ” ဟု သူက ဆိုသည်။
ဧရာဝတီသတင်း
လူတော်လူမော်တွေအမြဲတစေလက်ကိုင် ထားတတ်တဲ.အမူအကျင်.(၁၀)မျိုး
ပို့ပေးသော သူငယ်ချင်းကို ကျေးဇူးအများကြီးတင်ပါတယ်...
အခြားသော သူငယ်ချင်းများလဲ သိအောင် မျှဝေလိုက်ပါတယ်...
၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ
ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့
စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ
သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊
ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။
၂။ လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်ေ အာင်) ကြိုးစားတယ်
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ
ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း
ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင်
လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။
မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု
ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။
၃။၊ ဂရုဏာစိတ်ထားတယ်
တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့
မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။
ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ
လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။
၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်
ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို
လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊
ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး
ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့
သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။
၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်
ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊
နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင်
အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန်
ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က
ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က
ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့
အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး
ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။
၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ
အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ
ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း
ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့
ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့
မသင့်တော့ဘူး။
၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်
အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊
အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။
ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ
အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး
တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို
ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက
မြစ်ဖျားခံတာပဲ။
၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်
အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု
မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို
စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို
နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ
ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိပ်အပိုင်း တော်တော်များများမှာ
လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။
၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်
စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊
နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့
ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ
ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga
သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။
၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်
အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။
အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊
ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ
တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို
ထိန်းထားနိုင်လိမ့်မယ်။
မီးလေး
Sunday, November 22, 2009
UN Cares က မြန်မာ့ HIV/ AIDS အရေး ရုပ်ရှင်ရိုက်ကူးရန် ပြင်ဆင်
ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သော UN Cares က မြန်မာနိုင်ငံတွင်း HIV/ AIDS အခြေအနေကို ဗီဒီယို ရိုက်ကူးမည့် အစီအစဉ်အတွက် ယခု ဂျီနီဗာတွင် ဆွေးနွေးနေသည်။
“ပထမတော့ မြန်မာပြည်ထဲမှာ ရိုက်ကူးဖို့ပါ။ ပြဿနာက လာရိုက်မယ့်သူတွေ ဗီဇာ အခက်အခဲရှိနေပါတယ်”ဟု UN အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတဦးက ပြောသည်။
HIV/AIDS အရေးကိစ္စကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခြင်းမရှိသော မြန်မာစစ်အစိုးရက ယခုကဲ့သို့ UN အဖွဲ့အစည်းတခုကို ရုပ်ရှင်ရိုက်ကူးခွင့် ပြုမပြုကိုမူ မသိနိုင်သေးကြောင်း ၎င်းကပြောသည်။
၎င်း၏ပြောကြားချက်အရ အစည်းအဝေးကို ယခုလ (၁၇) ရက်နေ့မှစပြီး ဂျီနီဗာတွင် ပြုလုပ်နေသည်ဟု သိရသည်။
ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာ မြန်မာ့ HIV အရေးဆောင်ရွက်နေသော်လည်း တနိုင်ငံလုံး လွှမ်းခြုံနိုင်ခြင်း မရှိသေးဘဲ ARV ဆေးဝါးပင် မလုံလောက်သေးသည် ကို တွေ့ရသည်။
မြန်မာစစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက တနိုင်ငံလုံး အတိုင်းအတာအရ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းအတွက် တနှစ်လျှင် အမေရိကန် ဒေါ်လာ (၂) သိန်းသာ သတ်မှတ်သုံးစွဲသည်ဟု ၂၀၀၈ ခုနှစ်၌ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ အပါအ၀င် HIV /AIDS အရေးလှုပ်ရှားသည့်အဖွဲ့များက ဖော်ပြသည်။
ယင်းသုံးစွဲမှုမှာ လူပေါင်းသန်း (၆၀) ခန့်ရှိ မြန်မာလူထုအတွက် နည်းပါးလွန်းသော ကျန်းမာရေး အသုံးစရိတ်ဖြစ်သည်ဟု ဝေဖန်ချက်များလည်း ထွက်ပေါ်ခဲ့သည်။
မေကျော်
ကလေးအခွင့်အရေး သူရဲကောင်းဆု နယ်လ်ဆင်မန်ဒဲလားနှင့်ဇနီး ရရှိ
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာကလေးငယ် (၇) ထောင်ကျော်အပါအ၀င် နိုင်ငံတကာမှ ကလေး (၂၃) သန်းကျော်က ရွေးချယ်သည့် ပထမဦးဆုံးအကြိမ် “ဆယ်စုနှစ်အတွက် ကလေးအခွင့်အရေးသူရဲကောင်း” ဆုကို တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားနှင့် ဇနီးတို့က ရရှိသွားသည်။
အဆိုပါဆုနှင့်ပတ်သက်သည့် ကမ္ဘာ့ကလေးများ၏ နိုင်ငံတကာသတင်းစာရှင်းလင်းပွဲတရပ်ကိုလည်း ယနေ့ညနေ (၄) နာရီအချိန် တွင် ကမ္ဘာတ၀ှမ်းတွင် တပြိုင်တည်းကျင်းပခဲ့ကြသည်။
မဲပေးရာတွင်ပါဝင်ခဲ့ကြသည့် မြန်မာရွှေ့ပြောင်း ကျောင်းများကလည်း မဲပေးခဲ့သည့် ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံတွင် ကလေးအခွင့်အရေး ချိုးဖေါက်ခံရမှုများကို ထိုင်းနယ်စပ်ရှိ မယ်တော်ဆေးခန်းတွင် ရှင်းလင်းပြောကြားခဲ့ကြသည်။
မဲဆောက် (CDC) ကျောင်းမှ မောင်ရဲလင်းအောင်က “ကလေးအခွင့်အရေး ချိုးဖေါက်ခံရတဲ့အထဲမှာ အဆိုးဆုံးကတော့ ကလေးစစ်သားလို့ ကျနော်ယူဆပါတယ်၊ ကမ္ဘာပေါ်မှာ ကလေးအခွင့်အရေး ချိုးဖေါက်ခံရတာ အများဆုံးကတော့ ကလေးစစ်သားဆိုတာ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ပါပဲ၊ ကလေးတွေဒီလိုမဖြစ်ရအောင် ကြိုးပမ်းကြဖို့ အားလုံးမှာ တာဝန်ရှိပါတယ်” ဟုရှင်းလင်းပြောကြားခဲ့သည်။
လှည်းဘီးကျောင်းမှ ကျောင်းသူတဦးကလည်း လက်ရှိမြန်မာကလေးငယ်များ ပြည်တွင်းပြည်ပတွင် ကြုံတွေ့နေရသည့် ကလေးအခွင့်အရေး ချိုးဖေါက်ခံရမှုများကိုလည်း အကိုးအကားများဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။
ကလေးများ အခွင့်အရေးအတွက် ကမ္ဘာ့ကလေးများက ပေးအပ်သည့်ဆုကို နိုင်ငံပေါင်း (၁၀၁) နိုင်ငံရှိ ကျောင်းပေါင်း (၅၃၀၀၀) မှ ကလေး (၂၃) သန်းက ပိုင်ဆိုင်သည့်ဆုဖြစ်ပြီး အဆိုပါ ကျောင်းများထဲတွင် မြန်မာကျောင်း (၆၈) ကျောင်းမှ ကလေးငယ်
(၈၂၈၃) ဦး ပါရှိသည်။
၎င်းမြန်မာကျောင်းသားများထဲမှ (၇၀၅၈) ဦးသည် မဲဆောက်ဒေသရှိ ရွှေ့ပြောင်းမြန်မာကလေးငယ်များ၊ ကျောင်းအသီးသီးမှ ဖြစ်ပြီး ကလေးအခွင့်အရေးသူရဲကောင်း ရွေးချယ်ရာတွင် ပါဝင်ခဲ့ကြသည်။
ဆုရွေးချယ်မှုကို ဆွီဒင်နိုင်ငံအခြေစိုက် ကလေးများ အခွင့်အရေးနှင့်သက်ဆိုင်သည့် ဆုရွေးချယ်ရေးအဖွဲ့က ကမကထပြု၍
၁၉၉၉ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နယ်ဆင်မန်ဒဲလား အပါအ၀င် နိုင်ငံတကာမှ ကလေးအခွင့်အရေးများ ကူညီဆောင်ရွက်သူ (၁၃) ဦးတို့ကို ဆုအတွက် လျာထားခဲ့သည်။
ခေတ်ပြိုင်မှကိုးကားယူသည်..
၂၀၁၀ အမီ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်နိုင်ဟု အိုင်တီလောက သုံးသပ်
မြန်မာဘာသာသုံး အီးမေးလ်စနစ်ကို စစ်အစိုးရ၏ ရတနာပုံတယ်လီပို့က တည်ဆောက်နေပြီး ပြည်တွင်း Bandwith ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း ဖော်ပြသည့် ပြည်တွင်းထုတ် Flower News ဂျာနယ်သတင်းကို ကိုးကားပြီး သုံးသပ်ကြခြင်း ဖြစ်သည်။
“ပြည်တွင်း Bandwith ဆိုရင်တော့ အင်ထရာနက် သဘောမျိုးလုပ်တာပဲ။ အင်ထရာလို့ပဲ ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အီးမေးလ်ကို မြန်မာလိုသုံးဖို့ဆိုတာက တော်တော်တော့ မလွယ်ဘူးလေ။ ဥပမာ နိုင်ငံခြားသားကို မြန်မာလိုပို့လိုက်မယ်ဆိုလို့ ရမလား။ သူပြောတာဆို ပြည်တွင်းသုံး အင်ထရာနက်သဘောဖြစ်ဖို့ များတယ်” ဟု ပြည်တွင်း အိုင်တီပညာရှင်တဦးက ပြောသည်။
လက်ရှိ အနေအထားအရလည်း ပြည်တွင်းစာပို့မှုအတွက် အင်တာနက် အီးမေးလ်ကို အသုံးပြုခြင်းထက် နိုင်ငံတကာနှင့် ဆက်သွယ်ရေးအတွက် ပိုမိုအသုံးပြုနေကြခြင်းဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကမူ နိုင်ငံတကာနှင့် ချိတ်ဆက်သည့် အင်တာနက်မြန်နှုန်း (၁.၅) ဂီဂါဘိုက်သာရှိသဖြင့် ပြည်တွင်းစာပို့အသုံးပြုမှုကို ပြည်တွင်း Bandwith ခွဲခြားအသုံးပြုခြင်းဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်အသုံးပြုသည့် အင်တာနက် မြန်နှုန်းမြင့်လာမည်ဟု အကြောင်းပြပြောဆိုထားသည်။
ပြည်တွင်း Bandwith ဖြင့် အင်ထရာနက်အဖြစ် လုပ်ဆောင်လိုက်ပါက အများပြည်သူအတွင်း သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်ခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်လာမည်ဟု ခန့်မှန်းကြသည်။
စင်ကာပူအခြေစိုက် မြန်မာ အိုင်တီပညာရှင်တဦးကမူ “အင်တာနက်ပဲ လွတ်လွတ်လပ်လပ် ဖြစ်သင့်တယ်။ အခုက သူတို့က မြန်တာ နှေးတာထက် သူတို့ များများ control လုပ်နိုင်မှာကို ရည်ရွယ်တာပါ။ သူတို့ လူတွေကို အင်တာနက် မြန်မြန်ဆန်ဆန် သုံးစေချင်တဲ့ စေတနာရှိမယ်လို့ ထင်သလား” ဟု ဆိုသည်။
အင်ထရာနက်စနစ်ကို ယခင်ပုဂံဆိုက်ဘာတက်ခ် စတင်ကာစက Mail4u အဖြစ် အသုံးပြုခဲ့ဖူးပြီး ၀င်လာသည့်စာများကို စစ်ဆေးကြပ်မတ်ခဲ့သည်။
အင်ထရာနက်စနစ်က ချိတ်ဆက်ထားသော network အတွင်းသာ အသုံးပြုနိုင်ပြီး ပုဂ္ဂလိကလုပ်ငန်းများတွင် အသုံးပြုသော စနစ်တခုဖြစ်သည်။ အင်တာနက်ကဲ့သို့ ကမ္ဘာတလွှား ချိတ်ဆက်နိုင်မည်မဟုတ်ဘဲ ယင်းစနစ် ချိတ်ဆက်ထားသည့် ဒေသတွင်းသာ အသုံးပြုနိုင်မည်ဖြစ်သည်။
“အီးမေးလ်လည်းရတယ်။ ပြီးတော့ customized software တွေလည်းပါတယ်၊ နက်ဝေါ့ခ်အတွင်းမှာ ဘယ်သူသုံးသုံးရတယ်။ အပြင်ကတော့ ၀င်လို့ရဘူး။ အီးမေးလ်တွေကအစ အကုန် filter ရှိပြီးသား” ဟု အိုင်တီပညာရှင်က ပြောသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်း ဦးဆောင်အကောင်အထည်ဖော်နေသည့် ရတနာပုံ ဆိုက်ဘာစီးတီးက လာမည့် ဒီဇင်ဘာ (၂၄) ရက်တွင် ပြုလုပ်မည့် အိုင်စီတီပြပွဲတွင် ယင်း မြန်မာစာစနစ်သုံး အီးမေးလ်စနစ်ကို စတင်မိတ်ဆက်မည်ဟု ဆိုသည်။
စစ်အစိုးရက ယခုလက်ရှိ အင်တာနက် စာပို့စနစ်ကို တရားဝင်ခွင့်ပြုထားခြင်းမဟုတ်ဘဲ အသုံးပြုသူများမှာ အီလက်ထရောနစ် အက်ဥပဒေနှင့် ငြိစွန်းနေသည်။
ခေတ်ပြိုင်မှကိုးကားယူသည်....