ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်း ခရိုင်အတွင်း ယမန်နေ့က တရားမ၀င် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ တင်ဆောင်လာသည့် ကားကို ထိုင်း လုံခြုံရေး တပ်က ပစ်ခတ် ဖမ်းဆီးခဲ့ သောကြောင့် ကလေးငယ် ၂ ဦး အပါအ၀င် ၃ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာရရှိ သွားသည်။
ကားပေါ်တွင် မြန်မာပြည်သား (၁၅)ဦး လိုက်ပါလာခဲ့ပြီး ရနောင်းမြို့အ၀င် စစ်ဆေးရေး ဂိတ်တခုသို့ အရောက်တွင် ထိုင်းလုံခြုံရေး တပ်များက စစ်ဆေးရန် တားဆီးသည်ကို မရပ်ပေးသဖြင့် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ရနောင်းမြို့ဒေသခံ မြန်မာ တဦး က ဧရာဝတီသို့ ပြောသည်။
“ကားကို တားတဲ့ အခါကျတော့ ရပ်မပေးဘဲနဲ့ မောင်းပြေးတာ မောင်းပြေးတဲ့အချိန်မှာ ကားဘီးကို ပစ်တာ၊ ဒါပေမယ့် ဘီးရဲ့အပေါ် မှာ လူတွေက လှဲအိပ်နေတဲ့ အခါကျတော့ ပစ်တဲ့အခါ ဘီးလဲမှန်၊ ကားရဲ့ ဘော်ဒီကိုလည်း ဖောက်ပြီးတော့ အတွင်းထဲက ကလေး တွေကိုလည်း သွားမှန်တယ်”ဟု ၎င်းက ဆိုသည်။
ထိုင်း လုံခြုံရေးတပ်များ ပစ်ခတ်မှုကြောင့် အသက် ၂နှစ် နှင့် ၄ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါ အ၀င် အသက် ၂၀ ကျော် တဦး သေဆုံးသွားပြီး ဒဏ်ရာ ရရှိခဲ့သူ ၅ ဦးကို ရနောင်း ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။ ကျန်ရှိနေသည့် ၇ ဦး နှင့် ထိုင်းလူမျိုး ကားသမား တဦးကို ရနောင်း မြို့ရှိ ပါနန်း အချုပ်တွင် ဖမ်းဆီးထားသည်။
ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ပါနန်း ရဲစခန်းသို့ ဧရာဝတီ သတင်းဌာနမှ စုံစမ်းမေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက“ဖမ်း ဆီးထားတဲ့ ၇ ယောက် ရှိပါတယ်၊ အမှုနဲ့ ပတ်သက်ပြီး စစ်တပ်က ဖမ်းဆီးတာ၊ အသေးစိတ်ကို မသိရသေးဘူး”ဟု ပြောပြသည်။
ဖမ်းဆီးခံထားရသော မြန်မာပြည်သားများသည် ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်နေထိုင်မှုဖြင့် အရေးယူခံရနိုင် သကဲ့သို့ ကား သမားမှာ လူကုန်ကူးမှု၊ လူသေဆုံးမှု၊ ကားကို မဆင်မခြင်မောင်းနှင်မှု စသည့် အမှုများဖြင့် တရားစွဲဆိုခံရနိုင်ကြောင်း ရနောင်း မြို့ရှိ မြန်မာပြည်သား တဦးက ဆိုသည်။
သေဆုံးသူနှင့် ဖမ်းဆီးခံရသော မြန်မာပြည်သား အများစုသည် မွန်ပြည်နယ် နှင့် တခြားမြို့မှ ဒေသခံများဖြစ်ကြပြီး ကော့သောင်း မြို့မှ တဆင့် ရနောင်းမြို့သို့ လာရောက် အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်း တွင်လည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာ ပြည်သား ၉ ဦးကို ဖုတ်ဖရ မြို့နယ်အနီး တနေရာတွင် တွေ့ရှိခဲ့ကြသည်။
၎င်း တို့ကို ငွေကြေးတောင်းခံစဉ် ထွက်ပြေးသည့် အတွက် လိုက်လံဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်း အထိ ရှိကြောင်း အလုပ်သမားအဖွဲ့များက ပြောသည်။
သန်းထိုက်ဦး
Friday, February 26, 2010
Wednesday, February 24, 2010
ရွှေ့ပြောင်းအလုပ်သမားများ၏ အန္တရာယ်အကြောင်း အစီရင်ခံစာထုတ်ပြန်
ထိုင်းနိုင်ငံတွင်း လာရောက်အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအာဏာပိုင်တို့၏ အကြမ်းဖက်ဖိနှိပ် ကန့်သတ်မှုလုပ်ရပ်များကို တင်ပြထားသည့် အစီရင်ခံစာတစောင်ကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ထုတ်ပြန်လိုက်သည်။
“ကျားလွတ်ရာမှ မိကျောင်းအန္တရာယ်တွင်းသို့” ဟု အမည်ပေးထားသော အဆိုပါအစီရင်ခံစာကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံသား (၈၂) ဦး၏ အဖြစ်အပျက်ကို အခြေခံရေးသားထားပြီး ဖေဖော်ဝါရီ (၂၂) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများသည် သတ်ဖြတ်ခံရခြင်း၊ ထိန်းသိမ်းရေးစခန်းများ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ရိုက်နှက်ညှဉ်းဆဲခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အဓမ္မလုပ်အားခိုင်းစေခံရခြင်း၊ ကန့်သတ်တားမြစ်ခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အလုပ်သမားများအပေါ် လူ့အခွင့်အရေးနှင့် ကျိုးကြောင်းမညီညွတ်သည့် ဥပဒေများကို ထိုင်းအစိုးရအနေဖြင့် ယခုအချိန်တွင် ဖျက်သိမ်းသင့်ပြီဖြစ်ကြောင်း HRW ၏ အာရှရေးရာ ဒါရိုက်တာ ဘရက် အာဒမ်စ်က ပြောကြားထားသည်။
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လျှောက်ထားခြင်းမရှိသည့် ရွှေ့ပြောင်းအလုပ်သမားများကို ယခုလကုန်တွင် ဖမ်းဆီးကာ နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရ၏ကြေညာချက်ကြောင့် အလုပ်သမားများအနေဖြင့် ရပ်တည်ရန် ပိုမိုခက်ခဲကြလိမ့်မည်ဟုလည်း ၎င်းက ပြောဆိုသည်။
ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို တရားမျှတစွာ အကာအကွယ်ပေးနိုင်သည့်အချိန်မှသာ ထိုင်းအစိုးရက ယာယီနိုင်ငံကူးလက်မှတ်ကိစ္စကို ဆက်လက်လုပ်ဆောင်သင့်သည်ဟု ဘရက် အာဒမ်စ်က အစီရင်ခံစာတွင် တင်ြပထားသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား (၂) သန်းမှ (၄) သန်းအထိ ရှိရာ၌ (၈၀) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ်ကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် စရိတ်မှာ ထိုအလုပ်သမားတို့၏ လုပ်ခ (၂) လစာ၊ (၃) လစာအထိ ရှိနေသည့်အတွက် ပြုလုပ်ကြရန် ခက်ခဲကြခြင်းဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။
တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော်ကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ပါက လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်ပြီး ထိုင်းနိုင်ငံ၏ စီးပွားရေး ကျဆင်းသွားနိုင်သောကြောင့် ပြန်ပို့ရန် မဖြစ်နိုင်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့တို့က ခန့်မှန်းကြသည်။
“ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ အများကြီး မှီတည်နေရပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှု အန္တရာယ်ကနေ သူတို့အတွက် ကာကွယ်ပေးနေတာက တကယ့်ကို အနည်းအကျဉ်းသာ လုပ်ပေးပါတယ်” ဟု HRW အဖွဲ့မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဘရက် အာဒမ်စ်က ပြောကြားသည်။
ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအာဏာပိုင်များ၊ ဝန်ထမ်းများ၊ စီးပွားရေးသမားများက ရာဇဝတ်မှုဆိုင်ရာ အကြမ်းဖက်မှု၊ ဖိနှိပ်မှုများ လုပ်နေသည်ကို အဆုံးသတ်နိုင်စေရန် ထိုင်းအစိုးရအနေဖြင့် ကြိုးပမ်းသင့်ကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။
ဝီရ(ခေတ်ပြိုင်)

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် နယ်စပ်မြို့တမြို့ ထပ်တိုး
လုပ်ငန်းစဉ် ပိုမိုမြန်ဆန်လာစေရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင်လည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသွားရန် နှစ်ဖက်နိုင်ငံမှ အာဏာပိုင်တို့က စီစဉ်နေကြောင်း မြန်မာဘက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “မနက်ဖြန် (၂၅) ရက်နေ့ကနေ (၂၈) ရက်နေ့ လကုန်တဲ့အထိ ရှေ့ဆက်မယ့်လုပ်ငန်းအတွက် ဆွေးနွေးကြတယ်။ အဲဒါမှာ ဘန်ကောက်မြို့နဲ့ အနီးဆုံးနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမှာလည်း ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးဖို့ အခု စီစဉ်နေပါတယ်။ နောက်လမှာ စဖို့ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ဘန်ကောက်မြို့မှ ကီလိုမီတာ (၃၀၀) နီးပါးသာ ကွာဝေးသော ဘုရားသုံးဆူမြို့တွင် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ရုံးဖွင့်လှစ်ပေးပါက အလုပ်သမားများအတွက် ခရီးကြန့်ကြာမှု လျော့ကျသွားကာ လုပ်ငန်းစဉ်ကိုလည်း ပိုမို မြန်ဆန်လာစေကြောင်း လဝက ဝန်ထမ်းက ဆက်လက်ပြောကြားသည်။
နှစ်ဖက်နိုင်ငံမှ တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသော်လည်း ဘုရားသုံးဆူမြို့တွင် မြန်မာရဲ၊ စစ်တပ်၊ စရဖနှင့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့တို့၏ ဂိတ်ပေါက်ငယ်များမှတဆင့် ဖြတ်သန်းသွားလာနိုင်သည်။
ဘုရားသုံးဆူမြို့၌ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် စီစဉ်နေကြောင်း နယ်စပ်မှ မွန်ပြည်သစ်ပါတီ အရာရှိတဦးကလည်း အတည်ပြုပြောကြားခဲ့ပြီး ဘန်ကောက်မြို့ ပတ်ဝန်းကျင်ရှိ သိန်းချီသော မြန်မာအလုပ်သမားများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။
“ရေလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ မဟာချိုင်နဲ့ ဘန်ကောက်တဝိုက်က မြန်မာအလုပ်သမားတွေအတွက် မြဝတီနဲ့ ကော့သောင်းထက်စာရင် ဒီဘုရားသုံးဆူမှာ လာလုပ်လို့ရရင် ခရီးသိပ်မကြာဘူး၊ ပိုမြန်လာမယ်ဆိုပြီး ဘုရားသုံးဆူနယ်စပ် ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖွဲ့နဲ့ နှစ်ဖက် အာဏာပိုင်တွေက ဆွေးနွေးပြီးတော့ ဒီနယ်စပ်မြို့မှာလည်း ဖွင့်ဖို့ဖြစ်လာတာ” ဟု ပြောသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်နိမိတ်မျဉ်းသည် ထိုင်းနိုင်ငံ စံခရဘူရီမြို့နယ်ရှိ ဘုရားသုံးဆူမြို့ကို ထက်ဝက်ပိုင်းခြားထားကာ တဖက်တွင် မြန်မာနိုင်ငံပိုင်နက်ဖြစ်ပြီး တဖက်တွင် ထိုင်းနိုင်ငံပိုင်နက်ဖြစ်သည်။
လက်ရှိတွင် ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးရာ ရုံးများကို ကော့သောင်းမြို့၊ မြဝတီမြို့နှင့် တာချီလိတ်မြို့တို့တွင် မြန်မာဘက်က ဖွင့်လှစ်ထားသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမားလက်မှတ်ရှိသူ မြန်မာနိုင်ငံသား (၁) သန်းကျော်တွင် ယာယီနိုင်ငံကူးလက်မှတ် လျှောက်လွှာ တင်ထားသူပေါင်း (၄) သောင်းကျော်သာ ရှိသေးပြီး ၎င်းတို့အနက် အုပ်စု (၂) စုခွဲကာ ၂၀၁၀ ခုနှစ်အတွင်း ပထမ (၆) သိန်း၊ နောက်နှစ်တွင် ဒုတိယ (၆) သိန်းကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးသွားရန် လွန်ခဲ့သည့် သီတင်းပတ်က ပုဂံမြို့တွင် နှစ်ဖက် အလုပ်သမားဝန်ကြီး ကိုယ်စားလှယ်တို့က ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။
၂၀၀၉ ခု ဇူလိုင် (၁၅) ရက်နေ့က စတင်ထုတ်ပေးခဲ့သည့် ယာယီ နိုင်ငံကူးလက်မှတ်သည် မြန်မာဘက်၌ ကျပ်ငွေ (၃) ထောင်၊ ထိုင်းဘက်၌ ဘတ်ငွေ (၅၀၀) ကုန်ကျကာ စာအုပ်သက်တမ်း (၃) နှစ်ရှိသည်ဟု မြန်မာအာဏာပိုင်တို့က ကြေညာထား သော်လည်း နယ်စပ်သို့သွားရောက်ရန် လမ်းခရီးစရိတ်သည် ထိုင်းဘတ်ငွေ (၈,၀၀၀) မှ (၁၀,၀၀၀) အထိ ထပ်မံကုန်ကျမည် ဖြစ်သည်။
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြန်မာအလုပ်သမားများ တွန့်ဆုတ်ရခြင်း အကြောင်းအရင်းများအနက် စစ်အစိုးရ အာဏာပိုင်တို့ကို ယုံကြည်မှုမရှိခြင်း၊ မိမိ၏ ကိုယ်ရေးအချက်အလက်များကို တိကျစွာ ပေးထားရခြင်း၊ လုံခြုံရေးအတွက် စိုးရိမ်ရခြင်း၊ နောက်ဆက်တွဲ အခွန်ကောက်ခံမည်ကို စိုးရိမ်နေခြင်းနှင့် တရားဥပဒေပိုင်းဆိုင်ရာ နားလည်မှု မရှိခြင်းတို့က အဓိကကျနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။

Sunday, February 21, 2010
မြန်မာ အလုပ်သမားများကို ထိုင်းက ပြန်ပို့ဖွယ်ရှိ
ယခု လကုန်ပိုင်းတွင် ထိုင်းအစိုးရက မြန်မာပြည်သား အများစု ပါဝင်သည့် နိုင်ငံခြားသား အလုပ်သမား အများအပြားကို နေရပ်ရင်းသို့ အတင်းအကျပ် ပြန်ပို့ဖွယ် ရှိသဖြင့် လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ်နေကြသည်။
ပြီးခဲ့သည့်လက ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသတွင် တွေ့ရသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)
ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားခြင်း၊ လျှောက်ထားခြင်း မရှိသည့် သန်းနှင့် ချီသော မြန်မာ အလုပ်သမား များကို ပြန်ပို့ပါက ၎င်းတို့ အပေါ် မှီခိုနေရသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်နိုင်ပြီး ကမ္ဘာ့ အလယ် တွင်လည်း ထိုင်းနိုင်ငံက မျက်နှာ ပျက်ရမည်ဟု လူ့အခွင့်အရေး အဖွဲ့တို့က ထောက်ပြ ကြသည်။
“ဖမ်းဆီးပြီး အတင်း အကျပ် ပြန်ပို့တာဟာ အလုပ် သမားတွေ အတွက်လည်း အန္တရာယ် ရှိတယ်။ လူ့ဂုဏ် သိက္ခာ ကိုလည်း ထိခိုက် စေတဲ့ အတွက် မလုပ်သင့်ဘူး” ဟု အလုပ်သမား အရေး ဆောင်ရွက်သည့် ချင်းမိုင်မြို့ MAP ဖောင်ဒေးရှင်းမှ တာဝန်ခံ တဦး ဖြစ်သူ ဂျက်ကီ ပူးလော့က ပြောသည်။
အလုပ်သမားများ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရေး အတွက် နိုင်ငံသား စိစစ်ရေး လုပ်ငန်း စဉ်တွင် ပါဝင်ရန် နောက်ဆုံးရက် အဖြစ် ထိုင်းအစိုးရက သတ်မှတ် ထားသည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ သည်လည်း တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။
ထို နောက်ဆုံး သတ်မှတ်ရက်ကို ရွှေ့ဆိုင်းပေးရန် အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ကို အင်္ဂါနေ့က တောင်းဆို ခဲ့ကြသေးသည်။ ထိုင်းအစိုးရက ထိုတောင်းဆို ချက်များကို တုံ့ပြန်ခြင်း မရှိသေးပေ။
ထိုလုပ်ငန်းစဉ်များ အတွက် လောနှင့် ကမ္ဘောဒီးယား အစိုးရ အရာရှိများက ၎င်းတို့၏ အလုပ်သမားများ ရှိရာ ထိုင်းနိုင်ငံသို့ လာရောက်ပြီး ဆောင်ရွက် ပေးခဲ့ကြသည်။ မြန်မာ အစိုးရကမူ ထိုသို့ ဆောက်ရွက် ပေးခြင်း မရှိပေ။
သို့သော်လည်း မြန်မာအစိုးရက နယ်စပ်မြို့ တချို့တွင် ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးများဖွင့်ပြီး ၂၀၀၉၊ ဇူလိုင်လမှ စတင်၍ လုပ်ငန်းများ လည်ပတ်ခဲ့သည်။
နိုင်ငံကူး လက်မှတ် လုပ်ဆောင်ကြရန် မြန်မာ အစိုးရက အလုပ်သမားများကို လှုံ့ဆော်သည့် လက်ကမ်း စာစောင်များကို ထိုရုံးများမှ တဆင့် ဖြန့်ဝေခဲ့သည်။ နိုင်ငံကူး လက်မှတ် လာရောက် လုပ်ဆောင် သူများကို “ဖမ်းဆီးခြင်း မရှိ၊ တားဆီး စစ်ဆေးခြင်း မရှိ၊ အခွန် ကောက်ခြင်း မရှိ” ကြောင်း ထိုလက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။
အလုပ်သမား အများစု စိုးရိမ်သည့် အချက်မှာ “အခွန် ကောက်ခြင်း” ဖြစ်သည်။ နေရပ်ရင်းရှိ မိသားစုထံသို့ မြန်မာ အာဏာပိုင်များက သွားရောက်ပြီး အခွန် ကောက်မည်ကို ၎င်းတို့က ပူပန်ကြသည်။ အလုပ်သမား တို့၏ စိုးရိမ်ချက်ကို မည်သည့် အဖွဲ့အစည်းကမျှ ဖြေရှင်း ပေးနိုင်ခြင်း မရှိသေးပေ။
ယာယီနိုင်ငံကူး လက်မှတ် အစီအစဉ် အတွက် အလုပ်သမား၊ အလုပ်ရှင်တို့ ပူးပေါင်းပြီး ၂ နိုင်ငံ အစိုးရ အရာရှိများကို ဆက်သွယ် ဆောင်ရွက် ရမည် ဖြစ်သည်။ ယခင်က ဤသို့သော လုပ်ငန်းစဉ်များနှင့် ရင်းနှီးမှု မရှိခြင်းသည် အလုပ်သမားများက နိုင်ငံကူး လက်မှတ် လုပ်ဆောင်ရန် ၀န်လေးနေ ကြသည့် အချက်တချက် ဖြစ်သည်ဟု သိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသူ မြန်မာ ပြည်သား အရေ အတွက်မှာ ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရသည်။
ဝါးရှီးဖော

Subscribe to:
Posts (Atom)