Wednesday, January 13, 2010
ထိုင်းနိုင်ငံအတွင်း passport မရှိသူများ လုပ်ဖို့အကြံပေး
အဲ့ဒီ့ passport လုပ်ဖို့ ဘယ်သူတွေက ကောလဟာလ ဖြန့်သလဲ ပြီးတော့ ဘယ်သူတွေက မလုပ်စေချင်တာလဲ
ဒါကတော့ရှင်းပါတယ် . လုပ်ငန်းရှင်နဲ့ လူမှောင်ခိုပွဲစားတွေပါ . လူမှောင်ခိုပွဲစားတွေက သူတို့လုပ်စားမယ့် ဂွင်တွေပျက်သွားမယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဒီ passport လုပ်ပြီးသွားရင် တရားဝင် ကြိုက်တဲ့နေရာကို သွားလာခွင့်ရမယ်။ ထိုင်းနိုင်ငံရဲ့ တစ်ခြားနေရာမှာ ရှိတဲ့ သူငယ်ချင်းဆီကို ခဏတဖြုတ် သွားလည်လို့ရမယ်။ မြန်မာပြည်ကို တရားဝင်ပြန်လို့ရမယ်၊ အဲ့ဒီ့လိုဆိုရင် သူတို့တွေရဲ့ မှောင်ခို ဇါတ်လမ်း တခန်းရပ်သွားမှာမို့ ကောလဟာလ ဖြန့်တာတွေပါ၊ ပြီးတော့ သူဌေးတွေ ဘာလို့မလုပ်စေချင်လဲ၊ ဒါကရှင်းပါတယ်။ ကိုတွေ ဒီအလုပ်မှာ လုပ်မယ်ဆိုတာကို ကိုတစ်ယောက်တည်း လက်မှတ်ထိုးရတာမဟုတ်ပါဘူး။ သူဌေးကော ကိုပါ လက်မှတ်ထိုးရတာပါ။ သူဌေးနဲ့ကိုနဲ့ လုပ်ငန်း နှစ်ဦး သဘောတူစာချုပ် ချုပ်ဆိုရမှာဖြစ်တဲ့အတွက် သူတို့က လက်မခံချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့လုပ်ငန်းခွင်မှာ အလုပ်သမားတစ်ဦး မတော်တဆ သေဆုံးသွားမှာကို မစိုးရိမ်ဘူး၊ ပြီးတော့ စိတ်မ၀င်စားချင်ဘူး။ အခု ဒီ passport လုပ်ပြီး လုပ်ငန်းနှစ်ဦး သဘောတူ စာချုပ်ချုပ်လိုက်တာနဲ့ စိတ်မ၀င်စားလို့ မရတော့ဘူး။ ဒီအလုပ်သမားသေ သွားတာနဲ့ ဒီအလုပ်သမား အတွက် နစ်နာကြေးပေးရမယ်။ နစ်နာကြေးကို ပြီးပြီးရော ပေးလို့မရပါဘူး။ သူသတ်မှတ်ထားတဲ့ အတိုင်း ပေးရမှာပါ။ နောက်ပြီး (၃)လကို တစ်ကြိမ် ဘတ်(500) ပေးရတယ်ဆိုတာ ကလဲ အာမခံအဖွဲ့အစည်း ကနေ ဒီအလုပ်သမား ဒီအလုပ်မှာ သက်ရှိထင်ရှား ရှိသေးရဲ့လား ဆိုတာကို သိချင်လို့ လုပ်လိုက်တဲ့ အစီအစဉ်ပါ . အဲ့ဒီ့ပိုက်ဆံ သွားပေးတဲ့အခါ မိမိမဟုတ်တဲ့ တစ်ခြားသူ တစ်ယောက်အနေနဲ့ မိမိကိုယ်စား သွားပေးလို့မရပါဘူး။ မိမိကိုယ်တိုင် မျက်နှာပြပြီးတော့မှ ပေးရတာပါ။ ဒါကလဲ အလုပ်သမားတွေ အတွက် ကောင်းမွန်တဲ့ အစီအစဉ်ပါ။ တစ်ခြားနိုင်ငံတွေထက် ထိုင်းနိုင်ငံမှာ ရှိနေတဲ့ အလုပ်သမားလူဦးရေဟာ အများဆုံးပါ။ ကျွန်တော့် မျက်မြင် မြန်မာတွေကို အနိုင်ကျင့်နေတာတွေ၊ နှိမ်နေတာတွေကို တွေ့နေရတော့ စိတ်မကောင်းဘူး။ တစ်ကယ်တမ်း မြန်မာတွေနဲ့ သူတို့နိုင်ငံသားတွေ အလုပ်တစ်ခုကို အတူတူခိုင်းကြည့် အလုပ်ဆိုတာ အားလုံးနော် အောက်ခြေသိမ်း အလုပ်ကအစ အထက်တန်းကျကျ အလုပ်အထိ ၊ စမ်းကြည့်လိုက် ကျွန်တော်ပြိုင်လောင်းရဲတယ် ကျွန်တော်တို့ လူမျိုးဖက်ကနေ ၊ ဒီကောင်တွေက တတ်လားဆိုတော့ မတတ်ဘူး ဒါပေမယ့် ဆရာလုပ်ချင်တယ်၊ တစ်ချို့ဆိုရင် အလုပ်ခွင်ထဲမှာ ကိုလုပ်ရမယ့်အလုပ်ကိုတောင် တစ်ခြား မြန်မာတစ်ယောက်ကို ခိုင်းပြီးကိုကတော့ အေးအေးဆေးဆေးထိုင်နေပြီး အလုပ်ရှင်လာမှ ဟိုဟာကိုင် ဒီဟာကိုင်နဲ့ လုပ်တဲ့ ရှမ်းတွေလဲ ရှိသေးတယ်။ အဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အခု passport လုပ်ဖို့ကိစ္စကို မဖြစ်မနေလုပ်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ ကျွန်တော့်ကိုလဲ ညီငယ်များ မေးလ်ပို့ပြီး ဒီကိစ္စကို မေးကြပါတယ်။ အားလုံး အဆင်ပြေကြပါစေ ..
ထိုင်းနိုင်ငံရောက်လူငယ်များ အဆင်ပြေချောမွေ့ကြပါစေ ....
ညီနေမင်း blog မှကိုးကားထားပါသည်။
Tuesday, January 12, 2010
အမေရိကန်သွားခွင့်မရရင် မြန်မာပြည် ပြန်ပို့မှာစိုးရိမ်မိ
နိုင်ငံခြားထွက်သွားတဲ့လူ (၁၅၀၀) ထဲက အများစုဟာ နိုင်ငံရေးနဲ့မပတ်သက်ဘဲ အကြံအဖန်နဲ့ ထွက်ကြတဲ့လူတွေ ဖြစ်တယ်ဆိုတာ ယူအန်က ၀န်ထမ်းတွေလည်း သိပါတယ်၊ ကျနော်တို့ နိုင်ငံရေးအဖွဲ့အစည်းက လူတွေကိုတော့ ထွက်ခွာခွင့် မပြုဘဲ ဆိုင်းငံ့ထားပါတယ်။ ယူအန်အိပ်ခ်ျစီအာအနေနဲ့ ဒုက္ခသည်အစစ်အမှန်နဲ့ အတုအယောင်တွေကို သေချာစိစစ် စေချင်ပါတယ်။ ကျနော်တို့ဟာ စခန်းတွင်းမှာ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ဒုက္ခရောက်နေကြတာကို နိုင်ငံတကာက သိစေချင်ပါတယ်။ စခန်းထဲမှာလည်း စားဝတ်နေရေး၊ ကျန်းမာရေးဆိုတာ မသေရုံသာသာ အခြေအနေလို့တောင် ဆိုနိုင်ပါတယ်။ ကျနော်တို့အားလုံးဟာ မြန်မာပြည်ပြန်လို့မရတဲ့သူတွေ ဖြစ်ပါတယ်။
ကျနော်တို့ကို ၆-၁-၁၀ ရက်နေ့က စခန်းမှာ UNHCR က တာဝန်ရှိသူတွေ လာပြီး ဆွေးနွေးပါတယ်။ အဲဒီအဖွဲ့ထဲက နိုင်ငံခြားသူ အမျိုးသမီးအရာရှိတဦးပြောတာက ကျနော်တို့အားလုံးအတွက် လာမယ့် မတ်လမှာ ရက်(စ်) အော် နိုး အဖြေတခုခု သိရမယ်၊ ဘာအဖြေပဲထွက်ထွက် အမေရိကန်ကလွဲပြီး အခြားနိုင်ငံသွားခွင့်မရှိဘူးလို့ ပြောပါတယ်။
ကျနော်တို့အားလုံးဟာ အမေရိကန်ကိုထွက်ဘို့ လျှောက်ထားကြတဲ့လူတွေ ဖြစ်ပါတယ်။ ဆိုင်းငံ့ခံရသူတွေထဲမှာ တချို့ဆိုရင် သားသမီးမြေးတွေ အမေရိကန်မှာ ရှိတဲ့လူတွေ ပါပါတယ်။ ဒါပေမယ့် အဲဒီလူတွေလည်း အခုထိ သွားခွင့်မရှိသေးပါဘူး။
တခြားနိုင်ငံကိုလည်း လျှောက်ခွင့်မရှိတဲ့အပြင် အမေရိကန်က မခေါ်မချင်း (၁၀) နှစ်လား၊ အနှစ် (၂၀) လား စောင့်ရမယ့်သဘော ဖြစ်နေပါတယ်။ ပိုပြီး စိုးရိမ်ဖို့ကောင်းတာက ကျနော်တို့ကို အမေရိကန် မပို့ဘဲ ထိုင်းနိုင်ငံမှာခိုလှုံနေတဲ့ လောနိုင်ငံက (မုန်) လူမျိုး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံက အတင်းအကြပ်ဖမ်းပြီး ပြန်ပို့သလိုလုပ်မှာကို အထူး စိုးရိမ်မိပါတယ်ခင်ဗျား။
လေးစားစွာဖြင်
ကိုနိုင်လေး (နို့ဖိုးဒုက္ခသည်စခန်း)
ခေတ်ပြိုင်မှကိုးကားခြင်း
Sunday, January 10, 2010
လောကနိဗ္ဗာန် နှင့် ငြိမ်းချမ်းရေး
“သူငယ်ချင်းရေ ဒီမှာ နေရတာကတော့ ဘာမှ ပူစရာမလိုဘူး၊ စားဖို့ လည်း မပူရဘူး၊ နေဖို့လည်း မပူရဘူး၊ စားဝတ်နေရေးအတွက် ဘာမှ ပူပင်စရာမရှိတော့ လောကနိဗ္ဗာန်ဘဲပေါ့သူငယ်ချင်း။ တစ်လမှာ အလွန်ဆုံးကုန်ရင် ဒေါ်လာ ၃၀၀၊ နိုင်ငံတော်ထောက်ပံ့ကြေးငွေက ဒေါ်လာ ၈၀၀ ဆိုတော့ ဘာမှ အလုပ်လုပ်စရာမလိုဘဲ စားစရိတ် နေစရိတ်အပြီးငြိမ်း နှုတ်လိုက်ရင် တစ်လ ဒေါ်လာ ၅၀၀ လောက် ကျန်သေးတယ်”။
အထက်ပါစကားကို လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလတုန်းဆီက ပညာရေးဌာနတွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့ဘူးသော နယူးဇီလန်နိုင်ငံရောက် သူငယ်ချင်းတစ်ယောက်၏ ပြောစကားဖြစ်သည်။ သူ့ ဘ၀အတွက် ဘာမှ ပူပင်စရာမရှိသော လောကနိဗ္ဗာန်ဘ၀ကို ကျနော့်ဆီဖုန်းဆက်တိုင်း ပြောပြတတ်သည်။ တကယ့်အားကျစရာအတိ။ တကယ်သွားရောက်နေချင်စရာအတိပါပင်။
သူ့ အတွက် လောကနိဗ္ဗာန်ဘ၀ကို ကျနော့်အား အကျယ်တ၀င့်ရှင်းပြတတ်သည်။ လောကီဘ၀ လူ့ ချမ်းသာအတွက် ပူပင်စရာမရှိသလို လောကုတ္တရာအတွက်လည်း တရားဓမ္မများအားထုတ်ချင်ပါကလည်း အေးဆေးငြိမ်သက်စွာဖြင့် တရားအားထုတ်နိုင်ကြောင်းလည်း ပြောပြသေးသည်။ ဟုတ်ပါသည်၊ လူ့ ဘ၀ခရီးလမ်းတွင် လောကီလူနေမှုဘ၀ ဘာမှ ပူပင်စရာမရှိတော့ ဘ၀သံသရာအတွက် လောကုတ္တရာခရီးလမ်းကိုလည်း ဖြောင့်ဖြူးစွာ လုပ်ဆောင်နိုင်ပါမည်ဟု ထင်ပါသည်။ တကယ့်အားကျစရာပါပင်။
သို့ သော် ကျနော့်သူငယ်ချင်း သတိမထားမိသော ကမ္ဘာတည်သရွေ့ ကရင်လူမျိုးတည်တံ့နေနိုင်ပါမည်လော ဟူသော အချက်ဖြစ်သည်။
ဟုတ်ပါသည်၊ ယနေ့ မျက်မှောက်ကာလတွင် ကျနော်တို့ ကရင်လူမျိုးများသည် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားတိုင်းတစ်ပါးဒေသများတွင် သိန်းဂဏန်းဦးရေဖြင့် ရောက်ရှိနေကြပါသည်။ အသွင်အမျိုးမျိုး၊ ပုံသဏ္ဍာန်အသွယ်သွယ်ဖြင့် ရောက်ရှိနေကြပါသည်။ ရည်ရွယ်ချက် ရည်မှန်းချက်ကိုယ်စီဖြင့် ရောက်ရှိနေကြပါသည်။ ဘ၀အမျိုးမျိုး အတွေးအခေါ်အဖြာဖြာဖြင့် ကျင်လည်နေကြပါသည်။ အိမ်နီးချင်းနိုင်ငံများတွင် အလုပ်သမားဘ၀ဖြင့် အသက်မွေးမြူကြသူများရှိသလို တတိယနိုင်ငံများတွင် ဒုက္ခသည်အမည်ခံပြီး သက်ဆိုင်ရာနိုင်ငံများ၏ ထောက်ပံ့ကြေးငွေများဖြင့် ပူပင်စရာမရှိ နေနိုင်ကြပါသည်။
ရေရှည်ကာလတွင် ကရင်လူမျိုးများဘ၀အတွက် ကျနော် ရင်လေးမိသည်။ ရာစုနှစ်၊ ထောင်စုနှစ်များအထိ စဉ်းစားမိတိုင်း တွေးထင်မိတိုင်း ရင်လေးမိသည်။ ထိုမျှမက နိုင်ငံရပ်ခြား တိုင်းတစ်ပါးဒေသများတွင် မွေးဖွားကြီးပြင်းလာမည့် အနာဂတ် ကရင်လူငယ်များ၏ဘ၀ကို တွေးထင်မိတိုင်း ရင်လေးမိသည်။ အခြားတော့မဟုတ်ပါ၊ ဘာသာစကားတစ်ခုတည်းဖြင့်ပင် ရာစုနှစ်သက်တမ်းတစ်ခုလောက်တွင် စဉ်းစားကြည့်ပါက တကယ်ရင်လေးမိသည်။ မျိုးချစ်စိတ်ဓါတ် ဘယ်လောက်ပင်ရှင်သန်ထက်မြက်နေပါစေ ထောင်စုနှစ်သက်တမ်းတစ်ခုလောက် ကုန်ဆုံးသွားပါက အဆိုပါနိုင်ငံရပ်ခြားဒေသများတွင် မွေးဖွားလာမည့် ကရင်လူမျိုးများသည် မိမိတို့ ကိုယ်ကို “ကရင်လူမျိုး”ပါဟု ရာနှုန်းပြည့် ကြွေးကြော်နိုင်ပါမည်လော။ သက်သေပြုနိုင်ပါမည်လော။ လောကီလူနေမှုဘ၀ဖြင့် ပူပင်စရာမလိုသော်လည်း ရေရှည်အနာဂတ်အတွက် ကျနော်ရင်လေးမိသည်။ အားနည်းသူကို အားကြီးသူက အနိုင်ယူလွှမ်းမိုးတတ်သောဓလေ့သည် ကမ္ဘာဦးက တည်ရှိသောဓလေ့ဖြစ်သည်။ မျက်မှောက်ခေတ်အတွက် အထူးတလည် သက်သေပြုစရာလိုမည်မထင်ပါချေ။
တစ်ချို့သောကရင်လူမျိုးများကလည်း နိုင်ငံရပ်ခြားတွင် ခေတ္တယာယီမျှ သွားရောက်နေထိုင်ပြီး မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီပေါ်ထွန်းလာသောတစ်နေ့ဝယ် အမိမြေပေါ်တွင် ပြန်လာပြီး အခြေချ ကျေးဇူးဆပ်ချင်သူများလည်းရှိသည်။ ထိုကဲ့သို့သော မျှော်လင့်ချက်၊ ယုံကြည်ချက်မျိုးဖြင့် အမှန်တကယ် ဖေါ်ဆောင်ခွင့်ရခဲ့လေကား ကောင်းပါသည်။ သို့သော် ထိုကဲ့သို့သော မျှော်လင့်ချက်များဖြင့် မဖြစ်ပေါ်လာခဲ့သည်ရှိသော် -----။
အိမ်နီးချင်းနိုင်ငံများတွင် အထူးတလည် မပြောလိုသော်လည်း တတိယနိုင်ငံများတွင် သွားရောက်အခြေချနေထိုင်မည့် ယနေ့ကရင်လူငယ်များ အမှန်တကယ် ကိုယ့်ကိုယ်ကို အသေအချာ ချင့်ချိန် စဉ်းစားစေချင်သည်။ အသေအချာတွေးတော ထောက်ဆစေချင်သည်။ ဆင်းရဲဒုက္ခဘ၀ဖြင့် ပစ္စုပ္ပန်ဘ၀နှင့် လောကနိဗ္ဗာန်ဖြင့် ကရင်လူမျိုး ထာဝရရှင်သန်ရပ်တည်ရေးတည်း ဟူသော အနာဂတ်ဘ၀ကို အသေအချာ ရွေးချယ်စေချင်သည်။ ပစ္စုပ္ပန်လောကနိဗ္ဗာန်ဘ၀ဖြင့် အနာဂတ်ကရင်လူမျိုး ကမ္ဘာတည်သရွေ့ တည်တံ့နိုင်ခဲ့သော်ကား အတိုင်းထက်အလွန်ကောင်းပါသည်။ ကမ္ဘာတည်သရွေ့ ကရင်လူမျိုးတည်တံ့နိုင်ခဲ့သော်ကား ---------- ။
ယနေ့ အမိရပ်ရွာဒေသများတွင် နိုင်ငံတော်အစိုးရများနှင့် ငြိမ်းချမ်းရေးယူထားကြသော အဖွဲ့အစည်းအသီးသီးများဘ၀ကို အနည်းငယ် မီးမောင်းထိုးတင်ပြလိုပါသည်။ ငြိမ်းချမ်းရေးအဖွဲ့အစည်းများသည် ကရင်လူထုတစ်ရပ်လုံးကို အမှန်တကယ်ပင် ငြိမ်းချမ်းရေးအနှစ်သာရအပြည့်အ၀ရရှိအောင် စွမ်းဆောင်ပေးနိုင်ပြီလော ---။ ကရင်လူမျိုးကို ချစ်လှပါသည်ဆိုသော အဆိုပါ ငြိမ်းချမ်းရေးတမံတော်များသည် ယနေ့ ကရင်လူထုကြီးကိုသာ ဒုက္ခပေးနေသယောင်ပင်ဖြစ်နေသည်။
ငြိမ်းချမ်းရေးတမံတော်များသည်လည်း မိမိတို့ကိုယ်ကို အသေအချာ ဝေဖန်ဆန်းစစ်ဖို့ လိုပါပြီ။ တစ်ချိန်တုန်းကတော့ အမျိုးဘာသာ၊ သာသနာအတွက် အမှန်တကယ်လက်တွေ့ အကောင်အထည်ဖေါ်ဆောင်မည်ဟူသောရည်ရွယ်ချက်၊ ခံယူချက်များဖြင့် ငြိမ်းချမ်းရေးတမံတော်ဘ၀များဖြင့် မိမိတို့၏ရပ်ရွာဒေသများတွင် အခြေချရောက်ရှိလာခဲ့ကြသည်။
၁၀ စုနှစ်ကာလတစ်ခု ကျော်လွန်လာသည့်တိုင်အောင် မိမိတို့၏ အမျိုးဘာသာ သာသနာတော်အတွက် အဘယ်အတိုင်းအတာမျှဖြင့် လက်တွေ့  အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့ပါပြီလော ---။ မိမိတို့ကရင်လူမျိုးအတွက် လူနေမှုဘ၀မြှင့်တက်လာအောင် ပညာရည် အဆင့်အတန်းမြင့်မားလာအောင် ဘယ်လောက်အတိုင်းအတာတစ်ခုထိ ဆောင်ရွက်နိုင်ခဲ့ပါပြီးလော----။ မိမိတို့၏ စာပေယဉ်ကျေးမှုများ ဆထက်ထမ်းပိုးတိုးမြင့်လာအောင် ဘယ်လောက်အတိုင်းအတာထိ မြင့်တင်နိုင်ခဲ့ပါသလော -----။
ကရင်လူထုအတွက် မေးခွန်းပုစ္ဆာပေါင်းများစွာဖြင့် ယနေ့ ငြိမ်းချမ်းအရှင် သခင်များ မိမိကိုယ်ကို မေးကြည့်စေချင်သည်။ ဝေဖန်ဆန်းစစ်စေချင်သည်။ အားရကျေနပ်လောက်သောအဖြေများ ကရင်လူထုကြီးအပေါ် ပေးနိုင်ပါပြီလော။ အနာဂတ်အတွက် ဘယ်လိုရှေ့ ဆက်ကြမည်ကိုကော မြင်ယောင်ပါပြီလော။ ယနေ့ ငြိမ်းချမ်းရေးတမံတော်များအနေဖြင့် သူတစ်ပါးလက်ခုပ်ထဲကရေဘ၀အဖြစ် ခံယူကြပါမည်လော။ ကရင်လူမျိုးများ ကမ္ဘာတည်သရွေ့ ရာသက်ပန် တည်တံ့သွားနိုင်ရေးအတွက် ယနေ့ ငြိမ်းချမ်းရေးစေတမန်များ အထူးတလည်တာဝန်ရှိသည်။ ရေတိုရေရှည်စီမံကိန်းများ ချမှတ်ပြီး ကရင်လူမျိုးများ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ မပျောက်ပျက်ရအောင် နည်းမှန်လမ်းကောင်းများ ချီတက်သွားစေချင်သည်။ သို့ မဟုတ်ပါက ကရင်လူမျိုးအနာဂတ်အတွက် ရင်လေးစရာအတိပင် ----။
အင်အားနည်းသူကို အင်အားကြီးသူက အနိုင်ယူလွှမ်းမိုးတတ်သော အစဉ်အလာသည် ကမ္ဘာဦးကျောက်ခေတ်ကတည်းက အစဉ်အလာဖြစ်သည်ကို အစဉ်သတိချပ်သင့်သည်။
ဤမေးပုစ္ဆာတိုင်းအတွက် အဖြေရှိသလို ဖြစ်ပေါ်လာသောပြဿနာတိုင်းအတွက် ထွက်ပေါက်နည်းလမ်းများရှိပါသည်။ မှန်ကန်သောနည်းလမ်းထွက်ပေါက်ဖြစ်ဖို့ တော့ အထူးလိုအပ်သည်။ ယနေ့ ကရင်လူမျိုးများ ကြုံတွေ့ နေရသောလူနေမှုဘ၀ပြဿနာများအတွက် ပြေလည်အောင်ဖြေရှင်ပေးနိုင်ရေးမှာ ကရင်အမျိုးသားတိုင်းတွင် တာဝန်ရှိသည်။ တစ်ယောက်အားဖြင့် ဖြေရှင်းမရသော် စုပေါင်းအားဖြင့် ဖြေရှင်းရမည်။ ဦးစီးဦးဆောင်များ နည်းမှန်လမ်းမှန်ဖြင့် ချီတက် အကောင်အထည်ဖေါ်ဆောင်ရေးအတွက် အထူးအရေးကြီးပါသည်။ အာဝါဒေး (OurDay)ဖြင့် ကရင်ပြည်နယ်တစ်လွှားတွင် ခေတ်စားနေသော ပျော်ရွှင်ပွဲများသည် အနာဂတ် မျိုးဆက်သစ်ကရင်လူငယ်များအတွက် ကောင်းသော နိမိတ်လက္ခဏာမဟုတ်တန်ရာချေ။
ကရင်လူမျိုးအနည်းစု ကြီးပွားချမ်းသာရေးမျှဖြင့် ကရင်လူထုကြီးတစ်ရပ်လုံး လူနေမှုဘ၀အဆင်ပြေသည်ဟု မဆိုလိုနိုင်ပါ။ “ဘယ်သူသေသေ ငတေမာရင်ပြီးရော”ဆိုတဲ့ အတွေးအခေါ်များ ယနေ့ ငြိမ်းချမ်းရေးအရှင်သခင်များဦးနှောက်ထဲတွင် သံမှိုမစွဲသင့်ပါ။ မိမိ၏အမျိုးသားထုတစ်ရပ်လုံးအတိုင်းအတာအထိ တွေးခေါ်မျှော်မြင်ပြီး အားစိုက်မတ်မတ် ချီတက်သွားစေချင်သည်။ စစ်မှန်သော ငြိမ်းချမ်းရေးဘ၀ဖြင့် ကရင်လူထုကြီးတစ်ရပ်လုံးကို လက်တွဲခေါ်သွားစေချင်သည်။ သို့ မှသာ ကမ္ဘာတည်သရွေ့  ကရင်လူမျိုးထာဝရရှင်သန်ရပ်တည်နိုင်ပါမည်။
ရေတိုလူနေမှုဘ၀မြင့်တက်မှုထက် ရေရှည်လူနေမှုဘ၀မြင့်တက်မှုက ပိုအရေးကြီးသည်။ တဒင်္ဂစိတ်ချမ်းသသာခြင်းထက် ရာသက်ပန်စိတ်ချမ်းသာခြင်းက ပိုအရေးကြီးသည်။ ဘယ်လိုဘဲဖြစ်ဖြစ် ယနေ့ ကရင်အကြီးအကဲများ မိမိတို့ ကရင်လူထုကြီး ရေရှည်ဘ၀အရေးကို အထူးတလည် ခံယူဖေါ်ဆောင်စေချင်သည်။ နိုင်ငံတွင်းတွင် သက်ဆိုင်ရာအစိုးရအသီးသီးက မိမိတို့ တိုင်းနိုင်ငံတော်ကြီး ရေရှည်တည်တံ့တိုးတက်နိုင်ရေးအတွက် ရေတိုရေရှည်စီမံကိန်းများ ချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ရွက်နေကြသည်။ ထိုစံနမူနာများကို ယနေ့ ပြည်တွင်းပြည်ပမှ ကရင်အကြီးအကဲခေါင်းဆောင်များ အတုယူအကောင်အထည်ဖေါ်ဆောင်ရွက်စေချင်သည်။
ရေတိုဆင်းရဲဒုက္ခ ကရင်လူထုကြီးဘ၀ထက် ရေရှည်လောကနိဗ္ဗာန် ကရင်လူထုကြီးဘ၀ကို ဖြစ်စေချင်သည်။ ပေါ်ပေါက်စေချင်သည်။ စစ်မှန်သောငြိမ်းချမ်းရေးလောကနိဗ္ဗာန်ဘ၀ဖြင့် အနာဂတ်ကရင်လူထုကြီးအား ရယူခံစားစေချင်သည်။ “အုတ်မြစ်သဲတိုင် တက်နိုင်ဖျားရောက်”ဆိုသောစကားအတိုင်း စွမ်းစွမ်းတမံဆောင်ရွက်စေချင်သည်။
အထက်ပါဖေါ်ပြချက်များသည် တစ်ဦးတစ်ယောက်အား ရည်ရွယ်ပြီးရေးခြင်းမဟုတ်ပါ။ ကရင်လူမျိုးတိုင်းကို ရည်ရွယ်ပြီး ရေးခြင်းဖြစ်ပါသည်။ သို့  သော်ငြားလည်း လက်ရှိ ပစ္စုပ္ပန်အခြေအနေကို မြင်သည့်အတိုင်း ဖြစ်ပေါ်နေသည့်အတိုင်း ခံစားပြီး တင်ပြသွားခြင်းဖြစ်ပါသခြင့် တိုင်ဆိုင်မှုရှိခဲ့ပါသော် အနာဂတ်ကရင်လူမျိုးဘ၀ ရေရှည်တည်တံ့နေနိုင်ရေးဟူသော အသိစိတ်ဓါတ်၊ ခံယူချက်၊ ရည်ရွယ်ချက်များဖြင့် နားလည်ခွင့်လွှတ်ကြပါရန် အထူးတောင်းပန်အပ်ပါသည်။ ကျနော့်အမြင် အတွေးအခေါ်ခံယူချက်များ၊ ရည်ရွယ်ချက်များ၊ ကရင်လူမျိုးအပေါ် စေတနာသဘောထားများ ချွတ်ချော်မှားယွင်းတင်ပြမှုရှိခဲ့သော် သက်ဆိုင်ရာက၀ိပညာရှင်များက အညတြစာရေးသူအားလည်း ခွင့်လွှတ်နိုင်စေရေးအတွက် အထူးဝန်ချတောင်းပန်အပ်ပါသည်။
“အားနည်းသူကို အားကြီးသူက အနိုင်ယူလွှမ်းမိုးတတ်သောအစဉ်အလာသည် ကမ္ဘာကျောက်ခေတ်ကတည်းက တည်ရှိခဲ့သည်” ကို ယနေ့  ကရင်လူမျိုးများ မမှိတ်မသုန် သိမြင်နားလည်သဘောပေါက်ဖို့ လိုပါကြောင်း နိဂုံးချုပ်တင်ပြလိုက်ရသည် ------။
စိမ့်စမ်းသော (ကော့ကရိတ်)
OKRSO
Friday, January 8, 2010
မယ်လစခန်းမှ ပထမအသုတ်ဒုက္ခသည်များ ဂျပန်သို့သွားရန် လူတွေ့စစ်ဆေးမည်
ဂျပန်နိုင်ငံ၏ မြန်မာဒုက္ခသည်များအတွက် စမ်းသပ်မည့် (၃) နှစ်စီမံကိန်းအရ ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ်ကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာခဲ့ပြီးနောက် ဒုက္ခသည်များ လက်ခံမည့်အစီအစဉ် စတင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းအရ ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများထဲမှ တနှစ်လျှင် ဒုက္ခသည် (၃၀) ကို (၃) နှစ် စီမံကိန်းဖြင့် ဂျပန်နိုင်ငံက ခေါ်ယူခြင်းဖြစ်သည်။
မြန်မာဒုက္ခအများစုမှာ လူဦးရေ အကန့်အသတ်မရှိ ခေါ်ယူသည့် နိုင်ငံများသို့သာ သွားရောက်အခြေချလိုကြပြီး ဂျပန်နိုင်ငံသို့ သွားရောက်အခြေချလိုမှုကို စိတ်ဝင်စားသူ အလွန်နည်းပါးသည်ဟု မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌစောထွန်းထွန်းက ပြောသည်။
“ဂျပန်က ခေါ်တာနည်းတဲ့အပြင် ကန့်သတ်ချက်တွေကလည်းများတော့ လျှောက်တဲ့ဒုက္ခသည်တွေက ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ သူတို့်စီမံကိန်းအရ (၃) နှစ်မှာ ဒုက္ခသည်(၉၀) ပဲ သွားရမှာဖြစ်တယ်။ မယ်လစခန်းမှာဆိုရင် လက်ရှိ ဒုက္ခသည် (၅) သောင်းကျော် ရှိတယ်” ဟု ပြောသည်။
ဂျပန်အစိုးရ၏ သတ်မှတ်ချက်အရ လာရောက်အခြေချမည့် ဒုက္ခသည်များသည် မိသားစုအလိုက်ဖြစ်ရမည်၊ ကလေးငယ်များ ပါရှိရမည်၊ မိဘများအသက် (၄၀) အောက်ဖြစ်ပြီး ကျန်းမာသန်စွမ်းကာ အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည် စသည့် ကန့်သတ်ချက်များ ပါဝင်သည်။
မယ်လဒုက္ခသည်စခန်း ဇုန် (စီ) မှ ဒုက္ခသည်တဦးက “တို့လင်မယားက (၆၀) ကျော်တွေ၊ ကလေးတွေလည်း အရွယ်ရောက် ကုန်ပြီ၊ အမေရိကန်ထွက်ဖို့ စောင့်နေတာကြာပြီ။ ဂျပန်သွားဖို့ လျှောက်လွှာတင်တာ မရဘူး၊ ဂျပန်မူနဲ့ မကိုက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။
ပထမဆုံး ဂျပန်သို့အခြေချခွင့်ရရန် လျှောက်ထားသည့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ယခုလကုန်တွင် (UNHCR) နှင့် ဂျပန်နိုင်ငံကိုယ်စားလှယ်များက လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို လာမည့်စက်တင်ဘာတွင် ဂျပန်သို့ ခေါ်ဆောင်မည်ဖြစ်သည်။
ရဲရင့် (ခေတ်ပြိုင်)
Thursday, January 7, 2010
မြန်မာအလုပ်သမား (၁၀၀) ခန့် ပြန်ပို့ခံရ
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က အလုပ်လုပ်ခွင့် သက်တမ်း (၆) လပြည့်သည့် အချိန်တွင် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင်တဦးက ပြောသည်။
“သူတို့က ကျနော်တို့မသွားခင် အရင်ဆုံး (၁) နှစ်စာလို့ဘဲပြောတယ်၊ ပြီးရင်နောက်တနှစ် ထပ်ပေးမယ်ပေါ့၊ အဲဒီလိုနဲ့စာချုပ်ချုပ်တာ တကယ်တမ်းသွားတော့ (၆) လဖြစ်သွားတာ၊ (၆) လနဲ့ ပြန်လွှတ်လိုက်တာ၊ တကယ်တမ်း ဟိုဘက်က ခေါ်တာက (၆) လဘဲခေါ်တာ၊ ဒါပေမဲ့ ဒီဘက်ကုမ္ပဏီက ကျနော်တို့ကိုလိမ်လိုက်တာ” ဟု ၎င်းကဆက်ပြောသည်။
ယင်းကဲ့သို့ သွားရောက်ရန် ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီမှာ ကောင်းဆက်ကုမ္ပဏီဖြစ်ပြီး စင်္ကာပူနိုင်ငံတွင်လည်း ငွေဇင်ယော်အမည်ဖြင့် ကုမ္ပဏီရုံးခွဲဖွင့်လှစ်ထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကာယကံရှင်က ဆက်ပြောသည်။
“ကျနော်တို့ မသွားခင်မှာ သင်တန်းတက်တာရော အကုန်ဝန်ဆောင်ကြေး သိန်း ၃၀ လောက်ရှိတယ်၊ အရင်းမကြေပါဘူး၊ ဘာကြောင့်လည်းဆိုရင် ဟိုကိုရောက်ခါစက သူ့နိုင်ငံမှာနေရင် လုပ်ရမဲ့ စည်းမျဉ်းစည်းကမ်း စာမေးပွဲ လေးတွေဖြေတဲ့ စရိတ်တွေရှိတယ်၊ ခရီးသွားလာခွင့်ကဒ်တွေလုပ်တဲ့ ကုန်ကျစရိတ် ရှိတယ်၊ တကယ်တမ်းကျတော့ လခက ၄၅၀ နှုန်းဘဲရတယ်၊ အရင်ကလည်း အဲဒီကုမဏီက နှစ်နှစ်စာ အကျိုးဆောင်ခ တောင်းထားတာ သိန်း ၄၀ လောက်ရှိတယ်၊ အဲဒီလူတွေကလည်း တနှစ်လောက်ဘဲလုပ်ရတယ်၊ ကျနော်တို့က နှစ်ဆ နှစ်ဆပေးပြီး သူ့အတွက်လုပ်ပေးနေရပြီး ကိုယ့်အရင်းပါ ပျောက်သွားသလိုဖြစ်တာ” ဟု ၎င်းက ပြောသည်။
စင်္ကာပူတွင် အလုပ်လုပ်စဉ် အတွင်းမှာလည်း ခွဲခြားဆက်ဆံခံရခြင်းများရှိပြီး လုပ်အားခ အနိမ့်ဆုံးလခကိုသာ ရရှိကာ အခြားဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယအလုပ်သမားများမှာ လုပ်အားခ ၉၀၀ နီးပါရရှိကြောင်း ၎င်းက ပြောသည်။
“အဲဒီ အေးဂျင့်က ကျနော်တို့ကို သက်သက်ကို အနိုင်ကျင့်လိုက်တာ၊ သူတို့ ရုံးခွဲလည်း ရှိတာဘဲ၊ ကျနော်တို့က အဲလိုဖြစ်တာကို အကြောင်းကြားတော့ ရှောင်နေတယ်၊ ဘာမှ တစုံတရာ လိုက်ဖြေရှင်းပေးတာ မရှိဘူး” ဟု ကာယကံရှင်က ဆက်ပြောသည်။
အဆိုပါ ပြန်ပို့ခံရသူများမှာ ၂၀၀၉ ခုနှစ် မတ်လက သွားရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ဝန်ဆောင်မှု ကုမ္ပဏီက ၂ နှစ်ဗီဇာရမည်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်ဟု ပြောသည်။
ကောင်းဆက်ကုမ္ပဏီ တာဝန်ရှိသူတဦးက “ကျနော်တို့အလုပ်ကြော်ငြာထဲမှာကိုက Work ပါမစ်နဲ့ တနှစ်ဆို တနှစ် ပြည့်မှဘဲ ပြန်လွှတ်တာပါ၊ အဲဒါကို ပြန်လာတဲ့သူတွေက ပြောတယ်ဆိုရင်လည်း ကျနော်တို့ ကောင်းဆက်က မဖြစ်နိုင်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ စင်္ကာပူမှာလည်း ကုမဏီခွဲရှိတဲ့အတွက် အလုပ်သမားတွေနဲ့လည်း အချိတ်အဆက်ရှိတယ်၊ တနှစ်စာချုပ်ချုပ်ထားရင် တနှစ်အပြည့်ဘဲ လုပ်ရပါတယ်၊ (၆) လနဲ့ ပြန်လွှတ်တာတို့ ဘာတို့တော့ မရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ ကောင်းဆက်ကုမ္ပဏီကို ဒေါ်ဌေးဌေးယုစံက တာဝန်ယူပြီး စင်္ကာပူမှ ငွေဇင်ယော်ကုမ္ပဏီကို ဦးဇော်ညွှန့်က ဦးစီးလုပ်ကိုင်နေလျှက်ရှိကာ မြန်မာနိုင်ငံမှ အလုပ်သမားများကို စင်္ကာပူ၊ ကာတာ၊ ဒူဘိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများသို့ ပို့ဆောင်ပေးနေသည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။
ရိုးမ၃ မှကိုးကားသည်..
Sunday, December 27, 2009
2749ကရင်နှစ်သစ်ကူးကျင်းပပြီးစီးခြင်းအခမ်းအနား
ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)က ပြည်ပရောက်တွင် ရောက်ရှိနေသည့် ကရင်အမျိုးသားများ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်ရလေအောင် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနား ကျင်းပခဲ့သည်။
နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် အမျိုးသားအလံတော်နှင့်အမျိုးသားသီချင်း အလေးပြုသီဆိုပြီး နှစ်သစ်ကူးဖြစ်ပေါ်လာပုံအကြောင်း ဖတ်ကြားသည်။ ထို့ နောက် ကရင်ရိုးရာဒုံးယိမ်းအက (သရုပ်ဖ်ါဒုံးယိမ်းအက)နှင့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
နှစ်သစ်ကူးပွဲတော်သို့  မိမိတို့ အဖွဲ့ သ၀ဏ်လွှာနှင့် ကရင်လူငယ်အစည်းအရုံး (KYO)သ၀ဏ်လွှာတွင် ကရင်အမျိုးသားများ နိုင်ငံရေးနိုးကြားရန်၊ မိမိတို့  ဘာသာစကား၊ စာပေ ယဉ်ကျေးမှု ဖေါ်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်၊ စည်းရုံးညီညွတ်ကြရန်နှင့် ညီညွတ်မှုကို ထိပါးမည်အရာများကို ရှောင်ရှားရန် အခမ်းအနားသို့  ပေးပို့ သည့် နှစ်သစ်ကူးမိန့် ခွန်းတွင် ပြောကြားသည်။
ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)အဖွဲ့က ကရင်သက္ကရာဇ်(၂၇၄၉)ခုနှစ်၏ ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားတရပ်ကို ၂၇-၁၂-၀၉- နေ့က ဘန်ကောက်မြို့တွင်ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။
Wednesday, December 23, 2009
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရေး ပူးပေါင်းပါဝင်ကြရန် ထိုင်းတိုက်တွန်း
ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ အလုပ်သမားရှာဖွေရေးဌာနမှ ဒုတိယ ညွှန်ကြားရေမှူးချုပ် နိုင်ဆူဖတ်ကုခွမ်က ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးမှု အနေအထားများနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် လုပ်ငန်းရှင်များကို မဲဆောက်မြို့၌ ရှင်းလင်းပွဲတရပ် ယနေ့ ပြုလုပ်ပြောကြားခြင်းဖြစ်သည်။
အဆိုပါရှင်းလင်းပွဲတွင် နိုင်ဆူဖတ်ကုခွမ်က “တရားဝင်ဗီဇာလက်မှတ်ရှိတဲ့အတွက် ထိုင်းတနိုင်ငံလုံးကို သွားလို့ရတယ်။ ဒါပေမယ့် အလုပ်ပြောင်းခွင့်တော့မရှိဘူး။ အလုပ်မလုပ်ဘဲ လျှောက်သွားနေမယ်ဆိုရင် အဲဒီအလုပ်သမားရဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို အလုပ်ရှင်က ရုပ်သိမ်းလိုက်ရင် အလိုအလျှောက် ပျက်ပြယ်ပြီးသားဖြစ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။
သို့သော် မဖြစ်မနေ အလုပ်ပြောင်းရမည်ဆိုပါက ပထမအလုပ်ရှင်ထံမှ ကျေနပ်လွှဲပြောင်းမှု ရရှိပြီးမှသာလျှင် အဆိုပါ အလုပ်သမားကို ဒုတိယအလုပ်ရှင်က လက်ခံနိုင်မည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) သန်းခန့် ရှိသော်လည်း မြန်မာနိုင်ငံမှ ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများမှာ (၄) ထောင်ကျော်သာ ရှိသေးသည်။
(၅) လအတွင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှု (၄) ထောင်ကျော်သာရှိသဖြင့် မြန်မာဘက်က လုပ်ငန်းဆောင်ရွက်မှု နှေးကွေးမှုကြောင့်ဟု ထိုင်းဘက်ကဆိုသော်လည်း ယခုကဲ့သို့ဖြစ်ရခြင်းမှာ ထိုင်းရှိ မြန်မာအလုပ်သမားများနှင့် အလုပ်ရှင်တို့၏ ပူးပေါင်းပါဝင်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုသည်။
တာ့ခရိုင် အလုပ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာန ညွှန်ကြားရေးမှူး နိုင်ဖိဆုမ်ဆုံဝမ်န၀မ်နိက “ထိုင်းနိုင်ငံရဲ့ အလုပ်သမား လိုအပ်ချက်က အတော့်ကိုများတယ်။ ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေသာမရှိရင် ဘယ်လိုမှ လုပ်ငန်း လည်ပတ်လို့ ရမှာမဟုတ်ဘူး” ဟု ဒေသခံသတင်းထောက်များကို မဲဆောက်တွင်ကျင်းပခဲ့သည့် နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား (၁၁) သိန်းရှိရာ မြန်မာအလုပ်သမားမှာ (၁၀) သိန်းခန့်ရှိသည်။ လာမည့် ၂၀၁၀ ခု ဖေဖေါ်ဝါရီလကုန်မတိုင်မီ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ်ထားပြီး သတ်မှတ်ရက် ကျော်လွန်နေထိုင်သူများကို ဖမ်းဆီးပြီး နေရင်းဒေသ ပြန်ပို့မည်ဟု ကြေညာထားသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ဖောင်းစာဖလန်းစိုင်ကမူ သတ်မှတ်ကာလအတွင်း မပြီးစီးနိုင်သဖြင့် လက်မှတ်လုပ်ပေးမှုကို ရက်တိုးပေးရန်ရှိသဖြင့် အဖမ်းအဆီးကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများ စိုးရိမ်စရာ မလိုတော့ကြောင်း ယခုလ (၂၀) ရက်တွင် ပြောကြားခဲ့သည်။
ရဲရင့်
Tuesday, December 22, 2009
(KNU)နှင့်(NCUB)ဥက္ကဌဗိုလ်ချုပ်ကြီးစောတာမလာဘော၏ အသက်(၉၀)ပြည့်နေ့မွေးနေ့ပွဲ
(OKRSO)၏ နှစ်သစ်သ၀ဏ်လွှာ
ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ် အတွက် ပြည်ပရောက် ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)၏ နှစ်သစ်သ၀ဏ်လွှာ
ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ်၏ နှစ်သစ်အခါသာမယတွင် ကရင်အမျိုးသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြစေရန် ဆုတောင်းမေတ္တာပို့ သလိုက်ပါသည်။
ကရင်အမျိုးသားအပေါင်းတို့ ၁၈၈၁ ခုနှစ် ဒေါကလူအဖွဲ့ ကြီး(KNA)စတည်ထောင်ခဲ့သည့် ကာလမှစ၍ ရေတွက်လျှင် ကရင်အမျိုးသားများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးကြိုးပမ်းချက်တွင် နှစ်အားဖြင့် ၁၂၉ နှစ် ရှိခဲ့ပြီဖြစ်သည်။ ယခုအခါ မြန်မာပြည်ရှိ ကရင်အမျိုးသားများအားလုံးသည် လူမျိုးကြီးဝါဒ စစ်အာဏာရှင်ကြီးစိုးမှုအောက်သို့ ကျရောက် နေဆဲဖြစ်သည်။ ဤဖိနှိပ်ခံရသည့် အခြေအနေအတွင်း ကရင်အမျိုးသားများ ကြုံတွေ့ နေရသည့် ဘေးဒုက္ခများသည်လည်း အလွန်ကြီးမားလှပါသည်။ ဤသည် ကရင်ကံကြမ္မာ ကရင်ဖန်တီးမရရှိသည့်အတွက် ကရင်အမျိုးသားများ၏ ဆန္ဒနှင့်အညီဖြစ်သည့် တရားမျှတသည့် အကျယ်အ၀န်းရှိသည့် ကရင်ပြည်နယ် ထူထောင်ခွင့်မရရှိသည့်အတွက် ဖြစ်သည်။
ကရင်အမျိုးသားများသည် မြန်မာပြည်တွင်းသို့ှနှစ်ပေါင်း (၃၀၀၀)နီးပါးခန့် ကပင် အေးချမ်းစွာ ၀င်ရောက်အချေချနေထိုင်ခဲ့ပြီး မြန်မာပြည်အတွင်း ဗမာအမျိုးသားများပြီးလျှင် ဒုတိယလူဦးရေအများဆုံး လူမျိုးစုတစုလည်းဖြစ်ပါသည်။ ထို့ ကြောင့် အခြားလူမျိုးနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို ရယူခံစားထိုက်သူများ ဖြစ်သည်။
OKRSO အဖွဲ့ သည် ကရင်အမျိုးသားများတိုးတက်ကြီးပွားရေးနှင့် လူမှုဒုက္ခပြဿနာများ လျှော့ပါးရန် တတ်နိုင်သ၍ ကူညီဖြေရှင်းရန်အတွက် ၁၉၉၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ OKRSO ကို စဖွဲ့  စည်းတည်ထောင်ခဲ့စဉ်ကစပြီး ယနေ့ တိုင် ကရင်အမျိုးသားအရေးဆိုင်ရာ လူမှုရေး၊ ပညာရေးနှင့် စာပေယဉ်ကျေးမှုများကို ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။
ယခုအခါ ကရင်အမျိုးသားများအနေဖြင့် အမျိုးသားရေး၊ နိုင်ငံရေးနိုးကြားရန် အမျိုးသားရေးဆိုင်ရာတာဝန်ကို တက်ကြွစွာ ထမ်းဆောင်ကြရန် ကရင်အမျိုးသားအနေဖြင့် ခိုင်မာသောအမျိုးသားရေးစိတ်ဓါတ်ကို အခြေခံပြီး မိမိတို့ ၏ ဘာသာစကား၊ စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို ထိန်းသိမ်းမြှင့်တင်ကြရန် အထူးလိုအပ်ပါသည်။
နိဂုံးအနေဖြင့် ဤနှစ်သစ်အခါသမယတွင် ကရင့်ကံကြမ္မာ ကရင်ဖန်တီးခွင့်ရှိရေး နှစ်သစ်စိန်သစ် မိမိတို့ ၏အမျိုးသားရေးကို ပိုမိုနိုးကြားရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်။
နှစ်သစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေ။
Friday, December 18, 2009
ကရင်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်ကွဲမှု ကေအန်ယူ ဖြေရှင်း
ကရင်ပြည်နယ် ဖာပွန်မြို့တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်ည၌ ဗုံးပေါက်ကွဲခဲ့သဖြင့် လူအများ သေကျေဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်သည် နအဖက ကေအန်ယူကို ချောက်တွန်းရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောကြားလိုက်သည်။
၎င်းက “အဲဒါမျိုး ကေအန်ယူက မလုပ်ဘူး။ နအဖက မဟုတ်မမှန် စွပ်စွဲတာ။ နအဖဆိုတာက တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို စနစ်တကျ ဖျက်ဆီးနေတယ်။ ကရင်နှစ်သစ်ကူးရဲ့ ယဉ်ကျေးမှုကိုလည်း ဖျက်ဆီးပြီး တချက်ခုတ် နှစ်ချက်ပြတ် ဖန်တီးတာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အမြင်မမှားဖို့ လိုတယ်” ဟု ပြောသည်။
နအဖသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပြဿနာရှာခြင်းဖြစ်ကြောင်း၊ မိမိတို့ တပ်ဖွဲ့အနေဖြင့် ဖာပွန်မြို့အနီးပတ်ဝန်းကျင်တွင်ပင် စစ်ရေးလှုပ်ရှားမှုများ လုံးဝမရှိကြောင်း၊ မိမိတို့အမျိုးသား ကရင်နှစ်သစ်ကူး ပွဲတော်ကို နအဖက ဖျက်ဆီးခြင်းသာဖြစ်သည်ဟု ပဒိုဒေးဗစ်သကဘောက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုတွင် အရပ်သား (၇) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ကေအန်ယူ၏ လုပ်ရပ်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးပိုင် မြန်မာ့အလင်းသတင်းစာတွင် စွပ်စွဲထားသည်။
ယခင်လ (၁၁) ရက်နေ့ကလည်း ဘားအံ၊ ရွှေဂွန်းပြေးဆွဲသည့် စောဥမ္မာအမည်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် ခရီးသည်တင် နှစ်ထပ်သင်္ဘောကို တကောင်ဘိုးရွာတွင် ပစ်ခတ်ခံရ၍ ခရီးသည် (၃) ဦးသေဆုံးခဲ့မှုကိုလည်း နအဖက ကေအန်ယူကို စွပ်စွဲထားသည်။
တကောင်ဘိုးရွာသားတဦးမှ အဆိုပါ ပစ်ခတ်မှုတွင် ဒီကေဘီအေမှ ရဲမင်းပိုင်အဖွဲ့က တကောင်ဘိုးသင်္ဘောဆိပ်မှ ဒီကေဘီအေ အကောက်မှူး ဗိုလ်သိန်းတန်(ခေါ်) ဗိုလ်ဂျပု ကို စီးပွားရေး ပြဿနာများကြောင့် လာရောက်ပစ်သတ်ရာမှ ဘားအံသို့ ဆင်းမည့် အဆိုပါ နှစ်ထပ်သင်္ဘောကိုပါ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ရဲရင့်(ခေတ်ပြိုင်)ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုချက်အားလုံး ရရှိ
ထိုင်းနိုင်ငံ ပတ်ခ်ျဘူရီခရိုင်၊ စမုန်ဒေါရှိ SAHA FARM Co.Ltd ကြက်သားထုတ်လုပ်ရေး စက်ရုံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅,၀၀၀) ခန့်က အလုပ်သမားအခွင့်အရေး တိုးမြှင့်ရရှိရေးအတွက် ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။
ကျန်းမာရေးခွင့်ရက်ပင် ခံစားခွင့်မရှိဘဲ အလုပ်ချိန် တရက် (၁၂) နာရီ မနားတမ်း ခိုင်းစေမှု၊ အခြေခံလစာ အချိန်ပိုကြေး ခံစားခွင့် နည်းပါးမှုတို့ကို ပြင်ဆင်ပေးရန် အလုပ်ရှင်ထံ တောင်းဆိုကြခြင်းဖြစ်သည်။
“တကယ်လို့ လိုက်လျော ညှိနှိုင်းမပေးဘူးဆိုရင် အလုပ်မဆင်းဘဲ ဆန္ဒပြမယ်။ ဒီနေ့ ရွှေ့ပြောင်းအလုပ်သမားနေ့လည်း ဖြစ်တယ်။ ဒီနေ့လည်း ကျနော်တို့ အလုပ်မဆင်းဘူး” ဟု အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြသူ ကိုကျော်ကျော်က ပြောသည်။
လုပ်သားတဦးချင်း အခြေခံလစာ ထိုင်းဘတ် (၄,၅၀၀)၊ အလုပ်ချိန် တရက် (၁၂) နာရီ၊ အချိန်ပိုကြေးအတွက် တနာရီ ဘတ် (၂၀) သာရရှိသည့်အတွက် လုပ်သားတဦး တလ အမြင့်ဆုံးဝင်ငွေ ဘတ် (၄,၉၅၀) သာရရှိကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်စေ့စပ် ညှိနှိုင်းပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) က ထိုင်းရှေ့နေများကောင်စီကို အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
“ထိုင်းရှေ့နေများ ကောင်စီကို အကြောင်းကြားထားတယ်။ အခု ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်ညှိနှိုင်းပေးဖို့ တိုက်တွန်း ထားပါတယ်” ဟု NCGUB ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောကြားသည်။
နံနက် (၇) နာရီခွဲမှ စတင်သည့်ဆန္ဒပြပွဲ ရလဒ်အဖြစ် နေ့လယ် (၁၁) နာရီတွင် စက်ရုံကြီးကြပ်သူများက နေ့စဉ် အလုပ်ချိန် (၁၂) နာရီမှ (၉) နာရီသို့ လျှော့ချပေးပြီး အချိန်ပိုအလုပ်ခကို တနာရီ ထိုင်းဘတ် (၃၀) ပေးမည်ဟု ကတိပြုလိုက်သော်လည်း
အလုပ်သမားများဘက်က ဆက်လက်တောင်းဆိုမှုများကြောင့် မွန်းလွဲ (၁) နာရီခွဲတွင် မြန်မာ အလုပ်သမားများ၏ တောင်းဆိုချက် (၅) ခုလုံးကို လိုက်လျောပေးလိုက်ကြောင်း သိရသည်။
“အလုပ်ချိန် (၈) နာရီသတ်မှတ်ဖို့၊ သတ်မှတ်ချိန်ထက်ကျော်ရင် OT အနေနဲ့ တနာရီ ဘတ် (၃၀) ပေးဖို့၊ လက်မှတ်ရပြီးသား အလုပ်သမားတွေကို လက်မှတ် (ဘတ်) ပေးကိုင်ဖို့၊ အစိုးရအားလပ်ရက်တွေမှာ စက်ရုံပိတ်ပေးဖို့နဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို
နောက်ဆုံးအချိန်အထိ စောင့်ပြီး လုပ်ခွင့်ပြုဖို့ (ဖိအားအတင်းမပေးဖို့) မဖြစ်မနေလုပ်ရတော့မယ်ဆိုရင် လုပ်ကြပါမယ်ဆိုတဲ့ ကတိပေးကြတယ်” ဟု ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သူ အလုပ်သမားက အချက်(၅) ချက်ကို ပြောပြသည်။
ယခု ကြက်သားထုတ်လုပ်ရေး စက်ရုံ၏ လုပ်ငန်းခွဲ စက်ရုံတခုတွင် ပြီးခဲ့သည့်လက ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပြီး စက်ရုံကြီးကြပ်သူများက တောင်းဆိုချက်များကို လိုက်လျောမည်ဆိုကာ ကတိပျက်ခဲ့မှုကြောင့် ယခုတကြိမ် ထပ်မံတောင်းဆိုကြခြင်းဖြစ်သည်။
“တကယ်လို့ သူတို့ ကတိထပ်ဖျက်မယ်ဆိုရင် တရားဥပဒေကြောင်းအရ တိုင်ချက်ဖွင့်လို့ ရပါတယ်” ဟု ကိုသက်ခိုင်က ပြောကြားသည်။
SAHA FARM Co.Ltd က ကြက်နှင့် ကြက်ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး တရက် ကြက်ကောင်ရေ (၅) သိန်းကို အဆင်သင့် စားသောက်ကုန်အဆင့်အထိ ကုန်ချောထုတ်လုပ်နေသည်။
ှိ
စိုးမိုး
Wednesday, December 16, 2009
ညောင်လေးပင်ခရိုင်တွင် KNU မှကရင်နှစ်သစ်ကူးပွဲနေ့အခမ်းအနားကျင်းပ
ယနေ့တွင်ကျရောက်သည့် ကရင်သက္ကရာဇ် (၂၇၄၉) ခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့ အခမ်းအ နားတရပ်ကို (ကေအင်ယူ)မှ ညောင်လေးပင်ခရိုင်တွင် ကျင်းပခဲ့ရာ ကရင်အမျိုးသား (၁၅၀၀) ခန့်တက်ရောက်ခဲ့ကြသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) လက်အောက်ခံ တပ်မဟာ(၃)အခြေစိုက် ညောင် လေးပင်ခရိုင်၏ ကျောက်ကြီးမြို့နယ်တွင် ကျင်းပခဲ့ပြီး ဒေသခံကရင်အမျိုးသားများက နှစ် သစ်ကူးဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အမျိုးသားအလံတော်အား အလေးပြုခဲ့ကြသည်ဟု ခရိုင်တာဝန် ရှိသူတဦးကပြောသည်။
ညောင်လေးပင်ခရိုင်၏ မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှာ
နယ်မြေဒေသ၏ လုံခြုံရေးအခြေအနေအရ ပွဲကျင်းပရာတွင် အခက်အခဲအချို့ရှိသော်လည်း ဒေသခံ ကရင်အမျိုးသားများ ထောင်ချီလာရောက်ခဲ့ကြပြီး မည်သည့်ပြဿနာမှမရှိဘဲ အောင် မြင်စွာကျင်းပနိုင်ခဲ့သည်ဟုလည်း
ယခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတရပ်ကိုလည်း တပ်မဟာ(၅)အခြေစိုက် ဖါပွန်ခ ရိုင်တွင်ခမ်းနားစွာကျင်းပပြုလု
ကရင်နှစ်သစ်ကူးနေ့အတွက် ကေအင်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောတာမလာဘော ပြောကြား သောမိန့်ခွန်းတွင် ကရင်အမျိုးသားများ ဖိနှိပ်ကျွန်ပြုမှုအပေါင်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေး အရနိုးကြားပြီး ဘာသာအယူဝါဒ မခွဲခြားဘဲတစိတ်တ၀မ်းတည်း စည်းလုံးညီညွတ်ကြရန်နှင့် ရန်သူများ၏ လိမ်လည်လှည့်စားမှုများကို အထူးသတိရှိရန် တိုက်တွန်းပြောကြားထားသည်။
မဲဆောက်ဒေသတွင်းရောက် ကရင်အမျိုးသားများကလည်း နှစ်သစ်ကူးအခမ်းအနားများကို ကျင်းပကြပြီး ထိုင်းနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်စခန်း(၇)ခုတွင်လည်း ကျင်းပပြုလုပ် ခဲ့ကြသည်။