Thursday, May 13, 2010

မြန်မာရွှေ့ ပြောင်းအလုပ်သမားများ နိုင်ငံသားစိစစ်ရေးပြုမှု ၂၀၁၂ တွင် ပြီးဆုံးမည်

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားစိစစ်မှုနှင့် ယာယီပတ်စပို့စ် ထုတ်ပေးမှု လုပ်ငန်းစဉ်အား ၂၀၁၂ ခုနှစ်တွင် အပြီးသတ်ပြုလုပ်မည်ဟု ထိုင်းအစိုးရက ယမန်နေ့က ကြေညာသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသား စိစစ်ရေးပြုမှုနှင့် ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့် လုပ်ငန်းစဉ်အား ၂၀၁၂ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်သော သက်သေခံကတ်ပြား အရောင်နှင့် အဆင့်အတန်းတို့ကိုလည်း ပြောင်းလဲပေးမည်ဟု ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ချုပ် မစ္စတာ ဂျီလီဆက်ဆူခွန်ချတ်က ပြောကြားကြောင်း ထိုင်းနိုင်ငံရှိ sanook အင်တာနက် စာမျက်နှာနှင့် ယနေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြပါရှိသည်။

ယခုအခါ မြန်မာနိုင်ငံဘက်ခြမ်းရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရာ ဌာနတိုင်းက တနေ့လျှင် ယာယီနိုင်ငံကူးလက်မှတ် (၆၀၀) ထုတ်ပေးမည်ဖြစ်ပြီး ဌာန (၃) ခုပေါင်း တနေ့လျှင် နိုင်ငံကူးလက်မှတ်ပေါင်း (၁,၈၀၀) ထုတ်ပေးမည်ဖြစ်သည့်အတွက် လာမည့် ၂၀၁၂ တွင် အပြီးသတ်နိုင်မည်ဟု ညွှန်ချုပ်က ပြောသည်။

ယာယီနိုင်ငံကူးလက်မှတ်ကို ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းမြို့တို့တွင် ထုတ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းရှိ ပတ်စပို့စ် ထုတ်ပေးရာဌာနကို မြန်မာပြည်သားများ ရေလမ်းခရီးသွားလာမှု မလုပ်ရစေရန် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မကြာမီရက်ပိုင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်ပေးတော့မည်ဟု သိရသည်။

ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့်ရသူ ရွှေ့ပြောင်းအလုပ်သမားများသည် ယခင်ကိုင်ဆောင်ထားသော အလုပ်လုပ်ခွင့် ပန်းရောင်ကတ်ပြားအစား တနိုင်ငံလုံးသွားလာခွင့်ရှိသည့် အစိမ်းရောင်ကတ်ပြားကို ထိုင်းအလုပ်သမားရုံးတွင် သွားရောက်ထုတ်ယူရမည်ဖြစ်သည်။

သို့သော် အဆိုပါအစိမ်းရောင်ကတ်ပြား သွားရောက်လျှောက်ထားသူ ဆောက်လုပ်ရေးအလုပ်သမား ကိုအောင်က “ကျနော်တို့ (၃) လပိုင်းကတည်းက ရုံးသွားပြီးတော့ အဲဒီ အစိမ်းရောင်ကတ်ပြား (work permit) သွားလျှောက်တယ်။ အဲဒီမှာ သူတို့က (၉) လပိုင်းမှ ပြန်လာယူဆိုပြီးတော့ နေ့စွဲရေးပေးလိုက်တယ်။ (၂) နှစ်စာ အလုပ်လုပ်ခွင့်အတွက် ဘတ် (၃,၆၀၀) နဲ့ စာရွက်စာတမ်းကြေး (၁၀၀)၊ စုစုပေါင်း ဘတ် (၃,၇၀၀) ပေးခဲ့ရပြီးပြီ။ ဒါပေမယ့် ဆိုင်ရာပိုင်ရာတွေနဲ့ ဘတ် (၅၀၀) ပေးရင် ချက်ချင်းရတယ်လို့တော့ ကြားတယ်” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမား တရားမျှတမှုရရှိရေး အစီအစဉ်မှ ဒါရိုက်တာ အန်ဒီဟောကမူ နိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှုမရှိဘဲ အလုပ်သမားနှင့်အလုပ်ရှင် မည်သို့တိတိကျကျ လုပ်ဆောင်ရမည် ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိဟု ဆိုသည်။

၎င်းက “ထိုင်းအစိုးရဟာ ပွဲစားတွေကို သက်ရောက်မှုရှိရှိ ထိန်းချုပ်နိုင်မှု မရှိသေးပါဘူး။ ဆိုလိုတာက ပွဲစားတွေဟာ ဒီရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်အတွက် အလွန်ဈေးကြီးတဲ့နှုန်းထားနဲ့ အလုပ်သမားတွေအပေါ်ကို ခေါင်းပုံဖြတ်နေပါတယ်။ အခုကျနော်တို့ မြင်တွေ့နေရတာကတော့ အတော်မြင့်မားတဲ့ ဈေးနှုန်းနဲ့ ရွှေ့ ပြောင်းအလုပ်သမားတွေဟာ ပတ်စပို့စ်ကို ရရှိလိုက်ပါတယ်” ဟု ပြောသည်။

ရှုတ်ထွေးသည့် အလုပ်အကိုင် ခန့်ထားရေး စည်းမျဉ်းစည်းကမ်းများကို နားမလည်သည့် အလုပ်သမားများမှာ အာဏာပိုင်များ၏ အဖမ်းဆီးခံရ၊ ခြိမ်းခြောက်ငွေညှစ်ခံကြရသည့်အတွက် နိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်တွင်လည်း ပွဲစားများကို စည်းမျဉ်းစည်းကမ်းနှင့်ထိန်းချုပ်ကာ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်နေသည့် အာဏာပိုင်များ၊ ၀န်ထမ်းများ၏ လာဘ်စားမှုများကို လုပ်ငန်းစဉ်ပြီးဆုံးသည်အထိ ဖယ်ရှားရန်လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

နိုင်ငံသားစိစစ်ရေးပြုမှုနှင့် ယာယီနိုင်ငံကူးလက်မှတ် လုပ်ငန်းစဉ်တွင် ကြားခံပွဲစား ကုမ္ပဏီများ၏ တောင်းခံသော ငွေကြေးပမာဏကို မတတ်နိုင်၍သော်လည်းကောင်း၊ စစ်အစိုးရကို အယုံအကြည်မရှိ၍ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ တရားမဝင် ရွှေ့ ပြောင်းအလုပ်သမားအဖြစ်သို့ ကူးပြောင်းသွားသူများသည် ယခုအခါ (၂) သိန်းခွဲကျော် ရှိနေပြီး ယခင်ရှိပြီးသူများနှင့် ဆိုပါက အနည်းဆုံး မြန်မာရွှေ့ပြောင်း အလုပ်သမား (၁) သန်းခန့် ရှိနိုင်သဖြင့် ထိုသူများ၏ အရေးအတွက် ထိုင်းအစိုးရအနေဖြင့် မလွဲမသွေ စဉ်းစားရဦးမည်ဖြစ်ကြောင်း အလုပ်သမားအရေး လုပ်နေသူများက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင် ရွှေ့ပြောင်းအလုပ်သမား (၁.၃) သန်းကျော်ရှိပြီး အလုပ်လုပ်ခွင့် သက်တမ်းမတိုးတော့ဘဲ တရားမဝင် အလုပ်သမားအဖြစ်သို့ ကူးပြောင်းသွားသူပေါင်း (၃) သိန်းနီးပါးရှိသည်ဟု ဧပြီလ (၃၀) ရက်က အတည်ပြုထုတ်ဝေသည့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ အစီရင်ခံစာအရ သိရသည်။

ခေတ်ပြိုင်မှကိုးကားသည်..

Friday, May 7, 2010

လူကုန်ကူးခံရသူများအား ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ပြုမည်

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းထားသော လူကုန်ကူးခံရသူများအား ယာယီနေထိုင်ခွင့်ပေးပြီး အလုပ်လုပ်ကိုင်ခွင့်ပြုရန် ထိုင်းအစိုးရက မေ (၄) ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

အဆိုပါညွှန်ကြားချက်ကို မေ (၄) ရက်တွင်ပြုလုပ်သည့် ထိုင်းအစိုးရ၀န်ကြီးများအစည်းအဝေးတွင် အတည်ပြုကာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သွားရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ယာယီထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားသည့် လူကုန်ကူးခံရသူများအား အမှုရင်ဆိုင်နေရစဉ်အတွင်း အမှုအတွက် အကျိုးရှိစေရန်၊ ဆေးဝါးကုသခွင့်ရရှိနိုင်စေရန်၊ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်စေရန်နှင့် မိမိတို့အခွင့်အရေးများ တောင်းဆိုနိုင်စေရန် ရည်ရွယ်၍ အထူးသတ်မှတ်ချက်အနေဖြင့် ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် အခွင့်အရေးပေးအပ်ရန် ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလူကုန်ကူးခံရသူများအား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ပြုခြင်းနှင့် ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်ခွင့်ပြုရန် ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် လုံခြုံရေးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်း၍ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲအတည်ပြုရန်အတွက်လည်း အခွင့်အာဏာ အပ်နှင်းကြောင်း ထိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမား ရေးရာ ဌာနတာဝန်ခံ ဦးသက်ခိုင်က “အခုလို ခွင့်ပြုတယ်ဆိုတာ အလွန်ကို ၀မ်းသာစရာပါ။ မဟုတ်ရင် သူတို့ဟာ အချိန်အတော်ကြာ စခန်းထဲမှာ အမှုပြီးတဲ့အထိ အဓိပ္ပာယ်မဲ့နေထိုင်ရမှာဖြစ်ပါတယ်။ ဒီအမှု မဖြစ်ခင်ကတည်းကိုက လူကုန်ကူးမှုသားကောင်အဖြစ် ခံခဲ့ရတဲ့ သူတို့ရဲ့ ခါးသည်းတဲ့ အတွေ့အကြုံတွေအတွက် ဒါဟာ ဆေးကောင်းတလက် ဖြစ်နိုင်ပါတယ်။ လိုအပ်တဲ့ အသေးစိတ် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကိုတော့ ကျနော်တို့ စောင့်ရဦးမှာပေါ့ဗျာ” ဟု ဆိုသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသားတို့သည် လူမှောင်ခိုဂိုဏ်းများ၊ မာဖီးယားဆန်သော လူမိုက်အုပ်စုများနှင့် အချို့သော ဒေသဆိုင်ရာ အာဏာပိုင်များကြောင့် နေ့စဉ်နှင့်အမျှ ထိုင်းနိုင်ငံအတွင်းသို့ လူကုန်ကူးခံကြရပြီး အချို့ဖြစ်စဉ်များတွင် လူကုန်ကူးခံရသူများသည် သတ်ဖြတ်ညှဉ်းဆဲခံကြရသည်။

၂၀၀၈ ခုနှစ် ဧပြီလအတွင်း လူမှောင်ခိုကူးဂိုဏ်းများ၏ သယ်ဆောင်လာမှုကြောင့် မြန်မာအလုပ်သမား (၅၄) ဦးသည် အလုံပိတ် ငါးသယ်သည့် အအေးခန်းကားအတွင်း အောက်စီဂျင် မလုံလောက်မှုကြောင့် သေဆုံးခဲ့ရပြီး ယခုနှစ်ဦးပိုင်း ဇန်န၀ါရီလ အတွင်းကလည်း မြန်မာအလုပ်သမား (၉) ဦးသည် တောင်းဆိုသော ငွေကြေးမပေးနိုင်သောကြောင့် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရာဒေသရှိ တောနက်တနေရာတွင် ဒေသဆိုင်ရာ အာဏာပိုင်ရဲအရာရှိ၏ သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။

မြတ်ခိုင်ဦး (ခေတ်ပြိုင်)

Wednesday, May 5, 2010

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်သော မြန်မာ (၁၀၃) ဦး ဖမ်းမိ

ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အသစ် ထုတ်ပေးတော့မည်မဟုတ်ဟု ထိုင်းအစိုးရဘက်မှ ပြောဆိုနေသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ တရားမ၀င် ဝင်ရောက်နေဆဲဖြစ်ပြီး ယခုလ (၃) ရက်တွင် မြန်မာပြည်သား (၁၀၃) ဦးအား ထိုင်းဒေသဆိုင်ရာ စစ်တပ်နှင့်နယ်ခြားစောင့်တပ်တို့က ဖမ်းဆီးရမိသည်။

မေ (၃) ရက် ညနေ (၄) နာရီနှင့် (၇) နာရီအချိန်တွင် ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ဝင်ရောက်လာသော မြန်မာပြည်သား (၁၀၃) ဦးအား ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နယ်အတွင်းရှိ ဘူရားသုံးဆူလမ်းခွဲအနီး ထိုင်းကရင်လူမျိုးများနေထိုင်ရာ စနီဖောင်းကျေးရွာအ၀င်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဖမ်းခံရသူများသည် အသက် (၁၅) နှစ်မှ (၄၅) နှစ်အရွယ် အလုပ်လုပ်ကိုင်နိုင်သော အရွယ်များဖြစ်ကြသည်။

“လူအုပ်တွေ့တယ်ဆိုတဲ့ သတင်းရလို့ အာဏာပိုင်တွေက သွားရောက်ဖမ်းဆီးတာမှာ မေလ (၃) ရက် ညနေ (၄) နာရီမှာ ကျား (၉) ယောက် မ (၁၄) ယောက်၊ ပေါင်း (၂၃) ယောက်နဲ့ ညနေ (၇) နာရီမှာ ကျား (၃၁) မ (၄၉) ယောက်၊ ပေါင်း (၈၀) အားလုံးစုစုပေါင်း (၁၀၃) ယောက်ကို ဖမ်းမိတယ်” ဟု ထိုင်းအာဏာပိုင်သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက အတည်ပြု ပြောကြားသည်။

ယင်းသို့ဖမ်းမိရာတွင် ထိုသူများကို ခေါ်ဆောင်လာသော ပွဲစားကို မသိရဘဲ အဆိုပါပွဲစားသည် လူအုပ်အတွင်း ရောနှောသွားဖွယ် ရှိသည်ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ပွဲစားနှင့်ဝင်ရောက်လာသူတို့သည် အဖမ်းခံရပါက (၃) ကြိမ်တိုင်တိုင် ပြန်လည်ပို့ဆောင်ပေးမည်ဟု အာမခံချက်ရှိသဖြင့် ပွဲစားအား ငွေထပ်မံပေးရခြင်း မရှိပေ။

အဖမ်းခံရသူများသည် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော မြို့နယ်တို့မှ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်ရန် လာရောက်ကြခြင်းဖြစ်ပြီး ထိုသို့လာရောက်ရန်အတွက် တဦးလျှင် မြန်မာငွေ ကျပ် (၅) သိန်းစီ ပွဲစားအား ပေးအပ်ခဲ့ရကြောင်း၊ ၎င်းတို့အား လာရောက်ခေါ်ဆောင်မည့် ကားအလာကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ယမန်နေ့ နံနက်တွင် အဖမ်းခံရသူများအား ဘုရားသုံးဆူနယ်စပ်သို့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း အဆိုပါ ထိုင်းအာဏာပိုင်နှင့် နီးစပ်သူက ပြောသည်။

မြန်မာနိုင်ငံအတွင်း စားဝတ်နေရေး ကျပ်တည်းကာ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အရွယ်ကောင်းပြီး အလုပ်လုပ်ကိုင်နိုင်သော မြန်မာပြည်သားများသည် ထိုင်း၊ မလေးရှား စသောနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် နယ်စပ်ဒေသအသီးသီးမှ ၀င်ရောက်လျက်ရှိသည်။

ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ ပြောင်း အလုပ်သမား (၁,၀၇၉,၉၉၁) ဦးရှိပြီး၊ တရားဝင်နှင့် တရားမ၀င် စုစုပေါင်း (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်းသည်။

ထိုင်းအစိုးရအနေဖြင့် ထပ်မံ၍ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အသစ် ထုတ်ပေးတော့မည့် အစီအစဉ်မရှိကြောင်း ဧပြီလအတွင်းက အလုပ်အကိုင် ခန့်ထားရေးဌာန ညွှန်ကြားရေးမှူးက အခိုင်အမာ ပြောဆိုခဲ့ပြီးဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်မှုများ ရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့်လများအတွင်း ထိုင်း-မြန်မာနယ်စပ် တောင်ဘက်စွန်း ကော့သောင်း၊ ရနောင်းဒေသဘက်တွင် တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးပြန်လည်ပို့ဆောင်မှုများ ရှိခဲ့သည်။





မြတ်ခိုင်ဦး

Monday, May 3, 2010

ထိုင်း-မြန်မာ နယ်စပ်တွင် စိတ်ကြွဆေး ၂ သိန်း ဖမ်းမိ

မူးယစ်ဆေး သယ်ဆောင်လာ သူများနှင့် ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူ ၃ ဦး သေဆုံးပြီး စိတ်ကြွဆေး ၂ သိန်း ဖမ်းဆီး မိခဲ့သည် ဟု ထိုင်းစစ်တပ် သတင်းရပ်ကွက်မှ သိရသည်။


ထိုင်းစစ်တပ်က သတင်းအရ ချင်းမိုင် ခရိုင် မယ့်အိုင် မြို့နယ်အတွင်း စောင့်ဆိုင်း ခဲ့သည်ဟု ဆိုသည်။

“နယ်စပ် ဒေသမှာ မူးယစ်ဆေး မှောင်ခို ကူးတာက အခုဆိုရင် အရမ်း များလာတယ်။ ဒီထက် ပိုပြီး များလာမှာကို ကျနော်တို့ စိုးရိမ် နေကြတယ်” ဟု ချင်းမိုင် အခြေစိုက် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဖွန်ထစ်အင်ပရာဖိုင်က ဧရာဝတီသို့ ပြောသည်။

နယ်စပ်ဒေသ တရားမ၀င် မူးယစ်ဆေး လုပ်ကိုင်သူ များထဲတွင် ၀၊ လားဟူ၊ လီဆူး စသည့် တိုင်းရင်းသား လူမျိုးစု မူးယစ်ဆေး ကုန်ကူးသူများ ပါဝင်နေသည်ဟု သူက ပြောသည်။

မူးယစ်ဆေးထုတ်လုပ်မှုတွင် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား သူပုန် အဖွဲ့ တချို့ ပါဝင် နေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း မူးယစ်ဆေး သယ်ဆောင်သည့် အဖွဲ့တဖွဲ့နှင့် နယ်စပ်ဒေသတွင် တိုက်ပွဲ ဖြစ်ပွား အပြီး စိတ်ကြွဆေးပြား ၆၅၀ ၀၀၀ ဖမ်းဆီး မိကြောင်း ထိုင်းစစ်တပ်က ကြေညာခဲ့သည်။ မူးယစ်ဆေး သယ်ဆောင်သူများသည် ၀ လက်နက်ကိုင် အဖွဲ့ဝင်များ ဖြစ်နိုင်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုစဉ်က ဖော်ပြခဲ့သည်။

Sunday, April 25, 2010

မဟာချိုင်မှ ထိုင်းပုလိပ်များ၏ ငွေညှစ်နည်းအမျိုးမျိုး

မြန်မာအလုပ်သမားတွေ အများဆုံးနေကြတဲ့ မဟာချိုင်ဒေသမှာ အခုတလော ဖြစ်နေတဲ့ပြဿနာက ကွန်ပျူတာအသုံးပြုမှုနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာက အလုပ်ကို စိတ်ရှိလက်ရှိလုပ်ပြီး စည်းလေးကမ်းလေးနဲ့နေလိုက်ရင် ကွန်ပျူတာတလုံးလောက် ၀ယ်နိုင်တဲ့ငွေကို စုဆောင်းမိပါတယ်။ ဒါကြောင့် အခုလို နည်းပညာတွေတိုးတက်နေတဲ့ခေတ်ကြီးမှာ တီးခေါက်လေ့လာချင်တဲ့ လူငယ်တချို့က ကွန်ပျူတာတလုံးစာ ငွေစုဆောင်းမိတာနဲ့ ကွန်ပျူတာ ၀ယ်ဖြစ်ကြပါတယ်။ တချို့ကလည်း ခိုးကူးခွေတွေ ကူးကြမယ်၊ တချို့ကလည်း pagemaker လို နာမည်ကြီး စာစီစာရိုက် ဆော့ဖ်ဝဲလ်နဲ့ ဖိတ်စာလေး ဘာလေး ရိုက်တာမျိုးလည်း ရှိကြပါတယ်။

ဒီလို ကျနော်တို့မှာ ကွန်ပျူတာရှိတာကို ပုလိပ်တွေသိရင်တော့ အသည်းအသန်ကို ဖမ်းပါတယ်ဗျာ။ ဖမ်းမယ်ဆိုလည်း ကွန်ပျူတာနဲ့လုပ်စားပြီး ဥပဒေနဲ့ငြိနေလို့ တရားဥပဒေနဲ့အညီ အရေးယူတယ်ဆို ဖမ်းပါဗျာ။ အခုတော့ လူငယ်တချို့က အင်တာနက်လေး သုံးတတ်အောင်၊ ဂျာနယ်လေးတွေဖွင့်ဖတ်ပြီး အချိန်မီသတင်းလေးတွေ သိနိုင်အောင်၊ တချို့ကလည်း ဒေသအသီးသီးက မိတ်ဆွေတွေနဲ့ အဆက်အသွယ်ရအောင်၊ အီးမေးလ်လေး ပို့တတ်အောင်ဆိုပြီး ၀ယ်ထားကြတာ ဖြစ်ပါတယ်။ ဒါကို ပုလိပ်တွေက သူလျှိုတွေကတဆင့် လိုက်လံစုံစမ်း ဖမ်းဆီးပြီး ကွန်ပျူတာအမှုက ကြီးတယ်ဆိုကာ ဘတ်ငွေ (၂) သောင်း၊ (၃) သောင်း ခြိမ်းခြောက်တောင်းပါတယ်။ ငွေရှာနိုင်ရင်ရှာ မရှာနိုင်ရင် ထောင်ကျမယ်ပေါ့။ ဒီလိုနည်းနဲ့ ငွေတောင်းတာ ကျနော်တို့ ခံနေရပါတယ်။

နောက်ဆုံး ပုလိပ်တွေရဲ့ငွေတောင်းနည်းသစ်ကတော့ စာရင်းစာရွက်ပါပဲ။ အခုတလော ထိသွားတဲ့သူ (၁၀) ယောက်ထက် မနည်းတော့ပါဘူး။ ဖမ်းပုံဖမ်းနည်းကတော့ လမ်းပေါ်သွားနေတဲ့ မြန်မာအလုပ်သမားတယောက်ကိုတွေ့ရင် ဆိုင်ကယ်ရပ်ပြီး လက်မှတ်ရှိမရှိ မေးမြန်းစစ်ဆေး၊ ပိုက်ဆံအိတ် နှိုက်စစ်ဆေး၊ မတော်တဆများ ဂဏန်းလေးတွေပါတဲ့ စာရွက်လေး တရွက်လောက် ဥပမာ ဖုန်းနံပါတ်ပဲဖြစ်ဖြစ် တွေ့လို့ကတော့ အဲဒီစာရွက်ထဲက ဂဏန်းကို (၃) လုံးလောက်ကျန်အောင် ဆွဲဆုတ်၊ ချဲဂဏန်းဆိုပြီး လုပ်ဖမ်းပါတော့တယ်။ ဒီလိုမိရင် လူကွယ်ရာကို ခေါ်သွား၊ ငွေဘယ်လောက်ပေး၊ မပေးရင် ဒီဂဏန်း (၃) လုံးပါတဲ့ စာရွက်ကို သက်သေလုပ်ပြီး ချဲဂဏန်းအမှုနဲ့ ဖမ်းမယ်လို့ဆိုပါတယ်။

အလုပ်သမားတွေမှာ အခုဆို ဒီလိုထိုင်းပုလိပ်တွေရဲ့ အကွက်ဆင်ဖမ်းပြီး ငွေတောင်းတာတွေကို ကြောက်လွန်းလို့ စာရင်းစာရွက်လေးဖြစ်ဖြစ် မှတ်တမ်းမှတ်ရာလေးဖြစ်ဖြစ် ကိုင်သွားတဲ့လူတောင် မရှိသလောက် ဖြစ်ကုန်ကြပါပြီ။

နောက်ငွေညှစ်နည်းတမျိုးကတော့ မြန်မာနိုင်ငံသားအလုပ်သမားတွေ နေ့စဉ်နဲ့အမျှဆိုသလို ကြုံတွေ့နေရတဲ့အဖြစ်အပျက်ပါ။ အထူးသဖြင့်တော့ စနေ တနင်္ဂနွေလို အလုပ်နားရက်တွေမှာ ဖြစ်ပါတယ်။ ကျနော်တို့လို အလုပ်သမားတွေဟာ တပတ်လုံး အလုပ်လုပ်ထားကြလို့ အလုပ်နားရက်မှာ အပြင်ထွက်ပြီး သွားစရာ လုပ်စရာရှိတာကို သွားကြပါတယ်။ ဒီလိုသွားတဲ့အခါ မြန်မာနိုင်ငံသားမှန်းသိတယ် ဆိုတာနဲ့ ထိုင်းပုလိပ်တွေက ဘယ်သွားမလဲ၊ လက်မှတ်ရှိလား၊ ပြစမ်းဆိုပြီး စစ်ဆေးမေးမြန်း ပါတော့တယ်။ အဲလိုစစ်ဆေးတဲ့အခါ လက်မှတ်က ဘာတွေလိုနေတယ်၊ ဘယ်နေရာက မပြည့်စုံဘူးဆိုပြီး အကြောင်းအမျိုးမျိုးရှာ၊ နောက်ဆုံး မင်းတို့ မြင်းဆေးရောင်းသလားလို့ မေးမြန်းပြီး အိတ်ကို ဟိုနှိုက်ဒီနှိုက်နဲ့ ငွေရေးကြေးရေးအခြေအနေ စူးစမ်းလိုက်ပါသေးတယ်။

ထိုင်းပုလိပ်ပါးစပ်က ယာဘ (မြင်းဆေး) ဆိုတဲ့ အသံကြားတာနဲ့ ထမင်းစားရေသောက်လောက်သာ ထိုင်းစကားပြောတတ်တဲ့ ကျနော်တို့ အလုပ်သမားတွေခမျာ ဘာလုပ်ရမှန်းမသိ ကြောက်လန့်နေတာကို မြင်တဲ့အခါ ပုလိပ်တွေက ရုံးလိုက်ခဲ့ မြန်မာပြည်ပြန်ပို့မယ်ဆိုပြီး ခြိမ်းခြောက် ငွေညှစ်တော့တာပါပဲ။

တနင်္ဂနွေလိုနေ့မျိုးမှာ အဲလိုအဖြစ်မျိုးကြုံရင် အလုပ်ရုံက တာဝန်ရှိသူတွေ မလိုက်လာနိုင်တာကြောင့် ပုလိပ်တွေအတွက် အကွက်ပါပဲ။ တကယ်တော့ အလုပ်ရုံ (သို့မဟုတ်) သူဌေးတွေကလည်း ပုလိပ်စစ်ရင် ပြသနိုင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးထားပြီးသားပါ။ ဒါကိုလည်း ပုလိပ်တွေကသိလျက်နဲ့ စကားမတတ်ကြ၊ နားမလည်ကြ၊ ကြောက်တတ်ကြတာကို အခွင့်ကောင်းယူပြီး လုပ်စားနေကြတာပါ။

မဟာချိုင်ဒေသတ၀ိုက်မှာ တကယ့်ကို ထိထိရောက်ရောက် အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ အဖွဲ့အစည်းတခုမှမရှိပါဘူး။ ဒါကြောင့် ကျနော်တို့ မြန်မာအလုပ်သမားတွေ ကြောက်လန့်နေရမှုက ကင်းဝေးအောင် တာဝန်ရှိအဖွဲ့အစည်းတွေ နည်းလမ်းတစုံတရာ ရှာဖွေအကူအညီပေးနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

မဟာချိုင်မှ အိမ်ဝေးသူများ

Saturday, April 17, 2010

ခေါင်းဆောင်မှုနှင့် စီမံခန့် ခွဲမှု ပညာသင်တန်းအောင်မြင်စွာကျင်းပပြီစီးခြင်း

OKRSO မှကြီးမှူးကျင်းပသော ခေါင်းဆောင်မှုပညာနှင့် စီမံခန့် ခွဲမှုပညာကို
April 11-13,2010 သုံးရက်တာ
သင်တန်းကို okrso လူငယ်အဖွဲ့ ဝင်များနှင့်
ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ University မှာ
တက်ရောက်ပညာသင်ကြားနေသော
ကရင်ကျောင်းသား၊ကျောင်းသူစုစုပေါင်း အယောက်၂၀
ကျော်ပါဝင်ခဲ့ ကြပါတယ်.....

ဒီသင်တန်းကိုသင်ကြားပို့ ချပေးသော Assumption University မှာ
လက်ရှိစာသင်ပို့ ချပေးသောDr.Noel Jones နှင့် Dr.Mac တို့ ပဲဖြစ်ပါတယ်....


ဒီသင်တန်းကို တက်ရောက်သင်ကြားခဲ့ ကြသော
ကရင်လူငယ်များအားလုံးအနာဂတ်မှာ
ပေးအပ်လာမဲ့ အမျိုးသားရေးတာဝန်တွေကို
တက်ကြွစွာနှင့် ထမ်းဆောင်ကြလိမ့် မယ်လို့ 
ကျမတို့ okrso မိသားစုမှမျှော်လင့် ပါတယ်..

သင်တန်းရဲ့ လှုပ်ရှားမှုဓါတ်ပုံတွေကိုအောက်မှာကြည့် ရှုနိုင်ပါသည်...





































































































OKRSO မိသားစု




Tuesday, April 6, 2010

ယာယီ နိုင်ငံကူးလက်မှတ် သိမ်း၍ အလုပ်သမားများ ဆန္ဒပြ

ယာယီနိုင်ငံကူး လက်မှတ်များကို အလုပ်ရှင်က သိမ်းယူထားပြီး ငွေတောင်း သောကြောင့် ယမန်နေ့က မြန်မာ အလုပ်သမားများ ဆန္ဒပြ တောင်းဆို ကြကြောင်း သိရသည်။

ဘန်ကောက်မြို့၊ ဖလန်ဆောင် အရပ်ရှိ Chamlisure Furniture ကုလားထိုင် စက်ရုံမှ အလုပ်သမား ၂၀၀ ခန့်၏ ယာယီ နိုင်ငံကူးလက်မှတ်များကို ပြန်လိုချင်လျှင် ဘတ် ၂၀၀၀ ပေးရမည်ဟု အလုပ်ရှင်က တောင်း သဖြင့် ဧပြီလ ၅ ရက်နေ့ နံနက်မှစ၍ အလုပ်မဆင်းဘဲ တောင်းဆို ဆန္ဒပြကြခြင်း ဖြစ်သည်။

“ကျနော်တို့က ပတ်စ်ပို့ လုပ်ထားပြီးမှ မိတ္တူပဲ ကိုင်ထားရတော့ မကျေနပ်ကြဘူး၊ ဒါကြောင့် စုပြီးတော့ စာအုပ် ထုတ်မပေးရင် အလုပ် မဆင်းဘူး ဆိုပြီး တောင်းဆို ကြတယ်၊ တခြား စက်ရုံတွေမှာ ဒီလို သိမ်းမထားဘူး”ဟု ယာယီ နိုင်ငံကူး လက်မှတ် ပြန်ရရန် တောင်းဆိုသူ ကိုသန်းဇော်လင်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါစက်ရုံတွင် မြန်မာအလုပ်သမား ၄၀၀ နီးပါးအနက် ၂၀၀ ခန့်က ယာယီ နိုင်ငံကူးလက်မှတ်ကို ကော့သောင်းတွင် သွားရောက် ပြုလုပ်ခဲ့ကြသည်။ ယင်းလက်မှတ် ကုန်ကျစရိတ်ကို အလုပ်သမားများက ကိုယ်တိုင် အကုန်အကျခံထားခြင်း ဖြစ်သည်။

အလုပ်သမားများက ထိုသို့ တောင်းဆိုရာ အလုပ်ရှင်က ငွေပေးရမည်ဟု မြန်မာဘာသာဖြင့် စာကပ်ကြေညာ ကြောင်း၊ အလုပ်သမား ၂၀ ခန့်ကသာ ငွေပေး ရွေးယူကြကြောင်း သိရသည်။

လက်မှတ် အသိမ်းခံထားရသူ အလုပ်သမား ကိုမျိုးက“ပတ်စ်ပို့ စာအုပ် လုပ်ပြီးကတည်းက သူဌေးမ တွေပဲ သိမ်းထားတယ်၊ ကျနော်တို့က လူစုပြီးတောင်းတော့ အစက ဟိုနေ့ ပေးမလိုလို ဒီနေ့ ပေးမလိုလိုနဲ့ နောက် ဆုံးတော့ စက်ရုံထဲမှာ စာကပ်တယ်ဗျာ၊ အရေးတကြီး ရွာပြန်မယ့်လူ တချို့တော့ ပိုက်ဆံပေး ယူသွား ကြ တယ်၊ ကျနော်တို့တော့ မပေးနိုင်ဘူး”ဟု ပြောသည်။

ယာယီ နိုင်ငံကူးလက်မှတ် ပြန်ရရန် တောင်းဆိုသူများက မြန်မာအလုပ်သမားများ အရေး ဆောင်ရွက်နေ သည့် ဘန်ကောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားရေးအဖွဲ့သို့လည်း ဆက်သွယ် အကူအညီ တောင်း ကြောင်း သိရသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ ကိုစောဂျက်က“အလုပ်သမား ဥပဒေအရဆိုရင် ဒီစာအုပ်ဟာ အလုပ်သမားနဲ့ပဲ ရှိနေရမယ်၊ သူဌေးက သိမ်းထားရမယ့်ဟာ မဟုတ်ဘူး၊ အခုလို သိမ်းထားတယ်ဆိုတာ မဖြစ်သင့်ဘူး၊ ပုလိပ်စစ်ရင် ဘာနဲ့ ဖြေရှင်းမလဲ”ဟု ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (Thai Action Committee for Democracy in Burma – TACDB) မှ ထိုင်းလူမျိုး ရှေ့နေ မစ္စတာ ဖိနိန်ကလည်း“ယာယီ ပတ်စ်ပို့က အလုပ်သမားတွေ အတွက် လုပ်တာ၊ သူဌေးတွေ ကိုင်ထားဖို့ လုပ်တာ မဟုတ်ဘူး”ဟု ပြောသည်။

ယင်းသို့ အလုပ်သမားများ ဆန္ဒပြတောင်းဆိုကြသောကြောင့် အလုပ်ရှင်၏ သမီးရောက်လာကာ သင်္ကြန် မတိုင်မီ ၂ ရက်အလိုတွင် ယာယီနိုင်ငံကူးလက်မှတ်များ ပြန်ထုတ်ပေးမည်ဟု ပြောဆိုသဖြင့် တချို့က အလုပ်ပြန်ဝင်သော်လည်း အများစုမှာ အလုပ် ပြန်မဆင်းကြသေးကြောင်း သိရသည်။

အကယ်၍ ကတိအတိုင်း ယင်းလက်မှတ်များ ပြန်ထုတ်မပေးပါက အလုပ်သမား ဝန်ကြီင်္းဌာနအထိ တိုင်တန်း ရန် ရည်ရွယ်ထားသည် ဟု အလုပ်သမားများက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိသည်ဟု အလုပ်သမား ရေးရာ အဖွဲ့များက ခန့်မှန်းကြသည်။

နယ်စပ်ဖြတ်ကျော် သွားရောက် အလုပ်လုပ်ကိုင်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အာဏာပိုင်တို့က ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ၂၀၀၉ ခု ဇူလိုင်လအတွင်းက စတင်ခဲ့ခြင်း ဖြစ်သည်။

ဘစောတင်

Tuesday, March 30, 2010

လေပြင်းကြောင့် ဒုက္ခသည် (၁၀၀) ကျော် အိုးအိမ်ပျက်စီး

မတ်လ (၂၉) ရက်နေ့က တိုက်ခတ်သွားခဲ့သည့် လေပြင်းမုန်တိုင်းကြောင့် ထိုင်း-မြန်မာနယ်စပ် ဘန်တောင်ယန် ဒုက္ခသည်စခန်းအတွင်းရှိ နေအိမ် (၄၅) လုံးကျော် ပျက်စီးသွားကာ ဒုက္ခသည် (၁၁၀) ဦးတို့ အိုးအိမ်မဲ့ခဲ့ရကြောင်း တီဘီဘီစီ ခေါ် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်အရေး ကူညီနေသော ညွန့်ပေါင်းအဖွဲ့မှ ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “အဲဒီစခန်းထဲက ဒုက္ခသည် (၁၁၂) ဦး နေထိုင်တဲ့အိမ် (၄၅) လုံးကျော် ပျက်သွားတယ်။ နောက် အင်တာဗျူးလုပ်တဲ့ ရုံးနေရာက ပစ္စည်းတချို့လည်း သစ်ပင်ကျိုးကျလို့ အတော်ပျက်စီးသွားတယ်။ တချို့အိမ်တွေက လေတိုက်လို့ လဲကျတာရှိသလို၊ တချို့က သစ်ပင်လဲကျတာကြောင့်လည်း ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပျက်စီးသွားသည့် အိုးအိမ်အများစုမှာ စခန်း၏ကုန်းမြင့်ပိုင်းနေရာများမှဖြစ်ပြီး အသေအပျောက် မရှိသော်လည်း သစ်ပင်လဲကျခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူ (၆) ဦးရှိကြောင်း သိရသည်။

အဆိုပါဒုက္ခသည်စခန်းမှ ကရင်အမျိုးသားတဦးက “မနေ့က နေလယ် (၂) နာရီကျော်က လေစတိုက်တာ။ ပထမတော့ မိုးပါရွာတယ်။ မိုးက မိုးသီးတွေအနေနဲ့ ရွာချလာတော့ ပြေးကြရတာပေါ့။ ပြီးတော့ လေကလည်း ပြင်းပြင်းလာတော့ ကျနော်တို့ အိမ်အမိုးတွေ လန်သွားတယ်။ လူတွေက စာသင်ကျောင်းရှိတဲ့ နေရာကို ပြေးလာကြတယ်။ စခန်းထဲမှာ ခိုင်ခန့်မှုရှိတဲ့ နေရာတွေဆီ ပြေးရှောင်ကြတာပေါ့” ဟု ပြောသည်။

(၁) နာရီခန့် တိုက်ခတ်သွားသည့် လေပြင်းကြောင့် စခန်းအပြင်ဘက်ရှိ ကားဂိုဒေါင်ပေါ်သို့ သစ်ပင်လဲကျ၍ ပြိုကျပျက်စီးသွားပြီး ဒုက္ခသည်ပို့ဆောင်သည့် ကား (၂) စီးလည်း ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

စံခရဘူရီမြို့မှ (၃၁) ကီလိုမီတာ ကွာဝေးသည့် ဘန်တောင်ယန် ဒုက္ခသည်စခန်းတွင် အိမ်ခြေ (၉၀၀)၊ ဒုက္ခသည်ပေါင်း (၄,၃၀၀) ကျော်ရှိကြောင်း တီဘီဘီစီ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

လေပြင်းဒဏ်ကြောင့် စာသင်ကျောင်းနှင့် ကွန်ပျူတာထားရှိရာ အဆောင်တို့ ပျက်စီးခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်နှင့် စခန်းတာဝန်ခံတို့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း တီဘီဘီစီဝန်ထမ်းက ပြောသည်။

ပျက်စီးသွားသော နေအိမ်များအတွက် ကူညီရေးအဖွဲ့တို့က အမြန်ဆုံး ပြန်လည်ဆောက်လုပ်နိုင်ရန် စီစဉ်လျက်ရှိပြီး နေအိမ်မဲ့သူတို့က ၎င်းတို့နှင့် နီးစပ်သူတို့၏ နေအိမ်များတွင် ယာယီနေထိုင်ကြရသဖြင့် အခက်အခဲများရှိကြောင်း အဆိုပါ ဝန်ထမ်းက ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း (၉) ခုအနက် (၁) ခု အပါအဝင်ဖြစ်သည့် ဘန်တောင်ယန် ဒုက္ခသည်စခန်းတွင် ကရင်အများစု နေထိုင်ကြကာ ကျန်ရှိသည့် (၇) ရာခိုင်နှုန်းမှာ မွန်၊ မြန်မာ၊ ထားဝယ်တို့ဖြစ်သည်။

ဝီရ

Friday, March 26, 2010

မြန်မာအလုပ်သမား (၁၀၀ ) ကျော် ဘတ် (၆) သိန်းခန့် ငွေလိမ်ခံရ

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမည်ဆိုကာ APHAI PHANOK ကုမ္ပဏီတာဝန်ခံက ဘတ် (၆) သိန်းခန့် ငွေကြေး လိမ်လည်တောင်းယူပြီး တိမ်းရှောင်သွားကြောင်း အလုပ်သမားများက ပြောသည်။



“ကျနော် ဒီမနက် ကုမ္ပဏီကို သွားမေးတော့ ကုမ္ပဏီက သူနဲ့အတူလုပ်တဲ့ လူတွေကလည်း သူ့ကို တွေ့ချင်နေတယ်။ သူနဲ့ အလုပ်အပ်ထားတဲ့ အလုပ်သမားက (၁၀၀) ကျော်လောက်ရှိတယ် ပြောတယ်။ ဒီကိစ္စ တိုင်မယ်ဆိုရင် ကုမ္ပဏီ ၀န်ထမ်းတွေကလည်း ကျနော်တို့နဲ့ အတူတူတိုင်မယ်လို့ ပြောလိုက်တယ်” ဟု ငွေကြေးလိမ်လည်ခံလိုက်ရသူ မြန်မာအလုပ်သမား ကိုဝင်းက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရထုတ်ပေးထားသည့် အလုပ်သမားကတ်မရှိဘဲ ယာယီနိုင်ငံကူးလက်မှတ် (၃) ရက်အတွင်း ထုတ်ပေးမည်ဆိုကာ တဦးလျှင် ဘတ် (၄,၈၀၀) မှ (၅,၈၀၀) အထိ လိမ်လည်တောင်းခံသွားပြီး အလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ကိုင်နေကြောင်း အသိအမှတ်ပြုထားသည့် ကတ်ပြားများပေးကာ တိမ်းရှောင်သွားခြင်းဖြစ်သည်။

“အဲဒီ ဘတ် (၅,၀၀၀) ပေးတော့ သူက ဒီကတ်ပြား အစိမ်းလေးပေးတယ်။ အဲဒီကတ်ပြားက ရနောင်းမှာ နေလို့ရတယ်၊ အလုပ်လုပ်လို့ မရဘူးလို့ ရဲက ပြောတယ်။ အခု အလုပ်သမားတွေက အလုပ်လုပ်လို့မရဘဲ ဒီတိုင်းနေနေရတယ်” ဟု ကိုဝင်းက ဆက်ပြောသည်။

ယင်းကုမ္ပဏီက မြန်မာအလုပ်သမားများကိုသာမက ကုမ္ပဏီဝန်ထမ်း မြန်မာ (၃) ဦးကိုပါ လစာမပေးဘဲ ကုမ္ပဏီရုံးတွင် ထားခဲ့ပြီး တိမ်းရှောင်သွားခြင်းဖြစ်သည်။

“အခုဟာက ကျမတို့ကိုလည်း လစာမပေးဘူး။ အလုပ်သမားတွေကိုလည်း နိုင်ငံကူးလက်မှတ်ဖောင်တင်မပေးဘူး။ အလုပ်သမားတွေက ရုံးကို လာမေးတော့ ကျမတို့က ရှင်းနေရတယ်။ ကျမတို့ကို လစာပေးမယ်ပြောပြီး မပေးဘဲ ရှောင်သွားတာ။ တကယ်လို့ လစာလည်း မပေးဘူး၊ အလုပ်သမားတွေကိုလည်း ဘာမှလုပ်မပေးဘူးဆိုရင် ရနောင်းတရားရုံးကို တိုက်ရိုက်တိုင်မယ်” ဟု ယင်းကုမ္ပဏီဝန်ထမ်း ဒေါ်ပိုပိုက ပြောကြားသည်။

မြန်မာအလုပ်သမားများက အလုပ်သမားအရေး ဆောင်ရွက်နေသည့် အလုပ်သမားအဖွဲ့များနှင့် ဆက်သွယ်နေပြီး မနက်ဖြန်တွင် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

“ထိုင်းအစိုးရကို တိုင်မယ်။ ထိုင်းလူ့အခွင့်အရေးကောင်စီကို ကြားဝင်ဆောင်ရွက်ဖို့ပြောမယ်။ အိုင်အယ်လ်အိုကလည်း လိုအပ်သလို လုပ်ဖို့တင်ပြမယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောကြားသည်။

စိုးမိုး

Thursday, March 11, 2010

ရှပ်နီ ဆန္ဒပြပွဲတွင် ပါဝင်မိသည့် မြန်မာအလုပ်သမားများ ဒုက္ခတွေ့ဖွယ်ရှိ

ဆန္ဒပြ အနီရောင်ဝတ် (ရှပ်နီ) ထိုင်းအစိုးရ ဆန့်ကျင်ရေးသမားများ ကြားတွင် တွေ့ရသည့် ရွှေ့ပြောင်း အလုပ်သမား များကို ထောင်ဒဏ် ၅ နှစ်နှင့် အလုပ်ရှင်အား ဘတ်ငွေ တသိန်း (ကျပ် သိန်း ၃၀ ဝန်းကျင်) ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးက ပြောကြားလိုက်သည်။

“ဒီသတင်းပတ်ကုန် ဘန်ကောက်မှာ လုပ်မယ့် ရှပ်နီတွေရဲ့ ဆန္ဒပြပွဲမှာ ရွှေ့ပြောင်း အလုပ်သမားတွေ ပါလာ နိုင်တယ်။ ဒီဆန္ဒပြပွဲထဲမှာ ဖမ်းမိတဲ့ ဘယ်ရွှေ့ပြောင်းအလုပ်သမား ကိုမဆို ထိုင်းအစိုးရက ထောင်ချ၊ဒဏ်ရိုက်မယ့် အပြင် အလုပ်လုပ်ခွင့်ပါမစ်ကိုပါ ဖျက်သိမ်းမယ်။ အလုပ်ရှင်ကိုလည်း ရွှေ့ပြောင်းအလုပ်သမား တယောက်စီအတွက် ဘတ် ၁ သိန်းစီ ဒဏ်ရိုက်မယ်” ဟု ထိုင်းအလုပ်သမား ၀န်ကြီး Phaitoon Kaeothong က မတ်လ ၉ ရက်နေ့တွင် ပြောကြားကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြ ထားသည်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသော ရှပ်နီများသည် လာမည့် မတ်လ ၁၄ ရက်နေ့တွင် ဘန်ကောက်မြို့ sanamluang ကွင်း၌ အကြီးမားဆုံး ဆန္ဒပြပွဲတရပ်ပြုလုပ်မည် ဖြစ်သောကြောင့် မနက်ဖြန်မှ စတင်ကာ စုရပ်များတွင် စုရုံးကြရန် ဆော်သြထားသည်။

တရားရုံးချုပ်၏ အမိန့်အရ သက်ဆင်နှင့် ၎င်း၏ ဇနီးပိုင်ဆိုင်သော ဘတ်ငွေ ၄၆ ဘီလီယံကို သိမ်းလိုက်သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ရှပ်နီများသည် ၎င်းတို့ ထောက်ခံသော ၀န်ကြီးချုပ်ဟောင်း၏ ပိုင်ဆိုင်မှု အများစုကို အစိုးရပိုင်အဖြစ် သိမ်းမည် ဟူ၍ ယခင် ရက်သတ္တ ၂ ပတ်ခန့်က အမိန့် ချလိုက်သောကြောင့် ဆန္ဒပြကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အစိုးရကို ရှပ်နီများက ၎င်းအာဏာရချိန်မှစ၍ ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်ရှင်နှင့် အတူ ထိုင်းတနိုင်ငံလုံးကို သွားခွင့်ရှိရာ အနီရောင်ကို ထောက်ခံသည့် အလုပ်ရှင်ဖြစ်နေပါက အလုပ်သမားများကိုခေါ်ပြီး ဆန္ဒပြပွဲတွင် ပါဝင်ခိုင်းနိုင်ကြောင်း၊ ထို့ပြင် တချို့ ရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ဆန္ဒပြပွဲ အနီးဝန်းကျင်တွင် သွားလာ လှုပ်ရှားမှုများ ရှိနိုင်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ ရွှေ့ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောသည်။

“အာဏာပိုင်တွေက စစ်ဆေးတဲ့ အခါ ရွှေ့ပြောင်းအလုပ်သမားမှန်း သိလို့ အဖမ်းခံရနိုင်တယ်။ တော်တော် တော့ စိုးရိမ်စရာကောင်းတဲ့ အနေအထားပါ။ ကျနော့်အမြင်ပြောရရင် ဒီလို အမိန့် ထုတ်တာတော့ တကယ့် ကို မသင့်လျော်တဲ့ လုပ်ရပ်လို့ ပြောချင်တယ်ဗျာ” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ခြင်းမှာ ယခင်က ဖြစ်ပေါ်ခဲ့ဖူးသော အနီဝတ်နှင့် အ၀ါဝတ် အုပ်စု ဆန္ဒပြပွဲများတွင် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ခဲ့ဖူးသည့် သာဓကများ ရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။

အ၀ါရောင်ဝတ် ဆန္ဒပြသမားများက သက်ဆင်ရှင်နာဝပ်နှင့် နောက်တက်သည့် သက်ဆင်၏ နောက်လိုက် ၀န်ကြီးချုပ်များကို ပြုတ်ကျစေရန် ဘန်ကောက်မြို့တွင် ကြီးမားသော ဆန္ဒပြပွဲကြီးများ ပြုလုပ်ခဲ့ကြဖူးသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ စမတ် နှင့် ဆုမ်ချိုင်း စသော ၀န်ကြီးချုပ် သုံးဆက်ကို အ၀ါရောင်ဝတ် ဆန္ဒပြ သမားများက ဖြုတ်ချပြီးနောက် လက်ရှိဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အာဏာရလာခြင်းဖြစ်သည်။

ထိုင်းအလုပ်သမား ၀န်ကြီး၏ ထုတ်ပြန်ကြေညာချက်မှာ ရွှေ့ပြောင်းအလုပ်သမားများ အတွက် များစွာ စိုးရိမ်ဖွယ်ရာကောင်းကြောင်းနှင့် ထိုင်းနိုင်ငံသား အချင်းချင်း ဖြစ်ပျက်နေသော နိုင်ငံရေး ပြဿနာကို မဖြေရှင်းဘဲ အားနည်းသော ရွှေ့ပြောင်းအလုပ်သမားများကို ခြိမ်းခြောက်ခြင်းမှာ အလုပ်သမား အခွင့်အရေးနှင့် လူ့ အခွင့်အရေးကို ချိုးဖောက်ရာရောက်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသော MAP ဖောင်ဒေးရှင်းမှ ကိုနစ်ကပြောသည်။

ထိုင်း အလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ခြိမ်းခြောက်သည့် ကြေညာချက် ထုတ်နေသော်လည်း အလုပ်သမားအများစုမှာ မကြာမီပြုလုပ်မည့် ဆန္ဒပြပွဲကို သိသူ နည်းပါးလှသည်ဟု ကိုနစ်က ဆက်ပြောသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ကိုမြင့်ဝေကလည်း “ထိုင်းအလုပ်သမား ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အလုပ်သမားအခွင့်အရေးတွေကို တောင်းဆိုနိုင်တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်မရှိဘူး။ ဒါကြောင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကိုယ်အန္တရာယ်ဖြစ်စေမယ့် အရေးကို သတိထားပြီး ဆင်ဆင်ခြင်ခြင် နေထိုင်သင့်ပါတယ်” ဟုဆိုသည်။

ယခုလတ်တလောကာလသည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ အလုပ်သမား လက်မှတ်သက်တမ်းတိုးခြင်း ပြုလုပ်နေသည့် ကာလဖြစ်သကဲ့သို့ လက်မှတ်မရှိသူများအား ထိုင်းအစိုးရက ဖမ်းဆီး ပြန်ပို့မည်ကို စိုးရိမ်နေသည့် ကာလလည်း ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းတွင် လာရောက်အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းမှ ၄ သန်း ရှိသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။



ဘစောတင်

Tuesday, March 9, 2010

ထိုင်းရဲဖမ်းသဖြင့် ထွက်ပြေးသည့် မိန်းကလေး ၂ ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုတွင် ထိုင်းရဲများက ၀င်ရောက် ဖမ်းဆီးသဖြင့် ထွက်ပြေးကြရင်း မြန်မာမိန်းကလေး ၂ ဦး ရေနစ်သေဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။

ဖူးခက်မြို့ ပါတောင်ကမ်းခြေမှ ၁၃ ထပ် အမည်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ယမန်နေ့ ညနေ ၆ နာရီခန့်၌ ထိုင်းရဲများ ဝင်ရောက် စီးနင်းသောကြောင့် မြန်မာအလုပ်သမားများ ထွက်ပြေးကြရင်း အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

“ကျနော့် ညီမလေးတွေ အခုလို သေရတာ အရမ်းခံပြင်းတယ်ဗျာ။ သူများဒေသမှာဆိုတော့ ဘာမှလည်း လုပ်လို့မရဘူး။ အမေဆို အရူးမကြီးလိုဖြစ်နေပြီ။ အဖေလည်း သူ့သမီးလေးတွေ အခုလို ရုတ်တရက် ရေနစ်သေရတော့ ခံစားရလွန်းလို့ စကားတောင် မပြောနိုင်ဘူး” ဟု သေဆုံးသူ မိန်းကလေးများ၏ အစ်ကို ကိုနောင်က ပြောသည်။

ရေနစ်သေဆုံးသူများမှာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အံ့ဇော်ရွာမှ ဦးမြင့်သိန်း၊ ဒေါ်တင့်ဝေတို့၏ သမီး မမြင့်မြင့်စန်း (၁၂ နှစ်) နှင့် မညိုညိုစမ်း (၂၀ နှစ်) တို့ဖြစ်ကြသည်။

ထိုင်းရဲ ၀င်ဖမ်းသည်ဆိုသည်နှင့် အလုပ်သမားလက်မှတ် မရှိသူအားလုံး ကြောက်လန့်ကာ နီးရာ တောထဲ တောင်ထဲသို့ ထွက်ပြေး တိမ်းရှောင်ကြလေ့ ရှိကြောင်း သိရသည်။

မမြင့်မြင့်စန်းမှာ အသက်မပြည့်သေးသဖြင့် အလုပ်သမားလက်မှတ် လုပ်၍ မရသေးသကဲ့သို့ ဆောက်လုပ် ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူ မဟုတ်ဘဲ မိဘများ အလုပ်သွားနေချိန် အိမ်မှုကိစ္စများကို လုပ်ကိုင် ပေးနေသူသာ ဖြစ်သည်။ မညိုညိုစမ်းမှာမူ ကျပန်း အလုပ်သမားဖြစ်သည်။

အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူ ဘကြီးအောင်က “တန်းလျားကို ရဲဝင်တယ် ဆိုတော့ ပြေးကြတာ။ မြင့်မြင့်စန်းကလည်း ကြောက်ကြောက်နဲ့ လိုက်ပြေးရင်း ရေထဲကိုပြုတ်ကျပြီး နစ်သွားတာ။ ညီမနစ်နေတော့ အစ်မက လိုက်ဆယ်ရင်း အစ်မပါ သေသွားတယ်။ ရဲတွေက ကလေးတွေ ရေနစ်တာကို မြင်နေရက်သားနဲ့ မကူညီဘဲ ဒီအတိုင်းကြည့်နေကြတယ်” ဟုဆိုသည်။

ရေနစ်နေစဉ် ကယ်ဆယ်ရန်ကြိုးစားသူကို ထိုင်းရဲများက သေနတ်ဖြင့်ထောက်ကာ ကယ်ဆယ်ခြင်း မပြုရန် တားမြစ်သည်ဟု သိရသည်။

“ကိုမိုးသီးဇွန်ဆိုတဲ့ ထားဝယ်သားတယောက်က ဒီညီအစ်မနှစ်ယောက် ရေနစ်နေတာကို ကယ်ဖို့ ရေထဲ ဆင်းမလို့ လုပ်တာကို ရဲက ကယ်မလား၊ အဖမ်းခံမလားဆိုပြီး သေနတ်နဲ့ ကြောကို ထောက်ထားတယ်။ သူက ကယ်မယ်ဆိုတော့ ရဲတွေက သူ့ကို ပုလင်းနဲ့ ပေါက်ပြီး မောင်းထုတ်လို့ မကယ် လိုက်ရဘူး” ဟု မျက်မြင်ဖြစ်သူ ကိုဉာဏ်လင်းက ပြောသည်။

ထို ၁၃ ထပ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ နီးပါးခန့် ရှိပြီး အများစုမှာ အလုပ်သမား လက်မှတ် လုပ်ထားကြသော်လည်း လက်ဝယ်မရှိကြပေ။ တချို့မှာ လက်ရှိ လုပ်ငန်းခွင် သူဌေး၏ နာမည်ဖြင့် လက်မှတ်လုပ်ထားသူများ မဟုတ်ကြသောကြောင့် ရဲဖမ်းလျှင် ကြောက်လန့်တကြား ပြေးကြရာမှ ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရခြင်းဖြစ်သည်။

ယမန်နေ့က အလုပ်သမား ၁၅ ဦးခန့် ဖမ်းဆီး ခံရသည်ဟု သိရသည်။

ဖူခက်မြို့ရှိ ပါတောင်ကမ်းခြေသည် နာမည်ကြီး ပင်လယ်အပန်းဖြေ စခန်းဖြစ်ရာ ပင်လယ်ထဲသို့ လူနေရပ်ကွက်အတွင်းမှ ချောင်းငယ်၊ မြောင်းငယ်များက စီးဝင်လျှက်ရှိသည်။ ယခု မိန်းကလေး ၂ ဦး ရေနစ်သေဆုံးသော နေရာမှာ ပင်လယ်ထဲသို့ စီးဝင်နေသော ချောင်းတခုတွင် ဖြစ်သည်။

ထိုင်းနိုင်ငံ ဖန်င အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသော GHRE ၏ ဒါရိုက်တာဦးထူးချစ်က “ထိုင်းနိုင်ငံအတွင်းက မြန်မာအလုပ်သမားတွေကြားမှာ ဒီလိုမျိုး အဖြစ်အပျက်တွေကတော့ မကြာခဏ ကြုံနေရတာပါ။ ဖမ်းမှာကြောက်လို့၊ တချို့ကျတော့ လက်မှတ် ရှိတာတောင် ငွေပေးရမှာ ကြောက်လို့ ပြေးတတ်ကြတယ်” ဟု ဆိုသည်။

ယခုကဲ့သို့သော ဖြစ်ရပ်များ၏ အဓိက အကြောင်းအရင်းမှာ ထိုင်း အစိုးရက ရွှေ့ပြောင်း အလုပ်သမားများ တွက် အလုပ်သမာျးဥပဒေနှင့်အညီ အခွင့်အရေးများ တိတိကျကျ မလုပ်ဆောင် ပေးနိုင်သောကြောင့် ဖြစ်သည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် မြန်မာအများအပြား အလုပ်လုပ်ကိုင်လျှက်ရှိကြသည်။ အလုပ်သမားအရေး ဆောင်ရွက်သူများ၏ အဆိုအရ ထိုင်းနိုင်ငံတဝန်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းမှ ၄ သန်းအထိ ရှိသည်ဟု သိရသည်။


ဘစောတင်

Sunday, March 7, 2010

မဲဆောက်၌ နှစ်ရက်အတွင်း မြန်မာ ၂၀၀ ကျော်အဖမ်းခံရ

ထိုင်းနိုင်ငံ မဲဆောက် မြို့တွင် ယနေ့နှင့် ယမန်နေ့ နှစ်ရက်အတွင်း တောင်းစားသူများ အပါအ၀င် မြန်မာပြည်သား ၂၀၀ ကျော်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက မဲဆောက်ဆေးရုံဝန်းကျင်၊ T.K လေး သိုးမွေးစက်ရုံအနီးနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ သွားသော လမ်းတလျှောက်တွင် မြန်မာ အလုပ်သမားများကို အာဏာ ပိုင်များက ဖမ်းဆီးသွားသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မှ အလုပ်သမား ဆက်ဆံရေး တာဝန်ခံ ဦးထွန်းအောင်ကျော်က ဧရာဝတီသို့ ပြောသည်။

“T.K လေး စက်ရုံရှေ့မှာ အလုပ်သမား ၄၀ နဲ့ စက်ဘီး ၂၀လောက်ပါသွားတယ်၊ လူရော စက်ဘီးရော ကား တစီးနဲ့ ဖမ်းတင်သွားတယ်၊ ပြီးတော့ မဲဆောက်ဆေးရုံထောင့်မှာလည်း ဖမ်းတယ်၊ မဲဆောက် UN ရုံးသွားတဲ့ လမ်းပေါ်မှာလည်း ဖမ်းတယ်ဆိုတော့ အားလုံး တရာကျော်လောက်တော့ ရှိမယ်”ဟု ၎င်းက ဆိုသည်။

ထို့အတူ ပြည်သူ့ စေတနာ့ဝန်ထမ်းအဖွဲ့(People Volunteer Association)မှ ရုံးတာဝန်ခံ ကိုကျော်ကျော်က လည်း“ကျနော့်ရှေ့မှာပဲဖမ်းသွားတာဗျ၊ စက်ဘီးနဲ့ လာတဲ့သူရော လမ်းသွားလမ်းလာရော အားလုံးကား ပေါ် တင်တာပဲ၊ ကားသုံးစီးနဲ့တင်သွားတယ်၊ အများစုကတော့ ပန်းရံအလုပ်သမားတွေ နေ့ စားအလုပ်သမား တွေ
များမယ် ထင်တယ်”ဟုပြောသည်။

ယနေ့ အဖမ်းခံရသူများထဲမှ ၄၀ ခန့်ကို မဲဆောက် ရဲစခန်းဝင်းတွင် ချုပ်နှောင်ထားကြောင်း ရဲစခန်းဝင်း သို့
သွားရောက်တွေ့ဆုံခဲ့သူ ရခိုင်အလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုလှမင်းကပြောဆိုသည်။

“ကျနော် အခု မဲဆောက်ရဲစခန်းထဲကို သွားကြည့်တယ်၊ လူ ၄၀ ဖမ်းထားတယ်လို့ ရဲကပြောတယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန အလုပ်ခန့်ထားရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Supat Gukhun က အလုပ်သမား လက်မှတ်သက်တမ်းမတိုးသူများ၊ လက်မှတ်မရှိသူများကို ဖမ်းဆီးကာ မိခင် နိုင်ငံသို့ ပြန်ပို့မည်ဟု မတ်လ (၃) ရက်နေ့ကကြေညာပြီးနောက် ယခုကဲ့သို့ မဲဆောက်မြို့တွင် ရာနှင့်ချီသော ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် လုပ်ရန် နိုင်ငံသား စိစစ်ရန်အတွက် နောက်ဆုံးလျှောက်လွှာတင်ရမည့် နောက်ဆုံးရက်မှာ မတ်လ (၃) ရက်နေ့ က ကုန်ဆုံးသွားပြီဖြစ်သည်။

ယမန်နေ့ ကလည်း မဲဆောက်ဈေးကြီးအတွင်းတွင် မြန်မာနိုင်ငံဘက်မှ လာရောက် တောင်းရမ်းစားသောက် နေသူများနှင့် ဈေးရောင်းဈေးဝယ် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သေးသည်။ တောင်းစားသူများထဲတွင် အမျိုးသမီး နှင့် ကလေးများမှာ အများစုဖြစ်ပြီး စစ်တပ်မှထွက်လာသော မသန်မစွမ်းများနှင့် ကူးစက်ရောဂါ ခံစားနေရသူ များလည်းပါဝင်ကာ ၎င်းတို့ကို မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။

မဲဆောက်ဈေးမှ ဈေးသည် တဦးဖြစ်သူ ကိုအောင်မြတ်မိုးက“မနေ့ က မြို့နယ် လုံခြုံရေး တပ်ဖွဲ့ ဝင်တွေ ၄၀ လောက်ရှိမယ်၊ ဈေးကို ပိတ်ဖမ်းတာ၊ တောင်းစားတဲ့သူတွေကို အရင်ဖမ်းတယ်၊ ပြီးတော့ ဈေးရောင်း ဈေးဝယ် တွေကို ထပ်ဖမ်းတယ်၊ ဈေးရောင်းခွင့် လက်မှတ်မရှိသူတွေ၊ ဆယ်နှစ်ခံ လက်မှတ် ကိုင်ထားတဲ့ သူတွေ တောင် ပါသွားတယ်”ဟု ပြောသည်။

မဲဆောက် ဈေးဟောင်းနှင့် ဈေးသစ်၂ခုလုံးကို ၀င်ဖမ်းခြင်းဖြစ်ပြီး လက်မှတ်ရှိသူများကို ပြန်လည်စိစစ်ကာ လွှတ်ပေးခဲ့ကြောင်း၊ အလုပ်သမားလက်မှတ်မရှိသူများကို မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ပြန်ပို့ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများကို မဲဆောက်မြို့နယ် မယ်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် ချုပ်နှောင်ထားပြီး ငွေပေး၍ ရွေးနိုင်သူများကို ပြန်လွှတ်ကာ ငွေမပေးနိုင်သူများကို မြန်မာဘက်ခြမ်းရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ၉၉၉ ဂိတ်သို့ ပို့ ဆောင်ပေးသည်ဟု လည်း သိရသည်။

ငွေမပေးနိုင်သူများကို DKBA တပ်၏ လမ်းဖောက်ရာသို့ ပေါ်တာအဖြစ် ခေါ်ဆောင်သွားတတ်ကြကြောင်း လည်း မဲဆောက်မြို့မှ အလုပ်သမားများ၏ သာရေးနာရေး လူမှုရေးများကို ကူညီ ဆောင်ရွက်ပေးနေသူ ကိုဝဏ္ဏက ပြောသည်။

“တောမော (ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံး) ကိုရောက်ရင် ဗမာပွဲစားတွေ အရင်လာတယ်၊ ညှိတယ်၊ ဘတ် ၁၀၀၀ ပေးနိုင်ရင် အဲဒီမှာတင် ပြီးတယ်၊ မပေးနိုင်ရင်တော့ ဟိုဘက်ကမ်းကို ပို့တယ်။ ၉၉၉ဂိတ်ကိုရောက်ရင် ပေါင်းစားတဲ့ ပွဲစားတွေက အိမ်လေးတွေဆောက်ထားပြီး အဖမ်းခံလာရသူတွေကို လူ၂၀။ ၃၀ စသည်ဖြင့် ခေါ်သွားပြီးတော့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆီက ပိုက်ဆံရအောင် တောင်းခိုင်းတယ်၊ ရွေးမယ့်သူမရှိလို့  ကတော့ အဲဒီလူကို DKBA လမ်းဖောက်ရာမှာ ပေါ်တာအဖြစ်သုံးတယ်”ဟု ကိုဝဏ္ဏက ဆိုသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာ ရွှေ့ ပြောင်းအလုပ်သမား ၂သန်းမှ ၄သန်းအထိ ရှိသည်ဟု အလုပ်သမား အရေးဆောင်ရွက်သူများက ခန့်မှန်းပြောဆိုကြသည်။

ဘစောတင်

Wednesday, March 3, 2010

ရွှေ့ပြောင်း လုပ်သား ၅ သိန်း မိခင်နိုင်ငံ ပြန်ပို့မည်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အလုပ်သမားလက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းခန့်ကို ဖမ်းဆီး၍ နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပြောသည်။

“သဘောတူညီချက်အတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်တဲ့ တရားမဝင်အလုပ်သမားတွေကို ကျနော်တို့ အနေနဲ့ ဖမ်းပြီးတော့ ပြန်ပို့ရမှာဘဲ” ဟု ထိုင်း အလုပ်ရှာဖွေခန့်ထားရေးဌာန လက်ထောက်ဒါရိုက်တာ Supat Gukun က ယင်းသို့ ပြောကြောင်း ယနေ့ထုတ် THE NATION သတင်းစာ၌ ဖော်ပြထားသည်။

ယနေ့တွင် စတင်အသက်ဝင်မည့် ပြန်ပို့ရေးအစီအစဉ်ကို ရဲနှင့် လူဝင်မှုကြီးကြပ်ရေးဌာနများနှင့် ပူးတွဲ၍ ပြန်ပို့ရေး အစီအစဉ်ကို အကောင်ထည် ဖော် မည်ဟုလည်းဆိုသည်။

အမှန်တကယ်သာ အကောင်အထည်ဖော်ဖြစ်လျှင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား နိုင်ငံသား ၅ သိန်းခန့်မှာ ပြန်ပို့ခံရမှာဖြစ်သည်။

ထိုင်းနိုင်ငံတွင်းအလုပ်လုပ်ခွင့် သက်တမ်းတိုးရန်နှင့် ယာယီနိုင်ငံကူး လက်မှတ်အတွက် နိုင်ငံသား စီစစ်မှု ခံယူရန် ပုံစံဖြည့်စွပ်ချိန် နောက်ဆုံးရက်အဖြစ် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယခင်လ ၂၈ ရက်နေ့ကို သတ်မှတ်ပေးခဲ့သည်။ သို့သော် ရုံးပိတ်ရက်များနှင့် တိုက်နေသဖြင့် ၂ ရက် ထပ်တိုးပေးခဲ့ရာ ယမန်နေ့က နောက်ဆုံးဖြစ်သည်။

သက်ဆိုင်ရာ ထိုင်းအလုပ်သမားရုံးများက လက်မှတ်သက်တမ်းလာတိုးသူများအား နိုင်ငံသားစီစစ်ရေး ပုံစံကိုပါ ဖြည့်စွပ်စေကြောင်း မဖြည့်စွပ်ပါက သက်တမ်းမတိုးပေးကြောင်း သိရသည်။ စီစစ်ရေးပုံစံ တင်ပါမည်ဟု အလုပ်ရှင်နှင့် အလုပ်သမားက ဝန်ခံချက် လက်မှတ်ထိုးလျင်မှု သက်တမ်းတိုးပေးပြီး ပုံစံဖြည့်တင်ရန် ယခုလကုန်အထိ အချိန်ရမည်ဖြစ်သည်။ ယခု ဖမ်းဆီးပြန်ပို့ ခံရမည့်သူများသည် လက်မှတ်သက်တမ်းလည်းမတိုး၊ ပုံစံလည်း မဖြည့်သူများဖြစ် သည်ဟု ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားအချို့မှာ ခရီးကွာဝေးသည့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း၊ လယ်လုပ်ငန်း၊ ရော်ဘာ လုပ်ငန်း၊ သစ်သီးခြံလုပ်ငန်းများတွင် လုပ်ကိုင်နေကြသဖြင့် အချိန်တိုအတွင်း ဆောင်ရွက်ရန်ကိစ္စများကို အမြန်ဆုံးရန် မလွယ်ကူကြောင်း အဝေးရောက်ညွှန့်ပေါင်းအစိုးရ NCGUB မှ ရွှေ့ပြောင်းအလုပ်သမား ရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးနေ့ဖြစ်သော ယမန်နေ့က အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တိုးမြှင်ခဲ့သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို တို့မှ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၇ဝ၇၂၄၆ ဦး ရှိသည်ဟု ထိုင်းနိုင်ငံ နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေးဌာနမှ အစီရင်ခံစာ ထုတ်ပြန်ထားသည်။

ထိုအရေအတွက်သည် တရားဝင်မှတ်ပုံတင်ထားသည့် စာရင်းရှိ ၁၃၁၅၉၃၂ ဦး မှဖြစ်သည်။ ၅၃၆ဝ၇၄ ဦးသည် ၎င်းတို့၏ နိုင်ငံသားစီစစ်မှုပြုရေး လျှောက်လွှာကို တင်သွင်းခဲ့ကြပြီး၊ ၁၆၈၆၈၈ ဦးသည် ယာယီ နိုင်ငံကူးလက်မှတ် လက်ခံရရှိပြီး ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများကို ဖမ်းဆီးပို့ဆောင်မည်ဆိုလျင် လူအခွင့်အရေးချိုးဖောက်မှုများ၊ အနိုင်ကျင့်ခံရမှုများ ခံရဖွယ်ရှိကြောင်းနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံစီးပွားရေးကဏ္ဍအတွက် အရေးပါ သောကြောင့် ထိုင်းအစိုးရအနေနဲ့ ငဲ့ညှာသင့်ကြောင်း နိုင်ငံတကာနှင့် ထိုင်း အလုပ်သမားအဖွဲ့အစည်းများ နှင့် ကျွမ်းကျင်သူများက ထောက်ပြနေကြသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

မဇ္ဈိမ သတင်းမှကူးယူဖေါ်ပြသည်။

Monday, March 1, 2010

ယာယီနိုင်ငံကူးလက်မှတ်လုပ်သူများကို မဖမ်းဟု ပြည်ထဲရေးဝန်ကြီး ပြော

မြန်မာ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် ယနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက် မြို့အနီးရှိ မဟာချိုင်ဒေသသို့ လာရောက်၍ ယာယီနိုင်ငံကူး လက်မှတ်(ပတ်စ်ပို့)ပြုလုပ်သည့် အလုပ်သမားများကို ဖမ်းဆီးမှုမပြုလုပ်ကြောင်း ပြောဆိုသည်ဟု သတင်းရရှိသည်။

မြန်မာ ပြည်ထဲရေးဝန်ကြီးသည် မဟာချိုင်မြို့ တော်ဝန်ရုံးတွင် ထိုင်းလုပ်ငန်းရှင်များနှင့် တွေ့ ဆုံစဉ် ယင်း ကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ရတ်ထိုင်း (Rath Thai) အဖွဲ့ မှ ထိုင်း-မြန်မာ ဘာသာပြန် ကိုအောင်က ဧရာဝတီသို့ ပြောပြသည်။

“ဗိုလ်ချုပ်မောင်ဦး အဓိကပြောသွားတာတွေကတော့ မဟာချိုင်မှာ အလုပ်သမား လက်မှတ် လုပ်ထားတဲ့ လူဦးရေ ၁၆၅၀၇၀ ရှိတဲ့ အထဲက ပတ်စ်ပို့ လုပ်တာ ၆၀၀၀ ကျော်လောက်ရှိတာ ဘာကြောင့်လဲ ဆိုတာကို မေးပါတယ်၊ ပြီးတော့ သူတို့မြန်မာဘက်က ပတ်စ်ပို့ ဗီဇာ လာလုပ်တဲ့သူ ဘယ်သူ့ ကိုမှ ဖမ်းဆီးခြင်းမပြုဘူး ဆိုတာကို အာမခံတယ်လို့ ကတိပေးတယ်၊ တကယ်ကုန်ကျမယ့်စရိတ်နဲ့ မြန်မာ အလုပ်သမားတွေ ဒီကနေ့ ပွဲစားတွေကို ပေးနေရတဲ့ စရိတ်တွေက အရမ်းကို ကွာဟ နေတာကိုလည်း ထောက်ပြခဲ့တယ်”ဟု အထက်ပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကိုအောင်က ပြောသည်။

ယနေ့ တွေ့ ဆုံပွဲတွင် ထိုင်းအလုပ်ရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိများသာ တက်ရောက်ဆွေးနွေးခဲ့ကြပြီး အလုပ်သမားများ တက်ရောက်ခွင့်မရခဲ့ဟု သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် မြန်မာအလုပ်သမားများက ဂျပန်စက်ရုံဟု ခေါ်သော မဟာချိုင်ရှိ ငါးပုစွန်စက်ရုံမှ တာဝန်ရှိ ထိုင်းအမျိုးသမီးကြီး တဦးက ဗိုလ်ချုပ်မောင်ဦးအား ယာယီပတ်စ်ပို့ လုပ်ငန်းကို ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်ရန် အစီအစဉ် ရှိမရှိကို မေးမြန်းခဲ့သည်။

ဗိုလ်ချုပ်မောင်ဦးက ယခု အချိန်အထိ ထိုင်းနိုင်ငံတွင်းသို့ လာရောက် လုပ်ပေးရန် အစီအစဉ်မရှိသေးဟု ဖြေကြားခဲ့ကြောင်း သိရသည်။

သို့သော် လာမည့် မေလခန့်တွင် ရနောင်းမြို့ ၌်လာရောက် လုပ်ကိုင်ပေးနိုင်ဖွယ်ရှိသည်ဟု ပြောဆိုခဲ့ကြောင်း လည်း ကိုအောင်က ဆက်ပြောသည်။

“ဂျပန်စက်ရုံက ထိုင်းအမျိုးသမီးကမေးတာကို သူပြန်ဖြေတာက လာမယ့် မေလလောက်တော့ ရနောင်းမှာ လာပြီး ယာယီပတ်စ်ပို့လုပ်ဖို့ အစီအစဉ်တော့ ရှိပါတယ်၊ ဘာလို့လဲဆိုတော့ ကော့သောင်းနဲ့ ရနောင်း ကြားမှာ ရေလမ်းခရီးဖြတ်ရတာဆိုတော့ အန္တရယ်ကြီးလို့ဆိုပြီး ပြောပါတယ်၊ နောက်ပြီး မြန်မာဘက်မှာ ဘတ် ၁၀၀ လောက်ပဲကုန်ကျတဲ့ကိစ္စကို အလုပ်သမားတွေ ဘာကြောင့် ဘတ် ၅၀၀၀၊ ၆၀၀၀ ကုန်ကျနေကြရသလဲ ဆိုတာကိုလည်း ထိုင်းအစိုးရလူကြီးတွေက ထည့်သွင်း စဉ်းစားပေးဖို့ တိုက်တွန်းသွားတယ်လို့ သိရတယ်”
ဟု ကိုအောင်က ဆိုသည်။

ထို့အပြင် ဗိုလ်ချုပ်မောင်ဦးသည် မြန်မာအလုပ်သမား အများအပြား ရှိသော Thai Union ငါးပုစွန် စက်ရုံသို့ သွားရောက်ခဲ့သည်ဟု ၎င်းက ပြောသည်။

ယနေ့ တွေ့ ဆုံပွဲသို့ ထိုင်း ပြည်ထဲရေးဝန်ကြီးအပါအ၀င် မြန်မာသံရုံးမှ ၀န်ထမ်းများလည်း တက်ရောက် ခဲ့သည်ဟု သိရသည်။

ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က နယ်စပ်တွင် ယာယီနိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူများ မဖမ်းဆီးရန် အာမခံကြောင်း ပြောကြားခဲ့သည်။

မဟာချိုင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားပေါင်း ၅ သိန်းကျော်ရှိသည်ဟု ရတ်ထိုင်းအဖွဲ့က ခန့်မှန်းသည်။

ယာယီပတ်စ်ပို့ လုပ်ရန်အတွက် လျှောက်လွှာ တင်သွင်းရမည့် ရက်ကို မူလက ဖေဖော်ဝါရီလ(၂၈)ရက်နေ့ တွင် နောက်ဆုံးထားရန် သတ်မှတ်ခဲ့ရာမှ မတ်လ (၂)ရက်နေ့ သို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါနောက်ဆုံးသတ်မှတ်ရက် နောက်ပိုင်းတွင် ထိုင်းအစိုးရက မြန်မာအလုပ်သမားအများအပြားကို အတင်းကျပ်ဖမ်းဆီးခြင်း၊ နေရပ်ရင်းသို့ ပြန်ပို့ခြင်းများ ပြုလုပ်လာမည်ကို လူ့အခွင့်အရေး အဖွဲ့များနှင့် အလုပ်သမားအဖွဲ့များကလည်း စိုးရိမ်ပူနေကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း နိုင်ငံခြားသား အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်သော မူဝါဒများကို ပြင်ဆင်ပေးရန် ထိုင်းနိုင်ငံ အခြေစိုက် NGO အဖွဲ့များက ဦးဆောင်၍ ထိုင်းဝန်ကြီးချုပ် ထံသို့ တောင်းဆိုထားသည်။

ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်း အထိ ရှိကြောင်း အလုပ်သမားအဖွဲ့များက ပြောသည်။

ဘစောတင်

Friday, February 26, 2010

ထိုင်းလုံခြုံရေး ပစ်ခတ်၍ မြန်မာ ၃ ဦး သေဆုံး

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်း ခရိုင်အတွင်း ယမန်နေ့က တရားမ၀င် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ တင်ဆောင်လာသည့် ကားကို ထိုင်း လုံခြုံရေး တပ်က ပစ်ခတ် ဖမ်းဆီးခဲ့ သောကြောင့် ကလေးငယ် ၂ ဦး အပါအ၀င် ၃ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာရရှိ သွားသည်။

ကားပေါ်တွင် မြန်မာပြည်သား (၁၅)ဦး လိုက်ပါလာခဲ့ပြီး ရနောင်းမြို့အ၀င် စစ်ဆေးရေး ဂိတ်တခုသို့ အရောက်တွင် ထိုင်းလုံခြုံရေး တပ်များက စစ်ဆေးရန် တားဆီးသည်ကို မရပ်ပေးသဖြင့် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ရနောင်းမြို့ဒေသခံ မြန်မာ တဦး က ဧရာဝတီသို့ ပြောသည်။

“ကားကို တားတဲ့ အခါကျတော့ ရပ်မပေးဘဲနဲ့ မောင်းပြေးတာ မောင်းပြေးတဲ့အချိန်မှာ ကားဘီးကို ပစ်တာ၊ ဒါပေမယ့် ဘီးရဲ့အပေါ် မှာ လူတွေက လှဲအိပ်နေတဲ့ အခါကျတော့ ပစ်တဲ့အခါ ဘီးလဲမှန်၊ ကားရဲ့ ဘော်ဒီကိုလည်း ဖောက်ပြီးတော့ အတွင်းထဲက ကလေး တွေကိုလည်း သွားမှန်တယ်”ဟု ၎င်းက ဆိုသည်။

ထိုင်း လုံခြုံရေးတပ်များ ပစ်ခတ်မှုကြောင့် အသက် ၂နှစ် နှင့် ၄ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါ အ၀င် အသက် ၂၀ ကျော် တဦး သေဆုံးသွားပြီး ဒဏ်ရာ ရရှိခဲ့သူ ၅ ဦးကို ရနောင်း ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။ ကျန်ရှိနေသည့် ၇ ဦး နှင့် ထိုင်းလူမျိုး ကားသမား တဦးကို ရနောင်း မြို့ရှိ ပါနန်း အချုပ်တွင် ဖမ်းဆီးထားသည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ပါနန်း ရဲစခန်းသို့ ဧရာဝတီ သတင်းဌာနမှ စုံစမ်းမေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက“ဖမ်း ဆီးထားတဲ့ ၇ ယောက် ရှိပါတယ်၊ အမှုနဲ့ ပတ်သက်ပြီး စစ်တပ်က ဖမ်းဆီးတာ၊ အသေးစိတ်ကို မသိရသေးဘူး”ဟု ပြောပြသည်။

ဖမ်းဆီးခံထားရသော မြန်မာပြည်သားများသည် ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်နေထိုင်မှုဖြင့် အရေးယူခံရနိုင် သကဲ့သို့ ကား သမားမှာ လူကုန်ကူးမှု၊ လူသေဆုံးမှု၊ ကားကို မဆင်မခြင်မောင်းနှင်မှု စသည့် အမှုများဖြင့် တရားစွဲဆိုခံရနိုင်ကြောင်း ရနောင်း မြို့ရှိ မြန်မာပြည်သား တဦးက ဆိုသည်။

သေဆုံးသူနှင့် ဖမ်းဆီးခံရသော မြန်မာပြည်သား အများစုသည် မွန်ပြည်နယ် နှင့် တခြားမြို့မှ ဒေသခံများဖြစ်ကြပြီး ကော့သောင်း မြို့မှ တဆင့် ရနောင်းမြို့သို့ လာရောက် အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်း တွင်လည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာ ပြည်သား ၉ ဦးကို ဖုတ်ဖရ မြို့နယ်အနီး တနေရာတွင် တွေ့ရှိခဲ့ကြသည်။

၎င်း တို့ကို ငွေကြေးတောင်းခံစဉ် ထွက်ပြေးသည့် အတွက် လိုက်လံဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်း အထိ ရှိကြောင်း အလုပ်သမားအဖွဲ့များက ပြောသည်။

သန်းထိုက်ဦး

Wednesday, February 24, 2010

ရွှေ့ပြောင်းအလုပ်သမားများ၏ အန္တရာယ်အကြောင်း အစီရင်ခံစာထုတ်ပြန်

ထိုင်းနိုင်ငံတွင်း လာရောက်အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအာဏာပိုင်တို့၏ အကြမ်းဖက်ဖိနှိပ် ကန့်သတ်မှုလုပ်ရပ်များကို တင်ပြထားသည့် အစီရင်ခံစာတစောင်ကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ထုတ်ပြန်လိုက်သည်။

“ကျားလွတ်ရာမှ မိကျောင်းအန္တရာယ်တွင်းသို့” ဟု အမည်ပေးထားသော အဆိုပါအစီရင်ခံစာကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံသား (၈၂) ဦး၏ အဖြစ်အပျက်ကို အခြေခံရေးသားထားပြီး ဖေဖော်ဝါရီ (၂၂) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် သတ်ဖြတ်ခံရခြင်း၊ ထိန်းသိမ်းရေးစခန်းများ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ရိုက်နှက်ညှဉ်းဆဲခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ အဓမ္မလုပ်အားခိုင်းစေခံရခြင်း၊ ကန့်သတ်တားမြစ်ခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလုပ်သမားများအပေါ် လူ့အခွင့်အရေးနှင့် ကျိုးကြောင်းမညီညွတ်သည့် ဥပဒေများကို ထိုင်းအစိုးရအနေဖြင့် ယခုအချိန်တွင် ဖျက်သိမ်းသင့်ပြီဖြစ်ကြောင်း HRW ၏ အာရှရေးရာ ဒါရိုက်တာ ဘရက် အာဒမ်စ်က ပြောကြားထားသည်။

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လျှောက်ထားခြင်းမရှိသည့် ရွှေ့ပြောင်းအလုပ်သမားများကို ယခုလကုန်တွင် ဖမ်းဆီးကာ နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရ၏ကြေညာချက်ကြောင့် အလုပ်သမားများအနေဖြင့် ရပ်တည်ရန် ပိုမိုခက်ခဲကြလိမ့်မည်ဟုလည်း ၎င်းက ပြောဆိုသည်။

ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို တရားမျှတစွာ အကာအကွယ်ပေးနိုင်သည့်အချိန်မှသာ ထိုင်းအစိုးရက ယာယီနိုင်ငံကူးလက်မှတ်ကိစ္စကို ဆက်လက်လုပ်ဆောင်သင့်သည်ဟု ဘရက် အာဒမ်စ်က အစီရင်ခံစာတွင် တင်ြပထားသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား (၂) သန်းမှ (၄) သန်းအထိ ရှိရာ၌ (၈၀) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ်ကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် စရိတ်မှာ ထိုအလုပ်သမားတို့၏ လုပ်ခ (၂) လစာ၊ (၃) လစာအထိ ရှိနေသည့်အတွက် ပြုလုပ်ကြရန် ခက်ခဲကြခြင်းဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၁) သန်းကျော်ကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ပါက လုပ်ငန်းအချို့ ရပ်ဆိုင်းသွားနိုင်ပြီး ထိုင်းနိုင်ငံ၏ စီးပွားရေး ကျဆင်းသွားနိုင်သောကြောင့် ပြန်ပို့ရန် မဖြစ်နိုင်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့တို့က ခန့်မှန်းကြသည်။

“ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ အများကြီး မှီတည်နေရပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှု အန္တရာယ်ကနေ သူတို့အတွက် ကာကွယ်ပေးနေတာက တကယ့်ကို အနည်းအကျဉ်းသာ လုပ်ပေးပါတယ်” ဟု HRW အဖွဲ့မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဘရက် အာဒမ်စ်က ပြောကြားသည်။

ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းအာဏာပိုင်များ၊ ဝန်ထမ်းများ၊ စီးပွားရေးသမားများက ရာဇဝတ်မှုဆိုင်ရာ အကြမ်းဖက်မှု၊ ဖိနှိပ်မှုများ လုပ်နေသည်ကို အဆုံးသတ်နိုင်စေရန် ထိုင်းအစိုးရအနေဖြင့် ကြိုးပမ်းသင့်ကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

ဝီရ(ခေတ်ပြိုင်)

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် နယ်စပ်မြို့တမြို့ ထပ်တိုး

လုပ်ငန်းစဉ် ပိုမိုမြန်ဆန်လာစေရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင်လည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသွားရန် နှစ်ဖက်နိုင်ငံမှ အာဏာပိုင်တို့က စီစဉ်နေကြောင်း မြန်မာဘက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှ ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “မနက်ဖြန် (၂၅) ရက်နေ့ကနေ (၂၈) ရက်နေ့ လကုန်တဲ့အထိ ရှေ့ဆက်မယ့်လုပ်ငန်းအတွက် ဆွေးနွေးကြတယ်။ အဲဒါမှာ ဘန်ကောက်မြို့နဲ့ အနီးဆုံးနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမှာလည်း ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးဖို့ အခု စီစဉ်နေပါတယ်။ နောက်လမှာ စဖို့ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဘန်ကောက်မြို့မှ ကီလိုမီတာ (၃၀၀) နီးပါးသာ ကွာဝေးသော ဘုရားသုံးဆူမြို့တွင် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ရုံးဖွင့်လှစ်ပေးပါက အလုပ်သမားများအတွက် ခရီးကြန့်ကြာမှု လျော့ကျသွားကာ လုပ်ငန်းစဉ်ကိုလည်း ပိုမို မြန်ဆန်လာစေကြောင်း လဝက ဝန်ထမ်းက ဆက်လက်ပြောကြားသည်။

နှစ်ဖက်နိုင်ငံမှ တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသော်လည်း ဘုရားသုံးဆူမြို့တွင် မြန်မာရဲ၊ စစ်တပ်၊ စရဖနှင့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့တို့၏ ဂိတ်ပေါက်ငယ်များမှတဆင့် ဖြတ်သန်းသွားလာနိုင်သည်။

ဘုရားသုံးဆူမြို့၌ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် စီစဉ်နေကြောင်း နယ်စပ်မှ မွန်ပြည်သစ်ပါတီ အရာရှိတဦးကလည်း အတည်ပြုပြောကြားခဲ့ပြီး ဘန်ကောက်မြို့ ပတ်ဝန်းကျင်ရှိ သိန်းချီသော မြန်မာအလုပ်သမားများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။

“ရေလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ မဟာချိုင်နဲ့ ဘန်ကောက်တဝိုက်က မြန်မာအလုပ်သမားတွေအတွက် မြဝတီနဲ့ ကော့သောင်းထက်စာရင် ဒီဘုရားသုံးဆူမှာ လာလုပ်လို့ရရင် ခရီးသိပ်မကြာဘူး၊ ပိုမြန်လာမယ်ဆိုပြီး ဘုရားသုံးဆူနယ်စပ် ထိုင်း-မြန်မာ ချစ်ကြည်ရေးအဖွဲ့နဲ့ နှစ်ဖက် အာဏာပိုင်တွေက ဆွေးနွေးပြီးတော့ ဒီနယ်စပ်မြို့မှာလည်း ဖွင့်ဖို့ဖြစ်လာတာ” ဟု ပြောသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်နိမိတ်မျဉ်းသည် ထိုင်းနိုင်ငံ စံခရဘူရီမြို့နယ်ရှိ ဘုရားသုံးဆူမြို့ကို ထက်ဝက်ပိုင်းခြားထားကာ တဖက်တွင် မြန်မာနိုင်ငံပိုင်နက်ဖြစ်ပြီး တဖက်တွင် ထိုင်းနိုင်ငံပိုင်နက်ဖြစ်သည်။

လက်ရှိတွင် ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးရာ ရုံးများကို ကော့သောင်းမြို့၊ မြဝတီမြို့နှင့် တာချီလိတ်မြို့တို့တွင် မြန်မာဘက်က ဖွင့်လှစ်ထားသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားလက်မှတ်ရှိသူ မြန်မာနိုင်ငံသား (၁) သန်းကျော်တွင် ယာယီနိုင်ငံကူးလက်မှတ် လျှောက်လွှာ တင်ထားသူပေါင်း (၄) သောင်းကျော်သာ ရှိသေးပြီး ၎င်းတို့အနက် အုပ်စု (၂) စုခွဲကာ ၂၀၁၀ ခုနှစ်အတွင်း ပထမ (၆) သိန်း၊ နောက်နှစ်တွင် ဒုတိယ (၆) သိန်းကို ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးသွားရန် လွန်ခဲ့သည့် သီတင်းပတ်က ပုဂံမြို့တွင် နှစ်ဖက် အလုပ်သမားဝန်ကြီး ကိုယ်စားလှယ်တို့က ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။

၂၀၀၉ ခု ဇူလိုင် (၁၅) ရက်နေ့က စတင်ထုတ်ပေးခဲ့သည့် ယာယီ နိုင်ငံကူးလက်မှတ်သည် မြန်မာဘက်၌ ကျပ်ငွေ (၃) ထောင်၊ ထိုင်းဘက်၌ ဘတ်ငွေ (၅၀၀) ကုန်ကျကာ စာအုပ်သက်တမ်း (၃) နှစ်ရှိသည်ဟု မြန်မာအာဏာပိုင်တို့က ကြေညာထား သော်လည်း နယ်စပ်သို့သွားရောက်ရန် လမ်းခရီးစရိတ်သည် ထိုင်းဘတ်ငွေ (၈,၀၀၀) မှ (၁၀,၀၀၀) အထိ ထပ်မံကုန်ကျမည် ဖြစ်သည်။

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြန်မာအလုပ်သမားများ တွန့်ဆုတ်ရခြင်း အကြောင်းအရင်းများအနက် စစ်အစိုးရ အာဏာပိုင်တို့ကို ယုံကြည်မှုမရှိခြင်း၊ မိမိ၏ ကိုယ်ရေးအချက်အလက်များကို တိကျစွာ ပေးထားရခြင်း၊ လုံခြုံရေးအတွက် စိုးရိမ်ရခြင်း၊ နောက်ဆက်တွဲ အခွန်ကောက်ခံမည်ကို စိုးရိမ်နေခြင်းနှင့် တရားဥပဒေပိုင်းဆိုင်ရာ နားလည်မှု မရှိခြင်းတို့က အဓိကကျနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။

ဝီရ(ခေတ်ပြိုင်)

Sunday, February 21, 2010

မြန်မာ အလုပ်သမားများကို ထိုင်းက ပြန်ပို့ဖွယ်ရှိ

ယခု လကုန်ပိုင်းတွင် ထိုင်းအစိုးရက မြန်မာပြည်သား အများစု ပါဝင်သည့် နိုင်ငံခြားသား အလုပ်သမား အများအပြားကို နေရပ်ရင်းသို့ အတင်းအကျပ် ပြန်ပို့ဖွယ် ရှိသဖြင့် လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ်နေကြသည်။



ပြီးခဲ့သည့်လက ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသတွင် တွေ့ရသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)
ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားခြင်း၊ လျှောက်ထားခြင်း မရှိသည့် သန်းနှင့် ချီသော မြန်မာ အလုပ်သမား များကို ပြန်ပို့ပါက ၎င်းတို့ အပေါ် မှီခိုနေရသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်နိုင်ပြီး ကမ္ဘာ့ အလယ် တွင်လည်း ထိုင်းနိုင်ငံက မျက်နှာ ပျက်ရမည်ဟု လူ့အခွင့်အရေး အဖွဲ့တို့က ထောက်ပြ ကြသည်။

“ဖမ်းဆီးပြီး အတင်း အကျပ် ပြန်ပို့တာဟာ အလုပ် သမားတွေ အတွက်လည်း အန္တရာယ် ရှိတယ်။ လူ့ဂုဏ် သိက္ခာ ကိုလည်း ထိခိုက် စေတဲ့ အတွက် မလုပ်သင့်ဘူး” ဟု အလုပ်သမား အရေး ဆောင်ရွက်သည့် ချင်းမိုင်မြို့ MAP ဖောင်ဒေးရှင်းမှ တာဝန်ခံ တဦး ဖြစ်သူ ဂျက်ကီ ပူးလော့က ပြောသည်။

အလုပ်သမားများ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရေး အတွက် နိုင်ငံသား စိစစ်ရေး လုပ်ငန်း စဉ်တွင် ပါဝင်ရန် နောက်ဆုံးရက် အဖြစ် ထိုင်းအစိုးရက သတ်မှတ် ထားသည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ သည်လည်း တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။

ထို နောက်ဆုံး သတ်မှတ်ရက်ကို ရွှေ့ဆိုင်းပေးရန် အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ကို အင်္ဂါနေ့က တောင်းဆို ခဲ့ကြသေးသည်။ ထိုင်းအစိုးရက ထိုတောင်းဆို ချက်များကို တုံ့ပြန်ခြင်း မရှိသေးပေ။

ထိုလုပ်ငန်းစဉ်များ အတွက် လောနှင့် ကမ္ဘောဒီးယား အစိုးရ အရာရှိများက ၎င်းတို့၏ အလုပ်သမားများ ရှိရာ ထိုင်းနိုင်ငံသို့ လာရောက်ပြီး ဆောင်ရွက် ပေးခဲ့ကြသည်။ မြန်မာ အစိုးရကမူ ထိုသို့ ဆောက်ရွက် ပေးခြင်း မရှိပေ။

သို့သော်လည်း မြန်မာအစိုးရက နယ်စပ်မြို့ တချို့တွင် ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးများဖွင့်ပြီး ၂၀၀၉၊ ဇူလိုင်လမှ စတင်၍ လုပ်ငန်းများ လည်ပတ်ခဲ့သည်။

နိုင်ငံကူး လက်မှတ် လုပ်ဆောင်ကြရန် မြန်မာ အစိုးရက အလုပ်သမားများကို လှုံ့ဆော်သည့် လက်ကမ်း စာစောင်များကို ထိုရုံးများမှ တဆင့် ဖြန့်ဝေခဲ့သည်။ နိုင်ငံကူး လက်မှတ် လာရောက် လုပ်ဆောင် သူများကို “ဖမ်းဆီးခြင်း မရှိ၊ တားဆီး စစ်ဆေးခြင်း မရှိ၊ အခွန် ကောက်ခြင်း မရှိ” ကြောင်း ထိုလက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။

အလုပ်သမား အများစု စိုးရိမ်သည့် အချက်မှာ “အခွန် ကောက်ခြင်း” ဖြစ်သည်။ နေရပ်ရင်းရှိ မိသားစုထံသို့ မြန်မာ အာဏာပိုင်များက သွားရောက်ပြီး အခွန် ကောက်မည်ကို ၎င်းတို့က ပူပန်ကြသည်။ အလုပ်သမား တို့၏ စိုးရိမ်ချက်ကို မည်သည့် အဖွဲ့အစည်းကမျှ ဖြေရှင်း ပေးနိုင်ခြင်း မရှိသေးပေ။

ယာယီနိုင်ငံကူး လက်မှတ် အစီအစဉ် အတွက် အလုပ်သမား၊ အလုပ်ရှင်တို့ ပူးပေါင်းပြီး ၂ နိုင်ငံ အစိုးရ အရာရှိများကို ဆက်သွယ် ဆောင်ရွက် ရမည် ဖြစ်သည်။ ယခင်က ဤသို့သော လုပ်ငန်းစဉ်များနှင့် ရင်းနှီးမှု မရှိခြင်းသည် အလုပ်သမားများက နိုင်ငံကူး လက်မှတ် လုပ်ဆောင်ရန် ၀န်လေးနေ ကြသည့် အချက်တချက် ဖြစ်သည်ဟု သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသူ မြန်မာ ပြည်သား အရေ အတွက်မှာ ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရသည်။

ဝါးရှီးဖော

Monday, February 15, 2010

ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းဝန်ကြီးချုပ်ရုံး စုပေါင်းချီတက်မည်

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သည့် အန်ဂျီအိုများ ပူးပေါင်းပြီး ရွှေ့ပြောင်းဆိုင်ရာ မူဝါဒများ ဖြေလျှော့ပေးရေး တောင်းဆိုချက်ကို မနက်ဖြန်တွင် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ချီတက်တင်သွင်းမည် ဖြစ်သည်။

ယခု ဖေဖော်ဝါရီလကုန်တွင် နိုင်ငံသားစိစစ်မှု မလုပ်နိုင်သည့် ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက နေရပ်ပြန်ပို့မည့်အစီအစဉ်ကို ကန့်ကွက်ပြီး ယင်းအစီအစဉ်ကို ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာကို တင်သွင်းမည်ဖြစ်သည်။

“မနက်ဖြန် (၉) နာရီမှာ UN ရုံးတို့၊ ILO ရုံးတို့၊ ၀န်ကြီးချုပ်ရုံးတို့ကို NGOs တွေရယ်၊ အလုပ်သမား အနည်းဆုံး (၁၅၀) လောက်နဲ့ ချီတက်စာတင်မယ်။ အဓိက Migrant working group (MWG)၊ Action Network for Migrant (ANM)၊ Thai Labour Unions တို့ စသဖြင့် ထိုင်းရော မြန်မာအဖွဲ့တွေရော ပါမယ်။ အစုအဖွဲ့ (၃၀) ကျော်လောက် ပါမယ်” ဟု အန်စီဂျီယူဘီ ဒုက္ခသည်နှင့်ရွှေ့ပြောင်းရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံသားလက်မှတ် ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး မူဝါဒဆိုင်ရာ အကြံပြုချက် (၅) ချက်၊ ရွှေ့ပြောင်း အလုပ်သမားအဖြစ် တရားဝင်မှတ်ပုံတင် ပြုလုပ်ရေးလုပ်ငန်းစဉ် ပြန်ဖွင့်ပေးရေး၊ အလုပ်သမားများကို လုပ်အားခေါင်းပုံဖြတ် ခိုင်းစေမှုများကို ရှောင်ရှားနိုင်ရန် အလုပ်သမားများအား လွတ်လပ်စွာ အလုပ်ရှင်ရွေးချယ်ခွင့် ပေးရေးတို့ ပါဝင်တောင်းဆို ထားကြောင်း သိရသည်။

ထိုင်းအစိုးရက ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၉) ရက်နေ့က တရားဝင် အလုပ်သမားလက်မှတ်ရှိ ရွှေ့ပြောင်းအလုပ်သမားများကို နောက်ထပ် (၂) နှစ် သက်တမ်းတိုးရန် ခွင့်ပြုခဲ့သည်။ သို့သော် တရားဝင် အလုပ်သမား လက်မှတ်မရှိဘဲ နိုင်ငံသား အသိအမှတ်ပြု လက်မှတ် မပြုလုပ်နိုင်သော တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား (၂) သန်းခန့်ကိုမူ ယခုလကုန်တွင် နေရပ်ပြန်ပို့ရန် စီစဉ်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား (၂) သန်းခန့်တွင် အလုပ်သမား (၁) သန်းကျော်သာ တရားဝင် အလုပ်သမား လက်မှတ် ရရှိထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နိုင်ငံသား စိစစ်ရေးလက်မှတ် လုပ်ဆောင်ရန်အတွက် ငွေကြေးအခက်အခဲအပြင် အခြား လူမှုရေးအခက်အခဲများလည်း ရှိနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောကြားသည်။

“တရားဝင် အလုပ်သမားကတ် လုပ်ပြီးသားသူတွေ နိုင်ငံသား စိစစ်ရေး လုပ်နေတာတောင် ကုမ္ပဏီတွေနဲ့ မလုပ်ရင် မရသူတွေ ရှိနေတယ်။ မြန်မာနိုင်ငံသား စိစစ်ရေးလုပ်ဖို့က ခက်တာပေါ့။ တချို့တွေက စစ်ကြောင့်ပြေးလာရတာ၊ တချို့က တောထဲကနေ လာတာ မြို့နယ်တောင်မသိဘူး၊ မှတ်ပုံတင်ဆိုတာဝေးရော။ တချို့က စစ်ပြေး ရဲပြေးတွေ၊ တချို့က လူမျိုးရေး ပဋိပက္ခတွေကြောင့် မပတ်သက်ချင်တာ အဲဒါမျိုးတွေ” ဟု ဦးသက်ခိုင်က ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲမှု မူဝါဒ ပြန်လည်ပြင်ဆင်ပေးရေး တောင်းဆိုချက်စာကို အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း (၅) ခု လက်မှတ်ရေးထိုးထားသည်။

တောင်းဆိုချက်များကို ထိုင်းဝန်ကြီးချုပ်ရုံးသို့ တင်သွင်းမည်ဖြစ်ပြီး ထိုင်းအစိုးရ အလုပ်သမားရေးရာ တာဝန်ရှိ အကြီးအကဲများထံသို့လည်း မိတ္တူပေးပို့ တောင်းဆိုမည်ဖြစ်သည်။


် စိုးမိုး(ခေတ်ပြိုင်)

ပစ်သတ်ခံခဲ့ရသော မြန်မာ ၈ ဦးကို မီးသင်္ဂြိုဟ်

ထိုင်း - မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့ နယ် အနီး တောထဲတွင် ပစ်သတ် ခံခဲ့ရသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၉ ဦးထဲမှ ၈ ဦး၏ ရုပ်အလောင်းများကို မဲဆောက် မြို့တွင် စနေနေ့က သင်္ဂြိုဟ် လိုက်ပြီ ဖြစ်ကြောင်း ကြားသိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ လူသတ် တရားခံများကို အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆို ထားသည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမား အရေးကိစ္စများ ဆောင်ရွက် ပေးနေသည့် Thai Labour Law Clinic အဖွဲ့မှ ကိုဂျမ်းဘိက ပြောသည်။




ဇန်နဝါရီ ၂၄ ရက်နေ့က မဲဆောက်မှ ဘန်ကောက်သို့ အလုပ်လုပ်ရန် သွားခဲ့ကြသော မြန်မာ အလုပ်သမား ၉ ဦးနှင့် ပတ်သက်ပြီး လူပွဲစားများနှင့် ငွေကြေးကိစ္စ ညှိနှိုင်းရာတွင် အဆင်မပြေ ဖြစ်ပြီးနောက်ပိုင်း ထိုင်းရဲ အရာခံဗိုလ် Somchai Pinkaew အပါအဝင် ၆ ဦးတို့က ပစ်သတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ကြားသိရသည်။

သေဆုံးသူများထဲမှ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့ နယ် ကျိုက်ပေါက် ကျေးရွာမှ စောဒီးဒုံ (၂၈နှစ်)၊ စောတူးအောင် (၃၃နှစ်)။ နော်တင်ချိုအေး (၂၈နှစ်)၊ မမူးချဲချဲ၊ ကိုစောကျော်ဦး၊ ကရင်ပြည်နယ် ဘားအံမြို့ နယ် ထောက်ကလပ် ကျေးရွာမှ နန့်ကျွန်အေး (၃၂နှစ်)၊ နန့်အေးချို (၂၃နှစ်)၊ စောအကုံ (၂၈နှစ်) တို့ကို မီးသင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။

“ဒီဖြစ်ရပ်က တော်တော်ကို တုန်လှုပ် ခြောက်ခြားစရာ၊ တော်တော်ကို လူသားမဆန်တဲ့ ကိစ္စလို့ ကျနော် ပြောချင်တယ်ဗျာ။ ထိုင်းမှာ ဒီလို ဖြစ်ရပ်မျိုးတွေ ဖြစ်နေတာ များပြီဗျ၊ လွန်ခဲ့တဲ့ သုံးလေးနှစ် ကလည်း လူတွေကို အရှင် လတ်လတ် မီးရှို့ သတ်တာ တွေတောင် ရှိခဲ့တယ်။ အခုကိစ္စမှာ သာမာန် ပြည်သူတင် မကဘဲ အာဏာပိုင်တွေ ပါနေတာ တွေ့ရတယ်။ ကျနော်တို့ ရှုတ်ချတယ်ဗျာ” ဟု အလုပ်သမားများ သွေးစည်း ညီညွတ်ရေး အဖွဲ့၊ မြန်မာနိုင်ငံ (BLSO) မှ တာဝန်ခံ ကိုသံဒုတ်က ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် မဲဆောက်မှ ဘန်ကောက်သို့ အလုပ်လုပ်ရန် သွားရာတွင် လူမှောင်ခို ကုန်ကူးသူများက တောလမ်း ခရီးများမှ ၄၊ ၅ ရက်ခရီး အကွာအဝေးကို လမ်းလျှောက် ခိုင်းခြင်း၊ လူများကို ကားထဲတွင် တိရစ္ဆာန်များ သဖွယ် လှောင်ပိတ်၍ သယ်ယူခြင်း များကြောင့် သေဆုံးမှုများ၊ ပျောက်ဆုံးမှုများ မကြာခဏ ရှိခဲ့သော်လည်း လက်သည် မပေါ်ဘဲ တိမ်မြုပ် ပျောက်ကွယ် သွားသည်က များကြောင်း ကိုသံဒုတ်က ဆက်လက် ပြောဆိုသည်။

အဆိုပါ ၉ လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၄ ရက်နေ့က မဲဆောက် ရဲနယ်မြေ အမှတ် ၆ တပ်မှူး ရဲ ဒုဗိုလ်ချုပ်ကြီး Surasri Sunthonsar- saratun က သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာ “ဒီအမှုကို ထိုင်း ရဲအရာခံဗိုလ် Somchai Pinkaew နဲ့ မြန်မာ နိုင်ငံသား တဦးအပါအ၀င် လူ ၆ ယောက်က ကျူးလွန်ခဲ့တာ ဖြစ်တယ်။ Somchai Pinkaew ကတော့ သူပြစ်မှု ကျူးလွန်ခဲ့တာကို ၀န်ခံပြီး သူ့အိမ်မှာ သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေသွားပြီ ဖြစ်တယ်။ ကျန်တဲ့သူတွေ ကတော့ မြန်မာ နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင် နေကြတယ်။ ဒီအလောင်း တွေကို ရင်ခွဲ စစ်ဆေးတဲ့အခါမှာ Somchai Pinkaew ကိုင်ဆောင်တဲ့ ဒသမ ၂၂ နဲ့ ဒသမ ၃၈ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကို တွေ့ရတယ်” ဟု ထည့်သွင်း ပြောဆိုသွားသည်။

လူမှောင်ခိုမှုကြောင့် မြန်မာများ သေဆုံးမှုများ၊ အဓမ္မ ပြုခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ကြားသိရသည်။ အထင်ရှားဆုံးမှာ ၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့သို့ အသွား လမ်းတွင် အလုံပိတ် ကားပေါ်၌ သေဆုံးသွား ခဲ့ကြသော ၅၄ ဦး အမှု ဖြစ်သည်။

ဘစောတင်

Thursday, February 11, 2010

ပဒိုမန်းရှာလားဖန်း အမှတ်တရ


အတီးပဒိုမန်းရှာလားဖန်း ရုတ်တရက်မကွယ်လွန်မီ(၁)နာရီခန့်အချိန်မှာ စာရေးသူနဲ့ပဒိုမန်းရှာတို့
သတင်းကိစ္စတခုအတွက် အင်တာဗြူးလုပ်ခဲ့ကြပါတယ် အင်တာဗြူးအပြီးမှာတော့ထွေရာလေးပါးတွေ ပြောဆိုခဲ့ကြပါတယ် အဲဒီမှာအတီးမန်းရှာက ရုတ်တရက် စကားဖြတ်ပြီး စာရေးသူကို "မန်း OKRSO ကလူငယ်တွေကို ပြန်ပြီးစုစည်းပါအုံး ဒီလူငယ်တွေက အမျိုးသားရေးအတွက် တကယ်တက်ကြွတဲ့လူငယ်တွေဖြစ်တယ် တခုဘဲသူတို့မှာနိုင်ငံရေးအားနည်းနေတယ် အဲဒီအတွက် အားလုံးပြန်ပြီးစုစည်းစေချင်တယ်"လို့ပြောပါတယ် ဒီစကားဟာOKRSO အဖွဲ့အပေါ်မှာ ထားရှိတဲ့သူရဲ့ဆန္ဒကို မကွယ်လွန်မီအချိန်လေးမှာ နောက်ဆုံးပြောသွားခဲ့တာပါ ဒါကြောင့်လက်ရှိ ထိုင်းမှာရှိနေတဲ့ OKRSO အဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာကိုရောက်နေတဲ့ အဖွဲ့ဝင်တွေအားလုံးကို ဆန္ဒပြုချင်တာကတော့ အားလုံးအတွက် အတီးမန်းရှာပြောခဲ့တဲ့ သူဖြစ်စေချင်တဲ့ဆန္ဒကို ၀ိုင်းဝန်းပြီးအကောင်အထည်ဖေါ်ကြိုးပမ်းကြစေချင်ပါတယ်။

အတီးကိုလေးစားတဲ့လူတွေအားလုံး အတီးဆန္ဒနဲ့ရည်မှန်းချက်ကို အကောင်အထည်ဖေါ် ဆောင်ရွက်မယ်ဆိုရင် နတ်သမီးတွေကြားထဲက အတီးမန်းရှာပြုံးပျော်ကျေနပ်နေမှာပါ။

မြနှယ်စိမ်းစိမ်း (အင်းစိန်)

မေ့ပျောက်လို့ မရသောနေ့ ရက်

အော် ….ဘာလို လို နဲ့ ဖေဖေါ် ၀ါရီ (၁၄) နေ့ ရောက်တော့ မှာပါလား…..အဲဒီနေ့ ရောက်တိုင်း ကျမတို့ ကရင်လူမျိုးစုတွေရဲ့ ရင်ထဲမှာ မမေ့ နိုင်စရာ၊ အောက်မေ့ ဖွယ်ရာဖြစ်ရပ်လေးတစ်ခု ကတော့  ကျမတို့ အားလုံးတွေရဲ့  နှလုံးသားထဲမှာသံမှိုစွဲသလို စွဲ ထင်ကျန်ရစ်နေပါ ရောလား……

ဖေဖေါ်ဝါရီ(၁၄) ရက်နေ့ ဆိုတာ ချစ်သူများနေ့အဖြစ်လောကကြီးထဲမှာရှိတဲ့လူသားတွေအားလုံး ပျော်ရွှင်ဖွယ်ရာနေ့ တစ်နေ့  အ ဖြစ် သတ်မှတ် ခဲ့ ကြပါ တယ်…သို့ သော်လည်း အဲဒီနေ့ ကို ချစ်သူများနေ့  အ ဖြစ် ဆို ရိုးရှိခဲ့ ပြီးချစ်ခင် ကြင်နာသူအ ချင်းချင်းအမှတ်တရ လက်ဆောင်ပစ္စည်းများနှင့်  သူတို့ တွေရဲ့  အချစ်သင်္ကေတ တွေကို အ ချစ်ခံ ရသူများသိ အောင် အမှတ်တရ အ ဖြစ် ဖ လှယ်ပေးခဲ့ ကြပါ တယ်….

သို့ ပေ မယ့် လည်း အဲဒီနေ့ လို ပျော်ရွှင်စရာနေ့ တစ်နေ့ အ ဖြစ်ကနေ ၀မ်းနဲမှတ်တမ်းတင်ရသောနေ့  တစ် နေ့  အ ဖြစ် သို့ ပြောင်းလဲခဲ့ ရ သောကျမတို့ ကရင်လူမျိုးတွေရဲ့  ရင်ထဲ အသည်းနှလုံးထဲမှာ ဟိုး မနေ့ တစ်နေ့  ကလို ပဲ ဖြစ် ခဲ့ သ လို ကျ မ တို့  ရဲ့ မြင့် မြတ်လှတဲ့ မျိုးချစ် ခေါင်းဆောင် အာဇာနည် သူရဲကောင်း ပဒိုမန်းရှားလားဖန်း ရဲ လုပ်ကြံခံရမှု အတွက် ကျမတို့ ကရင်လူထုအားလုံး အတွက်သူ့ ရဲ့ အ ဖိုးမဖြတ်နိုင်သော ချစ်ချင်းများစွာ နဲ့  အသက်ပေးခဲ့  ရ သော နေ့  တစ်နေ့  အ ဖြစ် ၀မ်းနဲယူကျုံး မရဖြစ်ခဲ့ ရပါတယ်…….. ကရင်လူထု တစ်ရပ်လုံးကို ချစ် သောကျမတို့ ရဲ့  အာဇာနည် ခေါင်း ဆောင် ပဒိုမန်းရှာလားဖန်း က တော့ သူ့ ရဲ့ အသက် သွေးစီး ချောင်းနဲ့  သူချစ်တဲ့ ကရင် တစ်မျိုးသား လုံးကိုထာဝရ လက်ဆောင်တစ်ခုအ ဖြစ် အ သက်ပေးဆပ်သွားလေသ လား……

ကရင်တစ်မျိုးသားလွတ်မြောက် ပြီး ငြိမ်းချမ်းသောနိုင်ငံ သစ်တစ်ခု ရရှိ ဖို့ ကြိုးစားနေ ဆဲမှာပဲ ကြင်နာမှုကင်းလှသော၊ ရက်စက် ယုတ်မာသော လူ တစ်စု ကြောင့် ဒို့ ကရင် တစ်မျိုးသားလုံး လေးစားလှသော အမျိုးသား ခေါင်းဆောင် ပဒိုမန်းရှာ လားဖန်းကို သေနတ်နဲ့ ရက်စက်စွာ ပြစ် သတ် ခဲ့ ပြီးသွေးချောင်း စီးခဲ့  ရသောနေ့ တစ်နေ့ ကို ဘယ်သူမေ့ နိုင်မှာလဲ…..

ဘာကြောင့်အဲဒီလို လုပ်လိုက်ရတာ လဲ? သူ့ တို့  တွေမှာရောတ ကယ်ဘဲ မျိုးချစ်စိတ် သနားညာတာသော စိတ်ပျောက်ဆုံး ကုန်လေရော့သလား……………
မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်အောင် ကျမတို့ ရဲ့  ကရင်လူငယ်တွေကို မွေးထုတ် ပေး သော ဒို့  ကရင် ခေါင်းဆောင် မျိုးချစ်အာဇာနည် ပဒို မန်းရှာလားဖန်းကို ဒီလို တရားမျှ တမှု ကင်းသော လုပ်ရပ် ကြောင့်  ကရင်လူမျိုးတွေရဲ့  နှလုံးသားမှာဘယ်တော့ မှမေ့ ပျောက်ပြစ် လို့ မရသော ဂန္ဓ၀င်ကျောက်တိုင်အဖြစ် မိမိတို့ ရဲ ကိုယ်စီနှလုံးသားထဲမှာ ရာသက်ပန်စွဲထင်ကျန်ရစ်နေမှာပါ။

ကျမတို့ ချစ်လှစွာသောမျိုးချစ်ခေါင်းဆောင်ပဒိုမန်းရှာလားဖန်းကို သူမရှိတော့ ပေမဲ့ သူရှိခဲ့တုန်းကလို ပဲ သူမျော်လင့် ခဲတဲ လွတ်လပ်သော ဒီမိုကရေစီ ငြိမ်းချမ်းရေးရရှိဘို့ အတွက် ကျန်ရှိနေသေးသောကရင်ခေါင်းဆောင်များနှင့်  ကရင်လူငယ်များအားလုံးတက်ညီလက်ညီလို ရာပန်းတိုင်ရောက်ရှို ဘို့ အ တူတကွလက်တွဲပြီး ကြိုးစားသွားကြမှပါ….ကရင်မျိုးချစ်အာဇာနည်ပဒိုမန်းရှာလားဖန်း ကောင်းရာသုဂတိလားပါ စေ…

ပဒိုမန်းရှာလားဖန်းအတွက်
မီးနိုဝင်ဘာ
အမှတ်တရ ရက်စွဲ (ဖေဖေါ်ဝါရီ ၁၄ ရက်)

Wednesday, February 10, 2010

ထိုင်းသို့ ပြန်လာသည့် ဒုက္ခသည်မိသားစု (၃) စု နောင်ဘိုးဒုက္ခသည် စခန်းတွင် နေခွင့်မရ

ကာယကံရှင်များ၏ဆန္ဒမပါဘဲ ထိုင်းဘက်မှ မြန်မာဘက်သို့ ပြန်ပို့ခံရသည့် စစ်ပြေးဒုက္ခသည် မိသားစု (၃) စုသည် ယမန်နေ့က ထိုင်းဘက်သို့ ပြန်လာကြရာ နောင်ဘိုး ယာယီစစ်ပြေး ဒုက္ခသည်စခန်းအာဏာပိုင်များက ၎င်းတို့ကို လက်မခံတော့သဖြင့် စခန်းပြင်ပတွင် နေထိုင်နေရသည်ဟု ပြန်ပို့ခံရသူတဦးက ပြောသည်။

ပြန်ရောက်လာသူ စောဖားမယ်လယ်က “မြန်မာဘက်ရောက်တော့ ဒီကေဘီအေက အပြင်ထွက်ခွင့်မပေးဘူး၊ စိုက်ပျိုးစားဖို့လည်း ခွင့်မပြုဘူး၊ ဟင်းရွက်ထွက်ရှာခွင့်လည်း မပေးဘူး၊ ရွာထဲမှာပဲ နေရမယ်လို့ပြောတယ်။ သူတို့က မိုင်းတွေရှိတယ်၊ အပြင်ထွက်ခွင့် မပေးနိုင်ဘူး၊ နင်တို့ ဒီမှာမနေချင်ရင် ထိုင်းဘက်ကို ပြန်သွားလို့ရတယ်ဆိုလို့ ဒီဘက်ပြန်လာတာ။ ဟိုမှာက မိုင်းတွေကြားထဲမှာ ငါတို့လည်း ကြောက်တာပေါ့။ ဒီပြန်ရောက်တော့ ဒုက္ခသည်စခန်းထဲ ၀င်ခွင့်မရတော့ဘူး၊ အခုစခန်းအပြင်မှာပဲ နေရတယ်” ဟု ပြောသည်။



ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည် (၁၀) ဦးပါဝင်သည့် မိသားစု (၃) စု ကို ဒေသခံလုံခြုံရေး တပ်ဖွဲ့ဝင်များက ယခုလ (၅) ရက်နေ့က မြန်မာဘက်သို့ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်အရေးဆောင်ရွက်နေသူတဦးက “ဒီလူတွေကို ထိုင်းလုံခြုံရေးတွေက ၀င်ခွင့်မပေးတော့ဘူး။ ဒီလိုပေးဝင်လိုက်ရင် နောက်ထပ်အများကြီး ထပ်လာရင် ဘယ်လိုလုပ်မှာလဲ၊ လုံးဝခွင့်မပြုနိုင်ဘူးလို့ပြောတယ်။ ဒီလူတွေအတွက် ရိက္ခာကို စခန်းမှာရှိတဲ့ လူတွေကပဲ ၀ိုင်းပေးကြတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့်ကရင်စစ်ပြေး ဒုက္ခသည်များအား မြန်မာဘက်သို့ ပြန်ပို့မည့် အစီအစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း ယခုလ (၅) ရက်နေ့က ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။



မြေမြှုပ်မိုင်းကွင်းများ အများအပြားရှိသည့် နယ်မြေသို့ ကရင်စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့မည့်ကိစ္စကို ရပ်ဆိုင်းပေးပါရန် ထိုင်းအခြေစိုက် လူ့အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့များက ထိုင်းအစိုးရထံ မေတ္တာရပ်ခံခဲ့ပြီးနောက် ထိုသို့ ဒုက္ခသည်များ ပြန့်ပို့ရေးအစီအစဉ်ကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။


ရဲရင့်(ခေတ်ပြိုင်)

Tuesday, February 9, 2010

ပြန်ပို့ခံရသော ဒုက္ခသည်များ ပြန်လည်ရောက်ရှိလာ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင် ယန်းမြို့နယ်ရှိ ဒုက္ခသည်စခန်း၌ မကြာသေးခင် ရက်ပိုင်းက ပြန်ပို့ခံလိုက်ရသော ကရင်ဒုက္ခသည် ၁၂ ဦး ယနေ့ ပြန်လည် ရောက်ရှိလာ သည်ဟု ကရင် အမျိုးသမီး အစည်းအရုံး (KWO) ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်း နိုက်ဇန် က ပြောသည်။

[ပြီးခဲ့သည့် သောကြာနေ့က ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် စခန်းမှ ပြန်ပို့ခံရသော ကရင် ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)]



ပြီးခဲ့သည့် သောကြာနေ့က ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် စခန်းမှ ပြန်ပို့ခံရသော ကရင် ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
လွန်ခဲ့သည့် အပတ် သောကြာနေ့၌ ၎င်း ဒုက္ခသည်များကို ထိုင်းအာဏာ ပိုင်းများ၏ အစီအစဉ်ဖြင့် ပြန်ပို့ခဲ့ရာမှ လုံခြံမှု မရှိသည့် အတွက် ယခုကဲ့သို့ ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပြန်သွားတဲ့ ဒုက္ခသည်တွေ အတွက် လုံခြုံမှုမရှိဘူး အာမခံ ချက်လည်း မရှိဘူး မိုင်းတော တွေထဲမှာ နေရတယ်၊ အဲဒါကြောင့် သူတို့ တအား ကြောက်နေ ကြတယ်၊ မနေရဲလို့ ပြန်လာတာ ဖြစ်တယ်”ဟု နော်ဘလူး မင်းနိုက်ဇန်က ဧရာဝတီသို့ ပြောသည်။

ပြန်ပို့ရန် စီစဉ်ထားသည့် ဒုက္ခသည်များကို ထို့နေ့၌ပင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန် ရှိသူတချို့ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်း၌ ထိုင်းအာဏာပိုင်များက ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ဒုက္ခသည်များကို နေရပ်သို့ ပြန်မပို့ရန်အတွက် KWO အဖွဲ့အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက ပါဝင် တောင်းဆိုမှုများကြောင့် ယင်း အစီအစဉ်ကို ရပ်ဆိုင်းပေးခြင်းဖြစ်ကြောင်း နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။

အမေရိကန် နိုင်ငံ ရီပတ်ဘလစ်ကန် နှင့် ဒီမိုကရက်တစ်ပါတီ လွှတ်တော် အမတ် ၂၉ဦးတို့က စုပေါင်း လက်မှတ်ရေးထိုးကာ ဒုက္ခ သည်များအား နေရပ်သို့ ပြန်မပို့ရန် ပြီးခဲ့သည့်အပတ် သောကြာနေ့က ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝအား တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်များ နေရပ်သို့ ပြန်ပို့ခြင်း နှင့် ပတ်သက်၍ လူ့အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက “ဒုက္ခသည်များကို ပြန်ပို့မယ်ဆိုလို့ရှိရင် သေတွင်းကို ပို့တာနဲ့တူတယ်”ဟု ထောက်ပြခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက KNU လက်အောက်ခံ KNLAတပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာ ကြခြင်းဖြစ်သည်။ ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။

တချိန်တည်းမှာပင် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာ ၂ ရွာကို စစ်အစိုးရ စစ်ဒေသကွပ်ကဲရေး ဌာနချုပ်(စကခ) ၁၁ လက်အောက်ခံ တပ်အင်အား ၂၀၀ ခန့်က ယခုလ ၇ ရက်နေ့က လက်နက်ကြီးများဖြင့် အချက်၂၀ ပစ်ခတ်ခဲ့ ကြောင်း Karen Department of Health အဖွဲ့မှ စောအယ်ကလူရွှေဦး က ဧရာဝတီသို့ ပြောသည်။

ယင်း ကျေးရွာများမှ အိမ်ခြေ အလုံး ၂၀ အပါ အ၀င် ဆေးပေးခန်း တခု မီးရှို့ခံလိုက်ရသည်ဟုဆိုသည်။

ထိုင်းစစ်တပ်က ကရင်ပြည်နယ်တွင် တိုက်ပွဲများ မဖြစ်တော့ကြောင်း ပြောနေသော်လည်း နအဖ စစ်တပ်က စစ်ရေးလှုပ်ရှားမှု များ ဖြင့် လူ့အခွင့် အရေး ချိုးဖောက်မှုများ ပြုလုပ်နေကြောင်း၊ ယခုကဲ့သို့ ဒုက္ခသည်တွေကို ပြန်ပို့ရန် မသင့်လျော်သဖြင့် ဆက်လက် ထားရှိ သွားရန် ထိုင်းအစိုးရကို တောင်းဆိုချင်ကြောင်း စောအယ်ကလူရွှေဦး က ပြောသည်။

ထို့အပြင် ဒုက္ခသည်အရေး နှင့် ပတ်သက်သည့် အစည်းတရပ်ကို ဘန်ကောက်မြို့၌ မနက်ဖြန် ကျင်းပရန် စီစဉ်ထားပြီး ထိုင်းဝန်ကြီး များ အပါအ၀င်၊ ထိုင်းစစ်တပ်၊ UNHCR တာဝန်ရှိသူများ၊ ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်း အဖွဲ့ (TBBC)နှင့် ကရင် လူ့အခွင့်အရေး အဖွဲ့အစည်းများက တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက်ဦး (ဧရာဝတီ)

Friday, February 5, 2010

ကရင်စစ်ပြေး ဒုက္ခသည်များကို ထိုင်းက မြန်မာဘက် စတင်ပြန်ပို့

ထိုင်းအခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၇၀) ကျော်က ထိုင်းအစိုးရကို မေတ္တာရပ်ခံနေသည့်ကြားမှ ကရင်စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၃) စုကို ထိုင်းအာဏာပိုင်များက ယနေ့နံနက်တွင် အတင်းအကျပ် နေရပ်ပြန်ပို့လိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည် (၁၀) ဦးပါဝင်သည့် မိသားစု (၃) စု ကို ဒေသခံလုံခြုံရေး တပ်ဖွဲ့ဝင်များက အတင်းအကျပ် မြန်မာဘက်သို့ ပြန်ပို့လိုက်ခြင်းဖြစ်သည်။

မျက်မြင်သက်သေ ဒုက္ခသည်တဦးက “ဒီမနက်အစောကြီးဘဲ ထိုင်းစစ်တပ် (ထာ့ဟန်ဖန်း) က သူတို့ကို အတင်းကားပေါ် တက်ခိုင်းပြီး ဟိုဘက်ကမ်းပြန်ပို့လိုက်တယ်၊ စခန်းထဲမှာလည်း အရပ်ဝတ်တွေနဲ့ ကရင်လိုတတ်တဲ့ ထိုင်းစစ်သားတွေက ဒုက္ခသည်တွေကို ပြန်ဖို့ လိုက်ပြီး ပြောဆိုနေတယ်” ဟု ပြောသည်။

ဒုက္ခသည်များက အန္တရာယ်ရှိသည့်အတွက် လောလောဆယ်တွင် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်းပြောပြီး ယာယီဒုက္ခသည် စခန်းအတွင်းမှာပင် ဆက်လက်နေထိုင်လျက်ရှိသည်ဟု သိရသည်။

ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “ဒီနေ့မနက် စခန်းထဲကို ယူအန်အိပ်ခ်ျစီအာက လူတွေလာတော့ သူတို့ နည်းနည်း ရှိန်သွားတယ်။ ယူအန်ကလူတွေ ရှေ့မှာတော့ ဆိုးဆိုးဝါးဝါးမလုပ်ရဲကြဘူး။ ဒီညကိုတော့ သတိထားရမယ်၊ ဒုက္ခသည်တွေ ကြောက်တာက ညဘက်ဖမ်းပြီး ပြန်ပို့မှာကိုကြောက်တယ်။ အခုအခြေအနေကတော့ ဒီလူတွေက နအဖ၊ ဒီကေဘီအေ ထက်တောင် ဆိုးနေတယ်၊ ကိုယ်ချင်းစာတရားမရှိဘူး” ဟု ပြောသည်။

ယနေ့နံနက်က နောင်ဘိုးယာယီဒုက္ခသည်များ၏ နေအိမ်များကိုလည်း အာဏာပိုင်များက ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ရာ လက်ကိုင်ဖုန်းတလုံးကို တွေ့ရှိသွားပြီး “မင်းတို့က ဒီဖုန်းတွေနဲ့ ယူအန်နဲ့သတင်းဌာနတွေကို သတင်းပေးနေကြတယ်” ဟုဆိုကာ သိမ်းဆည်းသွားသည်။

ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ရပ်ဆိုင်းပေးပါရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီအဖွဲ့က ယမန်နေ့က ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့သည်။

ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်ဆူလဖုံးက “ထိုင်းနိုင်ငံဟာ ငလျင်ဒဏ်ခံရတဲ့ ဟေတီနိုင်ငံကို ကူညီပြီး ကရင်ဒုက္ခသည်တွေကို မကူညီရင် ဝေဖန်ခံရမယ်။ သူတို့ကိုပြန်ပို့ရင် မြေမြှုပ်မိုင်းရှင်းလင်းတဲ့အချိန်ထိ စောင့်ဆိုင်းဖို့ လိုသလို ကူညီရေးအဖွဲ့တွေ စေလွှတ်ပြီး ဒုက္ခသည်တွေကို ဘေးကင်းရာမှာ စောင့်ရှောက်ထားဖို့လည်း လိုတယ်” ဟု ပြောကြားသည်။

KWO ၏ ပြောခွင့်ရပုဂ္ဂိုလ် နော်ဘလူးမင်းနိုက်ဇန်က “များပြားလှတဲ့ မြေမြှုပ်မိုင်းရှိတဲ့နေရာကို ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ ပြန်ပို့တာဟာ သူတို့ကို သေတွင်းထဲ ပြန်ပို့တာနဲ့အတူတူပါပဲ။ သူတို့ကိုပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းပြီး သူတို့ကို လုံခြုံတဲ့ နေရာမှာ ထားရှိဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။

အဆိုပါစစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်တပ်က ယနေ့ ဖေဖော်ဝါရီ (၅) ရက်မှ စတင်ကာ မြန်မာဘက်သို့ အပြီး ပြန်ကြရမည်ဟု အမိန့်ပေးထားကြောင်း ဒုက္ခသည်များက ပြောသည်။

ကရင်စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံပြန်ပို့မည့်အရေးကို အမေရိကန် လွှတ်တော်အမတ် (၂၇) ဦးကလည်း အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ထံ ဖေဖော်ဝါရီ (၄) ရက်နေ့စွဲဖြင့် လက်မှတ်ရေထိုးကာ စာရေးသားပေးပို့ခဲ့ကြသည်။

ရဲရင့်

Thursday, February 4, 2010

နော်လွီဇာဘင်ဆင် - ကရင်အမျိုးသားတို့ ရဲ့  ငွေကြယ်တပွင့်

ခိုင်မာကျော်ဇော(မိုးမခ)

မယ်ဗမာတဦးလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တဦးလည်းဖြစ်၊ မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး အတွက် ကျိုးပမ်းဆောင်ရွက်နေသူလည်းဖြစ်တဲ့ နော်လွီဇာဘင်ဆင်(၆၉)နှစ်ဟာ ဖေဖော်ဝါရီလ(၂)ရက်နေ့ မွန်းလွဲပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွား ပြီဖြစ်ပါတယ်။

ကရင်လူမျိုးတော်တော်များများကတော့ နော်လွီဇာဘင်ဆင်ကို မယ်ဗမာတဦး၊ ရုပ်ရှင်သရုပ်ဆောင်တဦးဆိုတာ ထက် မြန်မာ့ပြည်ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို တက်ကြွစွာလှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးလို့ပဲ အသိများကြပါတယ်။
နော်လွီဇာဘင်ဆင် ကိုယ်တိုင်ကလည်း ကရင်အမျိုးသားတွေရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေးနဲ့ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် သူမ တတ်နိုင်တဲ့ဘက်က လှုပ်ရှားဆောင်ရွက်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့သူပါ။

နော်လွီဇာရဲ့ ဘဝကောက်ကြောင်းတွေကို ပြန်ပြောင်းကြည့်ရင် မိဘတွေက ကြွယ်ဝ ချမ်းကြပါတယ်။ ပေါ်တူဂီနိုင်ငံ သားဖခင်နဲ့ ကရင်လူမျိုး မိခင်က မွေးဖွားလာတဲ့ နော်လွီဇာဟာ ရုပ်ဆင်းအင်္ဂါ ချောမော လှပမောသူပါ။ ၁၉၅၆ ခုနှစ်မှာ မယ်ဗမာဖြစ်လာပြီး အဲ့ဒီအချိန်ကစလို့ ရုပ်ရှင်လောကထဲကို ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၅၆-၆ဝ ကာလတွေဟာ နော်လွီဇာ နံမည်ကျော်ခဲ့တဲ့ ကာလတွေပဲလို့ နော်လွီဇာခေတ်ကို မှီခဲ့သူတွေ ပြောကြပါတယ်။

နော်လွီဇာကိုယ်တိုင်ကတော့ နံမည်ကျော် လူသိများတဲ့ ဘဝထက် ရိုးစင်းတဲ့ ဘဝတခုကိုပဲ ပိုင်ဆိုင်ချင်ခဲ့တာပါ။ နိုင်ငံခြားမှာ ဘွဲ့တခုရအောင် ပညာသင်မယ်။ ပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းမယ်ဆိုတဲ့ စိတ်ကူးလည်း နော်လွီဇာမှာ ရှိခဲ့ဖူးပါတယ်။ ဒီစိတ်ကူးတွေကို နော်လွီဇာ ကျိုးစားပြီး အကောင်အထည် ဖော်ခဲ့ပါသေးတယ်။ နော်လီဇာဟာ သူမ စိတ်ကူးအတွက် အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့မှာ ပညာသင် ကြားခဲ့ပါတယ်။ ဘွဲ့ရလို့ မြန်မာပြည် ပြန်ရောက် လာတော့ ရုပ်ရှင်လောကထဲကို ခြေဦးမလှည့်တော့ပဲ တက္ကသိုလ်မှာ နည်းပြဆရာမ အလုပ်ကိုပဲ နော်လွီဇာ လုပ်ခဲ့ပါတယ်။
အေးအေးချမ်းချမ်း၊ ရိုးရိုးစင်းစင်းပဲ ဘဝကို လျှောက်လှမ်းမယ်လို့ စိတ်ကူးရှိပေမယ့် နော်လွီဇာရဲ့ ဘဝမှာ မထင် မှတ်တဲ့ အလှည့်အပြောင်းတခုနဲ့ ကြုံခဲ့ရပါတယ်။ ဒါကတော့ ကေအဲန်ယူ တပ်မဟာ(၅)က ဗိုလ်မှူးလင်းထင်နဲ့ အကြောင်းပါ ခဲ့ရာက စခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ နော်လွီဇာဘဝမှာ အလှည့်ပြောင်းတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။

“အဲဒီအချိန်ကစပြီး ကရင့်တော်လှန်ရေးအကြောင်းကို ကျမ ပိုပြီး သိခဲ့ရတယ်။ ကရင်လူမျိုးတွေ ကြုံတွေ့ခံစားနေရ တာတွေကိုလည်း ကျမ ပိုပြီး သဘောပေါက်လာတယ်။ ကိုယ့်လူမျိုးတွေ ဒုက္ခဆင်းရဲ ခံစားနေရတာကို တွေ့ရတော့ ကျမ စိတ်ထဲ မကောင်းဘူး။ ကျမနိုင်သလောက် ကူညီလုပ်ပေးချင်တဲ့ စိတ်တွေ ရင်ထဲမှာ ဖြစ်ပေါ်လာတယ်”
လို့ နော်လွီဇာ ဘင်ဆင်က သူ့ဘဝ အချိုးအကွေ့ တခုက ရလာတဲ့ အမျိုးသားရေး ချစ်စိတ်ကို ပြန်ပြောင်း ပြောပြဖူးပါတယ်။
ဗိုလ်မှူးလင်းထင် ဆုံးပြီးနောက်မှာ နော်လွီဇာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာပါတယ်။ ရေစက်မကုန်တော့ ဘော်စတွန်မှာ ကျောင်းတက်တုန်းက မေတ္တာမျှခဲ့တဲ့ ရည်းစားဦး အမေရိကန်နိုင်ငံသားနဲ့ ပြန်ဆုံတွေ့ပြီး နော်လွီဇာ နောက် အိမ်ထောင် ထူထောင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့အချိန်ကစပြီး မြန်မာ့အရေးအတွက် နော်လွီဇာ ကြိုးပမ်းခဲ့ပါတယ်။ အိမ်ထောင်ဖက်ဖြစ်သူကလည်း နော်လီဇာရဲ့ ခံစားချက်နဲ့ နော်လွီဇာရဲ့ ဆောင်ရွက်မှုတွေကို နားလည်မှု အပြည့်အဝပေးခဲ့ တယ်လို့ နော်လွီဇာက ပြောဖူးပါတယ်။



မြန်မာ့နိုင်ငံရေး၊ မြန်မာပြည်သူတွေနဲ့ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်တစားရှိ လာဖို့နဲ့ ကူညီဆောင်ရွက်နိုင်ဖို့အတွက်လည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ မြန်မာ့အရေး ကြားနာပွဲတွေ ဖြစ်ပေါ်လာအောင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့အတူ နော်လွီဇာ လက်တွဲဆောင်ရွက်ခဲ့ပါ တယ်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုရဲ့ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ နော်လွီဇာဟာ တောတွေတောင်တွေထဲက တော်လှန်ရေးနယ်မြေဒေသ ဆွေးနွေးပွဲတွေမှာလည်း တက်ကြွစွာ ဆွေးနွေးအကြံပေးသူပါ။ အနေအထိုင် ကျစ်လစ်ပြီး၊ စိတ်နေစိတ်ထား နှိမ့်ချတတ်တဲ့ နော်လွီဇာဘင်ဆင်ဟာ တော်လှန်ရေးရဲဘော်တွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကိုလည်း ရင်းနှီးနွေးထွေးစွာ အားပေးပြောဆိုတတ်သူပါ။

နော်လွီဇာခေတ်ကို မှီခဲ့၊ နော်လွီဇာကို ခရေစီဖြစ်ခဲ့ဖူးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့က နော်လွီဇာဘင်ဆင်ကို သူတို့ခေတ်ရဲ့ ကြယ်တပွင့်လို့ တင်စားပြောဆိုကြသလို မျက်မှောက်ခေတ် ကရင်လူမျိုးတွေကလည်း ကရင်တိုင်းရင်းသား အရေးသာမက မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ ဘဝတူ တိုင်းရင်းသားများရဲ့အရေးကို နောက်ဆုံးထွက်သက်အထိ ကျိုးပမ်း ဆောင်သွားရွက်ခဲ့တဲ့ နော်လွီဇာဘင်ဆင်ကို ကရင်အမျိုးသားတို့ရဲ့ ငွေကြယ်တပွင့်လို့ စူးနစ်စွာယုံကြည်ပြီးတော့ အမြဲသတိတရ ရှိနေဦးတော့မှာပါ။

ဖေဖော်ဝါရီ(၃)ရက်၊ ၂ဝ၁ဝ။

Wednesday, February 3, 2010

(၂၃)ကြိမ် မြောက် အခြေခံကျန်းမာရေးသင်တန်းဆင်းပွဲ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဆေးတပ်မှဖွင့်လှစ်သည့် (၂၃)ကြိမ် မြောက် အခြေခံကျန်းမာရေးသင်တန်းဆင်းပွဲကို ၃၀-၁-၁၀ ရက်နေ့က ကော်သူးလေပြည်နယ် ဖာပွန်ခရိုင်တွင် ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။

ဓါတ်ပုံ -- မိုးသောက်ကြယ်













(၆၁)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ

(၆၁)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ၃၁-၁-၁၀ ရက်နေ့က ကရင်ပြည်နည် ဖာပွန်ခရိုင်ရှိ တပ်မဟာ(၅)တွင် ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။

ဓါတ်ပုံ -- မိုးသောက်ကြယ်



















Tuesday, February 2, 2010

မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒုက္ခသည်များ ပြန်မပို့ရေး ကရင်အမျိုးသမီးအဖွဲ့ အသနားခံ

စစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ကြောင့် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာရသော ကရင်ဒုက္ခသည် (၃,၀၀၀) ကျော်ကို မြေမြှုပ်မိုင်း အန္တရာယ်ရှိနေသော နေရပ်သို့ အတင်းအကျပ် ပြန်မပို့ရေးအတွက် ကရင်အမျိုးသမီးအဖွဲ့က ယနေ့ ထိုင်းအစိုးရသို့ အသနားခံစာ ရေးသားပေးပို့လိုက်သည်။

ထိုင်းစစ်တပ်က ယခုလ (၅) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း အဆိုပါ အမျိုးသမီးနှင့်ကလေးငယ် အများစုပါဝင်သော ကရင်ဒုက္ခသည် (၃,၀၀၀) ကို နေရပ်ပြန်ရန် ပြောကြားထားပြီးဖြစ်သည်။

“မိုင်းတွေထဲမှာ ပြန်လွှတ်မယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလေ။ အဲဒါကို ကျမတို့ သတိလည်းပေးတယ်၊ အသနားလည်း ခံထားတယ်။ သူတို့ရဲ့ ညှာတာထောက်ထားမှုလည်း ဆက်လက်ထားရှိပေးဖို့ ကျမတို့ ယုံကြည်တယ်။ ဒါကြောင့် ကျမတို့ ဒီစာကိုရေးတာပါ” ဟု ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး (၁) ဖြစ်သူ Blooming Night Zan က ပြောကြားသည်။

ထိုင်းအစိုးရက မြေမြှုပ်မိုင်းအန္တရာယ်၊ စားနပ်ရိက္ခာ အခက်အခဲတို့ ရင်ဆိုင်နေရသည့် စစ်ဖြစ်ပွားခဲ့ရာ ဒေသများသို့ ကရင် ဒုက္ခသည်များကို အတင်းအကျပ် နေရပ်ပြန်ပို့နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အသိပေး စာရေးသားရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တိုက်ပွဲမရှိသော်လည်း ဗုံးတွေ ရှိနေတယ်။ ဘယ်သူမှလည်း မရှင်းဘူး။ ဘယ်သူမှလည်း အာမခံချက်မပေးဘူး။ စားနပ်ရိက္ခာကလည်း ပြဿနာ။ စားနပ်ရိက္ခာက ဘယ်နှရက် ဘယ်နှလ ပို့ပေးနိုင်သလဲ။ ကျန်တဲ့အချိန်က သူတို့ လုပ်ကိုင် စားသောက်ရမယ်။ ဒါပေမယ့် ဘယ်မှာမှ မိုင်းကြောင့် ဘယ်မှမသွားရဲတဲ့ အနေအထားရှိတယ်” ဟု Blooming Night Zan က ဆက်လက်ပြောကြားသည်။

မြေမြှုပ်မိုင်းကြောင့် ဒုက္ခသည်များ အသက်ဆုံးရှုံးခြင်း၊ ကိုယ်အင်္ဂါ ဆုံးရှုံးခြင်းများ ဖြစ်ပွားနေကာ ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၈) ရက်နေ့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက် ဆုံးရှုံးသွားရကြောင်း သိရသည်။

“ဒီစစ်ကြောင့် မြေမြှုပ်မိုင်းဒဏ်ကို အဓိကခံစားနေရတာက အမျိုးသမီးတွေနဲ့ ကလေးတွေ၊ ကျမတို့ ဘယ်လိုမှ မခံစားနိုင်ပါဘူး။ ကျမတို့ အမျိုးသမီးအဖွဲ့အနေနဲ့ ဒါကို ကြည့်မနေနိုင်ပါဘူး” ဟု ကရင်အမျိုးသမီးအဖွဲ့ အတွင်းရေးမှူး (၁) က ပြောကြားသွားသည်။

ပြီးခဲ့သည့်နှစ်က နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက ကေအန်ယူကို ထိုးစစ်ဆင်နွှဲခဲ့မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာရသည့် ကရင်ဒုက္ခသည် (၃,၀၀၀) ကျော်မှာ ထိုင်းနိုင်ငံ ထာ့ဆောင်ယန်း ဒေသတွင် ခိုလှုံနေခြင်းကို ထိုင်းစစ်တပ်က နေရပ်ပြန်ရန် ဖိအားပေးနေခြင်းဖြစ်သည်။

ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုဗိုလ်ချုပ်ထနွန်စာ အဖိရတ်ယိုထင်က စစ်ပြေးဒုက္ခသည်အချို့ ခိုလှုံနေသည့် နောင်ဘိုးယာယီဒုက္ခသည်စခန်းသို့ ပြီးခဲ့သည့် ဇန်န၀ါရီ (၂၈) တွင် လာရောက်ပြီး ဒုက္ခသည်များအား နေရပ်သို့ အမြန်ဆုံးပြန်ပို့မည်ဟု ပြောကြားခဲ့သည်။

စိုးမိုး ခေတ်ပြိုင်မှကိုးကား

Monday, February 1, 2010

မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦးသေဆုံးမှု မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အစီရင်ခံစာတင်ရ

ထိုင်းနယ်စပ် မဲဆောက်အနီး ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ (၇) ဦး သေဆုံးမှုတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိမရှိ သိရှိနိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့ဝင်အားလုံး ယနေ့နောက်ဆုံးထား၍ အစီရင်ခံစာ တင်ကြရမည်ဟု တာ့ခရိုင်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ပန်ညာဆူအင်က အမိန့်ပေးထားသည်။



ခရိုင်ရဲမင်းကြီး၏အမိန့်တွင် အခင်းဖြစ်ပွားသည့်ကာလ ယခင်လ (၂၃) ရက်မှ (၂၈) ရက်အတွင်း ဖို့ဖတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်အားလုံး မည်သည့်နေရာတွင် ရှိကြောင်း၊ တယ်လီဖုန်းဖြင့် မည်သူ့ကို အဆက်အသွယ်လုပ်ကြောင်း၊ မိမိကိုင်ဆောင်သည့်သေနတ် သတ်မှတ်ရက်အတွင်း ပစ်ခတ်မှုရှိမရှိ စသည်တို့ကို လာရောက် အစီရင်ခံရမည်ဟု ပါရှိသည်။

အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် တောလမ်းခရီးအတိုင်း ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် အသုံးများသည့် ကျည်များဖြစ်သည်ဟု သိရသည်။

ယခင်လ (၂၇) ရက်၌ ဖို့ဖတ်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာရုပ်အလောင်း (၄) လောင်းနှင့် ယမန်နေ့က ထပ်မံတွေ့ရှိသည့် မြန်မာ (၃) လောင်းအပါအ၀င် သေဆုံးသူ (၇) ဦးမှာ လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ရွာသားများဖြစ်ကြသည်။

သေဆုံးသွားသူတဦးဖြစ်သည့် နန်းပိုင်မူး၏ခင်ပွန်းဖြစ်သူ ကိုကြည်အောင်က “ကျနော်က ဘန်ကောက်မှာ အလုပ်လုပ်တယ်။ ကျနော့်မိန်းမက ရွာမှာ ကလေးငယ်နှစ်ယောက်ကို ချန်ထားပြီး အလုပ်လုပ်ဖို့လိုက်လာတာ။ သေတဲ့အထဲမှာ ကျနော့်ညီ ထူးအောင်နဲ့ သူ့မိန်းမလည်း ပါတယ်။ ဒီလူတွေ အတော်ရက်စက်တယ်။ အခု သူတို့အလောင်းတွေ မီးသဂြုင်္ိဟ်ဖို့ ကျနော်တို့ စောင့်နေတယ်၊ ရဲက ဘာမှမပြောသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်တွင် တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယမန်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ (၁၂) ဦးတွင် (၂) ဦးပျောက်ဆုံးနေပြီး (၃) ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ၎င်းတို့ကို ထိုင်းရဲက ထိန်းသိမ်းထားသည်။

ပျောက်ဆုံးနေသူ (၂) ဦးမှာ သေဆုံးသွားပြီးဟု ယူဆရပြီး ၎င်းတို့ကို တောနင်းရှာဖွေလျက်ရှိသည်ဟု ထိုင်းရဲအရာရှိက ပြောသည်။

မဲဆောက်မှ ၀ါရင့်ထိုင်းသတင်းထောက်တဦးက “ဒီအမှုဖြစ်စဉ်ကိုကြည့်ရတာ ၀န်ထမ်းအချို့ ပါဝင်ပတ်သက်မှုရှိမယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ ခရိုင်ရဲမင်းကြီးကတောင် အမိန့်ထုတ်ရတယ်ဆိုတော့ အမှုနောက်ဆက်တွဲကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။

ဖို့ဖတ်မြို့နယ်ရဲစခန်းမှ ရဲဒုဗိုလ်မှူးကြီးစုံစာမလိဖုံးက “ဒီအမှုဟာ လူမှောင်ခိုသမားတွေက ငွေယူပြီးတော့ ဘန်ကောက်မပို့ဘဲ တောထဲမှာ သူတို့ကို သတ်လိုက်တာလို့ ယူဆရတယ်” ဟု ပြောသည်။

တောလမ်းခရီးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြသည့် မြန်မာလူကယ်ရီမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းအား ထိုင်းရဲမှ လိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ှ ထိုင်းရဲမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်များတွင် ဖြစ်ပွားခဲ့ဖူးသည်။

လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်တွင် မြန်မာအလုပ်သမား(၈) ဦး အုပ်စုလိုက်အသတ်ခံရမှုနှင့် မဲလမတ်မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦး အုပ်စုလိုက်အသတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။



ရဲရင့်ခေတ်ပြိုင်မှကိုးကားတင်ပြပါသည်..