ကံဆိုးမလေး ဒေါ်ပြာ (သို့ ) နန်းအေးအေးသန့် 
၎ ရက် စက်တင်ဘာ ၂၀၀၉ ခုနှစ်
လောကကြီးထဲမှာ လူချင်းတူပေမဲ့ ကွဲပြားခြားနားချင်းများစွာနဲ့ တွေ့ မြင်ရမှာဖြစ်ပါတယ်။ စိတ်နေသဘောထားချင်းမတူ တာ၊ အခွင့်အရေးမတူတာကအစ နောက်ဆုံးတော့ ကံကြမ္မာအကျိုးပေးမတူလို့ သာ အချို့ လူတွေက ကောက်ချက်ချ တတ်ကြပါတယ်။ အခု ကျနော်ပြောပြမဲ့ သူငယ်ချင်းမလေးတယောက်အကြောင်းကရော သူ့  ကံကြမ္မာအကျိုးကြောင့်လား၊ တကယ်လို့ သာ သူမရဲ့ အကျဉ်းတန်လှတဲ့ ကံကြမ္မာကြောင့်သာအမှန်တကယ်ဆိုရင် ဒီဘ၀မှာဘဲ ကျေပါစေတော့။ နောင် ဘ၀မှာ ဒီလိုအမျိုးဖြစ်ဆိုးမျိုး သူမ လုံးဝ မဆုံတွေ့ ရပါစေနဲ့ တော့လို့  အဝေးတနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်။
သူမကို စတွေ့ တာ ၁၉၉၈ ခုနှစ် ၀န်းကျင်လောက်ကပါ ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအ ဖွဲ့ (OKRSO)ရုံးမှာ ၀င် ထွက်ရင်း စသိတာပါ။ သွက်လက်ဖြတ်လတ်တယ်၊ နိုးကြားမှုအမြဲရှိတယ်၊ ပြောစရာရှိရင်လည်း တည့်တည့်ပြောတတ်တယ်။ မဟုတ်မခံ ပြဿနာဖြေရှင်းစရာရှိရင်လည်း မိန်းခလေးတန်မဲ့ ယောက်ျားသားတွေကို ခေါင်း ငုံ့ ခံတဲ့သူမဟုတ်၊ အားနွဲ့ တဲ့ ပျော့ညံ့တဲ့မိန်းမသားထဲမှာ သူမ မပါဘူး။ ဆံပင်ကို မနိုင်တနိုင်ထုံးပြီးတော့ တကယ့် တော သူမစတိုင်နဲ့ –သူမရဲ့  နာမည်အရင်းကတော့ နန်းအေးအေးလွင်ပါ အေးအေးသန့် လို့ လည်း အချို့ တွေက ခေါ်ကြတယ်။ (OKRSO)ရုံးမှာ ရောက်လာရင် သူ့ အလုပ်နဲ့ သူ အမြဲတမ်းရှုတ်နေတတ်၊ ပြာယာခတ်နေတတ်လို့  ရုံးဝန်ထမ်းတယောက် က သူမကို ဒေါ်ပြာ လို့  နာမည်မှည့်လိုက်တယ်။ အခြားလူတွေပါလိုက်ခေါ်တော့ နောက်ဆုံး သူမနာမည် ဒေါ်ပြာ ဖြစ်သွား တယ်။
မော်လမြိုင်တက္ကသိုလ်မှာ ဒုတိယနှစ်အထိ ပညာသင်ယူခဲ့ဘူးတယ်၊ လယ်သမားမိသားစုမှ မွေးဖွားလာတဲ့သူမ လယ်ထွန် ကောက်စိုက်အလုပ်ကို ငယ်ငယ်လေးကတည်းက ကျွမ်းကျင်ပြီးသား။ မိသားစုစီးပွားရေးကြပ်တည်းမှုကြောင့် သူမကို ဘွဲ့  ရတဲ့အထိ မစွမ်းဆောင်ပေးနိုင်ခဲ့၊ ထိုင်းနိုင်ငံကိုရောက်လာတာ သူမရဲ့ မိသားစုစားဝတ်နေရေးကို ၀ိုင်းဝန်း ထောက်မဖို့ နဲ့  သူမဘ၀ ပညာတတ်ကြီးတယောက်ဖြစ်ဖို့ အတွက် လမ်းစရှာဖို့ ဖြစ်တယ်။ မြန်မာပြည်မှာ တက္ကသိုလ်ဒုတိယနှစ်အထိ သင်ခဲ့ပေမဲ့ အင်္ဂလိပ်ဘာသာရပ်ကို ဟုတ်တိပတိ မတတ်ခဲ့ဘူးလို့ သူမပြောခဲ့ဘူးတယ်။ နိုင်ငံတကာတက္ကသိုလ်တခုခုမှာ ပညာဆက်သင်ဖို့  အင်္ဂလိပ်စာတတ်မှ ဖြစ်တဲ့အတွက် တွေ့ တဲ့သူကို သူမ ဆရာတင်တယ်။ တခါတလေ “ဒေါ်ပြာရယ် နင်ကလေ အေဘီစီဖတ်တတ်တဲ့သူတိုင်းကို ဆရာလိုက်ခေါ်နေတယ်” လို့  သူငယ်ချင်းတွေက စပြောကြတယ်။ သူမမမှုပါ၊ သွားလေရာတိုင်း အိတ်ထဲမှာ စာအုပ်အမြဲတမ်းပါတယ် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတယောက်ယောက်နဲ့ တွေ့ လို့  က တော့ သူမအတွက် မှိုကောက်ရသလိုပါဘဲ။ သူမ မသိတာကို မေးမြန်းတယ်၊ တပည့်ခံတယ်၊ သူမအတွက်ရှက်စရာ မ ဟုတ်။ OKRSO ရုံးမှာ ဖွင့်လှစ်တဲ့ Sunday Class တို့  ကာလကို အင်္ဂလိပ်စာသင်တန်းကျောင်းတို့ သူမအလွှတ်မပေးခဲ့ သူမရဲ့ ရည်ရွယ်ချက်ကို လုံးဝ အယိုင်အလဲမခံပါ။
လပ်တလောအသက်ရှင်ရပ်တည်ဖို့ အတွက်လည်း ရရာအလုပ်ကို သူမ ၀င်လုပ်တယ်။ ဆောက်လုပ်ရေးအလုပ်၊ အိမ်ဖေါ် အလုပ်အပါအ၀င် အလုပ်မျိုးစုံလုပ်ခဲ့ဘူးတယ်။ လုပ်အားခမရတဲ့အခါလည်းရှိခဲ့တယ်။ တခါကဆိုရင် အလုပ်ရှင်က သူမကို မူးယစ်ဆေးဝါး ရောင်းခိုင်းတယ်၊ အခြေအနေမဟန်လို့ လုပ်အားခမရဘဲ သူမခိုးထွက်ပြန်လာခဲ့ရတယ်။
ချင်းမိုင်မြို့ မှာဖွင့်လှစ်တဲ့ (ICFC)သင်တန်းကျောင်းကို သုံးခါ (သုံးနှစ်) တိတိ ၀င်ဖြေပြီးမှ တက်ခွင့်ရခဲ့တယ်။ ဒီ သင်တန်း တက်ခွင့်ရမှ တက္ကသိုလ်တခုခုဆက်တက်လို့  ရမှာဖြစ်တဲ့အတွက် သူမ ဇွဲအပြည့်နဲ့ ကြိုးစားခဲ့တယ်။ ဘေးမှ ဝေဖန်ကဲ့ ရဲ့ သံ တွေကို သူမ နားမထောင်ခဲ့။
ICFC သင်တန်းပြီးတော့ တက္ကသိုလ်ကိုတက်ဖို့ Scholarship ရသော်လည်းကောင်း၊ ICFC က ကျေးဇူးရှင်တွေက သူမကို တနှစ်ရပ်ဆိုင်းစေပြီး အခြားကျောင်းသားတယောက်ကို သူမရလာတဲ့ Scholarship နဲ့ တက်ဖို့  ကမ်းလှမ်းတော့ သူမလည်း ကျေနပ်စွာနဲ့ သဘောတူ လက်မှတ်ထိုးပေးလိုက်ရတယ်။ တက္ကသိုလ်တက်ဖို့ သူမဟာ ကျေးဇူးရှင်တွေရဲ့  လက်ခုတ်ထဲက ရေဖြစ်တယ်ဆိုတာ သူမ သိတယ်။ သူမ သဘောထားကြီးပြလိုက်ရတယ်။
နောက်တနှစ်ကျမှ ထိုင်းနိုင်ငံ လန်းဆစ်တက္ကသိုလ်မှာ နိုင်ငံရေး ဖီလိုဆော်ဖီနဲ့  စီးပွားရေးအဓိကဘာသာရပ်နဲ့ သူမ တက္က သိုလ် တက်ခွင့်ရခဲ့တယ်။ တက္ကသိုလ်ကို အစားအသောက်ကအစ ခြိုးခြုံစွာနဲ့  တက်ခဲ့ရတယ်။ အားလပ်ချိန်မှာ အချိန်ပိုင်း သန့် ရှင်းအလုပ်ပါလိုက်လုပ်သေးတယ်။ တဖက်မှာလည်း သူမရဲ့ အဖွဲ့ အစည်းဖြစ်တဲ့ (OKRSO)အဖွဲ့ ကို တတ်နိုင်သ လောက် ၀ိုင်းဝန်းကူညီတယ်။ အဖွဲ့ အစည်းမှာ ဖွင့်လှစ်တဲ့ သင်တန်းကျောင်းမှာဘဲဖြစ်ဖြစ်၊ ရိုးရာယဉ်ကျေးမှုပွဲတော်အခမ်း အနားမှာဘဲဖြစ်ဖြစ် စိတ်ဓါတ်အပြည့် တက်ကြွသွက်လက်စွာနဲ့ သူမကို တွေ့ မြင်ရတတ်တယ်။ သူမရဲ့ အဖွဲ့  အစည်းကို သူမအရမ်းခင်တွယ်တယ်။ အဖွဲ့ အစည်းက သူမကို မျှော်လင့်ချက်ထားသလို သူမကလည်း အဖွဲ့ အစည်းကို မျှော်လင့်ချက် ထားတယ်။ ထိုင်းနိုင်ငံမှာ အမေ့လျော့ခံထားရတဲ့ ကရင်တိုင်းရင်းသားအပါအ၀င် အခြားဘ၀တူ မြန်မာပြည်ဘွားတိုင်းရင်း သားတွေကို လူမှုရေး၊ ပညာရေး တတ်နိုင်သလောက် အကူအညီပေးခြင်း၊ ကရင့်ရိုးရာယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းဖေါ် ထုတ်ခြင်းဖြင့် ကရင့်နှင့်အတူ အခြားရွှေ့ ပြောင်းတိုင်းရင်းသားများကို စုစည်းနိုင်ခြင်းကြောင့် အဖွဲ့ အစည်းကို သူမ အလွန် သဘောကျနှစ်သက်တယ်။ တကယ်တော့ သူမဟာ ပြည်တွင်းမှာနေကတည်းကိုက နဂိုအမျိုးသားရေးစိတ်ဓါတ်၊ လူမှုရေး စိတ်ဓါတ်အရင်းခံရှိပြီးသားပါ။ ပြည်တွင်းနေစဉ်က မတရားမှုတွေ၊ ဖိနှိပ်ညှင်းပမ်းနှိပ်စက်မှုတွေ ကြုံတွေ့ လာခဲ့ဘူးတယ်။ ပြည်ပမှာရောက်စဉ် တော်လှန်ရေးအသိုင်းအ၀ိုင်းတွေနဲ့ အ၀င် အထွက်ရှိတော့ သူမပိုလို့ တောင် မျိုးချစ်စိတ်ဓါတ် ထက် သန်လာတယ်။ တက္ကသိုလ်မှာလည်း သူမ၀ါသနာပါတဲ့ဘာသာရပ်ကို သင်ယူပြီး အမျိုးသားအတွက် နိုင်ငံအတွက် ပြန်ပြီး အလုပ်အကျွေးပြုဖို့ သူမသံဓိဌာန်ချထားပြီးသားပါ။ သူမဘ၀အောင်မြင်အောင်ကြိုးစားလာခဲ့ပုံကို အားကျပြီး နောင်ပညာ ရေး လိုချင်တဲ့လူငယ်တွေကို “နင်တို့ ပညာကိုလိုချင်ရင် ဒေါ်ပြာလိုမျိုးကြိုးစားကြပါ”လို့ တောင် OKRSO မှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ကိုစောစိပ်ပလောင်က လူငယ်တွေကို ပြောခဲ့ဘူးပါတယ်။ တကယ်ဆိုလည်း သူမဟာ ကျနော် တွေ့ ဘူးတဲ့ မိန်းခလေးတွေထဲမှာ တမူထူးခြားတယ်လို့ ပြောရမှာပါ။ စာပေလေ့လာအားကောင်းတယ်၊ အကင်းပါးတယ်၊ အမျိုးသား ရေးအမြင်ရှိတယ်၊ ထက်မြက်တယ်၊ ရိုးသားတယ်၊ မဟုတ်မခံ၊ သူတပါးအပေါ် ကူညီရိုင်းပင်းမှုရှိတယ်။ သူမတက္ကသိုလ် တက်စဉ် အားလပ်ရက်တွေမှာ ကျောင်းသားလူငယ်တွေကို အင်္ဂလာစာသင်ကြားပေးရင်းနဲ့ တခါတလေ အမျိုးသားရေး နိုင်ငံရေးအကြောင်းတွေဆီရောက်သွားတတ်တယ်။ အဲဒါကတော့ သူမရဲ့ ခံစားချက်တွေ ပေါက်ကွဲတဲ့စိတ်အပိုင်းတွေပါ။
တက္ကသိုလ်မှာဘွဲ့ ရပြီးလူမှုအကျိုးလုပ်ငန်းတွေ၊ အမျိုးသားရေးအကျိုးတွေလုပ်ဖို့ ဆိုတဲ့ သူမရဲ့  ရည်ရွယ်ချက်မျှော်လင့် ချက်တွေဟာ တက္ကသိုလ်ရဲ့ နောက်ဆုံးနှစ်မှာ သူမအတွက် အိပ်မက်တခုလို ဖြစ်သွားခဲ့တယ်။ သူမ ရဲ့ ဘ၀ကို လောကကြီး ကနေ အပြီးခေါ်သွား ဖို့ “ကင်ဆာ”ဆိုတဲ့ရောဂါ စွဲကပ်သွားတယ်။ ကြမ်းတမ်းတဲ့ သူမဘ၀လမ်းခရီးတလျှောက် ဒီလိုမျိုး တက္ကသိုလ်ကျောင်းသူဘ၀ဖြစ်အောင် ပေးဆပ်ခဲ့ရတဲ့ အရင်းအနီးတွေ အချိန်တွေ အတွေ့ အကြုံတွေ နည်းတဲ့အတိုင်း အတာမဟုတ်ဘူးဆိုတာ သူမအပါအ၀င် OKRSO အဖွဲ့ ဝင် တွေနဲ့ သူမနဲ့  နီးစပ်တဲ့သူတွေ အားလုံးသိကြတယ်။ တသက် လုံးကြိုးစားလာခဲ့သမျှ သူမဘ၀အတွက် အောင်မြင်မှုတွေ သဲထဲရေသွန်ဖြစ်ရုံမက သူမကိုပါ သေမင်းဆီခေါ်သွားဖို့  ကင်ဆာဆိုတဲ့ ကုသလို့ မရတဲ့ရောဂါဆိုးကြီးက အနိုင်ယူသွားခဲ့တယ်။ ရောဂါဖြစ်ကြောင်း သူမကိုသူမ သိတဲ့အချိန်မှာ စိတ်ဓါတ်ကျတဲ့အမူအရာလဲမပြသခဲ့(သူမတယောက်တည်းနေတဲ့အချိန်မှာတော့မပြောတတ်) သူငယ်ချင်းတွေကသူမရောဂါ ခံစားရတာနဲ့ ပတ်သက်ပြီး အားပေးစကားပြောတဲ့အခါလည်း သူမ မနှစ်သက်ခဲ့ပါ။ သူမ လောက်စိတ်ခိုင်တဲ့ သူဟာ သူမ ဘဲရှိတယ် ကျနော်ထင်တယ်။ ရောဂါရှိတယ်လို့  သိတဲ့အချိန်ကစပြီး၂ နှစ် နီးပါးအထိ သူမ ရောဂါကို အံတုနိုင်ခဲ့တယ်။ ကွယ်လွန်ခါနီးသူမရဲ့  ရောဂါအခြေအနေကို သိတဲ့သူငယ်ချင်းတွေက သူမ မသေခင် ဘွဲ့ ရသွား စေချင်တယ်။ သူမကိုယ်တိုင်လည်း ဒီဘ၀မှာ ဘွဲ့ ရအောင်ယူမယ် ရလည်းရစေရမယ် “ကျမ မသေနိုင်ဘူး”လို့  သူမကို သူမစိတ်တင်းထားတယ်။ ဘွဲ့ ရဘို့  နောက်ဆုံးတင်ဖို့ ရှိတဲ့ စာတမ်းတွေ သူမကျန်းမာရေးမကောင်းလို့  သူငယ်ချင်းတွေက ကူညီပေးဖို့ စကားကမ်းလှမ်းတဲ့အခါ သူမငြင်းပယ်ခဲ့တယ်။ သူမရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ သူမရဲ့  ကိုယ်ပိုင်လက်နဲ့ ဘွဲ့ ကို ထိုက်ထိုက်တန်တန်ယူမယ် ဆုံးဖြတ်ထားတယ်။ ကံဆိုးစွာနဲ့ ဘဲ သူမရဲ့ စိတ်ဓါတ်ခိုင်ခံ့မှု သူမရဲ့သတ္တိတွေရဲ့ နောက်ကို သူမ ရဲ့ ရုပ်ခန္ဓာက မလိုက်နိုင်ဘဲ (၂၇၊ ၀၈၊ ၂၀၀၉)ရက်နေ့ မှာ ရောဂါဆိုးကြီးအနိုင်ယူသွားခဲ့ပါတယ်။ နောက်ဆုံးထွက်သက် အထိ ဘ၀ကို သူမအရှုံးမပေးခဲ့ပါ။ လူဖြစ်လာတာ သေရတာချင်းအတူတူဖြစ်ပေမဲ့ သူမအကြွေစောလွန်းပါတယ်။ ဆယ် နှစ်စု ကာလ၀န်းကျင် ပေးဆပ်လိုက်ရတဲ့ သူမရဲ့  အရင်းအနီးတွေဟာ အလွန်များလွန်းပါတယ်။
အဖွဲ့ အစည်းအပေါ် သူမတာဝန်ကျေပွန်ပါတယ်။ ဒါပေမဲ့ မိသားစုဝင်များနှင့်အတူ OKRSO အဖွဲ့  သားများ သူငယ်ချင်း တွေက သူမကို အလွန်နှမြှောတသဖြစ်မိတာအမှန်ပါဘဲ။ သူမရဲ့ အဖွဲ့  သားတွေက “ဒေါ်ပြာ မင်းဟာ ငါတို့ ရဲ့  အဖွဲ့ ဝင် တဦးမဟုတ်တော့ဘူး အဖွဲ့ ဝင်အဖြစ်ကနေ အပြီးအပိုင်ထုတ်လိုက်ကြောင်း မင်းသွားလိုရာသွားနိုင်ပြီး”လို့ အမိန့်  ပြန်ပြော ခဲ့ရပေမဲ့  အဖွဲ့ သားတွေ (ကျနော်အပါအ၀င်) ရဲ့  နှလုံးသားထဲမှာတော့ သူမကို ထုတ်ပယ်လို့  မရနိုင်ဘူးဆိုတာ —
သူမ၀ဋ်ကြွေးရှိရင် ဒီဘ၀မှာဘဲ ကျေပါစေ — သူမ ကောင်းရာသုဂတိလားပါစေ။
အဝေးတနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်
စောအာကာကျော်
ဖါးစည်သံ
No comments:
Post a Comment