Friday, January 8, 2010

မယ်လစခန်းမှ ပထမအသုတ်ဒုက္ခသည်များ ဂျပန်သို့သွားရန် လူတွေ့စစ်ဆေးမည်

ဂျပန်နိုင်ငံက ပထမဦးဆုံးလက်ခံမည့် မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၃၀) သည် လာမည့်စက်တင်ဘာတွင် ဂျပန်နိုင်ငံသို့ စတင်ထွက်ခွာကြမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ မြန်မာဒုက္ခသည်များအတွက် စမ်းသပ်မည့် (၃) နှစ်စီမံကိန်းအရ ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ်ကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာခဲ့ပြီးနောက် ဒုက္ခသည်များ လက်ခံမည့်အစီအစဉ် စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအရ ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများထဲမှ တနှစ်လျှင် ဒုက္ခသည် (၃၀) ကို (၃) နှစ် စီမံကိန်းဖြင့် ဂျပန်နိုင်ငံက ခေါ်ယူခြင်းဖြစ်သည်။

မြန်မာဒုက္ခအများစုမှာ လူဦးရေ အကန့်အသတ်မရှိ ခေါ်ယူသည့် နိုင်ငံများသို့သာ သွားရောက်အခြေချလိုကြပြီး ဂျပန်နိုင်ငံသို့ သွားရောက်အခြေချလိုမှုကို စိတ်ဝင်စားသူ အလွန်နည်းပါးသည်ဟု မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌစောထွန်းထွန်းက ပြောသည်။

“ဂျပန်က ခေါ်တာနည်းတဲ့အပြင် ကန့်သတ်ချက်တွေကလည်းများတော့ လျှောက်တဲ့ဒုက္ခသည်တွေက ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ သူတို့်စီမံကိန်းအရ (၃) နှစ်မှာ ဒုက္ခသည်(၉၀) ပဲ သွားရမှာဖြစ်တယ်။ မယ်လစခန်းမှာဆိုရင် လက်ရှိ ဒုက္ခသည် (၅) သောင်းကျော် ရှိတယ်” ဟု ပြောသည်။

ဂျပန်အစိုးရ၏ သတ်မှတ်ချက်အရ လာရောက်အခြေချမည့် ဒုက္ခသည်များသည် မိသားစုအလိုက်ဖြစ်ရမည်၊ ကလေးငယ်များ ပါရှိရမည်၊ မိဘများအသက် (၄၀) အောက်ဖြစ်ပြီး ကျန်းမာသန်စွမ်းကာ အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည် စသည့် ကန့်သတ်ချက်များ ပါဝင်သည်။

မယ်လဒုက္ခသည်စခန်း ဇုန် (စီ) မှ ဒုက္ခသည်တဦးက “တို့လင်မယားက (၆၀) ကျော်တွေ၊ ကလေးတွေလည်း အရွယ်ရောက် ကုန်ပြီ၊ အမေရိကန်ထွက်ဖို့ စောင့်နေတာကြာပြီ။ ဂျပန်သွားဖို့ လျှောက်လွှာတင်တာ မရဘူး၊ ဂျပန်မူနဲ့ မကိုက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

ပထမဆုံး ဂျပန်သို့အခြေချခွင့်ရရန် လျှောက်ထားသည့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ယခုလကုန်တွင် (UNHCR) နှင့် ဂျပန်နိုင်ငံကိုယ်စားလှယ်များက လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို လာမည့်စက်တင်ဘာတွင် ဂျပန်သို့ ခေါ်ဆောင်မည်ဖြစ်သည်။




ရဲရင့် (ခေတ်ပြိုင်)

Thursday, January 7, 2010

မြန်မာအလုပ်သမား (၁၀၀) ခန့် ပြန်ပို့ခံရ

အလုပ်ကိုင်ရှာဖွေရေး အေးဂျင့်၏ လိမ်လည်မှုကြောင့် မြန်မာအလုပ်သမား (၁၀၀) နီးပါး စင်္ကာပူနိုင်ငံမှ ပြန်ပို့ခံရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က အလုပ်လုပ်ခွင့် သက်တမ်း (၆) လပြည့်သည့် အချိန်တွင် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင်တဦးက ပြောသည်။

“သူတို့က ကျနော်တို့မသွားခင် အရင်ဆုံး (၁) နှစ်စာလို့ဘဲပြောတယ်၊ ပြီးရင်နောက်တနှစ် ထပ်ပေးမယ်ပေါ့၊ အဲဒီလိုနဲ့စာချုပ်ချုပ်တာ တကယ်တမ်းသွားတော့ (၆) လဖြစ်သွားတာ၊ (၆) လနဲ့ ပြန်လွှတ်လိုက်တာ၊ တကယ်တမ်း ဟိုဘက်က ခေါ်တာက (၆) လဘဲခေါ်တာ၊ ဒါပေမဲ့ ဒီဘက်ကုမ္ပဏီက ကျနော်တို့ကိုလိမ်လိုက်တာ” ဟု ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ သွားရောက်ရန် ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီမှာ ကောင်းဆက်ကုမ္ပဏီဖြစ်ပြီး စင်္ကာပူနိုင်ငံတွင်လည်း ငွေဇင်ယော်အမည်ဖြင့် ကုမ္ပဏီရုံးခွဲဖွင့်လှစ်ထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကာယကံရှင်က ဆက်ပြောသည်။

“ကျနော်တို့ မသွားခင်မှာ သင်တန်းတက်တာရော အကုန်ဝန်ဆောင်ကြေး သိန်း ၃၀ လောက်ရှိတယ်၊ အရင်းမကြေပါဘူး၊ ဘာကြောင့်လည်းဆိုရင် ဟိုကိုရောက်ခါစက သူ့နိုင်ငံမှာနေရင် လုပ်ရမဲ့ စည်းမျဉ်းစည်းကမ်း စာမေးပွဲ လေးတွေဖြေတဲ့ စရိတ်တွေရှိတယ်၊ ခရီးသွားလာခွင့်ကဒ်တွေလုပ်တဲ့ ကုန်ကျစရိတ် ရှိတယ်၊ တကယ်တမ်းကျတော့ လခက ၄၅၀ နှုန်းဘဲရတယ်၊ အရင်ကလည်း အဲဒီကုမဏီက နှစ်နှစ်စာ အကျိုးဆောင်ခ တောင်းထားတာ သိန်း ၄၀ လောက်ရှိတယ်၊ အဲဒီလူတွေကလည်း တနှစ်လောက်ဘဲလုပ်ရတယ်၊ ကျနော်တို့က နှစ်ဆ နှစ်ဆပေးပြီး သူ့အတွက်လုပ်ပေးနေရပြီး ကိုယ့်အရင်းပါ ပျောက်သွားသလိုဖြစ်တာ” ဟု ၎င်းက ပြောသည်။

စင်္ကာပူတွင် အလုပ်လုပ်စဉ် အတွင်းမှာလည်း ခွဲခြားဆက်ဆံခံရခြင်းများရှိပြီး လုပ်အားခ အနိမ့်ဆုံးလခကိုသာ ရရှိကာ အခြားဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယအလုပ်သမားများမှာ လုပ်အားခ ၉၀၀ နီးပါရရှိကြောင်း ၎င်းက ပြောသည်။

“အဲဒီ အေးဂျင့်က ကျနော်တို့ကို သက်သက်ကို အနိုင်ကျင့်လိုက်တာ၊ သူတို့ ရုံးခွဲလည်း ရှိတာဘဲ၊ ကျနော်တို့က အဲလိုဖြစ်တာကို အကြောင်းကြားတော့ ရှောင်နေတယ်၊ ဘာမှ တစုံတရာ လိုက်ဖြေရှင်းပေးတာ မရှိဘူး” ဟု ကာယကံရှင်က ဆက်ပြောသည်။

အဆိုပါ ပြန်ပို့ခံရသူများမှာ ၂၀၀၉ ခုနှစ် မတ်လက သွားရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ဝန်ဆောင်မှု ကုမ္ပဏီက ၂ နှစ်ဗီဇာရမည်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်ဟု ပြောသည်။

ကောင်းဆက်ကုမ္ပဏီ တာဝန်ရှိသူတဦးက “ကျနော်တို့အလုပ်ကြော်ငြာထဲမှာကိုက Work ပါမစ်နဲ့ တနှစ်ဆို တနှစ် ပြည့်မှဘဲ ပြန်လွှတ်တာပါ၊ အဲဒါကို ပြန်လာတဲ့သူတွေက ပြောတယ်ဆိုရင်လည်း ကျနော်တို့ ကောင်းဆက်က မဖြစ်နိုင်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ စင်္ကာပူမှာလည်း ကုမဏီခွဲရှိတဲ့အတွက် အလုပ်သမားတွေနဲ့လည်း အချိတ်အဆက်ရှိတယ်၊ တနှစ်စာချုပ်ချုပ်ထားရင် တနှစ်အပြည့်ဘဲ လုပ်ရပါတယ်၊ (၆) လနဲ့ ပြန်လွှတ်တာတို့ ဘာတို့တော့ မရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ကောင်းဆက်ကုမ္ပဏီကို ဒေါ်ဌေးဌေးယုစံက တာဝန်ယူပြီး စင်္ကာပူမှ ငွေဇင်ယော်ကုမ္ပဏီကို ဦးဇော်ညွှန့်က ဦးစီးလုပ်ကိုင်နေလျှက်ရှိကာ မြန်မာနိုင်ငံမှ အလုပ်သမားများကို စင်္ကာပူ၊ ကာတာ၊ ဒူဘိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများသို့ ပို့ဆောင်ပေးနေသည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။


ရိုးမ၃ မှကိုးကားသည်..

Sunday, December 27, 2009

2749ကရင်နှစ်သစ်ကူးကျင်းပပြီးစီးခြင်းအခမ်းအနား

နှစ်စဉ် ပြာသိုလဆန် (၁)ရက်နေ့ ရောက်တိုင်း ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားများကို ပြည်တွင်း၊ ပြည်ပရှိ နေရာအနှံ့ အပြားတွင် ကရင်တိုင်းရင်းသားများက ကျင်းပလေ့ရှိရာ ထိုင်းနိုင်ငံတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် ကရင်တိုင်းရင်းသားများ ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ၂၇၊ ၁၂၊ ၂၀၀၉ ခုနှစ်၊ ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)က (Scared Heart Convent School Compus.klong Toei) ကျောင်းတွင် ဦးဆောင် ကျင်းပသည်။

ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)က ပြည်ပရောက်တွင် ရောက်ရှိနေသည့် ကရင်အမျိုးသားများ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်ရလေအောင် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနား ကျင်းပခဲ့သည်။

နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် အမျိုးသားအလံတော်နှင့်အမျိုးသားသီချင်း အလေးပြုသီဆိုပြီး နှစ်သစ်ကူးဖြစ်ပေါ်လာပုံအကြောင်း ဖတ်ကြားသည်။ ထို့ နောက် ကရင်ရိုးရာဒုံးယိမ်းအက (သရုပ်ဖ်ါဒုံးယိမ်းအက)နှင့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

နှစ်သစ်ကူးပွဲတော်သို့  မိမိတို့ အဖွဲ့ သ၀ဏ်လွှာနှင့် ကရင်လူငယ်အစည်းအရုံး (KYO)သ၀ဏ်လွှာတွင် ကရင်အမျိုးသားများ နိုင်ငံရေးနိုးကြားရန်၊ မိမိတို့  ဘာသာစကား၊ စာပေ ယဉ်ကျေးမှု ဖေါ်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်၊ စည်းရုံးညီညွတ်ကြရန်နှင့် ညီညွတ်မှုကို ထိပါးမည်အရာများကို ရှောင်ရှားရန် အခမ်းအနားသို့  ပေးပို့ သည့် နှစ်သစ်ကူးမိန့် ခွန်းတွင် ပြောကြားသည်။




ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)အဖွဲ့က ကရင်သက္ကရာဇ်(၂၇၄၉)ခုနှစ်၏ ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားတရပ်ကို ၂၇-၁၂-၀၉- နေ့က ဘန်ကောက်မြို့တွင်ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။

















































Wednesday, December 23, 2009

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရေး ပူးပေါင်းပါဝင်ကြရန် ထိုင်းတိုက်တွန်း

ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ထုတ်ပေးနေသည့် (၂) နှစ်ဗီဇာသက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုသည် အလုပ်ရှင်နှင့် အလုပ်သမားများအတွက် ထိုင်းအလုပ်သမားဥပဒေနှင့်အညီ တရားဝင်ဖြစ်စေသောကြောင့် ပူးပေါင်းပါဝင်ကြရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောကြားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ အလုပ်သမားရှာဖွေရေးဌာနမှ ဒုတိယ ညွှန်ကြားရေမှူးချုပ် နိုင်ဆူဖတ်ကုခွမ်က ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးမှု အနေအထားများနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် လုပ်ငန်းရှင်များကို မဲဆောက်မြို့၌ ရှင်းလင်းပွဲတရပ် ယနေ့ ပြုလုပ်ပြောကြားခြင်းဖြစ်သည်။

အဆိုပါရှင်းလင်းပွဲတွင် နိုင်ဆူဖတ်ကုခွမ်က “တရားဝင်ဗီဇာလက်မှတ်ရှိတဲ့အတွက် ထိုင်းတနိုင်ငံလုံးကို သွားလို့ရတယ်။ ဒါပေမယ့် အလုပ်ပြောင်းခွင့်တော့မရှိဘူး။ အလုပ်မလုပ်ဘဲ လျှောက်သွားနေမယ်ဆိုရင် အဲဒီအလုပ်သမားရဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို အလုပ်ရှင်က ရုပ်သိမ်းလိုက်ရင် အလိုအလျှောက် ပျက်ပြယ်ပြီးသားဖြစ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

သို့သော် မဖြစ်မနေ အလုပ်ပြောင်းရမည်ဆိုပါက ပထမအလုပ်ရှင်ထံမှ ကျေနပ်လွှဲပြောင်းမှု ရရှိပြီးမှသာလျှင် အဆိုပါ အလုပ်သမားကို ဒုတိယအလုပ်ရှင်က လက်ခံနိုင်မည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) သန်းခန့် ရှိသော်လည်း မြန်မာနိုင်ငံမှ ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများမှာ (၄) ထောင်ကျော်သာ ရှိသေးသည်။

(၅) လအတွင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှု (၄) ထောင်ကျော်သာရှိသဖြင့် မြန်မာဘက်က လုပ်ငန်းဆောင်ရွက်မှု နှေးကွေးမှုကြောင့်ဟု ထိုင်းဘက်ကဆိုသော်လည်း ယခုကဲ့သို့ဖြစ်ရခြင်းမှာ ထိုင်းရှိ မြန်မာအလုပ်သမားများနှင့် အလုပ်ရှင်တို့၏ ပူးပေါင်းပါဝင်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုသည်။

တာ့ခရိုင် အလုပ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာန ညွှန်ကြားရေးမှူး နိုင်ဖိဆုမ်ဆုံဝမ်န၀မ်နိက “ထိုင်းနိုင်ငံရဲ့ အလုပ်သမား လိုအပ်ချက်က အတော့်ကိုများတယ်။ ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေသာမရှိရင် ဘယ်လိုမှ လုပ်ငန်း လည်ပတ်လို့ ရမှာမဟုတ်ဘူး” ဟု ဒေသခံသတင်းထောက်များကို မဲဆောက်တွင်ကျင်းပခဲ့သည့် နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားနေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား (၁၁) သိန်းရှိရာ မြန်မာအလုပ်သမားမှာ (၁၀) သိန်းခန့်ရှိသည်။ လာမည့် ၂၀၁၀ ခု ဖေဖေါ်ဝါရီလကုန်မတိုင်မီ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ်ထားပြီး သတ်မှတ်ရက် ကျော်လွန်နေထိုင်သူများကို ဖမ်းဆီးပြီး နေရင်းဒေသ ပြန်ပို့မည်ဟု ကြေညာထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ဖောင်းစာဖလန်းစိုင်ကမူ သတ်မှတ်ကာလအတွင်း မပြီးစီးနိုင်သဖြင့် လက်မှတ်လုပ်ပေးမှုကို ရက်တိုးပေးရန်ရှိသဖြင့် အဖမ်းအဆီးကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများ စိုးရိမ်စရာ မလိုတော့ကြောင်း ယခုလ (၂၀) ရက်တွင် ပြောကြားခဲ့သည်။


ရဲရင့်

Tuesday, December 22, 2009

(KNU)နှင့်(NCUB)ဥက္ကဌဗိုလ်ချုပ်ကြီးစောတာမလာဘော၏ အသက်(၉၀)ပြည့်နေ့မွေးနေ့ပွဲ

(KNU)နှင့်(NCUB)ဥက္ကဌဗိုလ်ချုပ်ကြီးစောတာမလာဘော၏ အသက်(၉၀)ပြည့်နေ့မွေးနေ့ပွဲကို ၂၂-၁၂-၀၉ ရက်နေ့နံနက်က ထိုင်းမြန်မာနယ်စပ်တွင် မဟာမိတ်အဖွဲ့အစည်းများက ဂုဏ်ပြု ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။



























































ဓါတ်ပုံ ---- (OKRSO)

(OKRSO)၏ နှစ်သစ်သ၀ဏ်လွှာ


ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ် အတွက် ပြည်ပရောက် ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)၏ နှစ်သစ်သ၀ဏ်လွှာ

ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ်၏ နှစ်သစ်အခါသာမယတွင် ကရင်အမျိုးသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြစေရန် ဆုတောင်းမေတ္တာပို့ သလိုက်ပါသည်။

ကရင်အမျိုးသားအပေါင်းတို့ ၁၈၈၁ ခုနှစ် ဒေါကလူအဖွဲ့ ကြီး(KNA)စတည်ထောင်ခဲ့သည့် ကာလမှစ၍ ရေတွက်လျှင် ကရင်အမျိုးသားများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးကြိုးပမ်းချက်တွင် နှစ်အားဖြင့် ၁၂၉ နှစ် ရှိခဲ့ပြီဖြစ်သည်။ ယခုအခါ မြန်မာပြည်ရှိ ကရင်အမျိုးသားများအားလုံးသည် လူမျိုးကြီးဝါဒ စစ်အာဏာရှင်ကြီးစိုးမှုအောက်သို့ ကျရောက် နေဆဲဖြစ်သည်။ ဤဖိနှိပ်ခံရသည့် အခြေအနေအတွင်း ကရင်အမျိုးသားများ ကြုံတွေ့ နေရသည့် ဘေးဒုက္ခများသည်လည်း အလွန်ကြီးမားလှပါသည်။ ဤသည် ကရင်ကံကြမ္မာ ကရင်ဖန်တီးမရရှိသည့်အတွက် ကရင်အမျိုးသားများ၏ ဆန္ဒနှင့်အညီဖြစ်သည့် တရားမျှတသည့် အကျယ်အ၀န်းရှိသည့် ကရင်ပြည်နယ် ထူထောင်ခွင့်မရရှိသည့်အတွက် ဖြစ်သည်။

ကရင်အမျိုးသားများသည် မြန်မာပြည်တွင်းသို့ှနှစ်ပေါင်း (၃၀၀၀)နီးပါးခန့် ကပင် အေးချမ်းစွာ ၀င်ရောက်အချေချနေထိုင်ခဲ့ပြီး မြန်မာပြည်အတွင်း ဗမာအမျိုးသားများပြီးလျှင် ဒုတိယလူဦးရေအများဆုံး လူမျိုးစုတစုလည်းဖြစ်ပါသည်။ ထို့ ကြောင့် အခြားလူမျိုးနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို ရယူခံစားထိုက်သူများ ဖြစ်သည်။

OKRSO အဖွဲ့ သည် ကရင်အမျိုးသားများတိုးတက်ကြီးပွားရေးနှင့် လူမှုဒုက္ခပြဿနာများ လျှော့ပါးရန် တတ်နိုင်သ၍ ကူညီဖြေရှင်းရန်အတွက် ၁၉၉၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ OKRSO ကို စဖွဲ့  စည်းတည်ထောင်ခဲ့စဉ်ကစပြီး ယနေ့ တိုင် ကရင်အမျိုးသားအရေးဆိုင်ရာ လူမှုရေး၊ ပညာရေးနှင့် စာပေယဉ်ကျေးမှုများကို ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။

ယခုအခါ ကရင်အမျိုးသားများအနေဖြင့် အမျိုးသားရေး၊ နိုင်ငံရေးနိုးကြားရန် အမျိုးသားရေးဆိုင်ရာတာဝန်ကို တက်ကြွစွာ ထမ်းဆောင်ကြရန် ကရင်အမျိုးသားအနေဖြင့် ခိုင်မာသောအမျိုးသားရေးစိတ်ဓါတ်ကို အခြေခံပြီး မိမိတို့ ၏ ဘာသာစကား၊ စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို ထိန်းသိမ်းမြှင့်တင်ကြရန် အထူးလိုအပ်ပါသည်။

နိဂုံးအနေဖြင့် ဤနှစ်သစ်အခါသမယတွင် ကရင့်ကံကြမ္မာ ကရင်ဖန်တီးခွင့်ရှိရေး နှစ်သစ်စိန်သစ် မိမိတို့ ၏အမျိုးသားရေးကို ပိုမိုနိုးကြားရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်။

နှစ်သစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေ။



Friday, December 18, 2009

ကရင်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်ကွဲမှု ကေအန်ယူ ဖြေရှင်း

ကရင်ပြည်နယ် ဖာပွန်မြို့တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်ည၌ ဗုံးပေါက်ကွဲခဲ့သဖြင့် လူအများ သေကျေဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်သည် နအဖက ကေအန်ယူကို ချောက်တွန်းရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောကြားလိုက်သည်။

၎င်းက “အဲဒါမျိုး ကေအန်ယူက မလုပ်ဘူး။ နအဖက မဟုတ်မမှန် စွပ်စွဲတာ။ နအဖဆိုတာက တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို စနစ်တကျ ဖျက်ဆီးနေတယ်။ ကရင်နှစ်သစ်ကူးရဲ့ ယဉ်ကျေးမှုကိုလည်း ဖျက်ဆီးပြီး တချက်ခုတ် နှစ်ချက်ပြတ် ဖန်တီးတာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အမြင်မမှားဖို့ လိုတယ်” ဟု ပြောသည်။

နအဖသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပြဿနာရှာခြင်းဖြစ်ကြောင်း၊ မိမိတို့ တပ်ဖွဲ့အနေဖြင့် ဖာပွန်မြို့အနီးပတ်ဝန်းကျင်တွင်ပင် စစ်ရေးလှုပ်ရှားမှုများ လုံးဝမရှိကြောင်း၊ မိမိတို့အမျိုးသား ကရင်နှစ်သစ်ကူး ပွဲတော်ကို နအဖက ဖျက်ဆီးခြင်းသာဖြစ်သည်ဟု ပဒိုဒေးဗစ်သကဘောက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် အရပ်သား (၇) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ကေအန်ယူ၏ လုပ်ရပ်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးပိုင် မြန်မာ့အလင်းသတင်းစာတွင် စွပ်စွဲထားသည်။

ယခင်လ (၁၁) ရက်နေ့ကလည်း ဘားအံ၊ ရွှေဂွန်းပြေးဆွဲသည့် စောဥမ္မာအမည်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် ခရီးသည်တင် နှစ်ထပ်သင်္ဘောကို တကောင်ဘိုးရွာတွင် ပစ်ခတ်ခံရ၍ ခရီးသည် (၃) ဦးသေဆုံးခဲ့မှုကိုလည်း နအဖက ကေအန်ယူကို စွပ်စွဲထားသည်။

တကောင်ဘိုးရွာသားတဦးမှ အဆိုပါ ပစ်ခတ်မှုတွင် ဒီကေဘီအေမှ ရဲမင်းပိုင်အဖွဲ့က တကောင်ဘိုးသင်္ဘောဆိပ်မှ ဒီကေဘီအေ အကောက်မှူး ဗိုလ်သိန်းတန်(ခေါ်) ဗိုလ်ဂျပု ကို စီးပွားရေး ပြဿနာများကြောင့် လာရောက်ပစ်သတ်ရာမှ ဘားအံသို့ ဆင်းမည့် အဆိုပါ နှစ်ထပ်သင်္ဘောကိုပါ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ရဲရင့်(ခေတ်ပြိုင်)










ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုချက်အားလုံး ရရှိ

ထိုင်းနိုင်ငံ ပတ်ခ်ျဘူရီခရိုင်၊ စမုန်ဒေါရှိ SAHA FARM Co.Ltd ကြက်သားထုတ်လုပ်ရေး စက်ရုံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅,၀၀၀) ခန့်က အလုပ်သမားအခွင့်အရေး တိုးမြှင့်ရရှိရေးအတွက် ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။

ကျန်းမာရေးခွင့်ရက်ပင် ခံစားခွင့်မရှိဘဲ အလုပ်ချိန် တရက် (၁၂) နာရီ မနားတမ်း ခိုင်းစေမှု၊ အခြေခံလစာ အချိန်ပိုကြေး ခံစားခွင့် နည်းပါးမှုတို့ကို ပြင်ဆင်ပေးရန် အလုပ်ရှင်ထံ တောင်းဆိုကြခြင်းဖြစ်သည်။

“တကယ်လို့ လိုက်လျော ညှိနှိုင်းမပေးဘူးဆိုရင် အလုပ်မဆင်းဘဲ ဆန္ဒပြမယ်။ ဒီနေ့ ရွှေ့ပြောင်းအလုပ်သမားနေ့လည်း ဖြစ်တယ်။ ဒီနေ့လည်း ကျနော်တို့ အလုပ်မဆင်းဘူး” ဟု အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြသူ ကိုကျော်ကျော်က ပြောသည်။

လုပ်သားတဦးချင်း အခြေခံလစာ ထိုင်းဘတ် (၄,၅၀၀)၊ အလုပ်ချိန် တရက် (၁၂) နာရီ၊ အချိန်ပိုကြေးအတွက် တနာရီ ဘတ် (၂၀) သာရရှိသည့်အတွက် လုပ်သားတဦး တလ အမြင့်ဆုံးဝင်ငွေ ဘတ် (၄,၉၅၀) သာရရှိကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်စေ့စပ် ညှိနှိုင်းပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) က ထိုင်းရှေ့နေများကောင်စီကို အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

“ထိုင်းရှေ့နေများ ကောင်စီကို အကြောင်းကြားထားတယ်။ အခု ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်ညှိနှိုင်းပေးဖို့ တိုက်တွန်း ထားပါတယ်” ဟု NCGUB ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောကြားသည်။

နံနက် (၇) နာရီခွဲမှ စတင်သည့်ဆန္ဒပြပွဲ ရလဒ်အဖြစ် နေ့လယ် (၁၁) နာရီတွင် စက်ရုံကြီးကြပ်သူများက နေ့စဉ် အလုပ်ချိန် (၁၂) နာရီမှ (၉) နာရီသို့ လျှော့ချပေးပြီး အချိန်ပိုအလုပ်ခကို တနာရီ ထိုင်းဘတ် (၃၀) ပေးမည်ဟု ကတိပြုလိုက်သော်လည်း
အလုပ်သမားများဘက်က ဆက်လက်တောင်းဆိုမှုများကြောင့် မွန်းလွဲ (၁) နာရီခွဲတွင် မြန်မာ အလုပ်သမားများ၏ တောင်းဆိုချက် (၅) ခုလုံးကို လိုက်လျောပေးလိုက်ကြောင်း သိရသည်။

“အလုပ်ချိန် (၈) နာရီသတ်မှတ်ဖို့၊ သတ်မှတ်ချိန်ထက်ကျော်ရင် OT အနေနဲ့ တနာရီ ဘတ် (၃၀) ပေးဖို့၊ လက်မှတ်ရပြီးသား အလုပ်သမားတွေကို လက်မှတ် (ဘတ်) ပေးကိုင်ဖို့၊ အစိုးရအားလပ်ရက်တွေမှာ စက်ရုံပိတ်ပေးဖို့နဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို
နောက်ဆုံးအချိန်အထိ စောင့်ပြီး လုပ်ခွင့်ပြုဖို့ (ဖိအားအတင်းမပေးဖို့) မဖြစ်မနေလုပ်ရတော့မယ်ဆိုရင် လုပ်ကြပါမယ်ဆိုတဲ့ ကတိပေးကြတယ်” ဟု ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သူ အလုပ်သမားက အချက်(၅) ချက်ကို ပြောပြသည်။

ယခု ကြက်သားထုတ်လုပ်ရေး စက်ရုံ၏ လုပ်ငန်းခွဲ စက်ရုံတခုတွင် ပြီးခဲ့သည့်လက ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပြီး စက်ရုံကြီးကြပ်သူများက တောင်းဆိုချက်များကို လိုက်လျောမည်ဆိုကာ ကတိပျက်ခဲ့မှုကြောင့် ယခုတကြိမ် ထပ်မံတောင်းဆိုကြခြင်းဖြစ်သည်။

“တကယ်လို့ သူတို့ ကတိထပ်ဖျက်မယ်ဆိုရင် တရားဥပဒေကြောင်းအရ တိုင်ချက်ဖွင့်လို့ ရပါတယ်” ဟု ကိုသက်ခိုင်က ပြောကြားသည်။

SAHA FARM Co.Ltd က ကြက်နှင့် ကြက်ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး တရက် ကြက်ကောင်ရေ (၅) သိန်းကို အဆင်သင့် စားသောက်ကုန်အဆင့်အထိ ကုန်ချောထုတ်လုပ်နေသည်။


ှိ
စိုးမိုး


Wednesday, December 16, 2009

ညောင်လေးပင်ခရိုင်တွင် KNU မှကရင်နှစ်သစ်ကူးပွဲနေ့အခမ်းအနားကျင်းပ


ယနေ့တွင်ကျရောက်သည့် ကရင်သက္ကရာဇ် (၂၇၄၉) ခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့ အခမ်းအ နားတရပ်ကို (ကေအင်ယူ)မှ ညောင်လေးပင်ခရိုင်တွင် ကျင်းပခဲ့ရာ ကရင်အမျိုးသား (၁၅၀၀) ခန့်တက်ရောက်ခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) လက်အောက်ခံ တပ်မဟာ(၃)အခြေစိုက် ညောင် လေးပင်ခရိုင်၏ ကျောက်ကြီးမြို့နယ်တွင် ကျင်းပခဲ့ပြီး ဒေသခံကရင်အမျိုးသားများက နှစ် သစ်ကူးဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အမျိုးသားအလံတော်အား အလေးပြုခဲ့ကြသည်ဟု ခရိုင်တာဝန် ရှိသူတဦးကပြောသည်။

ညောင်လေးပင်ခရိုင်၏ မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ (FBR)၏ တာဝန်ခံ စောစန်း က"အခမ်းအနားကို ဒီမနက်တပ်ရင်း(၉) စစ်ရေးပြကွင်းမှာလုပ်တယ် တပ်ရင်းမှူးဒုဗိုလ်မှူးကြီး စောပလယ့်နဲ့ ကျောက်ကြီးမြို့နယ်ဥက္ကဌပဒိုနဲထူးဗျိုင်း တို့တက်ရောက်ပြီးနှစ်သစ်ကူးမိန့်ခွန်း ပြောတယ် ပရိတ်သတ် ကတော့(၁၅၀၀)နီးပါးရှိတယ်"ဟုရွှေဖားစည် သို့ပြောသည်။

နယ်မြေဒေသ၏ လုံခြုံရေးအခြေအနေအရ ပွဲကျင်းပရာတွင် အခက်အခဲအချို့ရှိသော်လည်း ဒေသခံ ကရင်အမျိုးသားများ ထောင်ချီလာရောက်ခဲ့ကြပြီး မည်သည့်ပြဿနာမှမရှိဘဲ အောင် မြင်စွာကျင်းပနိုင်ခဲ့သည်ဟုလည်းပြောသည်။

ယခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတရပ်ကိုလည်း တပ်မဟာ(၅)အခြေစိုက် ဖါပွန်ခ ရိုင်တွင်ခမ်းနားစွာကျင်းပပြုလုပ်ခဲ့သည်ဟုကေအင်ယူ၏အဆင့်မြင့်ခေါင်းဆောင်တဦးကပြောသည်။

ကရင်နှစ်သစ်ကူးနေ့အတွက် ကေအင်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောတာမလာဘော ပြောကြား သောမိန့်ခွန်းတွင် ကရင်အမျိုးသားများ ဖိနှိပ်ကျွန်ပြုမှုအပေါင်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေး အရနိုးကြားပြီး ဘာသာအယူဝါဒ မခွဲခြားဘဲတစိတ်တ၀မ်းတည်း စည်းလုံးညီညွတ်ကြရန်နှင့် ရန်သူများ၏ လိမ်လည်လှည့်စားမှုများကို အထူးသတိရှိရန် တိုက်တွန်းပြောကြားထားသည်။

မဲဆောက်ဒေသတွင်းရောက် ကရင်အမျိုးသားများကလည်း နှစ်သစ်ကူးအခမ်းအနားများကို ကျင်းပကြပြီး ထိုင်းနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်စခန်း(၇)ခုတွင်လည်း ကျင်းပပြုလုပ် ခဲ့ကြသည်။