Monday, April 1, 2013

OKRSO အပတ်စဉ်တနင်္ဂနွေသင်တန်းကျောင်းဖွင့်လှစ်ခြင်းအခမ်းအနား

OKRSO မှကြီးမှူးကျင်းပသော အပတ်စဉ် တနင်္ဂနွေသင်တန်းကျောင်း(ထိုင်းနှင့်အင်္ဂလိပ်) ဖွင့်လှစ်ခြင်းအခမ်းအနားကို
မတ်လ (၃၁)ရက် ခေါင်တိုင်ဘုရားရှိခိုးကျောင်း Sacred Heart Convent School တွင် မနက် ၁၀း၃၀ အချိန်တွင် ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းသူ၊ကျေားသားပေါင်း (၈၀)ကျော်လာရောက်စာရင်းသွင်းကျောင်းအပ်ထားပါသည်။

ထိုင်းစာကို မနက် ၉း၀၀နာရီကနေ ၁၂း၀၀ အထိ
အင်္ဂလိပ်စာကို မွန်းလွှဲ ၁း၀၀ နာရီကနေ ညနေ ၄း၀၀ ထိ သင်ကြားပေးမှာဖြစ်ပါသည်။

သင်တန်းကာလကို (4)လကြာမြင့်မည်ဖြစ်ပါသည်။

OKRSO Sunday School သင်တန်းကျောင်းကို ၂၀၀၃ ခုနှစ်မှ စတင်ဖွင့်လှစ်လာခဲ့ပြီး အခုဆိုလျှင် (၁၀)နှစ်နီးပါးတိုင်အောင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

Sunday School သင်တန်းကျောင်းမှတဆင့် အဆင့်မြင့်ပညာရေးကို ဆက်လက်လေ့လာနိုင်အောင် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်အထိဆက်လက်ပညာသင်နိုင်အောင်လည်း OKRSO မှလမ်းညွှန်မှုပြုလုပ်ပေးပါသည်။

တစ်ချို့ သော OKRSO Sunday School သင်တန်းကျောင်းဆင်းကျောင်းသူ၊ကျောင်းသားများကလည်း...တက္ကသိုလ်တွင် ဘွဲ့ ရရှိသည်အထိရှိပြီး...တစ်ချို့ လဲ လောလောဆယ် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွင် ဆက်လက်ပညာသင်နေဆဲ လည်းရှိပါသည်။

ထိုင်းနိုင်ငံနယ်စပ်မဲဆောက်မြို့ တွင်လည်း..post-ten ကျောင်းသူ၊ကျောင်းသားများအဖြစ်ပညာသင်နေဆဲ OKRSO အဖွဲ့ ဝင်လည်းရှိပါသည်။

OKRSO Sunday School သင်တန်းကျောင်းဖွင့်လှစ်ခြင်းအခမ်းအနားလှုပ်၇ှားမှုဓာတ်ပုံများကို အောက်မှာဆက်လက်ကြည့်ရှုနိုင်ပါသည်။








Sunday, March 31, 2013

ဘားအံမြို့ ဇွဲကပင် ခန်းမတွင် ပြုလုပ်သည့် ကရင့်ရေးရာ အစည်းအဝေး (မှတ်တမ်းဓါတ်ပုံ)

Posted by အဲခေါင်သောင့်

ယခု အစည်းအဝေးတွင် ကရင်အဖွဲ့အစည်း စုံစုံလင်လင်နှင့် ခေါင်းဆောင်တော်တော်များများ တက်ရောက်သည်ကို တွေ့ရသဖြင့် အားရ၀မ်းသာမိသလို သမိုင်း စာမျက်နှာသစ်တခုကို ဖွင့်လိုက်နိုင်သွားတယ်လို့လည်း ဆိုလို့ရပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် တတိယနိုင်ငံက ကရင်အဖွဲ့အစည်းတွေ မပါဝင်နိုင်သေးပေမယ့် နောက်ပိုင်းအစည်းအဝေးတွေမှာ ပါဝင်လာနိုင်အောင် ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။ သို့သော်လည်း တံခါးမရှိ ဓါးမရှိ နေပြည်တော်ကို အကြိမ်ကြိမ် သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေကိုသော်လည်းကောင်း၊ ဆက်ဆံရေး ရုံးများကိုသော်လည်းကောင်း မနားမနေ လိုက်လံ ဖွင့်ပေးနေသူ ကေအဲန်ယူ ဥက္ကဌနှင့် ထိပ်ပိုင်းခေါင်းဆောင်တွေတချို့ ယခုလို ကရင်တမျိုးသားလုံးအတွက် အရေးကြီးတဲ့ အစည်းအဝေးကြီးကို မတက်ရောက်ခဲ့ကြတာကိုတော့ မေးခွန်းထုတ်စရာများ ရှိလာပါတယ်။ ကိုယ့်အချင်းချင်း ညီညွတ်မှုကို မတည်ဆောက်နိုင်သေးသရွေ့ တခြားလူတွေနဲ့ အရင်ဆုံး ညီညွတ်အောင်လုပ်ဖို့ ဆိုတာ လွယ်ကူအုံးမယ်လို့ မထင်ပါ။ အမျိုးသား အချင်းချင်း တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာ အောက်ခြေအဆင့်တွေပဲ အရင်ဆုံးသွားတွေ့ပြီး နောက်ပိုင်းမှာ ထိပ်ပိုင်းခေါင်းဆောင်တွေ သွားမယ်ဆိုတဲ့ မာနတွေ အဆင့်တွေ အမျိုးသား အချင်းချင်းကြားထဲမှာ ထားစရာမလိုပါ။ ထားစရာရှိရင် နှစ်ပေါင်း ၆၀ကျော်ကြာ ကိုယ့်လူမျိုးကို ကျွမ်ပြု နှီမ့်စက်နေသူ အစိုးရအဆက်ဆက်ကိုသာ ထားရန်သာရှိပြီး ကိုယ့်လူမျိုးနှင့် ကရင့်တော်လှန်ရေးသိက္ခာကို မြင့်တင်ဖို့သာ ပိုအရေးကြီးပါတယ်။


Monday, March 11, 2013

သံသယစိတ် (ဆောင်းပါး)

(အီးမေးလ်ကနေ လက်ခံရရှိသည့် ဆောင်းပါးဖြစ်သည်။) ကိုးဒီသွေးမှတဆင့်ပြန်လည်ကူးယူတင်ပြသည်။
15/01/2013.

အဖွဲ့ အစည်းတခုမှာ ````အဖွဲ့ ရဲ့ နာမည်က အဓိကလား၊ အဖွဲ့ ရဲ့ လုပ်ဆောင်ချက်က အဓိကလား````
ဒီအကြောင်းကို ရေးဖို့ က အတော်ကြာပါပြီး ….အဖွဲ့ အစည်းထိခိုက်သွားမှာရယ် ကိုယ့်လူမျိုးကိုထိခိုက်သွားမှာရယ် စိုးရိမ်စိတ်တွေရှိနေလို့ မရေးဖြစ်ဘဲ…မှိန်းနေခဲ့တယ်။အခုတော့ မရေးရင်လဲ မဖြစ်တော့တဲ့အနေအထားမှာ ရောက်နေလို့ ရေးရတော့မယ်။

တနေ့ fb မှာ ၀င်လည်ရင်း အကြောင်းအရာတခုကို တွေ့ လိုက်မိတာကြောင့် ကာလအတော်ကြာ ဖြစ်တည်လာခဲ့တဲ့ ကျနော့်ရဲ့ သံသယစိတ်တခု ပိုပြီးပိုပြီး ကြီးမားလာသလို ဒီအကြောင်းအရာဟာ ကျနော်ရဲ့  ဒီသံသယစိတ်ကို အတည်ပြုပေးလိုက်သလို ရင်ထဲမှာခံစားရပါတယ်၊ ကျနော့်ရဲ့ သံသယစိတ်နဲ့ အတူ အဖွဲ့ အစည်းအပေါ် အမျိုးသားအပေါ် ကိုယ့်ရဲ့ အမြင်တွေကို မှတ်စုအနေနဲ့ ရေးထားချင်တာရယ် ကိုယ့်ရဲ့ အမြင်တွေကို အခြားလူတွေဆီ ဝေငှချင်တာရယကြောင့် ဒီစာစုကို ရေးခြင်းဖြစ်ပါတယ်။
………………………..
Fb မှာ ဘာအကြောင်းအရာလဲ…..
အဖွဲ့ အစည်းနဲ့ မဆက်သွယ်ဖြစ်တာ…လအတော်ကြာပြီး။ တလောတုန်းကတော့ ဗဟိုကော်မီတီအသစ် ရွေးချယ်တင်မြောက်ပွဲ ပြန်လုပ်တယ်လို့ ကြားလိုက်မိတယ်။ တဆက်တည်းမှာဘဲ အဲဒီဗဟိုကော်မီတီအသစ်ချက်ချွတ်ခေါင်းဆောင်တွေက အဖွဲ့ အစည်းဟာ နာမည်ပြောင်းသင့်ရင် ပြောင်းရမယ် လို့ လေသံပါ ဆက်ကြားလိုက်ရတော့ ကျနော်အလွန်တုန်လှုပ်အံသြမိသလို စိတ်လဲအလွန်ပျက်မိသွားပါတယ်။


အဖွဲ့ အစည်းထဲကို ၀င်လာတဲ့လူတွေကရော ဘာရည်ရွယ်ချက်တွေနဲ့ ဝင်လာကြတာလဲ။ထိုင်တောင်မထိုင်ရသေးဘူး ခြေထောက်အရင်ဆန့် နေတယ်ဆို ဒါမျိုးဆိုလိုတာဖြစ်မယ်။ အဖွဲ့ အစည်းတခုထဲကိုဝင်တယ်၊ အလုပ်တခုလုပ်တယ်ဆိုတာက ငှင်းအဖွဲ့ အစည်းနဲ့ ပါတ်သက်တာ ငှင်းအလုပ်နဲ့ ပါတ်သက်တာတွေ စိတ်ပါဝင်စားမှုရှိဖို့ လိုအပ်တယ်။ ခံစားတတ်ဖို့ ၊ မြင်တတ်ဖို့ လည်းလိုအပ်ပါတယ်။

အဖွဲ့ အစည်းခေါင်းဆောင် ဖြစ်လာပြီး အဖွဲ့ အစည်းရဲ့ လုပ်ငန်းတာဝန်တွေကို ဦးစီးဦးဆောင်ပြီး လုပ်ဆောင်ရမယ့်အစား အဖွဲ့ အစည်းနာမည်ကို ပြောင်းဖို့ အရင်ခြေလှမ်း လှမ်းလာတယ်ဆိုတော့ ဒါဟာ ရိုးသားမှုရှိရဲ့ လား၊ ဒီယုန်မြင်လို့ ဒီခြုံထွင်တာလားလို့ မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။အဖွဲ့ အစည်းကို ဗျိုင်းအင်န်ဂျီအိုမျက်လုံးနဲ့ အချောင်သမားတွေ ကြည့်နေပြီလားဆိုတာ သတိထားမိလာတယ်။

ဒါပေမဲ့ အချိန်အတိုင်းအထာတခုထိ စောင့်ကြည့်မယ်စိတ်ကူးပြီး ဆက်ငြိမ်နေလိုက်တယ်။
အခုတော့ fb မှာ တွေ့ လိုက်ရတဲ့ ကရင့်နှစ်သစ်ကူးဖိတ်စာကြောင့် ဒီစာစုကိုရေးဖြစ်သွားတာပါ။

ပထမတော့ ဘန်ကောက်နဲ့ အနီးနားတ၀ိုက်မှာရှိတဲ့ ဒေသခံတွေက ပွဲတြော််တွေ တနိုင်တပိုင်ကျင်းပနေကျမို့ ဒီဖိတ်စာလည်း အဲဒီဒေသခံတွေကျင်းပတဲ့ ဖိတ်စာကို ဥက္ကဌက fb ကနေတဆင့် အကျိုးဆောင်ဖိတ်ကြားပေးတယ်လို့ ဘဲထင်ခဲ့တယ်။ ဒါပေမဲ့ ကျင်းပမဲ့နေရာကို သေချာကြည့်လိုက်မိတော့ ဒါဟာတခုခုလွှဲနေပြီးလို့ ရင်ထဲမှာ ကောက်ချက်ချလိုက်မိတယ်။

ဒီနေရာဟာ အဖွဲ့ စည်းအနေနဲ့ အသုံးပြုခွင့်ရတာလဲ ဆယ်စုနှစ်တစုကျော်နေပြီး။ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရိုးရာယဉ်ကျေးမှုပွဲတော်တွေကအစပေါ့။ ဒီနေရာကို သုံးခွင့်ရဖို့ ဘယ်လိုထိုးဖေါက်လာခဲ့ရသလဲ...သူများက ကိုယ့်အဖွဲ့ အစည်း ကိုယ့်ပြည်သူတွေကို ယုံကြည်လက်ခံလာအောင် ဘယ်လောက်ထိ ကြိုးစားရသလဲ တွေးတတ်ဖို့ လိုပါတယ်။

ဒီတော့ အလွဲသုံးစားမလုပ်လိုက်မိပါနဲ့ ။ အဖွဲ့ အစည်းအနေနဲ့ အရင်တုန်းက ရိုးရာယဉ်ကျေးမှုပွဲတော်တွေ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့  အခြားကြီးမားတဲ့အဆောက်အအုံတွေ နေရာတွေအသုံးပြုခွင့်ရခဲ့တယ်.။ အဲဒီနေရာတွေ ဆက်လက်သုံးခွင့်မရတော့တဲ့နောက်ပိုင်း ဒီနေရာကိုဘဲ အားထားနေရတယ်။

ဒီနေရာဟာ ကိုယ်တို့ အဖွဲ့ အစည်းရဲ့ နောက်ဆုံးခြေကုပ်စခန်းလို့ ဆိုရင်လဲမမှားဘူးပေါ့။ ဒီခြေကုပ်စခန်းပျောက်ရင် အဖွဲ့ အစည်းလည်း ပျောက်ဖို့ ကိန်းရှိတယ်။ ဒါကြောင့် ဒီနေရာကို ဆက်လက်ထိန်းသိမ်းဖို့ လူတိုင်းမှာတာဝန်ရှိတယ်။
…………………………………………..


အဖွဲ့ အစည်းဟာ ဘယ်လိုအဖွဲ့ အစည်းမျိုးလဲ….

အနှစ်20-ကျော်ကြာ ရပ်တည်လာတဲ့အဖွဲ့ အစည်းတခု၊ အဖွဲ့ အစည်းရဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ လူမှုကယ်ဆယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အမျိုးသားရေးတွေအပြင် ကရင့်ရိုးရာယဉ်ကျေးမှုပွဲတော်တွေကို အခြေအနေပေးရင်ပေးသလို စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ပေးနိုင်ခဲ့တယ်။

ပွဲတော်တွေကျင်းပတဲ့အခါတိုင်းမှာ လည်း အမျိုးသားရေးစိတ်ဓါတ်ရှိတဲ့လူတွေ၊ ကိုယ့်ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားတဲ့လူတွေ၊ လူမှုရေးစိတ်ဓါတ်ရှိတဲ့လူတွေ ၊ ပရဟိတစိတ်ဓါတ်ရှိတဲ့လူတွေ ငှင်းတို့ ရဲ့ ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ အနယ်နယ်အရပ်ရပ်ကနေ လာရောက်ပူးပေါင်းပါဝင် လုပ်ကိုင်ခဲ့ကြတယ်။ OKRSO အဖွဲ့ ဝင်မှမဟုတ်ပါဘူး။ ကရင်လူမျိုးဟုတ်မှလည်း မဟုတ်ပါ။

လာရောက်ဝိုင်းဝန်းကူညီခဲ့တယ်။ ပွဲတော်ကို အတူတကွ ချစ်ခင်ရင်းနီးစွာနဲ့ ပါဝင်ဆင်နွဲခဲ့ကြတယ်။ ရိုးရာယဉ်ကျေးမှုပွဲတော်နဲ့ ပါတ်သက်ရင် OKRSO အဖွဲ့ ရဲ့ ဦးဆောင်မှုအောက်မှာ တိုင်းရင်းသား ပြည်သူတွေ တက်ညီလက်ညီနဲ့ စုစည်းညီညွတ်မှုရှိကြပါတယ်။

OKRSO အဖွဲ့ ရဲ့ လုပ်ဆောင်ချက်တွေကို နှစ်သက်အားကျလို့ အချို့ သူတွေဆိုရင် OKRSO အဖွဲ့ ဝင်မဟုတ်သည့်တိုင် သူတို့ ကိုယ်သူတို့  OKRSO အဖွဲ့ သားလို့ ဘဲ ခံယူသတ်မှတ်ကြပါတယ်။

ပွဲတော်ကျင်းပတော့မယ်ဆိုရင် ဘယ်ဒေသခံတွေက ချက်ပြုတ်ရေးမှာ ၀ိုင်းလုပ်မယ်၊ ဘယ်ရွာသားတွေက ဘာတာဝန်ကိုယူမယ်၊ ဘယ်တိုင်းရင်းသားတွေက ဘယ်ဌာနမှာ ၀ိုင်းဝန်းလုပ်ဆောင်မယ်၊ ကားရှိတဲ့ သူတွေက အကြိုအပို့ ကိစ္စတွေမှာ ၀ိုင်းကူမယ်ဆိုပြီး စိတ်အားထက်သန်စွာနဲ့ လာရောက်လက်တွဲခဲ့ကြပါတယ်။ OKRSO အရင်ခေတ်က မမှီလိုက်ရတဲ့သူတွေ လှုပ်ရှားမှုမှတ်တမ်းတွေမှာ ပြန်လိုက်ရှာကြည့်လို့ ရပါတယ်။

…………………………………………………….
အခုတော့ ကရင်နှစ်သစ်ကူးပွဲကို ဦးဆောင်ကျင်းပတဲ့ OKRSO အဖွဲ့ နာမည်ကို မတပ်ရဲတော့လောက်အောင် ဘာအကြောင်းအရာတွေက အဟန့် အတားဖြစ်စေတာလဲ၊ဒီလိုလုပ်ခြင်းအားဖြင့် အဖွဲ့ အစည်းစိတ်ဓါတ်ရှိတဲ့သူ၊ အမျိုးသားရေးစိတ်ဓါတ်ရှိတဲ့သူတွေကို စိတ်ဓါတ်ရိုက်ချိုးလိုက်သလို ဖြစ်နေပါတယ်။

ခေါင်းဆောင်လုပ်တဲ့လူက အတွေးအခေါ်လျှံသွားတာလား အတွေးအခေါ်ကျန်သွားတာလား။ဒီအဖွဲ့ အစည်းကို ၀င်လုပ်တာ ကိုယ်စိတ်နိုင်မှ၊ အဖွဲ့ အစည်းစိတ်ဓါတ်ရှိမှ ၀င်လုပ်ပါ။ ဒီအဖွဲ့ အစည်းကို လေးစားမှုရှိမှ ၀င်လုပ်ပါ။အဖွဲ့ အစည်းတခုမှာ ထိပ်ပိုင်းတာဝန်ယူသူများအနေနဲ့  ဟိုအဖွဲ့ မှာလဲပါ၊ ဒီအဖွဲ့ မှာလဲပါတဲ့အဖြစ်တွေလည်း မဖြစ်သင့်ပါ။

ကိုယ့်အဖွဲ့ အစည်းကို ဦးစားပေးရမယ်ဆိုတဲ့အသိလဲ ခေါင်းထဲမှာ ထည့်ထားရပါမယ်။
ကရင့်နှစ်သစ်ကူးနေ့ ဟာ ကရင်တမျိုးသားလုံးရဲ့ နှစ်သစ်ကူးနေ့ ဆိုတာ အားလုံးလက်ခံပါတယ်။ ဒါပေမဲ့ နေရာဒေသအရ ဦးဆောင်ကျင်းပတဲ့အဖွဲ့ အစည်းနာမည်ကို တပ်တာလဲ ဘာမှမှားယွင်းမှုမရှိပါဘူး၊

အဖွဲ့ အစည်းရဲ့ နှစ် 20 မှာ တောက်လျှောက် ဒီအတိုင်းဘဲလုပ်လာခဲ့ပါတယ်။ ဘယ်တဦးတယောက်မှ ဘယ်အဖွဲ့ အစည်းမှ ကန့် ကွက်တာလဲမတွေ့ တဲ့အပြင်၊ အဖွဲ့ အစည်းအနေနဲ့ ဒီလိုဦးစီးဦးဆောင် လုပ်ပေးနိုင်တာကို လူအများ ၀မ်းသာကျေနပ်အားရကြပါတယ်။ OKRSO အဖွဲ့ အစည်း ပွဲတော်ကျင်းပတာကို ကျနော်/ကျမတို့ မသွားဘူး ပြောတဲ့သူရှိရင် ကိုယ်ဘာမှ ဂရုစိုက်စရာမလိုဘူး။ အဲဒါ ဆိတ်ဂွေးစိအတွေးအခေါ်ဘဲ။

အဖွဲ့ အစည်းရွေးကောက်ပွဲနောက်ပိုင်း အဖွဲ့ အစည်းနာမည်ပြောင်းမယ်ဆိုတဲ့ လေသံနဲ့ ယခု ပွဲတော်ကျင်းပတာ ကိုယ့်အဖွဲ့ အစည်း ဦးဆောင်ကျင်းပတယ်ဆိုတဲ့ နာမည်မထည့်တာ ………..မဟုတ်မှလွဲရော အဖွဲ့ အစည်းနာမည်ပြောင်းဖို့ ခြေလှမ်းအစလား….
………………………

သံသယစိတ်ရဲ့ စတင်ဖြစ်တည်ရာ….
ကျနော့်ရဲ့ သံသယစိတ်ဟာ အကြောင်းမဲ့မဟုတ်ပါ။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အဖွဲ့ အစည်းမှာ သံသယဖြစ်စရာတွေနဲ့ ပြည့်နက်နေပါတယ်။ အဖွဲ့ အစည်းဟာ အဖွဲ့ အစည်းတခုနဲ့ မတူတော့လောက်အောင် ဦးတည်ချက်တွေ၊ အင်္ဂါရပ်တွေ၊ လမ်းကြောင်းတွေ အလွှဲကြီးလွှဲနေပါတယ်။

အမျိုးသားရေးဝါဒီ အဖွဲ့ အစည်းဝါဒီသမားတွေကတဖက် အလိုတော်ရိတွေနဲ့  အဖွဲ့ အစည်းကိုလာပြီး ကူညီသယောင်နဲ့ လက်ဝါးကြီးအုပ်ချင်တဲ့သူတို့ ကတဖက် အားပြိုင်နေကြတယ်။အဖွဲ့ အစည်းရဲ့ လုပ်ဆောင်ရမဲ့အလုပ်တွေကို မလုပ်ဘဲ၊ အုပ်စုဖွဲ့ ပြီးတော့ အချင်းချင်း ချောက်ထဲတွန်းချကြတယ်။ကိုယ့်အဖွဲ့ သားတွေကြားမှာ တို့ မီးရှို့ မီးလုပ်တဲ့သူလဲရှိတယ်။ ကိုယ့်အဖွဲ့ အစည်း ၊ ကိုယ့်လူမျိုးကို ရောင်းကုန်တခုလိုဘဘောထားပြီး ရောင်းစားဖို့ ကြံစည်တဲ့လူလည်းရှိတယ်။
ဇာတ်ပွဲနောက်လိုက်ဘူးတဲ့သူကလဲတမှု..... အဖွဲ့ အစည်းမှာရောက်လာပြီး ငှင်းရဲ့ ဇာတ်ပွဲနောက်လိုက်တုန်းက ရှိထားတဲ့အကျင့်လို့ ပြောရမလား ဒီအဖွဲ့ အစည်းကိုရောက်လာတော့လည်း သောက်ရှက်မရှိ အဖွဲ့ အစည်းမှာ ဇာတ်ကလေးလာထောင်နေတယ်။

အဖွဲ့ အစည်းမှာ ရောက်လာတဲ့သူတွေကို အဖွဲ့ ဝင်ကဒ်မလုပ်ဘဲ ဇာတ်ကလေးအဖွဲ့ ဝင်ကဒ်တွေလုပ်တယ်၊ရယူမှုတွေယူ ၊ အဖွဲ့ အစည်းအရိပ်ကိုခို ၊ နောက်တော့ အဖွဲ့ အစည်းကို ခြေစုံကန်ဖို့ ပြင်ဆင်နေပါတယ်။ သိက္ခာအတော်ရှိတဲ့ လုပ်ရပ်လို့ ထင်နေတာလား။ဒါပေမဲ့ သူ့ ကိုယ်သူတော့အဟုတ်ကြီး ထင်နေတဲ့ပုံဘဲ။ အဖွဲ့ အစည်းရဲ့ ကယ်တင်ရှင်လိုလို လေသံတွေ ပစ်လိုက်သေးတယ်။

အမုန်းခံပြီးသူ့ ကို ပြောမဲ့သူကလဲမရှိ(အမှန်တော့ အခြားလူတွေက သူနဲ့ မာအေံသာကဲအေး) အမျိုးသားရေးခေါင်းဆောင်ကြီးစတိုင်လို ကိုင်နေတယ်။ နိုင်ငံခြားကလူတွေက အဖွဲ့ အစည်းပေါ်ယုံကြည်မှုနဲ့  ကရင့်တော်လှန်ရေးသမိုင်းစာအုပ်ကို ပိုးကရင်လို ဘာသာပြန်ဖို့ ဘတ်ငွေ သောင်းပေါင်းများစွာပို့ ပေးတယ်။

သူက အဲဒီယုံကြည်မှုကို အလွှဲသုံးစားလုပ်ပြီး ငွေတွေကိုလည်း အလွှဲသုံးစားလုပ်လိုက်တယ်။ ငွေလဲအကုန်ပျောက် အလုပ်လဲဘာမှဖြစ်မလာဘူး။ နိုင်ငံခြားကလူတွေ ကိုယ့်ကို တိုင်ပြောတာတွေရှိတယ်။

ဖွဲ့ အစည်းကို ကာပြီး အဆင်ပြေသလို ပြန်ပြောပြရတာပေါ့။ ဒီလုပ်ရပ်ဟာ အဖွဲ့ အစည်းကလူတွေရော ဘာသာပြန်ဖို့ ငွေပို့ ပေးတဲ့သူရော သောက်ဂရုမစိုက်တဲ့လုပ်ရပ်ဘဲ။ ယုံကြည်မှုနဲ့ သူများအပ်တဲ့အလုပ်ကို ကိုယ်တာဝန်မယူနိုင်ဘူးဆိုရင် ကိုယ်ယူသုံးထားတဲ့ငွေတွေကို သိက္ခာရှိရှိ ပြန်လျော်ပေးဖို့ ဘဲရှိတယ်။
လူသူတွေရှေ့ မှာတော့ သူတော်ကောင်းလုပ်ပြီး တရားဟောနေတယ်။

OKRSO အဖွဲ့ အစည်းနဲ့ သူ့ ရဲ့ ဇာတ်ကလေးအဖွဲ့ ကို ပုံမှားရိုက်ပြီး လုပ်စားနေတယ်။ ရိုက်စားနေတယ်။ ဇာတ်ကလေးအဖွဲ့ ထောင်တော့…သူ့ ဇာတ်ကလေးအဖွဲ့ မှ တကယ့်အဖွဲ့ အစည်းကြီးလိုမှတ်နေတယ်။

ဘာဖွဲ့ စည်းပုံမှလည်းမရှိ၊ကိုယ့်ကိုယ်ကို တကယ်ဟုတ်မှတ်နေတယ်။ နွားခြေရာက ရေအိုင်ကို ပင်လယ်ကြီးလို့ ထင်နေတဲ့ ဖါးကလေးလို့ ဥပမာပေးရမလား၊ OKRSO မှာ ပညာလာသင်၊ လာအိပ်လာစား၊ ဇာတ်ကလေးအဖွဲ့ လာထောင်ယူသွားတောင်မှ သူနဲ့ သူ့ ဇာတ်ကလေးအဖွဲ့ သူ/သားတွေဟာ OKRSO အဖွဲ့ ကို ဖုတ်လေတဲ့ငါးပိ ရှိလို့ မှန်းတောင် ထင်မဲ့ပုံမပေါ်ဘူး။တော်တော်ကျေးဇူးတရားသိတတ်တဲ့သူတွေဘဲ။ OKRSO မှာတော့ ရုံးက အိမ်သာပြည့်သွားတာဘဲ အဖတ်တင် ကျန်ရစ်နေပါတယ်။ကိုယ်တဦးတယောက် ထင်ပေါ်ကျော်ကြားလိုဖို့ အတွက် ဒီလောက်ထိ ချနင်းမသွားသင့်ဘူးလို့ ထင်တယ်.။

ထပ်ပြောပါမယ်…ကိုယ့်အဖွဲ့ အစည်း ၊ကိုယ့်အမျိုးသားဟာ ရောင်းကုန်ပစ္စည်းမဟုတ်ဘူး။ အဖွဲ့ အစည်းကို ကူညီတဲ့သူ၊ အလှူရှင်တွေကလဲ စေတနာသန့် သန့်နဲ့ ကူညီပါ၊လှူပါ။ ကူညီတာတော့ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ စေတနာရဲ့ နောက်မှာ ဓါး မပါစေနဲ့ ။ ဂုဏ်သိက္ခာရှိရှိကူညီပါ။

သင်တန်းတွေအတွက် အကူငွေဟာ ဘယ်သူတွေက၊ ဘယ်အဖွဲ့ အစည်းက ဘယ်လောက်ပေးမှန်းလဲမသိ၊ တဆင့်ခံအကူငွေရှာပေးတဲ့သူက အဖွဲ့ အစည်းကိုအမျိုးမျိုးချယ်လှယ် ၊ ဖွင့်လှစ်တဲ့သင်တန်းအစီရင်ခံစာကို စိတ်ကြိုက်တင်ခိုင်း၊ ဟုတ်လား မဟုတ်လားတော့မသိ၊ သူသြဇာခံတဲ့လူကို မစို့ မပို့ လေး ထောက်ပံ့ ၊ ဟိုကလဲကျေနပ်၊။ သူ့ သြဇာမခံတဲ့သူကို နှမချင်းကိုယ်ချင်းမစာဘဲ ဂုဏ်သိက္ခာကင်းမဲ့စွာ ရုပ်မာရိုင်းစိုင်းတဲ့ စကားလုံးအသုံးအနှုန်းတွေသုံးပြီး ဆဲဆိုကြိမ်းမောင်းတယ်။ အလွန်ရွံစရာကောင်းတဲ့ အပြုအမူဘဲ။

အဖွဲ့ နာမည်ပြောင်းဖို့ ဘယ်ကစလဲ…
အဖွဲ့ အစည်းနာမည်ပြောင်းဖို့  လေသံကြားလာတာ ပြီးခဲ့တဲ့နှစ် အလှူငွေရှာပေးတဲ့သူနဲ့ ယခင်အဖွဲ့ အစည်းမှာ တာဝန်ယူခဲ့တဲ့သူ တဖက်နဲ့ တဖက် သဘောထားတင်းမာတဲ့ကိစ္စကလို့  ပြန်ကောက်ချက်ချရမယ်။

အလှူရှင်အမည်ခံတဲ့သူက အဖွဲ့ အစည်းကို လက်ဝါးကြီးအုပ်ချင်တယ်၊ အပိုင်သိမ်းချင်တယ်၊ အဖွဲ့ အစည်းကိစ္စတွေပါ ၀င်ရောက်ချယ်လှယ်ချင်တော့ အဖွဲ့ အစည်းတာဝန်ရှိတဲ့သူတွေက မခံနိုင်လို့ ….ခင်ဗျားရဲ့ အကူငွေကို မယူတော့ဘူး ကိုယ့်အဖွဲ့ အစည်း ကိုယ့်ဘာသာကိုယ်လည်ပါတ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

အလှူရှင်အမည်ခံတဲ့သူနဲ့  အဖွဲ့ အစည်း အလိုတော်ရိတွေနဲ့ ပူးပေါင်းကြံစည်မှုတွေလုပ်ဖို့ ကြိုးစားတယ်။ လက်ရှိသင်တန်းဖွင့်နေတဲ့ အဖွဲ့ အစည်းရုံးနေရာကို မသုံးတော့ဘဲ အခြားနေရာကို ငှားပြီးသင်တန်းဖွင့်ဖို့ ကြိုးစားပါသေးတယ်။

ဒါပေမဲ့ နေရာအသစ်ရှာဖို့ အဆင်မပြေတာဘဲလား၊ မတတ်နိုင်တာဘဲလား၊ အဖွဲ့ အစည်းကို ခြေစုံကန်ဖို့ အဆင်သင့်မဖြစ်တာဘဲလား၊ တကယ့်အလှူရှင်နဲ့ အကြောင်းပြဖို့ မခိုင်လုံတာဘဲလား ၊ငှင်းတို့ ရဲ့ အကြံအစည် အကောင်အထည်မပေါ်လာဘူး။

နောက်ဆုံးတော့ အဖွဲ့ အစည်းကို ရောင်းစားချင်တဲ့အလိုတော်ရိတွေက အဖွဲ့ အစည်းမှာ တာဝန်ရှိတဲ့သူတွေ မသိရှိရဘဲ အလှူရှင်အမည်ခံ ဆိုတဲ့ လူထံမှာ ခိုးကြောင်ခိုးဝှက်နဲ့ ပူးပေါင်းကြံစည်ပြီး ထောက်ပံကြေးတွေထပ်ယူပြီး သင်တန်းပြန်ဖွင့်ပြန်တယ်။

ဒါဟာ အဖွဲ့ အစည်းတခုရဲ့ သောက်တလွှဲလုပ်ဆောင်ချက်ဘဲ။ အလိုတော်ရိတွေအတွက်တော့ မစို့ မပို့ လေး ရချင်ရမယ်။ ဒါက ကာယကံရှင်ကိုယ်တိုင်တွေဘဲသိမယ်။

ဒီ့နောက်မှာတော့ အလိုတော်ရိတွေနဲ့ အလှူငွေရှာပေးတဲ့သူတွေ အချင်းချင်း ကွဲကြပြဲကြတဲ့ ဇာတ်လမ်းတွေလဲ ထပ်ကြားရတယ်။ အဝေမတည့်ကြတာဘဲလား အချင်းချင်း သီးမခံနိုင်ကြတော့တာဘဲလား မပြောတတ်ဘူး။ဒါလဲ ကါယကံရှင် ကိုယ်တိုင်တွေဘဲသိကြမယ်။

တကယ်တော့ အလှူငွေရှာပေးတဲ့လူဟာ အဖွဲ့ အစည်းရဲ့ ပျော့ကွက်ကို ကိုင်ထားတာကြာနေပြီး။လွန်ခဲ့တဲ့ သုံးနှစ်ကျော် ၀န်းကျင်ခန့် ကပါ။ ခေါင်းဆောင်လုပ်တဲ့သူက မျက်နှာလွှဲခဲပစ်လုပ်သွားတယ်။ အလှူငွေရှာပေးသူနဲ့ ရုံးမှာတာဝန်ရှိတဲ့သူတယောက်နဲ့ သင်တန်းတွေကို ဖွင့်လှစ်ရင်း သင်တန်းငွေကြေးတွေကို သူတို့ ဘာသာ သူတို့ သုံး၊ သူတို့ ဘာသာသူတို့ အစီရင်ခံစာတင်ပါတယ်။

အဖွဲ့ အစည်းက တာဝန်ရှိတဲ့သူတွေက ဒီကိစ္စကို သိဖို့ လဲမကြိုးစားဘူးဆိုတော့ အလှူငွေရှာပေးသူရဲ့ စိတ်ကြိုက်ဖြစ်သွားတယ်။ ဒီလိုမောင့်သဘော စိတ်ကြိုက်လုပ်လို့ ရသွားတယ်ဆိုတော့ အရသာသိသွားတာပေါ့၊

နောက်ရွေးကောက်ပွဲတက်လာတဲ့ ခေါင်းဆောင်တွေက ဒီကိစ္စကို လမ်းကြောင်းမှန်ရောက်အောင် ပြန်ကိုင်တွယ်ဖို့ ကြိုးစားတော့ အရသသိသွားတဲ့(ယူ့ ယာ.နွဲသးဖါ်)အလှူရှင်ရှာပေးတဲ့သူက အမျက်ဒေါသတွေ ထတော့တယ်။ အမှန်တော့ ဒီလိုမျိုးလုပ်ရပ်ဟာ ဥပဒေအရရော လူသားဝါဒအရရော အလွန်စည်းကျော်နေပြီးဖြစ်ပါတယ်။ အဖွဲ့ အစည်းတဖွဲ့ အနေနဲ့ လည်း အလွန်ဂုဏ်သိက္ခာ ထိခိုက်ပါတယ်။ ဒါပေမဲ့ အလိုတောရိတွေက သူ့ ဘက်ပါနေတော့ သူရည်နေတာပေါ့။


အဖွဲ့ အစည်းနာမည်ပြောင်းဖို့ လုပ်ဆောင်တာ အခုမှပထမအကြိမ်လား?…………..
တကယ်တော့ အဖွဲ့ အစည်းနာမည်ပြောင်းဖို့ လုပ်ဆောင်မှုဟာ အခုတကြိမ်ဟာ ပထမအကြိမ်မဟုတ်သလို နောက်ဆုံးအကြိမ်လည်း ဟုတ်မယ်မထင်ပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အဖွဲ့ အစည်းနာမည်ပြောင်းဖို့ တခါဖြစ်ခဲ့ဘူးပါတယ်။ လူအရ…ယခင်ကအဖွဲ့ အစည်းမှာ ပါဝင်လုပ်ကိုင်ခဲ့ဘူးပါတယ်။ သဘောထားချင်းမတိုက်ဆိုင်လို့ ထွက်သွားတယ်ဆိုပါစို့ ။

သုံးနှစ်ကျော် လေးနှစ်အတွင်း အဖွဲ့ အစည်းမှာ ပြန်ရောက်လာပြန်ပါတယ်။ အမြင်မှန်တွေရပြီး ပြန်လာဝိုင်းလုပ်မယ်အထင်နဲ့ အဖွဲ့ သူ/သားတွေက သူ့ ကို ၀မ်းသာအားရနဲ့ လက်ကမ်းကြိုဆိုကြပါတယ်။ ဒါပေမဲ့ အချိန်တိုအတွင်း ရုပ်လုံးပေါ်လာတော့တယ်။

အဖွဲ့ အစည်းမှာ ၀င်လုပ်ရင်း အခြားအဖွဲ့ အစည်းတွေနဲ့ အင်န်ဂျီအိုတွေနဲ့ ဆက်ဆံခွင့် သိကျွမ်းခင်မင်မှုရယူခဲ့တယ်.။ အဲဒီအခွင့်အရေးကို သူအသုံးချပြီး လူတဦးတယောက်(သို့ )အင်န်ဂျီအို တခုခုက သူကို သွေးထိုးမြှောက်ပေးတာဘဲလား၊ သူ့ ရဲ့ ကိုယ်ပိုင်ဗီဇ၊စရိုက်ကြောင့်ဘဲလား ၊ မျိုးစေ့ဘဲမမှန်တာဘဲလား အဖွဲ့ အစည်းဟာ ထောက်ပံကြေးများများရဖို့  အဖွဲ့ နာမည်ပြောင်းမယ်လို့ စမွှေပါတော့တယ်။

အဖွဲ့ အစည်းကို လစဉ်ထောက်ပံ့ငွေအနည်းငယ်ပေးတဲ့ အင်န်ဂျီအိုအဖွဲ့ နဲ့ သူနဲ့ လက်ဝါးချင်းရိုက်ပြီး အဖွဲ့ အစည်းနာမည်ပြောင်းဖို့ ဖိအားတွေ ပေးပါတော့တယ်။ ဒါပေမဲ့ အဖွဲ့ အစည်းရဲ့ အမာခံတွေက သူ့ ရဲ့ ဂြိုလ်မွှေမှုကို အံတုတောက်ခံထားနိုင်လို့  အဖွဲ့ အစည်းဟာ မူလနာမည်အတိုင်း မူလလုပ်ငန်းဆောင်တာတွေ ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူမွှေသလို အဖွဲ့ အစည်းနာမည်ပြောင်းဖို့ ဖြစ်မလာတော့ အဖွဲ့ အစည်းကနေ သူထွက်ပြီး သီးသန့် တံစဉ်ထောင်သွားလိုက်ပါတယ်။

သူထွက်ပြီးမကြာခင်မှာဘဲ အဖွဲ့ အစည်းကို နှစ်ပေါင်း 20 နီးပါး ကူညီထောက်ပံခဲ့တဲ့ အင်န်ဂျီအိုတဖွဲ့ က အဖွဲ့ အစည်းကို ထောက်ပံကြေး ဖြတ်တောက်သွားလိုက်ပါတယ်။ ဘယ်လောက်ထိ မွှေသွားလဲဆိုတာ ……အဖွဲ့ အစည်းကို ကျေးဇူးဆပ်တယ်လို့ ဘဲ မှတ်ယူလိုက်ပါတယ်။ကျန်တဲ့ အဖွဲ့ ဝင်တွေ ယခင်ကထက် ပိုပြီးစုစည်းတာ အရှုံးထဲက အမြတ်ဘဲလို့ မှတ်ယူတယ်။

အဖွဲ့ အစည်းဟာ နာမည်ပြောင်းဖို့ လိုအပ်ပြီလား…
OKRSO အဖွဲ့ ဝင်တဦးချင်းစီရဲ့ OKRSO အဖွဲ့ အစည်းအပေါ် ခံယူတဲ့သူ အတိမ်အနက်နဲ့ သာ သက်ဆိုင်မယ်။ အဖွဲ့ အစည်းစတင်ဖွဲ့ စည်းခဲ့တဲ့လူတွေ လုပ်စရာကိုင်စရာမရှိလို့ အားအားယားယားနဲ့ ဒီအဖွဲ့ အစည်းကို ဖွဲ့ စည်းလာတာမဟုတ်ဘူး။ (အဖွဲ့ အစည်းဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ဖတ်ဖူးတဲ့သူဆိုရင် ပြောစရာမလိုတော့ဘူး)။

အဖွဲ့ အစည်းတဖွဲ့  နှစ်ပေါင်း20-ကျော်ရပ်တည်နိုင်အောင် အခက်အခဲတွေများစွာထဲက တာဝန်သိတဲ့ မျိုးဆက်သစ်တွေ ဘယ်လောက်ထိ ပုခုံးပြောင်းတာဝန်ယူရသလဲ၊၊ တကယ်လို့ သာ ဒီအဖွဲ့ အစည်းဟာ မွန်မြတ်မှုမရှိဘူး လူအများက၊ ပြည်သူအများက လက်မခံဘူးဆိုရင် ဒီလောက်ထိ သက်တမ်းရှည်နိုင်မလား။

အဖွဲ့ အစည်းမှာ စိတ်အားထက်သန်စွာနဲ့ ပေးဆပ်တဲ့လူတွေလည်းများစွာရှိသလို အချို့ ဆိုရင် အဖွဲ့ အစည်းဟာ ဘာမှန်းတောင် မသိရလိုက်ဘဲ အဖွဲ့ အစည်းရဲ့ ကောင်းမှုကြောင့် ဒုက္ခကနေ လွတ်မြောက်သွားကြတယ်၊

အဖွဲ့ အစည်းရဲ့ ကောင်းမှုကြောင့် နိုင်ငံခြားကိုရောက်သွားပြီး ကောင်းစားသွားကြတယ်။ အဖွဲ့ အစည်းရဲ့ ကောင်းမှုကြောင့် အခြေခံပညာအနည်းငယ်ကအစ တက္ကသိုလ်တွေမှာ ပညာသင်ခွင့်ရသွားကြတယ်။

အလှူရှင် အင်န်ဂျီအိုတွေအကြိုက် အဖွဲ့ အစည်းကို နာမည်ပြောင်းဖို့ ကြိုးစားချင်သူတွေအတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အင်န်ဂျီအိုတွေ၊ ငှင်းအင်န်ဂျီအိုတွေနဲ့ ပါတ်သက်တဲ့မြန်မာအဖွဲ့ အစည်းအကြောင်းတွေ ရေးထားတဲ့ စာတမ်းတွေ၊ ဆောင်းပါးတွေအကြောင်း အရင်ရှာဖတ်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

မြန်မာပြည်သားတွေအတွက် အင်န်ဂျီအိုတွေ၊ အလှူရှင်တွေအကြိုက် လူုနှစ်ယောက်နဲ့ တပိုင်းကို အဖွဲ့ သုံးဖွဲ့ ထောင်တဲ့အကြောင်းအရာတွေကအစ မြန်မာပြည် နာဂစ်မုန်တိုင်းနဲ့ ပါတ်သက်တဲ့ အင်ဂျီအိုတွေအကြောင်းတွေ နှံ့ နှံ့စပ်စပ်လိုက်ဖတ်ပါ။ ခေါင်းဖြူအင်န်ဂျီအိုတွေ၊ ခေါင်းမဲအင်ဂျီအိုတွေ ပုပ်နံ့ တွေအကြောင်း နေရာအနှံ့တွေ့ ရမှာပါ။

ယုတ်စွအဆုံး အင်န်ဂျီအိုဝန်ထမ်းတွေ လူမှုရေးဖေါက်ပြန်တဲ့အကြောင်းတွေ၊ အကူညီလိုအပ်တဲ့သူတွေထံမှာ တကယ့်ဌာနချုပ်က ချပေးတဲ့ငွေ 20-ရာခိုင်နှုန်းလောက်သာ ရတဲ့အကြောင်းတွေလဲ ကြားသိရမှာပါ။
ဒီလိုပြောခြင်းအားဖြင့် အင်န်ဂျီအိုတွေအကုန်လုံးကို ၀ါးလုံးရှည်နဲ့ ရမ်းသမ်းခြင်းမဟုတ်ပါ။

ဂုဏ်သိက္ခာရှိတဲ့၊ စေတနာသန့် တဲ့ အင်န်ဂျီအိုတွေ အများကြီးရှိပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေ၊ ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ အင်န်ဂျီအိုတွေနဲ့  ကင်းတဲ့ နိုင်ငံ၊ ကင်းတဲ့အရပ်ဒေသ ဆိုတာ မရှိသလောက်ဘဲ။ ဒါပေမဲ့ ကိုယ့်အမျိုးသားနဲ့ ကိုယ့်အဖွဲ့ အစည်းနဲ့ ပါတ်သက်လာတဲ့ အင်ဂျီအိုတွေဆိုရင်တော့ ဂုဏ်သိက္ခာရှိတဲ့ စေတနာသန့် တဲ့ အင်န်ဂျီအိုအဖွဲ့ တွေဖြစ်ဖို့ သတိထားရပါမယ်။

လက်ရှိကိုယ့်အဖွဲ့ အစည်းနဲ့ ပါတ်သက်တဲ့ အင်ဂျီအိုအမည်ခံကို သုံးသပ်နိုင်မယ်လို့ ထင်ပါတယ်။
အဖွဲ့ နာမည်အကြောင်းဆက်သွားရအောင်..........အဖွဲ့ အစည်းမှာ လမ်းကြုံလို့ ဝင်လုပ်တဲ့သူရှိသလို ၊ စိတ်ဓါတ်အားထက်သန်လို့ ဝင်လုပ်ကိုင်တဲ့လူတွေလဲရှိတယ်။ သက်တမ်း 20 ကျော်အတွင်းမှာ ပြည်တွင်းပြည်ပက အဖွဲ့ ဝင်ဟောင်းတွေ ဒေသအနှံ့ ရှိပါတယ်။

လက်ရှိတာဝန်ယူတဲ့သူတွေ အဖွဲ့ နာမည်ပြောင်းချင်တယ်ထားအုံး အခုသက်တမ်းမှာတာဝန်ယူတဲ့သူ ဗဟိုကော်မီတီတွေအားလုံး အဖွဲ့ နာမည်ပြောင်းဖို့ အားလုံး သဘောတူရင်တောင်မှ ပြောင်းချင်တိုင်းပြောင်းလို့ မရပါဘူး။

ဒီ့ထက်ခပ်ရှင်းရှင်းလေးပြောရရင် ဒီအဖွဲ့ ဒီနာမည်မကြိုက်ဘူးဆိုရင် ကိုယ့်ဘာသာကိုယ် အစကတည်းကမ၀င်လာရုံဘဲ၊ မျက်စိလည် လမ်းမှားလို့ ဝင်ရောက်လာပြီးဆိုတော့လဲ ဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်ဘာသာကိုယ် ပြန်ထွက်သွားလိုက်ရုံပါဘဲ။

အင်န်ဂျီအိုတွေရဲ့ အကြိုက်အဖွဲ့ နာမည်ပြောင်းချင်ရင် လက်ရှိ ရှိထားတဲ့အဖွဲ့ အစည်းကို ခုတုံးလုပ်စရာမလိုဘဲ၊တက်နင်းစရာမလိုဘဲ ကိုယ့်ဘာသာကိုယ် သီးသန့် အဖွဲ့ ထောင်ယူလိုက်ရုံပါဘဲ။ ပြည်သူတွေက ကိုယ့်ကိုယ်ဘယ်လောက်ထိ လက်ခံတယ်ဆိုတာ အဲဒီအချိန်ကျမှ အဖြေပေါ်လာမယ်။
အဖွဲ့ အစည်းအခြေစိုက်ရာဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို စေတနာသန့် သန့် နဲ့ အမှန်တကယ်ကူညီချင်တဲ့ အင်န်ဂျီအိုတွေဆိုရင် သီးသန့် အဖွဲ့ ထပ်ဖွဲ့ စရာမလိုဘဲ ကိုယ့်အဖွဲ့ အစည်းအောက်မှာ ဌာနခွဲဖွင့်ပြီး အလုပ် လုပ်ကိုင်စေလို့ ရတာဘဲ။စီမံခန့် ခွဲတတ်ဖို့ ဘဲလိုတယ်။
ဒီတော့ အဖွဲ့ နာမည်ပြောင်းဖို့ စိတ်ကူးရှိတဲ့သူတွေ၊ လုပ်ဆောင်မဲ့လူတွေ အဖွဲ့ အစည်းရဲ့ အတိမ်အနက်ကို နားလည်သဘောပေါက်အောင် အရင်လေ့လာစေချင်တယ်။

အဖွဲ့ နာမည်ပြောင်းဖို့ အရင်တယောက် ကြိုးစားတဲ့သူက သီးသန့် အဖွဲ့ အစည်းထောင်သွားပြီး အဖွဲ့ အစည်းကို ကျေးစွပ်လိုက်တယ်။ နောက်တယောက်က အဖွဲ့ အစည်းမှာ ဇာတ်ကလေးလာထောင်သွားပြီး အဖွဲ့ အစည်းကို ခြေစုံကန်လိုက်တယ်။ အခုဖြစ်တဲ့လုပ်ရပ်က အဖွဲ့ ဝင်က ဇာတ်ကလေးထောင်တာမဟုတ်တော့ဘဲ။ ဇာတ်အုပ်တွေကိုယ်တိုင်က ဇာတ်ခေါင်းကိုဖြုတ်ခွဲပြီး ဇာတ်ကလေး(သို့ )အခြားဇာတ်အဖွဲ့ သစ်ထောင်မယ်လို့ ပြောရမလားဘဲ။

ရှိထားတဲ့အဖွဲ့ အစည်းတောင် အဖွဲ့ အစည်းတဖွဲ့ နဲ့ တူအောင် မလုပ်နိုင်သေးဘူး၊ အင်န်ဂျီအိုရဲ့ အကြိုက် အဖွဲ့ နာမည်ပြောင်းဖို့ (သို့ )အဖွဲ့ သစ်ထောင်ဖို့ လုပ်နေတယ်။ ကျနော်/ကျမတို့ က ပညာရေးတခုဘဲနားလည်တယ် ဆိုတဲ့ လေသံလည်းကြားရတယ်။ ပညာရေးကို နားလည်တယ်၊ စိတ်ဝင်စားတယ်ဆိုတာကိုတော့ အားပေးတယ်။အဖွဲ့ အစည်းမှာ ပညာရေးတခုဘဲ နားလည်ပြီး အခြားလုပ်ငန်းဆောင်တာတွေကို ``ဘူး``ခံလို့ လဲ မရပါဘူး။

အထူးသဖြင့် ခေါင်းတောင်နေရာယူတဲ့သူတွေ သတိရှိရမယ်။ အဲဒီပညာရေးဟာ အဖွဲ့ အစည်းအကြောင်း၊အမျိုးသားရေး၊ လူမှုရေး တွေကိုတောင် နားမလည်တာ ဘာပညာရေးလဲလို့ မေးခွန်းထုတ်စရာ မဖြစ်ပါစေနဲ့ ။

ပြီးတော့…ပြီးခဲ့တဲ့ အဖွဲ့ အစည်းမှာ ဇာတ်ကလေးထောင်သွားတဲ့ ကိစ္စကို ပြန်သုံးသပ်စေချင်တယ်။ အဖွဲ့ အစည်းမှာ ပညာလာသင်တဲ့လူတွေ အဖွဲ့ အစည်းဟာ ဘာမှန်းလဲမသိလိုက်ရဘူး။

အဖွဲ့ အစည်းရဲ့ ခံစားချက်၊ အမျိုးသားရေးခံစားချက်လည်းမရှိဘူး၊ လိုချင်တာရသွားပြီး အဖွဲ့ အစည်းကို ကျောခိုင်းသွားကြတယ်။ အမှန်တော့အဖွဲ့ အစည်းမှာ ပညာလာသင်တဲ့ခလေးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ အစည်းနဲ့ လာရောက်ပါဝင်ပါတ်သက်တဲ့လူတွေကို အနည်းဆုံးတော့ အဖွဲ့ အစည်းစိတ်ဓါတ်၊ အမျိုးသားရေးစိတ်ဓါတ်တွေကို ရိုက်သွင်းနိုင်ရမယ်။

အဖွဲ့ အစည်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို(အင်္ဂလိပ်လို နာမည်အတိုခေါက်၊ အရှည်ခေါက်ကို မြန်မာလို၊ ကရင်လို ဘာသာပြန်ဆိုခြင်းကို ဆိုလိုတာမဟုတ်) ဖွင့်ပြ၊ ရှင်းပြနိုင်ရမယ်။ ဖွင့်ပြနိုင်ဖို့ ရှင်းပြနိုင်ဖို့ လဲ ကိုယ့်မှာ အခံရှိဖို့ လိုတယ်။

ဒါမှသာ အဖွဲ့ အစည်းဟာ ရေရှည်အမျိုးသားအကျိုး၊ ပြည်သူအကျိုးကို ဆောင်ရွက်နိုင်မယ်။ အဖွဲ့ အစည်းလဲ အင်အားတောက်တင်းလာမယ်။ ကိုယ်မလုပ်နိုင်တော့ရင်လဲ မျိုးဆက်သစ်လူငယ်တွေကို စိတ်ချလက်ချနဲ့ ပုခုံးပြောင်းတာဝန်လွဲအပ်လို့ ရတာပေါ့။

ဒီစာစုဟာ ကျနော့်ရဲ့ သံသယစိတ်ကနေ ဖြစ်ပေါ်လာတဲ့စာစုဖြစ်ပါတယ်။ ကျနော်ရဲ့ သံသယစိတ်တွေ ပျောက်ပျက်သွားအောင် ကျနော့်ကိုယ်ကျနော် အချိန်ယူရမှာဖြစ်သလို သံသယစိတ်ရှိခံထားရတဲ့သူတွေဘက်ကလဲ အလုပ်နဲ့ သက်သေပြဖို့ လိုပါကြောင်း။

အကြောင်းအရာတိုက်ဆိုင်ရင် ဆက်ရေးအုံးမှာပါ။

အဖွဲ့ ဝင်ဟောင်းတဦး
12/01/2013.
ဒီစာစုကို ကြိုက်သလို ရှဲလို့ ရတယ်၊ ကြိုက်သလို ပြန်ဆွေးနွေးလို့ ရပါတယ်။

OKRSO မှ ကရင်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆရာဖြစ်သင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားပေး

မတ်လ ၁၁ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
့ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့-OKRSO မှ ဦးဆောင်ပြီး ကရင်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆရာဖြစ်သင်တန်းကို ပထမဆုံးအကြိမ်အဖြစ် ယမန်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် အခမ်းအနားတရပ်ကျင်းပကာ စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။


ယင်းဆရာဖြစ်သင်တန်းကို ဘန်ကောက်မြို့ရှိ OKRSO Every Sunday School (Scared Heart Convent School)ခေါင်တိန် ဘုရားရှိခိုးကျောင်းတွင် ယမန်နေ့ (မတ်လ ၁၀ရက်နေ့) နံနက် ၁၀နာရီခွဲမှ နေ့လည် ၁၂နာရီ အထိ အခမ်းအနားပြုလုပ်ကာ ဆရာ/ဆရာမများနှင့် ကျောင်းသူ ကျောင်းသား ၅၀ ကျော် တက်ရောက်ခဲ့သည်။

သင်တန်းနှင့် ပတ်သက်၍ OKRSO ၏ ကရင်စာပေနှင့် ယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီမှ ဥက္ကဌဖြစ်သူ စောစိပ်ပလောင်က “အခုပြည်ပမှာ ရောက်ရှိနေကြတဲ့ ကရင်လူငယ်မောင်မယ်တွေ အနေနဲ့ ပြည်ပ ယဉ်ကျေးမှုတွေ လွှမ်းမိုး မခံရအောင်နဲ့ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု တွေကို သိမြင်ပြီး ထိန်းသိမ်းတတ်အောင် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ပြည်ပရောက် ကရင်လူမျိုးများ အနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို သိရှိမြတ်နိုးတတ်ရန် နှင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းလည်း ဖြစ်သည်ဟု စောစိပ်ပလောင်က ပြောသည်။


ယခုသင်တန်းသည် မေလ ၅ အထိ နှစ်လကြာ မြင့်မည်ဖြစ်ပြီး သင်တန်းတွင် အခြေခံကရင်စာပေ၊ ကရင်ရိုးရာ ဒုံးအက၊ ကဗျာရေးဖွဲ့သီကုံးမှု၊ ကရင်စောင်းကောက် သင်ကြားမှု၊ အခမ်းအနား အစီအစဉ် တင်ဆက်မှု၊ လေ့လာ မှတ်သားစရာ ကရင့်သမိုင်းစာမျက်နှာနှင့် အထွေထွေ ဗဟုသုတ ဆိုင်ရာ စသည်တို့ကို သင်ကြားပေးမည်ဟု သိရသည်။

လက်ရှိ သင်တန်းတွင် ကရင် ဆရာ၊ ဆရာမ ၈ ဦးမှ အရှေ့ပိုးကရင်စာပေကို အဓိကထားကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းအားလုံးအတွက် ကျောင်းသူကျောင်းသားစုစုပေါင်း ၂၈ ယောက် လာရောက်စာရင်းပေးသွင်းထားသည်ဟု စာစိပ်ပလောင်က ဆိုသည်။

ထို့အပြင် စကောကရင် စာပေလည်း ဆက်လက်သင်ကြားပေးရန် အစီအစဉ်ရှိပြီး သင်တန်းပြီးဆုံးပါက ထိုင်း နိုင်ငံအပြင် လိုအပ်ပါက မြန်မာပြည်တွင်းသို့လည်း ဆရာဆရာမများကို စေလွှတ်သင်ကြားပေးရန် အစီအစဉ်ရှိ ကြောင်း သိရသည်။

OKRSO ကို ၁၉၉၂ ခုနှစ်၊ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများကို အစဉ်တစိုက် ဖော်ထုတ်မြှင့်တင်လာခဲ့ရာမှ ကရင်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာဆရာဖြစ်သင်တန်းကို ယခု ၂၀၁၃ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ခြင်းဖြစ်သည်။

Sunday, March 10, 2013

ကိုယ့်ကရင်စာပေယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ကြစို့ 

ပထမဆုံးအကြိမ် ကရင်စာပေ ဆရာဖြစ်သင်တန်းအောင်မြင်စွာဖွင့်လှစ်ခြင်း

OKRSO မှ ဦးဆောင်ဖွင့်လှစ်သော ပထမဆုံးအကြိမ် ကရင်စာပေဆရာဖြစ်သင်တန်းကို ဘန်ကောက်မြို့ ရှိ OKRSO Every Sunday School (Sacred Heart Convent Shool)ခေါင်တိန်ဘုရားရှိခိုးကျောင်းတွင် မတ်လ (၁၀)ရက်နေ့  ၂၀၁၃ခုနှစ်တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်။
ဤကရင်စာပေသင်တန်းမှပို့ ချသောခေါင်းစဉ်များမှာ…အခြေခံကရင်စာပေသင်တန်း၊ကရင့်ရိုးရာဒုံးအကသင်တန်း၊လ်ုဝါ်(ခ)ကဗျာရေးဖွဲ့ သီကုံးမှုသင်တန်း၊ကရင့်စောင်းကောက်သင်ကြားမှုသင်တန်း၊အခမ်းအနားအစီအစဉ်တင်ဆက်မှုသင်တန်း၊လေ့လာမှတ်သားစရာကရင့်သမိုင်းစာမျက်နှာသင်တန်းနှင့်အထွေထွေသင်တန်းတို့ ပါဝင်ပါသည်။သင်တန်းနေ့ ရက်ကို(၁၀.၃.၂၀၁၃)မှ (၅.၅.၂၀၁၃) အထိသင်တန်းဖွင့်လှစ်သွားမှာဖြစ်ပါသည်။
ပထမဆုံးအကြိမ်ကရင်စာပေဆရာဖြစ်သင်တန်းမှတ်တမ်းဓာတ်ပုံများကိုအောက်မှာကြည့်ရှုနိုင်ပါသည်။

Thursday, February 28, 2013

ကရင်အမျိုးသားအစည်းအရုံး-KNU နေ့နှင့် ကရင့်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ ဗဟိုအလုပ်အမှုဆောင် ပဒိုစောသမိန်ထွန်းအား ကေအိုင်စီမှ တွေ့ဆုံမေးမြန်းခြင်း




ကေအိုင်စီ - ဖေဖော်ဝါရီလ ၅ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး-KNU နေ့ဆိုတော့ KNU စတင်ဖြစ်ပေါ်လာပုံကို ပြောပြ ပေးပါလား။
- KNU နေ့ ဖြစ်ပေါ်လာပုံအနေနဲ့ ပြောပြရမယ်ဆိုရင်တော့ ဒီနေ့ဟာ ကရင်တမျိုးသားလုံး အတွက် အင်မတန်မှ အရေးပါတဲ့ အကြောင်းအရာတချက်ပဲ။ အရင်က ကျနော်တို့ ကရင်အဖွဲ့အစည်းတွေမှာက အမျိုးမျိုးရှိတယ်။ ၁၈၈၁ ခုနှစ်က KNA-Karen National Association ဟာ ကရင်တမျိုးသားလုံးရဲ့ ပထမဦးဆုံး အဖွဲ့အစည်းဖြစ်တယ်။ ဒီအဖွဲ့က လှုပ်ရှားနေရင်းနဲ့ ကရင်တမျိုး သားလုံးက ပညာရေးဘက်မှာ မြင့်မားလာတယ်။ ကရင်စာပေယဉ်ကျေးမှုတွေကို တရားဝင် အစိုးရကျောင်းတွေမှာ သင်ခွင့်ရ လာပြီး အသိအမှတ်ပြုခံရတယ်။ ဒီလိုနဲ့ ပထမကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာ ကရင်တွေက အမျိုးသားရေး ပိုပြီး နိုးကြားလာတယ်။
ဗမာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုအနေအထားပေါ်မှာ ကရင်လူမျိုးတွေကလည်း နိုးကြားတက်ကြွလာတယ်။ အဲဒီအချိန်ခါ မှာလည်း ကရင်ဗုဒ္ဓဘာသာအဖွဲ့တွေဆိုရင် BKNA -Buddha Karen National Association ဆိုတဲ့ အဖွဲ့ပေါ်လာတယ်။ ဒီအဖွဲ့ လည်း ကရင်အမျိုးသား အဖွဲ့ကြီးတဖွဲ့ဖြစ်လာတယ်။ ဖြစ်လာပြီး ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးမှာ အာရှအရှေ့ဖျားကလည်း နိုင်ငံရေး နိုးကြားမှုတွေ ပေါ်ပေါက်လာတဲ့အခါ ကရင်တွေက တခါ KYO ဆိုတဲ့ ကရင်လူငယ်အစည်းအရုံး ပေါ်ပေါက်လာပြန်တယ်။ ကရင် အဖွဲ့အစည်းချည်းပဲ ကိုလိုနီခေတ်မှာ ၃ဖွဲ့ ရှိပြီ။ ဒုတိ ယကမ္ဘာစစ်ဖြစ်တော့ တခါ BIA-ဗမာ့တပ်မတော်တွေက ကရင်တွေနဲ့ ပဋိ ပက္ခ ဖြစ်ကြတယ်။ အဲဒီမှာ ကရင်အမျိုးသားတွေဟာ BIA ရဲ့ အကြီးအကျယ် နှိပ်စက်မှုတွေ၊ အနိုင်ကျင့်မှုတွေ ခံရတယ်။ မြောင်း မြဂွင်၊ မြစ်စကျွန်းပေါ်နဲ့ အရှေ့ဘက် ဖာပွန်က ထင်ထင်ရှားရှား အမှတ်အသားဖြစ်ခဲ့တယ်။ ကရင်ခေါင်းဆောင်ကြီးတွေက အမြော်အမြင်ရှိရှိနဲ့ ဒီပြဿနာမျိုးတွေ မဖြစ်အောင် ဂျပန်ခေတ်မှာ တခါ KCO ဆိုတဲ့ Karen Center Organization ကရင်ဗဟို အဖွဲ့ချုပ်ကိုလည်း ပြန်ဖွဲ့လိုက်တယ်။ ဖွဲ့လိုက်တော့ ကရင်မှာ အဖွဲ့အစည်းကြီး ၄ဖွဲ့ရှိလာတယ်။
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံရေးက ပြောင်းလဲလာတယ်။ အနောက်တိုင်းအရင်းရှင်အုပ်စုနဲ့ အရှေ့ ဘက်က ဆိုရှယ်လစ်အုပ်စုဆိုတာ ဖြစ်လာတယ်။ အထူးသဖြင့် မလွတ်လပ်သေးတဲ့ တိုင်းပြည်တွေကလည်း လွတ်လပ်ရေးရ အောင် ကြိုးပမ်းနေတဲ့ ကာလဖြစ်သလို တိုင်းမရှိ ပြည်မရှိ လူမျိုးတွေကလည်း တိုင်းပြည်ရှိအောင် ကြိုးစားတယ်။ အဲဒီကာလမျိုး မှာ ကရင်တွေက ကရင်ပြည်ရရှိရေး ကြိုးပမ်းလုပ်ဆောင်ကြတဲ့အခါမှာ တယောက်တပေါက်ဖြစ်နေတယ်။ တချို့က ကရင်ပြည် ဆိုတာ မြစ်ဝကျွန်းပေါ်ကော၊ ပဲခူးတိုင်းကော အဲတုန်းက ရန်ကုန်တိုင်းဆိုတာ မရှိသေးဘူး။ အရှေ့ရိုးမ၊ တနင်္သာရီကမ်းမြောင် ဒေသတစ်ခုလုံးကို ကရင်ပြည်အဖြစ်နဲ့ အသိအမှတ်ပြုဖို့ တောင်းဆိုတဲ့အဖွဲ့အစည်းရှိသလို တချို့ကလည်း မြစ်ဝကျွန်းပေါ်နဲ့ အရှေ့တိုင်းတခုလုံးကို တောင်းဆိုတာရှိတယ်။ တချို့က အရှေ့တနင်္သာရီရိုးမတိုင်းတခုလုံးကို ကရင်ပြည်အဖြစ် တောင်းဆိုတာ တွေလည်း ရှိတယ်။ ကွဲကွဲပြားပြားဖြစ်တော့ နိုင်ငံရေးလှုပ်ရှားမှုမှာ အခက်အခဲရှိတယ်။ ဒီအပေါ်မှာ တစုတစည်းတည်းဖြစ် အောင် KNA ကနေ ဦးစီးပြီးမှ အစည်းအဝေးကြီးကို ၁၉၄၇ခုနှစ်မှာ အစည်းအဝေးခေါ်ပြီး ရန်ကုန်မှာ ကရင်တွေ ဆွေးနွေးကြ တယ်။ ဆွေးနွေးကြတော့ ကရင်အဖွဲ့အစည်းတွေ တသံတည်း တစုတည်းဖြစ်ရအောင် အသင်းအဖွဲ့လေးဖွဲ့ KNA၊ BKNA၊ KYO၊ KCO တို့ အားလုံးပေါင်းလိုက်ပြီးမှ ကရင်အမျိုးသားအစည်းအရုံး-KNU ဆိုတဲ့ အဖွဲ့အစည်းကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက် နေ့မှာ စတင် ဖွဲ့စည်းလိုက်တာ ဖြစ်တယ်။ အဲဒါကြောင့် ကရင့်သမိုင်းမှာ ပြန်ကြည့်ရင် KNU ရဲ့သမိုင်းမှတ်တိုင်ဟာ အင်မတန်မှ အရေးကြီးတယ်။
ဗုဒ္ဓဘာသာဖြစ်စေ၊ ခရစ်ယာန်ဘာသာဖြစ်စေ၊ ရိုးရာကိုးကွယ်တာဖြစ်စေ ကရင်အားလုံးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းဖြစ် တော့ KNU အစည်းအရုံးကြီးဟာ ကရင်သမိုင်းမှတ်တိုင်မှာ အရေးကြီးတဲ့ မှတ်တိုင်တခုဖြစ်ခဲ့တယ်။ ယနေ့တိုင် KNU ဟာ နိုင်ငံ ရေး လှုပ်ရှားမှု၊ အမျိုးသားတန်းတူမှုရရှိရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုရရှိရေး တနည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုပေါ့နော်။ အဲဒါတွေ ရရှိရေးအတွက် ဆက်လက် လုံးပမ်းလာတာ ဖြစ်တယ်။ ဒါကြောင့် သမိုင်းအရ ပြောမယ်ဆိုလို့ရှိရင် KNU ကရင်တမျိုး သားလုံးရဲ့ ဆုံဆည်းရာ အမျိုးသားစည်းလုံးရေး၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဆုံဆည်းရာ အဖွဲ့အစည်းကြီးဖြစ်တယ်။

ကေအိုင်စီ - KNU အစည်းအရုံးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့က စတင်ဖွဲ့စည်းလိုက်တယ်ဆိုတော့ ဒီအဖွဲ့ကို ဘယ်သူ တွေက ဦးဆောင်ဖွဲ့စည်းပြီး ဘယ်လိုရည်ရွယ်ချက်တွေနဲ့ အဓိက ဖွဲ့စည်းခဲ့တာလဲ။
- ရည်ရွယ်ချက်အနေနဲ့ အဲဒီအချိန်က ကမ္ဘာမှာလည်း ခေတ်စားနေတာက မလွတ်လပ်သေးတဲ့ တိုင်းပြည်တွေ လွတ်လပ်ရေး တောင်းဆိုကြိုးပမ်းမှုကို အားပေးကူညီတဲ့ အနေအထားမှာရှိတယ်။ တိုင်းပြည် မရှိသေးတဲ့ လူမျိုးတွေအတွက် တိုင်းပြည်ရှိ အောင် ဆောင်ရွက်ပေးဖို့ လှုံ့ဆော်တဲ့ အနေအထားတွေရှိတယ်။ ဒီအပေါ်မှာ ကရင်အမျိုးသားတွေကလည်း ကရင်ပြည်ရရှိရေး အတွက် လုံးပမ်းကြတာ ဖြစ်တယ်။ အဲဒီအချိန်က ကရင်ပြည်နယ်ဆိုတာလည်း မရှိသေးဘူး။ အောက်ဗမာပြည်၊ ပြည်မကြီးရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်တယ်။ ဗမာပြည်ရဲ့ ပြည်မကြီးမှာပါတာ မွန်၊ ကရင်၊ ဗမာ၊ ရခိုင်တွေ ပါတယ်။ အဲ့လိုဖြစ်နေတော့ ကရင် ပြည်ရရှိရေးကို ကြိုးစားတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်ပြည်နယ်ကို စတင်တောင်းဆိုခဲ့တာ။ ရပြီး သွားရင်လည်း ထွက်ခွင့်ရရင်ထွက် မရရင် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ သီးသန့် ကရင်ပြည်ကို ကျနော်တို့ တောင်းတယ်။
ရည်မှန်းချက်၊ ဦးတည်ချက်ကတော့ အဲဒီအချိန်က ပြောမယ်ဆိုရင် ကရင်အမျိုးသားတွေရဲ့ တန်းတူမှုအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကရင်ပြည်ရရှိရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်တာဖြစ်တယ်။ KNU ကို ဦးဆောင်တာက ကရင် ခေါင်းဆောင်ကြီးတွေပါပဲနော်။ အဲဒီခေတ်က အင်မတန် အရွယ်ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ စောဘဦးကြီး၊ စံဖိုးသင်တို့၊ ဂျွန် ဆင်ဒီဖိုးမင်းတို့ ပါတယ်။ အဲလို ခေါင်းဆောင်ကြီးတွေ စုစည်းပြီး ပထမဦးဆုံး KNU ဥက္ကဌကတော့ စောစံဖိုးသင် ဖြစ်တယ်။ ဒါပေမယ့် စောစံဖိုးသင်က နိုင်ငံရေးမှာ မတည်ငြိမ်ဘူး။ အဲတော့ KNU ဖွဲ့စည်းပြီးတာ မကြာဘူး။ KYO က ဘာဖြစ်လာတယ်ဆို တော့ KNU ကနေ ခွဲထွက်ပြီးမှ တဖက်တလမ်းကနေ အားပေးကူညီဖို့ ထွက်ခွင့်ပေးပါလို့ ပြောလိုက်တော့ ခွဲထွက်ခွင့် ပေးလိုက် တယ်။
ခွဲထွက်ခွင့်ပေးလိုက်တော့ စံဖိုးသင်ကလည်း KNU ဥက္ကဌနေရာကနေ ထွက်သွားတယ်။ ဒါ လပိုင်းလေးပဲ ကြာပါတယ်။ ၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့က စတင်တာကနေ မတ်၊ ဧပြီလောက်မှာပဲ စောစံဖိုးသင်နေရာကို စောဘဦးကြီး ပြန်ခေါင်း ဆောင်တယ်။ စောဘဦးကြီးက KNU ကို ခိုင်ခိုင်မာမာနဲ့ ဦးဆောင်သွားတယ်။ သူကျရှုံးတဲ့အထိပဲ။ စောဘဦးကြီးဟာ တည်တည် ငြိမ်ငြိမ်နဲ့ ကရင်တွေကို ဦးဆောင်သွားတာဖြစ်တယ်။ ကရင်အမျိုးသားတွေရဲ့ ခေါင်းဆောင်ကြီးလည်း အဓိက စောဘဦးကြီးကိုပဲ အသိအမှတ်ပြုရတာဖြစ်တယ်။

ကေအိုင်စီ - KNU ဟာ ကရင်တမျိုးသားလုံးအတွက် ရပ်တည်ပေးနေတယ်လို့ ပြောတော့ KNU ဟာ ကရင်တမျိုးသားလုံးအ တွက် ဘယ်လောက်ထိ အရေးပါသလဲဆိုလည်း ရှင်းပြပေးစေချင်ပါတယ်။
- အရေးပါတယ်ဆိုတဲ့ကိစ္စဟာ ကရင်တမျိုးသားလုံးရဲ့အနေအထားလေ။အရင်ခေတ်ကဆိုလို့ရှိရင် ကျနော်တို့ကရင်တွေက ကိုလိုနီခေတ်ကတော့ ပညာရေးတွေ၊ အစိုးရအမှုထမ်းတွေမှာလည်း ကရင်တွေက များတယ်။ ပညာရေးပိုင်းမှာလည်း ကရင် တွေက တော်တော်လေး ပညာတတ်တွေက များတယ်။ ဒီအပေါ်မှာ ကျနော်တို့ KNU က အမျိုးသားတွေရဲ့ တောင့်တချက်ဖြစ် တဲ့ ကရင်ပြည်ရရှိရေးဆိုတဲ့ကိစ္စဟာ KNU ခေါင်းဆောင်တွေအပိုင်းလောက်ပဲ လုပ်တာမဟုတ်ပဲနဲ့ ကရင်တမျိုးသားလုံး ရဲ့လိုလားချက်ကိုပဲ KNU ကတောင်းဆိုတာဖြစ်တယ်။
တဆက်တည်းမှာပဲ ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီလ ၄ရက်နေ့မှာ ဗမာပြည်က တရားဝင် လွတ်လပ်ရေးရရှိတဲ့နေ့ ဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ စောဘဦးကြီးက နိုင်ငံတော်အကြီးအကဲ ၀န်ကြီးချုပ်ဦးနုနဲ့ ကရင်ပြည်ရရှိရေးတွေ တောင်းဆိုကြတာ ဖြစ် တယ်။ တောင်းဆိုကျတော့ ဦးနုကလည်း ပြောတယ်။ “မင်းတို့ကရင်တွေဟာ လူကြီးပိုင်း ပညာတတ်ပိုင်းလောက်သာ ရချင်တာ ဖြစ်နိုင်တယ်။ တကယ့် ကရင်ဆင်းရဲသားလူထု၊ အခြေခံလူတန်းစားတွေ ကကော ရယူပါ့မလား။ မင်းတို့ရဲ့ ဆန္ဒသဘောထားကို ဖော်ပြစမ်းပါ”ပြောလိုက်တော့ KNU အနေနဲ့ ကရင်တွေ ရှိတဲ့နေရာမှာ တပြည်လုံး လှုံ့ဆော်ပြီးတော့မှ ကရင်ပြည်ရရှိရေး လို လားသလား၊ မလိုလားသလားလို့ ကြည့်လိုက်တော့ အားလုံးက လိုလားတယ်ဆိုတာကို ဖော်ပြလာတာကို တွေ့ရတယ်။ ဒါကြောင့် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ ကရင်အမျိုးသားတွေက ကရင်ပြည်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြတာ ဖြစ် တယ်။ ဆန္ဒပြတဲ့နေရာမှာ တောင်းဆိုချက်က ၄ချက်ပဲရှိတယ်။
၁။ ကရင်ပြည် ချက်ချင်းပေး
၂။ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ
၃။ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ
၎။ ပြည်တွင်းစစ် အလိုမရှိ
ဒီအခြေခံ ၄ချက်နဲ့ ပိုစတာကို ကပ်ပြီး တောင်းဆိုခဲ့တာဖြစ်တယ်။
ဒီနေရာမှာ ကရင်ပြည် ချက်ချင်းပေးဆိုတာနဲ့ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြဆိုတဲ့ အချက် ၂ချက်ဟာ ဗိုလ်ချုပ် အောင်ဆန်းက စောဘဦးကြီးကို ပြောခဲ့တဲ့ စကားဖြစ်တယ်။ “ခင်ဗျားတို့ ကရင်ပြည်ရပါစေ့မယ်။ ကရင်တကျပ် ဗမာတကျပ်ကို တော့ ရကို ရစေရမယ်” အဲလို ဗိုလ်ချုပ်အောင်ဆန်းက စောဘဦးကြီးကို ပြောခဲ့တာရှိတယ်။ ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့ ဆန္ဒပြတဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ စကားကို ပြန်တောင်းဆိုတာ ဖြစ်တယ်။ ကြွေးကြော်သံ ၄ချက်နဲ့ တောင်းဆိုလာတော့ ဆန္ဒပြတာကလည်း ကြွေးကြော်သံတွေအော်ပြီး ဘယ်သူ့ကိုမှ အနှောင့်အယှက် မလုပ်ခဲ့ဘူး။ ပိုစတာကြီး လေးချပ်ဟာ အမည်တွင်ရစ်ခဲ့တယ်။ ရန်ကုန်မြို့မှာရော တခြားနယ်တွေကရင်ရှိတဲ့ အရပ်တွေမှာပါ မစုံလင်တဲ့ စာရင်းအရ အဲဒီ ခေတ်က ကရင်လူဦးရေက မများသေးပေမယ့် ဆန္ဒပြတဲ့ ကရင်လူဦးရေက လေးသိန်းငါးသောင်းခြောက်ထောင်ကျော် ရှိတယ်။ ကရင်တွေက ကရင်ပြည် လိုချင်တယ်ဆိုတာ ဖဆပလ အစိုးရက သိသွားတယ်။
မြစ်ဝကျွန်းပေါ်မှာရှိတဲ့ ကရင်တွေက ကရင်စကား မတက်ကြတော့ ဗမာတွေ မြင်တာက ဗမာရွာတွေလို့ မြင်ကြတယ်။ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာကျတော့ အဲဒီရွာတွေကနေ ကရင်အလံတွေကို အိမ်တိုင်း ထောင်ကုန်ကြတယ်။ အရင်က ဗမာရွာ လို့ ထင်ထားတဲ့ရွာတွေက အကုန်လုံး ကရင်ရွာဖြစ်ကုန်တာ။ အဲလိုဖြစ်တော့ ဦးနုက လန့်သွားတယ်။ “ဟ ကရင်တွေက ကိုယ့် ကိုယ်ကို ကရင်မှန်းသာ သိလို့ရှိရင်တော့ ငါတို့ကောင်တွေ နားရွက်တောင် မကိုင်ရဲဘူး”လို့ ပြောခဲ့တဲ့ စကားရှိတယ်။ ကရင် တွေက အပေါ်ယံ ပညာတတ်အပိုင်း၊ အရာရှိအပိုင်းလောက်ကပဲ ကရင်ပြည်ရချင်တာ မဟုတ်ဘူးဆိုတာ ပေါ်လွင်သွားတယ်။ အဲတော့ စောဘဦးကြီးကို ဦးနုက ပြောတယ်။ မင်းတို့ကရင်တွေကလည်း ကရင်ပြည်ရချင်တယ်။ ငါတို့ဗမာတွေကလည်း မပေး နိုင်ဘူး။ ဒါကတော့ တယောက်နဲ့တယောက် သတ်ကြဖြတ်ကြတော့မှာပဲ။
စောဘဦးကြီးကလည်း ပြောပါတယ်။ လွှတ်တော်ထဲကနေ ကရင်ပြည်ရရှိရေး တောင်းဆိုသွားမှာပါ။ လွှတ်တော်ထဲက တောင်းဆိုမယ့်ဟာကို အခုဖြစ်ရှိနေတာက အမျိုးမျိုးဖြစ်နေတဲ့အပေါ်မှာ ကျနော်တို့လူတွေက ကျေးရွာတွေမှာ အင်အားပြကြ တာ ဖြစ်တယ်။ ခင်ဗျားတို့ ဗမာနိုင်ငံရေးကလည်း ကွဲကြပြဲကြတာ ရှိခဲ့တယ်။ ဒါကြောင့် ကရင်တွေကိုချည်းပဲ အပြစ်တင်လို့ မရ ဘူး။ ဗမာနိုင်ငံရေးရှုပ်ထွေးမှုအပေါ် တိုင်းရင်းသားလူမျိုးစုတွေရဲ့ နိုင်ငံရေးကလည်း ရှုပ်ထွေးတတ်တယ်။ ဒါကြောင့် ဒီကနေ့ကာ လဟာ ဒါကို သင်ခန်းစာယူရမယ်။ သင်ခန်းစာယူပြီးမှ ကျနော်ရှင်းပြတာဆိုရင် ပထမက KNU ဘယ်လိုပေါ်ပေါက်လာသလဲ။ ဘာတွေလှုပ်ရှားသလဲဆိုတော့ နိုင်ငံရေးလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့လို့လဲ ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ ကရင်တမျိုး သားလုံးရဲ့တိတ်ဆိတ်စွာ ဆန္ဒပြမှုကြီး ပေါ်ပေါက်ခဲ့တယ်။ ဒီကနေ့တိုင် ထင်ရှားတဲ့ ခေတ်မီသေးတဲ့ ပိုစတာကြီး ၄ချက်ကို ယနေ့ တိုင် ဆက်လက်ကိုင်စွဲလာတာဖြစ်တယ်။ ငြိမ်းချမ်းရေးကို လိုလားတာဖြစ်လို့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ KNU ကလည်း ဒီက နေ့ ဆက်လက်ပြီးမှ နိုင်ငံရေးလုပ်ငန်းကို ရှေ့ဆက် ဆောင်ရွက်နေတာ ဖြစ်တယ်။

ကေအိုင်စီ - ဒါဆိုရင် ဒီဖေဖော်ဝါရီလ ၁၁ရက်နေ့က ကြွေးကြော်သံ ၄ချက်စတင်တဲ့နေ့လို့ ပြောလို့ရမလား။ ဘယ်နေရာတွေမှာ ထုတ်ဖော်ကြတာလဲ။
- ဒီနေ့မှာ တရားဝင်ထုတ်ဖော်တာလို့ ပြောလို့ရတာပေါ့။ ကြွေးကြော်သံ ၄ရပ်က နဂိုကတည်းက ကရင်တွေရဲ့နှလုံးသားထဲမှာ ရှိပြီးသားပဲ။ ဒါပေမယ့် ကရင်တွေရဲ့ အတွင်းသဘောကို ထုတ်ဖော်တာ အဲဒီနေ့ပဲ။ ထုတ်ဖော်ကြတာကတော့ ရန်ကုန်၊ အင်းစိန်၊ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး၊ သာယာဝတီ၊ ညောင်လေးပင်၊ တောင်ငူတို့ပါတယ်။ ကယားလို့ခေါ်တဲ့ ကရင်နီနယ်ထဲမှာ လွိုင် ကော်တို့ မော်ချီးနဲ့ သျှမ်းပြည်နယ် တောင်ကြီးမှာ တောင်းဆိုကြတာ ရှိတယ်။ နောက်ပြီး ဖားအံ၊ သထုံ၊ ကြာအင်းဆိပ်ကြီး စတဲ့ ကရင်ရှိတဲ့အရပ်တွေ တောက်လျှောက် ဆန္ဒဖော်ထုတ်ခဲ့တယ်။

ကေအိုင်စီ - ကရင့်သမိုင်းကြောင်းဖြစ်စေ၊ KNU ဖြစ်ပေါ်လာပုံတွေနဲ့ ပတ်သက်ပြီးဖြစ်စေ မသိသေးတဲ့လူငယ်တွေကော၊ သိချင် တဲ့ လူငယ်တွေအတွက်ပါ ဘယ်လိုအကြံပြုချင်ပါလဲ။
- နောက်ပေါက်ကရင်လူငယ်တွေမှာ စာဖတ်ချင်တဲ့ အတွေးအခေါ်က တော်တော်နည်းတယ်။ အဲလိုနည်းတော့ ဒီကိစ္စနဲ့ပတ် သက်ပြီး သင်တန်းတွေပေး လုပ်ဆောင်တယ်။ တစုံတရာ အတိုင်းအတာတော့ အောင်မြင်မှုရတယ်။ ငြိမ်းချမ်းရေး လုပ်ဆောင် တဲ့အခါကျတော့ နယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် သွားရောက်နိုင်ပြီး ပိုပြီး ပြောပြလို့ရတယ်။ စာပေအနေနဲ့ကလည်း ထုတ်ထားတာ တွေ ရှိတယ်။ လူငယ်တွေဟာ ဒီကနေ့ အမျိုးသား ကြားမှာ တက်တက်ကြွကြွဆောင်ရွက်ဖို့ စာပေတွေ လေ့လာဖို့က အရေးကြီး တယ်။

ကေအိုင်စီ - နောက် KNU ဟာ စတင်ဖွဲ့စည်းကတည်းကနေ အခက်အခဲအမျိုးမျိုးကြားက ရပ်တည်ခဲ့ရပေမယ့် အခုချိန်ထိတိုင် အောင် ဆက်လက်ရှင်သန်နိုင်ခဲ့တဲ့အပေါ် ဘာကြောင့်လို့ ပြောချင်ပါသလဲ။ တဖက်မှာလည်း အစိုးရနဲ့ ဆွေးနွေးနေတယ်ဆို တော့ ဒီအပေါ်မှာကော ဘာပြောချင်လဲ။
- KNU ဒီကနေ့အထိ ရှင်သန်နေရတဲ့ အကြောင်းရင်းကတော့ လူထုတွေ KNU ကိုထောက်ခံနေလို့ပဲ။ ကျနော်တို့က စောဘဦး ကြီး ချထားတာ ဥပဒေဘောင်အတွင်းကနေ ကရင်အမျိုးသားအခွင့်အရေးကို တောင်းဆိုလာခဲ့တာ။ KNU က စတင်ဖွဲ့စည်းတာနဲ့ တော်လှန်ရေးကို လုပ်လာတာမဟုတ်ဘူး။ အရပ်သားစကားနဲ့ပြောရင် သူပုန်ထလာတာ မဟုတ်ဘူး။ အဲတော့ ဖဆပလအစိုးရရဲ့ အဖက်ဖက်ကနေ အကြပ်ကိုင်မှုအပေါ်မှာ ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်ခဲ့ရတာ။
အဲတော့ ကျနော်တို့ကို လက်ရှိအစိုးရက ဒီငြိမ်းချမ်းရေးကမ်းလှမ်းလာတဲ့အပေါ် ကျနော်တို့ကလည်း အားတက်သရော ရှိတာပေါ့နော်။ သွေးထွက်သံယိုမှုနဲ့ လူထုတွေ ဒုက္ခရောက်၊ တကယ့်ပညာတတ် ကရင်လူငယ်တွေ ကျရှုံးရတဲ့ကိစ္စတွေ မဖြစ် တော့ပဲနဲ့ နိုင်ငံရေးနည်းအရ ကရင်အမျိုးသားအခွင့်အရေးကို တောင်းဆိုသွားဖို့ ဆိုတာက ကျနော်တို့ ပိုပြီးတော့ စိတ်အားထက် သန်တယ်။ ဒီကိစ္စက သမ္မတဦးသိန်းစိန် အစိုးရနဲ့ ကျနော်တို့ဆွေးနွေးထားတဲ့ အပစ်အခတ်ရပ်စဲရေးကိုပဲ ပြီးပြတ်အောင် လုပ် မယ်။ ရှေ့ဆက်ပြီးမှလည်း အမျိုးသားအခွင့်အရေးအတွက် လေ့လာမှုတွေ လုပ်မယ်။ ဘ၀တူလူမျိုးတွေနဲ့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့ ပူးပေါင်းပြီး အခွင့်အရေးရရှိအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကေအိုင်စီ - အဖူးအနေနဲ့ နောက်ထပ် ဘာများဖြည့်စွက်ပြီး ပြောကြားချင်ပါသလဲ။
- တော်လှန်ရေးဆိုတာ ပန်းခင်းလမ်းမှ မဟုတ်ပဲ။ ဧည့်သည်ကို ထမင်းစားဖိတ်ကျွေးတဲ့ အလှူပွဲလိုမျိုးမှ မဟုတ်ပဲ။ ကြမ်းတမ်း တယ်၊ ပင်ပန်းတယ်။ ငတ်တယ်၊ ပြတ်တယ်၊ သေတယ်။ သေသွားတာမှ အေးသေးတယ်။ ဒဏ်ရာရတာ၊ ခြေပြတ်လက်ပြတ်နဲ့ နေနေရတဲ့ ဘ၀တွေက သိလာတဲ့အခါကျတော့ တချို့တွေက ဒုက္ခဒဏ်တွေကို မခံနိုင်ကြတဲ့အခါကြတော့ တဖြည်းဖြည်း ထွက် သွားကြတယ်။ နောက်ဆုံးတော့ KNU မှာ တကယ့် မျိုးချစ် စိတ်ဓါတ်နဲ့ နိုင်ငံရေး ဦးတည်ချက်ခိုင်မာတဲ့ ပုဂ္ဂိုလ်တွေပဲ ကျန်နေခဲ့ တော့တယ်။
ဒီခေတ်ကလည်း မီဒီယာ၊ အင်တာနက်၊ အီးမေးလ်ခေတ်ဆိုတော့ အင်မတန် ပျံ့နှံ့နေတဲ့အချိန်ဆိုတော့ KNU ကို ပုတ် ခတ်ကြတာမျိုးရှိတယ်။ KNU အတွင်းက လူတချို့ကိုလည်း ပုတ်ခတ်ကြတာရှိတယ်။ ဒီပုတ်ခတ်တာကိုလည်း ကျနော်တို့ ခံနိုင် တယ်။ ကျနော်တို့ရဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဆက်လက် ဆောင်ရွက်သွားဖို့ပဲ လိုတယ်လို့ ချုပ်ပြီး ပြောချင်ပါတယ်။

KNU လည်း ရာဇသံ အပေးခံ ရနိုင်ဖွယ်ရှိနေ





ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့သည် ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေးကို မပြုလုပ် နိုင်သရွေ့ အစိုးရ၏ ရာဇသံ ပေးခြင်းကို အချိန်မရွေး ခံရနိုင်ဖွယ် ရှိနိုင်ကြောင်း KNU တွဲဖက် အတွင်းရေးမှုး ဗဒိုမန်းမန်းက ပြောပါသည်။

“ဘာမှ အတည်တကျ သဘော တူညီချက်တွေ မရရှိသေးတော့ တခြား တိုင်းရင်းသားတွေ ခံနေရသလို ကျနော်တို့ KNU အဖွဲ့ကလဲ အချိန်မရွေး အစိုးရရဲ့ ရာဇသံပေးခြင်းကို ခံရနိုင်ဖွယ် ရှိမှာဘဲ။ အဲတာကြောင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာ အောင် တည်ဆောက်ဖို့ လိုတယ်လို့ ကျနော်တို့က ပြောနေတာဖြစ်ပါတယ်။” ဟု ဆိုပါသည်။

အပစ်အခတ် ရပ်စဲရေး အခြေအနေသည် ခိုင်မာသည့် အဆင့် မရောက်သေး သောကြောင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖေဖော်ဝါရီလ ၂ဝ ရက်က ပြည်ထောင်စု အစိုးရ အဖွဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်း မောက်ခမ်းနှင့် တွေ့ဆုံစဉ် ကရင် အမျိုးသား အစည်းအရုံးမှ တာဝန်ရှိသူများက ထပ်မံ ပြောကြား ခဲ့ပါသည်။
KNU သည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် အတွက် အချက် ၄ ချက် ပါသော သဘော တူညီချက်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၌ ဘားအံမြို့ ဇွဲကပင် ဟိုတယ် ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် အစိုးရနှင့် စာချုပ် ချုပ်ဆိုခဲ့ပါသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့တွင်လည်း ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်များနှင့် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ပင် နှစ်ဖက် တပ်များ လိုက်နာသင့်သော ကျင့်ဝတ် ဆိုင်ရာများကို သဘောတူ လက်မှတ် ရေးထိုး ခဲ့ပြန်ပါသည်။
ထိုဆွေးနွေးပွဲ၌ KNU တပ်မဟာ (၁) မှ (၇) အထိ ဒေသများတွင် အစိုးရ တပ်ဖွဲ့က စခန်း (၃၀၀) နီးပါးခန့် တပ်စွဲ ထားမှုရှိ သည့် အနက်မှ နေရာ (၉၀) ခန့် ရွှေ့ပြောင်း ပေးရန် KNU ဘက်မှ တောင်းဆိုခဲ့ပါသည်။ ထို့အပြင် KNU ၏ တပ်နေရာ ချထားမှု ကိုလည်း တင်ပြခဲ့ပါသည်။
KNU သည် ဤတင်ပြ ထားချက်များကို ပြီးခဲ့သည့် ဇန္နာဝါရီလ (၅) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ သွားရောက်တွေ့ ဆုံခဲ့စဉ်တွင်လည်း ဤကိစ္စ ဆက်လက်ဆွေးနွေးရန် ရက်ချိန်း သတ်မှတ်ရေး ထပ်မံ တင်ပြ ခဲ့ပါသည်။

ဤသို့ကြောင့်ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး ရရှိရန်နှင့် တပ်နေရာ ချထားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လာမည့် မတ်လတွင် အစိုးရ၏ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ကရင်ပြည်နယ်တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း Myanmar Peace Centre မှ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြီးခဲ့သည့် ဇန်နဝါရီလက ပြောကြား ထားပါသည်။

အစိုးရသည် အပစ်အခတ် ရပ်စဲ ထားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ထပ်မံ တိုက်ခိုက် နေပါသည်။ ပြီးခဲ့သည့် ဖေ ဖော်ဝါရီလ အတွင်းမှာပင် အပစ်အခတ် ရပ်စဲရေး ရယူထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး အဖွဲ့ RCSS/SSA နှင့် ရှမ်း ပြည်တိုးတက်ရေး ပါတီ SSPP/SSA တို့အား တပ်စခန်း ရွေ့ပြောင်း ပေးရန် အကြောင်းပြပြီး အစိုးရ တပ်ဖွဲ့က ရာဇသံပေး တိုက်ခိုက်ခဲ့ခြင်းကို ခံခဲ့ရပါသည်။

ဤသည် အပစ်အခတ် ရပ်စဲရေး မခိုင်မာမှုကြောင့် ဖြစ်ရကြောင်း KNU ဖက်က ရှုမြင် နေခဲ့ပါသည်။ ဤသို့ကြောင့် KNU သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာ စေလိုသဖြင့် အစိုးရအား အရေးဆို နေခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ မဟုတ်ပါက KNU အဖွဲ့သည်လည်း အခြားသော အပစ်ရပ် တိုင်းရင်းသားများ နည်းတူ အစိုးရ တပ်ဖွဲ့၏ ရာဇသံ ပေးခြင်းကို အချိန်မရွေး ခံရနိုင်ဖွယ် ရှိသည်ဟု ဆိုနေခြင်းဖြစ်ကြောင်း KNU ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်သူ ဗဒိုမန်းမန်းက ဆိုပါသည်။
( ရွှေဟသာင်္)

Tuesday, February 26, 2013

ကရင်အနုပညာရှင် ဇွဲကပင်ကျော်လေး၏ အောက်မေ့ဖွယ် ရုပ်တုတည်ဆောက်ပြီးစီး




ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်းကျေးနယ် တော်ပုံကျေးရွာတွင် ကွယ်လွန်သွားပြီဖြစ်သည့် နာမည်ကျော် ကရင်အနုပညာရှင် ဇွဲကပင်ကျော်လေးအား အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ၎င်း၏ ရုပ်တုကို ဇွဲကပင်တောင် ခြေ လုမ္မဏီဥယျာဉ်ရှေ့တွင် ဆောက်လုပ်ပြီးစီးသည့် ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၈ရက်နေ့က ကျင်းပခဲ့သည်။

ရုပ်ထုဖွင့်ပွဲ အခမ်းအနားတွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် စောအောင်ကျော်နိုင်၊ စောလွန်းရှင်၊ ဇွဲကပင်ကျော်လေး၏ လုပ်ဖော်ကိုင်ဖက်များနှင့် တပည့်ရင်းများ၊ အနယ်နယ်အရပ်ရပ်ရှိ ကရင်အနုပညာရှင်များ၊ သံဃာတော်များ တက်ရောက်ခဲ့ကြသည်။

ရုပ်ထုဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ စောရာဟောင်က ၎င်း၏ သူငယ်ချင်းလည်းဖြစ်၊ ဆရာလည်းဖြစ်သူ ဇွဲကပင် ကျော်လေး၏ ရုပ်တုကို ယခုလို တည်ဆောက်ပေးရမှုအပေါ် အထူးကျေနပ်အားရမိကြောင်းနှင့် ရုပ်တုပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ယခုလို ပြောကြားသည်။

“ကျနော်တို့ ကရင်အနုပညာရှင်အသီးသီးက စုစည်းကော်မတီဖွဲ့ပြီး နောင်လာနောင်သားတွေ သိရှိအောင် ရည်ရွယ် ပြီး ဇွဲကပင်ကျော်လေးကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ရုပ်တုကို တည်ဆောက်ပေးတာဖြစ်ပါတယ်”ဟု စောရာဟောင်က ကေအိုင်စီသို့ ပြောသည်။

ဇွဲကပင်ကျော်လေးသည် နိုင်ငံအကျိုး၊ အမျိုးသားအကျိုးတွေကို အနုပညာအားဖြင့် နယ်အသီးသီးက ကရင်လူထုထံ လှည့်လည်ကာ အသိပညာပေးတာများကို အခက်အခဲကြားမှ ဆောင်ရွက်ခဲ့သကဲ့သို့ ကိုယ်ကျိုးစွန့် အနစ်နာခံတတ် သူ၊ အမျှော်အမြင်ရှိသူတစ်ဦးဖြစ်ရာ ၎င်းအား ကရင်အနုပညာရှင် အာဇာနည်တစ်ဦးအဖြစ် အသိအမှတ်ပြုကြောင်း သူက ဆက်လက်၍ ပြောဆိုသည်။

ထိုနေ့မနက် ၆နာရီမှ ၉နာရီအထိ ပြုလုပ်ခဲ့သည့် ထိုအခမ်းအနားတွင် လူပရိဿတ် ၃၀၀ကျော် တက်ရောက်ခဲ့ကြပြီး ဇွဲကပင်ကျော်လေး၏ ဘ၀အကြောင်းများကို ပြန်လည်ပြောကြားခြင်း၊ ကရင်အနုပညာရှင်များမှ ဂုဏ်ပြုသီချင်းများ သီဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

၁၉၆၄ခုနှစ်တွင် ရန်ကုန် ပန်တျာကျောင်းဆင်းခဲ့သူ ဇွဲကပင်ကျော်လေးသည် ၁၉၇၁-၇၃ခုနှစ်တွင် ဘားအံမြို့နယ်၊ ဒုံရင်းရေတံခွန်မှာ “ကလိုးစေကလိုးထွန့်(ရွှေဖားစည်ငွေဖားစည်)”အမည်ရှိ ကရင်ဇာတ်ကို တည်ထောင်ခဲ့သည်။

၁၉၇၄ခုနှစ်တွင် ကော့ကရိတ်မြို့နယ်၌ ကရင်ဇာတ်ပညာကို လှည့်လည်သင်ကြားပေးခဲ့ပြီး ၁၉၇၆-၈၆ခုနှစ်၌ ၎င်းဒုံရင်းဒေသတွင် ကရင်အနုသုခုမ ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းဦးဆောင်ခဲ့သည့်နောက်ပိုင်း ၁၉၈၈ခုနှစ် ဖေဖော် ၀ါရီလ ၂၂ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

ကရင်အနုပညာရှင် ဇွဲကပင်ကျော်လေး ကွယ်လွန်ပြီးနောက် သူ ရေးသားခဲ့သည့် ကရင်သီချင်းနှင့် ဇာတ်ညွှန်းများ အုပ်ရေ (၅၀)နှင့် ကိုယ်တိုင်ရေး သေတမ်းစာတစ်စောင်လည်း ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စောညွန့်သောင်း (ကေအိုင်စီ)

Thursday, January 31, 2013

KNU ဖားအံခရိုင်မှ ၆၄နှစ်မြောက် ကရင်တော်လှန်ရေးနေ့ BGF တက်ရောက်ဆင်နွှဲ


ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇) ဌာနချုပ်နယ်မြေ၌ ယနေ့ကျင်း ပသည့် ၆၄နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားတွင် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင် ၅၀ခန့် တက်ရောက်ဆင်နွှဲခဲ့ သည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA မှ နယ်ခြားစောင့်တပ်သို့ ပြောင်းလဲခဲ့ ပြီးကတည်းက KNU နှစ်စဉ် ပြုလုပ်ကျင်းပသည့် ကရင့်တော်လှန်ရေးနေ့ကို နယ်ခြားစောင့်တပ်မှ ယခုလို ပထမဦးအကြိမ် တက် ရောက်ခဲ့ခြင်း ဖြစ်သည်။

ကရင့်တော်လှန်ရေး အခမ်းအနားတက်ရောက်ခဲ့သူ BGF (၁၀၁၅)တပ်ရင်းမှ (ဗိုလ်မှူး)စောမောင်လ၀ါက “ကရင့်တော်လှန်ရေး နေ့ကို အခုလို တက်ရောက်ဆင်နွှဲခွင့်ရတာ ပထမဦးဆုံး အကြိမ်ပါ။ နောက် ကိုယ့်လူထုတွေကို အခုလို စုံစုံညီညီတွေ့တော့ အရမ်းကို ၀မ်းသာပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ကရင်ပြည်သူလူထုများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တာဝန်ထမ်းဆောင်သွားရန် KNU နှင့်အ တူ သဘောထား တစ်ထပ်တည်းရှိကြောင်းလည်း အဆိုပါ BGF ဗိုလ်မှူးက ဖြည့်စွက်ပြောဆိုသည်။

အခမ်းအနားတက်ရောက်ခဲ့သူ ဘီးလင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက “ဒီနှစ်မှာတော့ အရင်နှစ်တွေလို မဟုတ်ပဲ အစိုးရတပ်ဖွဲ့ ၀င်ဖြစ်သွားတဲ့ BGF လည်း ဒီနေ့လိုပွဲမှာ တက်ရောက်တာတွေ့ရတော့ အရမ်းဝမ်းသာတယ်။ နောက်နှစ်ကျရင်လည်း ဒီလိုပဲ စုစု စည်းစည်းနဲ့ တွေ့ဆုံကြဖို့ မျှော်လင့်တယ်”ဟု ပြောသည်။

ထို့အပြင် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် KNU ဥက္ကဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး၊ ကာကွယ်ရေးဌာနတာဝန်ခံ ပဒိုစောရောဂျာခင်နှင့် စစ်ဘက်ဆိုင်ရာ တာ ၀န်ရှိသူများ အပါအ၀င် BGF တပ်ဖွဲ့ဝင်အချို့နှင့် ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်းများ၊ ကရင်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စသည့်လူထုပရိဿတ် ၁,၀၀၀ကျော် တက်ရောက်ခဲ့ကြသည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက “ကျနော်တို့ ကရင်လူမျိုးတွေဟာ စည်းလုံးညီညွတ်မှု မရှိခဲ့ကြလို့ တခြားလူမျိုးစုရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ နေထိုင်လာခဲ့ရတယ်။ ကရင်လူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်ရှိဖို့ ကရင်တမျိုးသား လုံးအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်တဲ့နေရာမှာ KNU မှာပဲ တာဝန်ရှိတာမျိုး မဟုတ်ပဲနဲ့ တမျိုးသားလုံး ပါဝင်လုပ်ဆောင် သွားစေချင်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။


လက်ရှိ မြန်မာနိုင်ငံတော်အစိုးရနှင့် KNU တို့အကြား ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားခဲ့ပြီး ဖြစ်သော်လည်း ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးအဆင့် ရောက်ရှိရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အခြားတိုင်းရင်းသား မဟာမိတ်အင် အားစုများနှင့် ပူးပေါင်းကာ နိုင်ငံရေးအဆင့်ရောက် ရှိသည်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဥက္ကဌ စောမူတူးစေး ဖိုးက ပြောကြားခဲ့သည်။

KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “ကရင်လူမျိုးတွေဟာ တိုက်ပွဲကိုလိုလားလို့ တော်လှန်ရေး စခဲ့ကြတာ မဟုတ်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှမှုတွေရှိဖို့ စတင်ခဲ့တာ။ ဒါကြောင့် ယနေ့ထိ ကရင်အမျိုးသားရေးအ တွက် အသက်၊ သွေး၊ ချွေးတွေနဲ့ ပေးဆပ်ခဲ့သူတွေကို ပြန်လည်သတိရပြီး နှစ်စဉ် ဂုဏ်ပြုခဲ့တဲ့နေ့ဖြစ်သလို ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကိုရောက်အောင်သွားကြဖို့ အားလုံး စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်သွားကြဖို့ လိုအပ်တယ်”ဟု ပြောသည်။

ယနေ့ ပြုလုပ်သည့် အခမ်းအနား၌ နံနက် ၇နာရီမှ နေ့လည် ၁၂နာရီအထိ ကျင်းပခဲ့ပြီး အခမ်းအနားတွင် စစ်ရေးပြခြင်း၊ စစ်ရေး ပြစစ်သည်များကို KNU စစ်ဦးစီးချုပ်မှ လိုက်လံစစ်ဆေးခြင်း၊ ကရင်အမျိုးသားအလံတော်ကို အလေးပြုခြင်းနှင့် ဒုံးယိမ်းကခြင်း စသည့်အစီအစဉ်များ ပါဝင်သည်။

အလားတူ ယနေ့ကျရောက်သည့် ၆၄နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ကို KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) ဌာနချုပ်အ ပြင် ကျန်တပ်ရင်း၊ တပ်မဟာများ၌လည်း အသီးသီး ကျင်းပခဲ့ကြရာ ကော့ကရိတ်မြို့နယ်၊ အူးကလေးခီးနေရာ၌ ပြုလုပ်သည့် တော်လှန်ရေးနေ့ အခမ်းအနားသို့ KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိပြီးနောက် ကရင်အမျိုးသားများသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖဆပလ အစိုးရထံသို့ နိုင်ငံရေးနည်းဖြင့် တောင်းဆို၍ မရရှိခဲ့သဖြင့် ၁၉၄၉ခုနှစ်၊ ဇန်န၀ါရီ လ ၃၁ရက်နေ့တွင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စတင်လာခဲ့ရာ ယခုအချိန်ထိ ဖြစ်သည်။

(ကေအိုင်စီ)

Monday, January 21, 2013

OKRSO ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံဘန်ကောက် သတင်းစာ (Bangkok Post)မှသတင်းထုတ်ပြန်ခြင်း


ကရင်သက္ကရာဇ် (၂၇၅၂)ခုနှစ် OKRSO ဘန်ကောက်မှ ကြီးမှူးကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံသတင်းစာ Bangkok post မှ ထိုင်းဘာသာဖြင့် သတင်းထုတ်ပြန်ခြင်းကို အောက်တွင် လေ့လာဖတ်ရှုနိုင်ပါသည်။။။






OKRSO ကရင်နှစ်သစ်ကူးပွဲအောင်မြင်စွာ ကျင်းပပြီးစီးခြင်း

ကရင်သက္ကရာဇ်(၂၇၅၂) ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ကရင်နှစ်သစ်ကူးပွဲအခမ်းအနားကို OKRSO မှကြီးမှူးပြီး ဇန်န၀ါ၇ီလ (၂၀)၂၀၁၂ခုနှစ်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ ခေါင်တိန်ဘုရားရှိခိုးကျောင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ယနေ့ ကျရောက်သော ၇၅ နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှဝိုင်းဝန်းကူညီပေးကြသော OKRSO ကော်မီတီဝင်များ KUSG ၊OKCG ,Dong Young မျိုးဆက်သစ်လူငယ်များနှင့်တစ်ခြားသော ကရင်လူငယ်အဖွဲ့ ဝင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းပထမဦးစွာမှတ်တမ်းတင်အပ်သည်။

အခမ်းအနားအစီအစဉ်အရ.......ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို အခမ်းအနားမှူးအဖြစ် ...စောထီ့ဝါးနှင့်နော်စကီတာဝင်းမှတာဝန်ယူပြီး
အစီအစဉ် (၁)ကရင်အမျိုးသားအလံတော်ကို အလေးပြုပြီးဖွင့်လှစ်ခြင်း
အစီအစဉ် (၂)ခါင်တိန်ဘုရားရှိခိုးကျောင်း တာဝန်ရှိ sister မှ အဖွင့်မိန့် ခွန်းပြောကြားခြင်း
အစီအစဉ် (၃)OKRSO နာယက မန်းမြင့်စိုးမှ ကရင်နှစ်သစ်ကူးမိန့် ခွန်းစကားပြောကြားခြင်း
အစီအစဉ် (၄)ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံကို အရှေ့ ပိုးကရင်ဘာသာဖြင့် တိက်ဖေါဟ်ကျော်မှဖတ်ကြားခြင်း
အစီအစဉ်(၅) KNU သ၀ဏ်လွှာကို မန်းဖေသန်းမှဖတ်ကြားခြင်း
အစီအစဉ် (၆)တတိယနိုင်ငံရောက် OKRSO အဖွဲ့ ဝင်ဟောင်းနှစ်သစ်သ၀ဏ်လွှာကို မန်းဆိင့်ပြင်မှဖတ်ကြားခြင်း
အစီအစဉ် (၇)ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ကြွရောက်လာသော Thai Lawyer Council မှ Mr.Surapong Jankongtuek နှစ်သစ်ကူးဝမ်းမြောက်ဖွယ် စကားပြောကြားခြင်း
အစီအစဉ် (၈)ကရင်အမျိုးသားနှစ်သစ်ကူးနှင့်ကောက်သစ်စားပွဲအကြောင်းကို နန်းဖေါင်အွာမှ အရှေ့ ပိုးကရင်ဘာသာဖြင့် ဖတ်ကြားခြင်း
အစီအစဉ်(၉)ကရင်အမျိုးသားနှစ်သစ်ကူးနှင့်ကောက်သစ်စားပွဲအကြောင်းကို စောထီ့ဝါးမှ ထိုင်းဘာသာဖြင့် ဖတ်ကြားခြင်း
အစီအစဉ် (၁၀) ကရင်အမျိုးသားနေ့ နှစ်သစ်ကူးနေ့ အခမ်းအနားအတွက်အဘက်ဘက်မှပံ့ပိုးကူညီပေးသော သူများအတွဲက် စရှိုင်းမှကျေးဇူးတင်စကားပြောကြားခြင်းနှင့်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း.....

အဲဒီနောက်မှာတော့ ကောက်သစ်စားပွဲအစီအဉ်တင်ဆက်မှုများကို ဆက်လက်ကျင်းပပြီးနေ့ လည် ၁၂း၃၀ တွင်မှာတော့ ကျွေးမွေးရေးအစီအစဉ်များဖြင့် ပထမပိုင်းအစီအစဉ်ပြီးဆုံးခြင်း.....

ကျွေးမွေးပွဲ ပြီးတဲ့နောက်တွင် ကရင့်ရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှုများနှင့် အားကစားအစီအစဉ်များ ဆက်လက်ကျင်းပပြီး အခမ်းအနားကို ညနေ ၄း၃၀ တွင် အောင်မြင်စွာရုတ်သိမ်းလိုက်ပါသည်....လှုပ်ရှားမှုဓာတ်ပုံများကို အောက်မှာ ဆက်လက်၇ှုရှားနိုင်ပါသည်။




























ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို လာရောက်ပါဝင်ယှဉ်နွဲကြသော မျိုးချစ်ကရင်အမျိုးသားများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။


OKRSO မိသားစု
ဘန်ကောက်