Sunday, November 22, 2009

UN Cares က မြန်မာ့ HIV/ AIDS အရေး ရုပ်ရှင်ရိုက်ကူးရန် ပြင်ဆင်


ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သော UN Cares က မြန်မာနိုင်ငံတွင်း HIV/ AIDS အခြေအနေကို ဗီဒီယို ရိုက်ကူးမည့် အစီအစဉ်အတွက် ယခု ဂျီနီဗာတွင် ဆွေးနွေးနေသည်။

“ပထမတော့ မြန်မာပြည်ထဲမှာ ရိုက်ကူးဖို့ပါ။ ပြဿနာက လာရိုက်မယ့်သူတွေ ဗီဇာ အခက်အခဲရှိနေပါတယ်”ဟု UN အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတဦးက ပြောသည်။

HIV/AIDS အရေးကိစ္စကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခြင်းမရှိသော မြန်မာစစ်အစိုးရက ယခုကဲ့သို့ UN အဖွဲ့အစည်းတခုကို ရုပ်ရှင်ရိုက်ကူးခွင့် ပြုမပြုကိုမူ မသိနိုင်သေးကြောင်း ၎င်းကပြောသည်။

၎င်း၏ပြောကြားချက်အရ အစည်းအဝေးကို ယခုလ (၁၇) ရက်နေ့မှစပြီး ဂျီနီဗာတွင် ပြုလုပ်နေသည်ဟု သိရသည်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာ မြန်မာ့ HIV အရေးဆောင်ရွက်နေသော်လည်း တနိုင်ငံလုံး လွှမ်းခြုံနိုင်ခြင်း မရှိသေးဘဲ ARV ဆေးဝါးပင် မလုံလောက်သေးသည် ကို တွေ့ရသည်။

မြန်မာစစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက တနိုင်ငံလုံး အတိုင်းအတာအရ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းအတွက် တနှစ်လျှင် အမေရိကန် ဒေါ်လာ (၂) သိန်းသာ သတ်မှတ်သုံးစွဲသည်ဟု ၂၀၀၈ ခုနှစ်၌ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ အပါအ၀င် HIV /AIDS အရေးလှုပ်ရှားသည့်အဖွဲ့များက ဖော်ပြသည်။

ယင်းသုံးစွဲမှုမှာ လူပေါင်းသန်း (၆၀) ခန့်ရှိ မြန်မာလူထုအတွက် နည်းပါးလွန်းသော ကျန်းမာရေး အသုံးစရိတ်ဖြစ်သည်ဟု ဝေဖန်ချက်များလည်း ထွက်ပေါ်ခဲ့သည်။

မေကျော်

ကလေးအခွင့်အရေး သူရဲကောင်းဆု နယ်လ်ဆင်မန်ဒဲလားနှင့်ဇနီး ရရှိ


ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာကလေးငယ် (၇) ထောင်ကျော်အပါအ၀င် နိုင်ငံတကာမှ ကလေး (၂၃) သန်းကျော်က ရွေးချယ်သည့် ပထမဦးဆုံးအကြိမ် “ဆယ်စုနှစ်အတွက် ကလေးအခွင့်အရေးသူရဲကောင်း” ဆုကို တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားနှင့် ဇနီးတို့က ရရှိသွားသည်။

အဆိုပါဆုနှင့်ပတ်သက်သည့် ကမ္ဘာ့ကလေးများ၏ နိုင်ငံတကာသတင်းစာရှင်းလင်းပွဲတရပ်ကိုလည်း ယနေ့ညနေ (၄) နာရီအချိန် တွင် ကမ္ဘာတ၀ှမ်းတွင် တပြိုင်တည်းကျင်းပခဲ့ကြသည်။

မဲပေးရာတွင်ပါဝင်ခဲ့ကြသည့် မြန်မာရွှေ့ပြောင်း ကျောင်းများကလည်း မဲပေးခဲ့သည့် ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံတွင် ကလေးအခွင့်အရေး ချိုးဖေါက်ခံရမှုများကို ထိုင်းနယ်စပ်ရှိ မယ်တော်ဆေးခန်းတွင် ရှင်းလင်းပြောကြားခဲ့ကြသည်။

မဲဆောက် (CDC) ကျောင်းမှ မောင်ရဲလင်းအောင်က “ကလေးအခွင့်အရေး ချိုးဖေါက်ခံရတဲ့အထဲမှာ အဆိုးဆုံးကတော့ ကလေးစစ်သားလို့ ကျနော်ယူဆပါတယ်၊ ကမ္ဘာပေါ်မှာ ကလေးအခွင့်အရေး ချိုးဖေါက်ခံရတာ အများဆုံးကတော့ ကလေးစစ်သားဆိုတာ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ပါပဲ၊ ကလေးတွေဒီလိုမဖြစ်ရအောင် ကြိုးပမ်းကြဖို့ အားလုံးမှာ တာဝန်ရှိပါတယ်” ဟုရှင်းလင်းပြောကြားခဲ့သည်။

လှည်းဘီးကျောင်းမှ ကျောင်းသူတဦးကလည်း လက်ရှိမြန်မာကလေးငယ်များ ပြည်တွင်းပြည်ပတွင် ကြုံတွေ့နေရသည့် ကလေးအခွင့်အရေး ချိုးဖေါက်ခံရမှုများကိုလည်း အကိုးအကားများဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

ကလေးများ အခွင့်အရေးအတွက် ကမ္ဘာ့ကလေးများက ပေးအပ်သည့်ဆုကို နိုင်ငံပေါင်း (၁၀၁) နိုင်ငံရှိ ကျောင်းပေါင်း (၅၃၀၀၀) မှ ကလေး (၂၃) သန်းက ပိုင်ဆိုင်သည့်ဆုဖြစ်ပြီး အဆိုပါ ကျောင်းများထဲတွင် မြန်မာကျောင်း (၆၈) ကျောင်းမှ ကလေးငယ်
(၈၂၈၃) ဦး ပါရှိသည်။

၎င်းမြန်မာကျောင်းသားများထဲမှ (၇၀၅၈) ဦးသည် မဲဆောက်ဒေသရှိ ရွှေ့ပြောင်းမြန်မာကလေးငယ်များ၊ ကျောင်းအသီးသီးမှ ဖြစ်ပြီး ကလေးအခွင့်အရေးသူရဲကောင်း ရွေးချယ်ရာတွင် ပါဝင်ခဲ့ကြသည်။

ဆုရွေးချယ်မှုကို ဆွီဒင်နိုင်ငံအခြေစိုက် ကလေးများ အခွင့်အရေးနှင့်သက်ဆိုင်သည့် ဆုရွေးချယ်ရေးအဖွဲ့က ကမကထပြု၍
၁၉၉၉ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နယ်ဆင်မန်ဒဲလား အပါအ၀င် နိုင်ငံတကာမှ ကလေးအခွင့်အရေးများ ကူညီဆောင်ရွက်သူ (၁၃) ဦးတို့ကို ဆုအတွက် လျာထားခဲ့သည်။


ခေတ်ပြိုင်မှကိုးကားယူသည်..

၂၀၁၀ အမီ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်နိုင်ဟု အိုင်တီလောက သုံးသပ်

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတကာနှင့် အင်တာနက် ချိတ်ဆက်အသုံးပြုမှုကို မြန်မာဘာသာသုံး အခမဲ့အီးမေးလ်စနစ်ဖြင့် စစ်အစိုးရက ပိတ်ပင်နိုင်သည်ဟု အိုင်တီပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။

မြန်မာဘာသာသုံး အီးမေးလ်စနစ်ကို စစ်အစိုးရ၏ ရတနာပုံတယ်လီပို့က တည်ဆောက်နေပြီး ပြည်တွင်း Bandwith ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း ဖော်ပြသည့် ပြည်တွင်းထုတ် Flower News ဂျာနယ်သတင်းကို ကိုးကားပြီး သုံးသပ်ကြခြင်း ဖြစ်သည်။

“ပြည်တွင်း Bandwith ဆိုရင်တော့ အင်ထရာနက် သဘောမျိုးလုပ်တာပဲ။ အင်ထရာလို့ပဲ ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အီးမေးလ်ကို မြန်မာလိုသုံးဖို့ဆိုတာက တော်တော်တော့ မလွယ်ဘူးလေ။ ဥပမာ နိုင်ငံခြားသားကို မြန်မာလိုပို့လိုက်မယ်ဆိုလို့ ရမလား။ သူပြောတာဆို ပြည်တွင်းသုံး အင်ထရာနက်သဘောဖြစ်ဖို့ များတယ်” ဟု ပြည်တွင်း အိုင်တီပညာရှင်တဦးက ပြောသည်။

လက်ရှိ အနေအထားအရလည်း ပြည်တွင်းစာပို့မှုအတွက် အင်တာနက် အီးမေးလ်ကို အသုံးပြုခြင်းထက် နိုင်ငံတကာနှင့် ဆက်သွယ်ရေးအတွက် ပိုမိုအသုံးပြုနေကြခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကမူ နိုင်ငံတကာနှင့် ချိတ်ဆက်သည့် အင်တာနက်မြန်နှုန်း (၁.၅) ဂီဂါဘိုက်သာရှိသဖြင့် ပြည်တွင်းစာပို့အသုံးပြုမှုကို ပြည်တွင်း Bandwith ခွဲခြားအသုံးပြုခြင်းဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်အသုံးပြုသည့် အင်တာနက် မြန်နှုန်းမြင့်လာမည်ဟု အကြောင်းပြပြောဆိုထားသည်။

ပြည်တွင်း Bandwith ဖြင့် အင်ထရာနက်အဖြစ် လုပ်ဆောင်လိုက်ပါက အများပြည်သူအတွင်း သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်ခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်လာမည်ဟု ခန့်မှန်းကြသည်။

စင်ကာပူအခြေစိုက် မြန်မာ အိုင်တီပညာရှင်တဦးကမူ “အင်တာနက်ပဲ လွတ်လွတ်လပ်လပ် ဖြစ်သင့်တယ်။ အခုက သူတို့က မြန်တာ နှေးတာထက် သူတို့ များများ control လုပ်နိုင်မှာကို ရည်ရွယ်တာပါ။ သူတို့ လူတွေကို အင်တာနက် မြန်မြန်ဆန်ဆန် သုံးစေချင်တဲ့ စေတနာရှိမယ်လို့ ထင်သလား” ဟု ဆိုသည်။

အင်ထရာနက်စနစ်ကို ယခင်ပုဂံဆိုက်ဘာတက်ခ် စတင်ကာစက Mail4u အဖြစ် အသုံးပြုခဲ့ဖူးပြီး ၀င်လာသည့်စာများကို စစ်ဆေးကြပ်မတ်ခဲ့သည်။

အင်ထရာနက်စနစ်က ချိတ်ဆက်ထားသော network အတွင်းသာ အသုံးပြုနိုင်ပြီး ပုဂ္ဂလိကလုပ်ငန်းများတွင် အသုံးပြုသော စနစ်တခုဖြစ်သည်။ အင်တာနက်ကဲ့သို့ ကမ္ဘာတလွှား ချိတ်ဆက်နိုင်မည်မဟုတ်ဘဲ ယင်းစနစ် ချိတ်ဆက်ထားသည့် ဒေသတွင်းသာ အသုံးပြုနိုင်မည်ဖြစ်သည်။

“အီးမေးလ်လည်းရတယ်။ ပြီးတော့ customized software တွေလည်းပါတယ်၊ နက်ဝေါ့ခ်အတွင်းမှာ ဘယ်သူသုံးသုံးရတယ်။ အပြင်ကတော့ ၀င်လို့ရဘူး။ အီးမေးလ်တွေကအစ အကုန် filter ရှိပြီးသား” ဟု အိုင်တီပညာရှင်က ပြောသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်း ဦးဆောင်အကောင်အထည်ဖော်နေသည့် ရတနာပုံ ဆိုက်ဘာစီးတီးက လာမည့် ဒီဇင်ဘာ (၂၄) ရက်တွင် ပြုလုပ်မည့် အိုင်စီတီပြပွဲတွင် ယင်း မြန်မာစာစနစ်သုံး အီးမေးလ်စနစ်ကို စတင်မိတ်ဆက်မည်ဟု ဆိုသည်။

စစ်အစိုးရက ယခုလက်ရှိ အင်တာနက် စာပို့စနစ်ကို တရားဝင်ခွင့်ပြုထားခြင်းမဟုတ်ဘဲ အသုံးပြုသူများမှာ အီလက်ထရောနစ် အက်ဥပဒေနှင့် ငြိစွန်းနေသည်။


ခေတ်ပြိုင်မှကိုးကားယူသည်....

Wednesday, November 18, 2009

*မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ*


မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။

မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။

မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ

နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာ မို့လဲ။

လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့ အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ် ရပါမယ်။

ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။

ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။

ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။

ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။

လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ) ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။

ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ မဖြစ်စေရ ပါဘူး။

ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။

ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။

မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။

ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။ သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။

ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါအများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။

အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။

သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။

အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။

ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။

ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။

သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။

ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။

ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။

ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။

တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ ပါဘူး။

ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်း ရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။

မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။




နအဖ စကခ(၅)မှူး ခင်မောင်ဆင့် ကရင်အမျိုးသမီး နှင့် လူထုအပေါ် ယုတ်မာနေ။


၁၇၊ ၁၁၊ ၂၀၀၉

ကရင်ပြည်နယ် သံတောင်မြို့ နယ် ဘောဂလိကြီးတွင် အခြေချသော နအဖ စကခ(၅)မှူး ခင်မောင်ဆင့် သည် ၃၊ ၁၁၊ ၂၀၀၉ ရက်နေ့ မနက်ခင်းပိုင်းတွင် ဘောဂလိရွာ တွင်းသို့ ဆင်းလာပြီး ရွာရှိ နော်စိုးစိုးနှင့် နော်မူကလဲမူ တို့ ၏မုန့် ဟင်းခါးဆိုင်တွင် နေပြီး ရွာသားများကို တနေကုန် အရက်တောင်း သောက်ခဲ့ပါသည်။ တနေကုန်အရက်သောက်ပြီး ညနေ (၈)နာရီ စခန်းသို့ ပြန်ချိန်တွင် ရွာသူ နော်စိုးစိုးနှင့် နော်မူကလဲမူ တို့ နှစ်ဦးအား သူနှင့်အတူ တပ်စခန်းသို့ လိုက်ရာခေါ်ပါသည်။ နော်စိုးစိုးနှင့် နော်မူကလဲမူ တို့ ကလည်းကြောက်ရွံ့ ပြီးထွက်ပြေးပုန်းအောင်းနေရပါသည်။

သြဂုတ်လ ၂၀၀၉ တွင် စကခ(၅)မှူး ခင်မောင်ဆင့် မုဒိန်းကျင့်ခဲ့သော ကရင်အမျိုးသမီး(ဓါတ်ပုံ-FBR)

တဖန် စကခ(၅)မှူး ခင်မောင်ဆင့်က ဘောဂလိ ရွာသူလူကြီးတွေခေါ် ပြီး ထိုအမျိုးသမီးနှစ်ဦးကို မတွေ့ တွေ့ အောင်ရှာဖွေခိုင်းပါသည်။ ကျေးရွာလူကြီးမှ ရှာဖွေ၍ မတွေ့ ရှိသောအခါ ခင်မောင်ဆင့်က ဒေါသထွက်ပြီး သေနတ်တချက်ပစ်ဖေါက်ကာ ရွာရှိအမျိုးသမီးကြီး နော်ပရူးအား အကြပ်ကိုင်ဖမ်းဆီး ကာ ထွက်ပြေးပုန်းအောင်းနေသော ရွာသူနှစ်ဦးကို မတွေ့ တွေ့ အောင် ရှာခိုင်းပြန်ပါသည်။ ဆက်လက်ပြီး ခင်မောင်ဆင့်က ထိုသူနှစ်ဦးကို မတွေ့ ရင် နော်ပရူး ကိုယ်တိုင် ထိုသူနှစ်ဦး၏ နေရာ အစားထိုး တပ်စခန်းတွင် သွားနေရမည်ဟု ခြိမ်းခြောက်ပြောဆိုပါသည်။

၉၊ ၁၁၊ ၂၀၀၉ ရက်နေ့ တွင်လည်း ဘောဂလိရွာသား စောမောင်ကြီး၏ ကားကို ချောဆွဲကာ ဘူဒိုဇာ လမ်းဖောက်စက်၏ ရှေ့ တွင် မိုင်းရှင်းကရိယာအဖြစ် ဘောဂလိမှ ကော်သဲ့ဒိုး ရွာသို့ သွားခိုင်းပါသည်။ တဖန် ၁၀၊ ၁၁၊ ၂၀၀၉ ရက်နေ့ တွင် ကော်သဲ့ဒိုး ရွာသားလေးဦးကို အတင်းအဓ္ဒမဖမ်းဆီးကာ ဘူဒိုဇာ လမ်းဖေါက်စက် ရှေ့ တွင် လူသား မိုင်းရှင်းကရိယာအဖြစ် သွားခိုင်းပြန်ပါသည်။

ညောင်လေးပင်ခရိုင် ဒေသတွင်လည်း နအဖ စစ်တပ်များက ရွာသားများ၏ တောင်ယာစပါးခင်းများ ကို ၀င်ရောက်ဖျက်စီးပါသည်။ အဖျက်စီးခံရသော စပါးခင်းများမှာ လိုကလါး နယ် တောင်ယာ ၂၃ ခင်း၊ ထီးလိုဘောထာနယ် တောင်ယာ ၄ ခင်း၊ စော်ခါဒါးနယ် တောင်ယာ ၅ ခင်း၊ သည့်ပြင် စောဘီးဘေ စောဖလါးအယ်မွီ၊ စောတာမွေ့ တို့ ၏အိမ်များ ဖျက်စီးခံရပါသည်။ သည့်ပြင်ထိုအရပ်ဒေသရှိ ရွာများဖြစ်သော လိုကလါးဒါးနယ် အယောက်(၃၀)၊ ထီးလိုဘောထာ အယောက်(၂၀)၊ စောခါဒါး (၁၀)ယောက် တို့ သည် အပူချိန်တက်အဖျားရောဂါ၊ အသါးဝါ၊ ၀မ်းရောဂါ စသည့်တို့  ကိုရင်ဆိုင်ခံစားနေရသည် ဟုသတင်းရရှိပါသည်။
FBR သတင်းတွင်လည်း စကခ(၅)မှူး ခင်မောင်ဆင့်သည် ဘောကဂလိကြီးတွင် ကရင်အမျိုးသမီး နှစ်ဦးကို သြဂုတ်လ ၁၈ ရက်နေ့ တွင်လည်း မုဒိန်းကျင့်ခဲ့သည်ဟု ဖေါ်ပြထားပါသည်။




လယ်မြေ သိမ်းပိုက်ခံရမှုအတွက် မင်းလှလယ်သမားများ လမ်းပြကြယ်အဖွဲ့ကို အကူအညီတောင်း

မင်းနိုင်သူ / ၁၈ နိုဝင်ဘာ ၂၀၀၉

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၅) စုမှ လယ်ယာမြေများ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ပဲခူးလမ်းပြကြယ်အဖွဲ့ကို အကူအညီတောင်းခံထားကြောင်း ဒေသခံလယ်သမားများက ပြောသည်။

“ကျနော်တို့ လယ်မြေတွေကို ရယူပြီး လုပ်နေတဲ့ ပုဂ္ဂလိက ငါးကန်လုပ်ငန်းကို ဖယ်ရှားပြီး ကျနော်တို့ရဲ့ အမည်ပေါက် လယ်မြေတွေကို ပြန်လည်လုပ်ကိုင်ခွင့်ရရေးအတွက် အကူအညီပေးဖို့ တင်ပြထားပါတယ်” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

မင်းလှမြို့နယ်ရှိ ကျေးရွာ (၅၀) ကျော် ပါဝင်သည့် ကျေးရွာအုပ်စု (၁၅) စုမှ လယ်မြေဧက (၈၀၀) ကျော်ကို လက်ပံတန်းမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးစံမင်းက ၂၀၀၄ ခုနှစ်အတွင်း မြင်က၀- ကျောက်အိုင် မြစ်ရေကာတာကျိုးပေါက်ပျက်စီးမှုကို ပြုပြင်ပေးရစဉ် နိုင်ငံပိုင် စက်ယန္တရားကြီး (၂) စီးဖြင့် ညအချိန်တွင် ဒေသခံလယ်သမားများ၏ လယ်ယာမြေများပေါ်၌ ငါးမွေးကန်တူးဖော်သွားခဲ့သည်ဟု ဒေသခံလယ်သမားများက ပြောသည်။

ထိုကဲ့သို့ ငါးကန်တူးဖော်ခဲ့သည့်အပြင် ဒေသခံလယ်သမားများ၏ လယ်မြေပြေစာခွန်များကို ၂၀၀၆-၂၀၀၇ တွင် မြို့နယ်မြေစာရင်းရုံးမှ ဖျောက်ဖျက်ခဲ့ပြီး ၂၀၀၇-၂၀၀၈ တွင် ဦးစံမင်း၏ ငါးကန်ဧရိယာအားလုံးကို တဦးတည်း အမည်ပေါက်အဖြစ် မြို့နယ်မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးခဲ့သည်ဟုလည်း ဒေသခံလယ်သမားများက ပြောသည်။

အဆိုပါလယ်မြေများ မတရားဖျက်ဆီးသိမ်းပိုက်ခြင်းခံရသည့် ကိစ္စကို လက်ပံတန်းမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာနေ ဦးကြွယ်ထွဋ်က နစ်နာရသည့် လယ်သမားများကို ဦးဆောင်ကာ (၂၃-၃-၂၀၀၄) ရက်တွင် နိုင်ငံအကြီးအကဲများထံ တိုင်ကြားခဲ့ရာ ဒေသခံလယ်သမားများနှင့် အစိုးရ၀န်ထမ်းအချို့ကို ခေါ်ယူစစ်မေးခဲ့ပြီး ဦးစံမင်းကို လက်ပံတန်းမြို့နယ် ဆည်မြောင်းမှ နတ္တလင်းမြို့သို့ ပြောင်းရွှေ့ပေးခဲ့ရုံမျှသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသခံလယ်သမားများအနေဖြင့် မိမိလယ်မြေ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးကိုသာ လိုလားကြသည်ဖြစ်ရာ အသိမ်းခံရစဉ်မှစ၍ နှစ်စဉ် နိုင်ငံ့အကြီးအကဲများထံ တိုင်ကြားနေခဲ့ရာ ၂၀၀၇ ခုနှစ်အတွင်း ဦးဆောင်တိုင်ကြားသူ လယ်သမား ဦးကြွယ်ထွဋ်ကို ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦးက ခေါ်ယူတွေ့ဆုံခဲ့သော်လည်း အကြောင်းမထူးခဲ့ကြောင်း၊ (၂၇-၄-၂၀၀၉) ရက်တွင်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဒေသခံလယ်သမားများကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြန်သော်လည်း အကြောင်းမထူးသဖြင့် (၂၈-၁၀-၂၀၀၉) ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ထပ်မံစာပို့တောင်းဆိုထားသည့်အပြင် လမ်းပြကြယ်အဖွဲ့ကိုလည်း အကူအညီတောင်းခံလိုက်ခြင်းဖြစ်ကြောင်း ဒေသခံလယ်သမားများက ပြောသည်။

အဆိုပါ လယ်မြေသိမ်းပိုက်ခံထားရမှုနှင့် စပ်လျဉ်း၍ ပဲခူးလမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က “ပန်းဇံတူးမြောင်းကို ပိတ်ပြီး ငါးကန်ဖော်သွားတာ။ အဲဒီအနီးတ၀ိုက်က လယ်တွေ အကုန်ပါတာပေါ့။ ကျေးရွာ (၅၀) ကျော်က အိမ်ထောင်စုပေါင်း (၂၀၀) ကျော်လောက် နစ်နာနေကြရတာ။ အချက်အလက်တွေ အားလုံးစုဆောင်းထားပြီးပါပြီ။ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောသည်။

ပဲခူးလမ်းပြကြယ်အဖွဲ့အနေဖြင့် ကလေးစစ်သားသွပ်သွင်းခံရမှု၊ တောင်သူလယ်သမားများ မတရားပြုကျင့်ခံရမှုများကို
၂၀၀၆ ခုနှစ်မှ စတင်ကာ ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတွင် လယ်ယာမြေသိမ်းပိုက်မှုများ ရှိနေဆဲဖြစ်ပြီး ၂၀၀၇ ခုနှစ်အတွင်း အောင်လံမြို့နယ်အတွင်းရှိ လယ်မြေများကို သကြားစက်ရုံမြေနေရာအတွက် အစိုးရက သိမ်းပိုက်ခဲ့သည့်အမှုသည် နာမည်ကြီးခဲ့သည်။

အဆိုပါအမှုကို အိုင်အယ်လ်အိုက ကူညီဖြေရှင်းပေးခဲ့သဖြင့် လယ်မြေများကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိုင်ကြားသူလယ်သမား (၁၂) ဦးမှာ အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းခံကြရသည်။

“အိုင်အယ်လ်အိုနဲ့ အစိုးရနဲ့အကြားက နားလည်မှုစာချွန်လွှာကို ကောင်းကောင်း သဘောပေါက်ဖို့လိုတယ်။ အိုင်အယ်လ်အို အနေနဲ့က အဓိက ဖြေရှင်းပေးနိုင်တာက ကလေးစစ်သားစုဆောင်းမှုနဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ ကိစ္စတွေက ဥပဒေအကြောင်းကို သေချာနားလည်ထားပြီး ဥပဒေဘောင်ထဲ ၀င်လာအောင် တင်ပြပေးနိုင်ရတယ်။ ဒါမှသာ အောင်မြင်နိုင်မယ်” ဟု ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။


တိဘက်အရေး ဖြေရှင်းဖို့ တရုတ်ကို အိုဘားမား တိုက်တွန်း



17 November 2009

Presidents Barack Obama (r) and Hu Jintao in the Great Hall of the People in Beijing, 17 Nov 2009
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (ယာ) နှင့် တရုတ်သမ္မတ ဟူဂျင်တောင်း တို့အား ဘေဂျင်း ပြည်သူ့ခန်းမဆောင်တွင် အတူတွေ့ရစဉ်။ နိုဝင်ဘာ ၁၇၊ ၂၀၀၉။
တရုတ်နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် သမ္မတ အိုဘားမား (Obama) နဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) တို့ဟာ ဘေဂျင်းမြို့တော်မှာ နာရီအတော်ကြာ ဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးကအစ နျူကလီးယားလက်နက် မပြန့်ပွားရေးနဲ့ ရာသီဥတု ပြောင်းလဲမှုအဆုံး ကိစ္စမျိုးစုံမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ထပ်ပြီး ကတိပြုခဲ့ကြပါတယ်။

၂၁ ရာစုမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု အခက်အခဲကြီးတွေ အားလုံးဟာ နှစ်နိုင်ငံစလုံးကို ရိုက်ခတ်မှု ရှိစေတယ်လို့ စည်းဝေးပွဲအပြီး သတင်းထောက်တွေကို ရှင်းလင်းပြောကြားတော့ မစ္စတာအိုဘားမားက သတိပေး ပြောကြားသွားပါတယ်။

သူတို့ဆွေးနွေးပွဲကနေ ဘာမှ ထူးထူးခြားခြား ထွက်ပေါ်မလာပေမဲ့ လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာအိုဘားမားက ပြောသွားသလို တရုတ်အစိုးရအနေနဲ့ သူတို့ ငွေကြေးတန်ဖိုး တက်လာတာကို ခွင့်ပြုဖို့ ဖိအားပေးသွားပါတယ်။

အထူးသဖြင့် တိဘက်ဒေသနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားက ပြောသွားပြီး တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်း လားမား (Dalai Lama) နဲ့ အမြန်ဆုံး ပြောဆိုဆွေးနွေးမှုလုပ်ဖို့ တရုတ်ကို တိုက်တွန်းသွားပါတယ်။ စိန်ခေါ် အကဲစမ်းမှုတွေကို တနိုင်ငံတည်းကပဲ ကိုင်တွယ်ဖြေရှင်းလို့ မရဘူးလို့လည်း သူက ဆိုပါတယ်။

ဒီဆွေးနွေးပွဲက အကျိုးများစေခဲ့ပါတယ်လို့ မစ္စတာဟူက ပြောပြီး သူ့အခေါ် နှစ်နိုင်ငံအတွက် ဘုံစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်တယ်လို့ အလေးပေး ပြောသွားပါတယ်။

ကမ္ဘာ့စီးပွားရေး နာလန်ထူရေး ထောက်ပံ့လုပ်ဆောင်ဖို့နဲ့ အနာဂတ်မှာ စီးပွားရေး ဆုတ်ယုတ်မှုနဲ့ ထပ်ပြီး မကြုံရအောင် လုပ်ဆောင်ဖို့ လက်တွဲလုပ်ကိုင်ကြရမယ်လို့ ခေါင်းဆောင် ၂ ဦးက ပြောသွားခဲ့ပါတယ်။




အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ တတိယ



17 November 2009

စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တတိယမြောက် အဂတိ အလိုက်စားဆုံး နိုင်ငံအဖြစ်နဲ့ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ Transparency International က အင်္ဂါနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်ပါတယ်။

ကမ္ဘာပေါ်က တည်ငြိမ်မှု ကင်းမဲ့တဲ့၊ မငြိမ်းချမ်းတဲ့ ဆိုမာလီနိုင်ငံနဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တူညီနေတယ်လို့ TI အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။ ဆိုမာလီနိုင်ငံဟာ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံကိုတော့ ဒုတိယအဆင့်မှာ သတ်မှတ်ထားပါတယ်။

ကမ္ဘာ့ အဂတိအလိုက်စားဆုံး နိုင်ငံကို သတ်မှတ်ရာမှာ အမှတ် ၁.၁ ကနေ ၁၀ အထိ ပေးထားပြီး ဒုတိယ အဆိုးဝါးဆုံး အာဖဂန်နစ္စတန်နိုင်ငံကို ၁.၃ အဖြစ် သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံက ၁.၄ ရှိပြီး စတုတ္ထနှစ်နိုင်ငံက ဆူဒန်နဲ့ အီရတ်နိုင်ငံဖြစ်ပြီး ၁.၅ အဆင့်မှာ ရှိနေပါတယ်။

၂၀၀၈ ခုနှစ်အတွင်း အာရှတိုက်တလွှားမှာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မှုနဲ့ နိုင်ငံရေး ပြောင်းလဲမှုဒဏ်ကို ခံရတာကြောင့် နိုင်ငံအများအပြားမှာ အဂတိလိုက်စားမှုတွေ တိုးလာတယ်လို့လည်း TI အဖွဲ့က ပြောပါတယ်။

စာရင်းဝင်နိုင်ငံပေါင်း ၁၈၀ ထဲမှာ ကမ္ဘောဒီးယား၊ လာအို၊ အရှေ့တီမောနဲ့ ဗီယက်နမ် နိုင်ငံတွေဟာ အောက်ဆုံးအဆင့်တွေမှာ နေရာယူထားပါတယ်။ ဒီအထဲမှာ အင်ဒိုနီးရှားနိုင်ငံကတော့ တိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကလည်း အရာရှိတွေနဲ့ ၀န်ကြီးအဆင့် အဂတိလိုက်စားမှုတွေကို နှိပ်ကွပ်ဖို့ ကြိုးစားခဲ့ပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် အဂတိလိုက်စားမှုတွေ ရှိနေသေးတယ်လို့ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ကြီးက ပြောပါတယ်။




ပုသိမ်သင်္ဘော တိမ်းမှောက်ရာမှာ အလောင်း ၃၃ လောင်း ရှာတွေ့



17 November 2009

ဧရာဝတီတိုင်း ပုသိမ်မြို့အနီး ခရီးသည်တင်သင်္ဘော တိမ်းမှောက်ရာ သေဆုံးခဲ့တဲ့ အလောင်း ၃၃ လောင်းကို ရှာဖွေတွေ့ရှိထားပြီး ပိုင်ရှင်မဲ့ အလောင်းတွေကိုတော့ ဒီကနေ့ သဂြုင်္ိဟ်ခဲ့ပါတယ်။ ဒီလို တိမ်းမှောက်တာဟာ ရေကြောင်းလုရင်း တိုက်မိတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ အာဏာပိုင်တွေကတော့ အတည်မပြုသေးပါဘူး။ သင်္ဘောတိမ်းမှောက်တာနဲ့ ပတ်သက်ပြီး နောက်ဆုံးသိရှိရတဲ့ အခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ပုသိမ်မြို့ကနေ သက္ကယ်သောင်ရွာကိုသွားတဲ့ နေမျိုးထွန်းကြီးခေါ် ခရီးသည်တင် သင်္ဘောဟာ ဆီတင်ကုန်သင်္ဘောနဲ့ ရှမ်းငူရွာအနီးမှာ တနင်္ဂနွေနေ့ ည ၈ နာရီ လောက်က တိုက်မိပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောချင်း တိုက်မိချိန်မှာ နေမျိုးထွန်းကြီးခေါ် ခရီးသည်တင် သင်္ဘောပေါ်မှာ ခရီးသည် ၁၇၀ ကျော် ပါဝင်ခဲ့ပြီး ယနေ့အထိတော့ သေဆုံးသူ ၃၃ ယောက်ရဲ့ အလောင်းတွေကို ရှာတွေ့ထားပြီလို့ ပုသိမ်မြို့ခံတယောက်က ပြောပါတယ်။

“မနေ့က ညနေအထိက ၃၃ လောင်းရပြီ၊ မနေ့က ည ၈ နာရီအထိက။ မနေ့ကညနေ တွေ့တာက မိန်းမ ၂ ယောက်၊ ယောက်ျားတယောက်။ နောက်တခါတွေ့တာက ယောက်ျား ၈ ယောက်၊ မိန်းမ ၂၃ ယောက်။ ယောက်ျား ၉ ယောက်ပေါ့။ ၃၃ လောင်းပေါ့၊ မနေ့ညအထိ တွေ့ထားတာ။ ငပုတောမြို့နယ် ရဲတပ်ဖွဲ့မှူးကတော် တယောက် အဲဒီထဲမှာ ပါတယ်။ ရဲသားသမီး တယောက် နှစ်ယောက် ပါတယ်။ ကျန်တဲ့လူတွေက ကျုံပျော်၊ ဟင်္သာတဘက်က အလုပ်သမားတွေ များတယ်။ ဆားလုပ်ငန်းခွင် ၀င်ဖို့ သွားတဲ့သူရယ်၊ ကောက်ရိတ်မယ့် လူရယ်။”

သင်္ဘောချင်း တိုက်မိပြီးတဲ့နောက်မှာ အနီးအနားက ရွာသားတွေက ကယ်တင်ခဲ့တာကြောင့် လူ ၁၂၀ ကျော်လောက် ရှမ်းငူရွာကို ရောက်ရှိလာခဲ့ပြီး လူ ၄၀ ကျော် ပျောက်ဆုံးနေခဲ့ပါတယ်။

လက်ရှိ ရရှိထားတဲ့ အလောင်းတွေဟာ နစ်မြုပ်သွားတဲ့ သင်္ဘောအတွင်းက ဆယ်ယူထားတာဖြစ်ပြီး မြစ်ထဲ မျောပါသွားသူတွေလည်း ကျန်ရှိနေနိုင်သေးတယ်လို့ ပုသိမ်မြို့ခံက ပြောပါတယ်။ ဆယ်ယူရရှိတဲ့ အလောင်းတွေထဲက ဆွေမျိုးသားချင်းတွေ လာမယူတဲ့ အလောင်းတွေကို ဒီကနေ့ ရှမ်းငူရွာ သုသာန်မှာ သဂြုင်္ိဟ်မှာ ဖြစ်ပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ပုသိမ်ဆိပ်ကမ်းက ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ ဒီနေ့အထိ အလောင်း ၃၀ ကျော် ရရှိတယ်ဆိုတာကို အတည်ပြုပေမဲ့ အတိအကျတော့ မပြောပါဘူး။

တနင်္ဂနွေနေ့ညက သင်္ဘောချင်း တိုက်မိတဲ့ အခြေအနေကိုတော့ ပုသိမ်မြို့ခံက အခုလို ဆက်ပြောပြပါတယ်။

“ဒီနေရာ သင်္ဘောတိုက်သွားတဲ့ နေရာက သောင်တွေရှိတယ်ဗျ။ သောင်ကို ကွေ့ရှောင်ရင်းနဲ့ လမ်းလုရင်းနဲ့ တိုက်တဲ့သဘောဗျ။ ၀ဲပြန်တွေရှိတယ်၊ သောင်တွေရှိတယ်။ အဲဒီမှာ ပတ် ပက်မောင်းရင်း ဟိုဘက်ကလည်းလု၊ ဒီဘက်ကလည်း လုရင်း တိုက်ထည့်လိုက်တာဗျ။ မီးပါတယ် ပြောတယ်။ မီးပါလျက်သားနဲ့ကို လမ်းလုတာ သူတို့တွေက။ နှစ်ဘက်စလုံး သွားနေတဲ့ သင်္ဘောပဲ။ ဟိုဘက်ကလည်း ကျောက်ချထားတယ်ဆိုတာ မဟုတ်ဘူး။ သွားနေတာ။ ဟိုဘက်လည်း မောင်းတယ်၊ ဒီဘက်လည်း မောင်းတယ်။ ပြိုင်မောင်းနေကြတာ၊ မျက်နှာချင်းဆိုင် မောင်းနေတာ။”

အခုလို သင်္ဘောတိုက်တာနဲ့ ပတ်သက်ပြီး ပုသိမ်ဆိပ်ကမ်း အာဏာပိုင်တွေကို မေးမြန်းကြည့်တဲ့ အခါမှာတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ အခုအခါမှာတော့ ပုသိမ်မြို့က အာဏာပိုင်တွေက ခရီးသည်တင် သင်္ဘောတွေ ညဘက်သွားလာတာကို ပိတ်ပင်ထားပါတယ်။




အမှတ်(၃)တပ်ရင်းမှူးစေားလေးဝါးအား K.P.F တပ်ဖွဲ့မှ ထုတ်ပယ်


ကောင်းဝါသတင်းဌာန၊

K.P.F ခေါ်ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရောအထူးဒေသ)ဌာနချုပ်မှ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အခြေစိုက် အမှတ်(၃) တပ်ရင်းမှူး ဗိုလ်မှူးစောလေးဝါးအား တာဝန်နှင့်ညွှန်ကြားချက်များ အပေါ် လိုက် နာရန်ပျက်ကွက်မူ၊ အကြိမ်ကြိမ်သတိပေးသော်လည်း လိုက်နာ ခြင်းမရှိသည့်အတွက် K.P.Fတပ်ဖွဲ့မှ ထုတ်ပယ်လိုက် ကြောင်း နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ဥက္ကဌစောသ မူဟဲ ကိုယ်တိုင် လက်မှတ်ရေးထိုး၍ အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးစောလေးဝါးကို ထုတ်ပယ်ရခြင်းအကြောင်းအသေးစိတ် တိတိကျကျ ဖေါ်ပြခြင်းမရှိသော်လည်း ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက်နေ့တွင် ၄င်းနှင့်အတူ K.P.F တပ်ဖွဲ့ဝင်(၈)ယောက်ကို K N U ဘက်မှထိန်းသိမ်းထားပြီး လက်နက် ဖြုတ်သိမ်း၍ ပြန်လွှတ်လာသည့်အပေါ် K N U အဖွဲ့နှင့် နားလည်မှုယူထားသည့်သူဟု နအဖတပ်မှ သံသယရှိနေ ခဲ့သည်။ ၄င်းကိုရာထူးမှ ထုတ်ပယ်ရန် နအဖဘက်မှ K.P.F ထိပ်ပိုင်းခေါင်းဆောင်များကို ဖိအားပေးထားသည်ဟု စောလေးဝါးနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

အမှတ်(၃)တပ်ရင်မှာ အင်းအား(၂၅)ယောက်ကျော်သာရှိသည့်အတွက် နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းရန် မှာ အင်းအားလုံလောက်မှုမရှိသဖြင့် တပ်ရင်း(၃)ရင်းကိုပေါင်းမှသာ တပ်ရင်းတစ်ရင်းစာသာ ရှိသည်။ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရန်မှာ တပ်ဖွဲ့ဝင်အချို့ လက်မခံခြင်း၊ လူအင်းအားမရှိခြင်းတို့ကြောင့် ကြန့်ကြာ နေသည်ဟု K.P.F တပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၉)ရက်နေ့တွင် အမှတ်(၃)တပ်ရင်းမှူးနေရာကို ဗိုလ်မှူးစောဝါးချဲ့အား အစားထိုးခန့်အပ်ရာတွင် ဗိုလ်မှူးစောလေးဝါးလက်မခံ နေရာဖယ်ရှားပေးရန်ငြင်းဆန်းခဲ့သဖြင့် ပြဿနာအကြီးအကျယ် ဖြစ်ပွါးခဲ့သည်။ ဘုရားသုံးဆူ အခြေစိုက် နအဖ တပ်ရင်းမှူး ဗိုလ်မှူးမြတ်ထွန်းအေးကိုယ်တိုင် ဝင်ရောက်ဖြေရှင်းခဲ့ သော်လည်း ယ္ခုအချိန်အထိ ပြဿနာ ပြီးပြတ်မှုမရှိသေးဘဲ အချင်းချင်းရန်စောင်နေကြသည်ဟု ဒေသခံများက ပြောပါသည်။

ဦးစောသမူဟဲခေါင်းဆောင်သည့် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရောအထူးဒေသ)သည် K N U မှခွဲထွက်ပြီး ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့တွင် စစ်အစိုးရထံ လက်နက်ချခဲ့သောအဖွဲ့ဖြစ်သည်။ အဆိုပါ လက်နက်ချ အခန်းအနားတွင် ဗိုလ်ချုပ်ကြီးမောင်အေးကိုယ်တိုင် တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားအလံအပေါ် နင်းလျှောက် ခဲ့သည့်အပေါ် ကရင်လူမျိုး အများစု ကျေနပ်မှုမရှိကြဟု ဆိုသည်။


ဇွဲကပင်တောင်ခြေတွင် ဟိုတယ် ဇွဲကပင် မကြာမှီ ဖွင့် လှစ်မည်


နိုဝင်ဘာလ ၁၄ ရက် ၂၀၀၉။

ဘားအံရှိ ဇွဲကပင် တောင်ခြေတွင် ဟိုတယ် ဇွဲက ပင်အား မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် ထားကြောင်း မော်လမြိုင် ဟိုတယ်ဇုန်အသင်းမှ ငွေမိုး ဟိုတယ်ပိုင်ရှင်ဦးကျော်က မြန်မာပို့စ်သို့ ပြောကြားသည်။

အဆိုပါဟိုတယ်ဇွဲကပင်အား ဘားအံမြို့အ၀င် ဇွဲကပင်တောင်ခြေတွင် တည်ဆောက်ထားကြောင်း သိရသည်။

“ဟိုတယ် ဒီဇိုင်းပုံစံကို နိုင်ငံခြားပြန် ဗိသုကာ နဲ့အပ်ပြီး ဒီဇိုင်းဆွဲပြီးဆောက်ထားတာပါ။ ဘားအံ ကပြည်နယ်ရုံးစိုက်မြို့တစ်မြို့ဖြစ်တဲ့အပြင်ရန်ကုန်က မြ၀တီကိုသွားရောက်တဲ့ ပြည်တွင်းခရီးသွားတွေ၊ မြ၀တီက ရန်ကုန်ကို လာကြတဲ့ဧည့်သည်တွေနား ခိုရာမြို့လည်းဖြစ်တယ်။ဒီဘားအံမှာ ဟိုတယ်ကောင်း ကောင်းမရှိဘူးလေ။ဒါကြောင့်ဟိုတယ်ကို အကောင်း ဆုံးတည်ဆောက်ထားတယ်”ဟုအဆိုပါဟိုတယ် အားအနီးကပ်ကြီးကြပ်ကွပ်ကဲသူ ဦးချန်စိန်က ပြော သည်။

ထို့ပြင်ဆက်လက်၍ “ဧည့်သည်လာတည်းရင် အဆင်ပြေအောင် လုပ်ထားပေးတယ်။ဟိုတယ်ကို ရှုခင်းကောင်းကောင်းနေရာမှာ ဆောက်ထားတယ်။ ဧည့်သည်တွေကားနဲ့လာရင်လည်း အဆင်ပြေ အောင်ကားပါကင်ကို သေသေချာချာလုပ်ထားပေး တယ်။အကျယ်လေးဧကကျော်မှာ တည်ဆောက် ထားတယ်။ ဒီဒေသကပြည်တွင်းခရီးသွားတွေအ သွားအလာများကြတယ်။ဟိုတယ်ကို ရဲတိုက်လိုပုံစံ မျိုးတည်ဆောက်ထားတယ်။ အခုဆိုရင် တည် ဆောက်တဲ့အပိုင်းလည်းပြီးသွားပြီ။ ပရိဘောဂ ထည့် တဲ့အပိုင်းရောက်နေပြီ”ဟု အဆိုပါပုဂ္ဂိုလ်က ပြော ကြားသည်။




နှစ်ရှည်ထိန်းသိမ်းခံ မြန်မာသူပုန်တွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမည်။

နိုဝင်ဘာလ ၁၃ ရက် ၂၀၀၉။

လက်နက်မှောင်ခိုမှုနဲ့ အိန္ဒိယမှာ နှစ်ရှည်ဖမ်း ဆီးခံထားရတဲ့ မြန်မာနိုင်ငံသား သူပုန်တွေကို UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ် အသိအ မှတ်ပြုလိုက်ပါတယ်။ သူတို့ဟာ အိန္ဒိယ ကာလကတ္တား အကျဉ်းထောင်ထဲကနေ အမှုရင်ဆိုင်နေရတာ ဖြစ်ပြီး အကယ်၍ တရားသေ လွတ်မြောက်လာခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံကို ပြန်ပို့ခံရနိုင်တဲ့ အနေအထား မရှိတော့ပါဘူး။ အကြောင်းစုံကို မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

လက်နက်မှောင်ခိုမှုနဲ့ စွပ်စွဲခံထားရပြီး အိန္ဒိယ အကျဉ်းထောင်တွေမှာ ၁၀ နှစ်ကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ရခိုင်နဲ့ ကရင်သူပုန် ၃၄ ဦးကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။ ဒီသူပုန် ၃၄ ဦးကတော့ ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ (NUPA) က ၂၃ ဦးနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ၁၁ ဦး ဖြစ်ပါတယ်။NUPA ဥက္ကဋ္ဌ ဒေါက်တာခင်မောင်က အခုလို အသိအမှတ်ပြုမှုကို ကြိုဆိုလိုက်ပါတယ်။“ဒါက ကျနော်တို့ အင်မတန်မှ ၀မ်းသာတယ်၊ ဂုဏ်ယူတယ်၊ ကျေးဇူးတင်တယ်ဆိုတာ မပြောတတ်တော့ဘူး။

ဒီလိုဖြစ်လာတာလည်းပဲ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ၊ ကျနော်တို့ အတိုက်ခံတွေက Signature Campaign လုပ်ပြီးတော့ ဒီရဲဘော်တွေအတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ Freedom Fighter တွေ ဖြစ်တယ်ဆိုတဲ့ တောင်းဆိုခဲ့မှုအပေါ်မှာ၊ နောက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ရှုထောင့်ကနေပြီးတော့ UNHCR က လက်ခံလိုက်တာကို ကျနော်တို့ အများကြီး ၀မ်းသာပါတယ်ခင်ဗျ။”စောစောပိုင်းကတော့ NUPA ပါတီဟာ သူတို့ရဲ့ ရဲဘော်တွေ ဖမ်းဆီးသတ်ဖြတ်ခံရမှုကို အိန္ဒိယ စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီး ဂရ၀ါနဲ့ မိတ်ဆွေတချို့ရဲ့ လက်ချက်လို့ စွပ်စွဲထုတ်ပြန်မှုတွေ ရှိပေမဲ့ အိန္ဒိယစစ်ဘက်က တစုံတရာ တုံ့ပြန်ပြောဆိုမှု မရှိခဲ့ပါဘူး။

KNU ဒု-ဥက္ကဋ္ဌ ဒေးဗစ် သာကပေါကလည်း အခုလို အသိအမှတ်ပြုမှုဟာ အလားအလာ ကောင်းတယ်လို့ ပြောပါတယ်။“ဟုတ်ကဲ့၊ အလားအလာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့က အိန္ဒိယနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ဘာတွေ ချိုးဖောက်တာလည်းမရှိ၊ သူတို့အနေနဲ့ တဘက်လှည့် အလိမ်ခံရတယ်လို့ပဲ ပြောရမှာပေါ့။ သူတို့ကလည်း ရခိုင်ဘက်ကို သွားတဲ့အခါမှာ အလိမ်ခံရပြီး ခေါင်းဆောင်တွေလည်း အသတ်ခံရ၊ နောက်ပြီး ထောင်ထဲမှာလည်း နှစ်ပေါင်းကြာနေပြီ၊ အဲဒီအခြေအနေမှာ ရှိပါတယ်။”

ဒီသူပုန်တွေဟာ ၁၉၉၈ ခုနှစ်ဆန်းပိုင်း ကတည်းက အိန္ဒိယပိုင် ဂရိတ် နီကိုဘာကျွန်းစုထဲက လန်းဖောကျွန်းမှာ ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့ဟာ အိန္ဒိယ စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီး ဂရ၀ါနဲ့ သဘောတူညီချက်အရ လမ်းဖောကျွန်းမှာ အခြေချစခန်း တည်ဆောက်ဖို့ ရောက်လာကြတာ ဖြစ်တယ်လို့ NUPA က ပြောပါတယ်။ လမ်းဖောကျွန်းကို ရောက်ပြီး နောက်တနေ့မှာပဲ ဗိုလ်ခိုင်ရာဇာ၊ ဖဒိုမူးရယ် အပါအ၀င် ခေါင်းဆောင် ၆ ဦး သတ်ဖြတ်ခံလိုက်ရပါတယ်။ ကျန်တဲ့သူပုန်တွေကတော့ ဂရိတ် နီကိုဘာ ကျွန်းစုထဲက ပို့ဘလဲယားကျွန်းမှာ အမှုရင်ဆိုင်ခဲ့ရပြီး ၂၀၀၆ ခုမှာ ကာလကတ္တား အကျဉ်းထောင်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

သူပုန်တွေအတွက် ကူညီပေးနေသူတွေကတော့ အိန္ဒိယအစိုးရ အနေနဲ့ တရားဥပဒေ လမ်းကြောင်းအရ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့နဲ့ အကယ်၍ လွတ်မြောက်လာရင်လည်း လုံခြုံဘေးကင်းတဲ့ နိုင်ငံတခုခုမှာ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ ပြင်ဆင်နေကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတော့ အရှေ့တီမောနဲ့ ချက်သမ္မတ နိုင်ငံတို့က သူတို့ကို နိုင်ငံရေးခိုလှုံခွင့် ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

Tuesday, November 3, 2009

ပညာတင့်မှ အမျိုးတင့်မည်

မြန်မာ ပုဆိုးဝတ်တာ ကုလားအမွေလို့ ဒေါက်တာသန်းထွန်း က ပြောလို့သိရတယ်။ အဲ့ဒီတော့ ကရင်တွေကသဘောကျတယ် ကုလားအမွေ ခိုးထားတဲ့ကောင်တွေပါကွာဆိုပြီး ဟားတိုက်ကြတယ်လေ၊ သိပ်ပြီးလဲသဘောမကျကြနဲ့ ကိုယ့်လူတို့ရေ ... ကရင်ပုဆိုးဝတ်တာကရော ကုလားအမွေလား မြန်မာတွေ ဆီကနေ အတုမြင်အတတ်သင်လား ဘယ်သူ့အမွေလဲ၊ ဒီလိုမေးရင်တော့ စိတ်မဆိုးနဲ့နော် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကရင်သမိုင်းကို ဒီလောက်ထိလိုက်တဲ့ ကရင်လူမျိုးဘာလို့မရှိသေးတာလဲ။ မြန်မာလူမျိုးတွေက မြန်မာသမိုင်းကို ပုဆိုးဝတ်တာက အစ လိုက်နိုင်ကြပြီ။ ကျွန်တော်တို့ ဘယ်ကနေဆင်းသက်လာလဲဆိုတာ အခုထိ တစ်ယောက်တစ်ပေါက် ဖြစ်နေတုန်းဘဲ။

တစ်ယောက်က ဗာဗူလုံ မြို့ကလို့ပြောလိုပြော၊ ဂျူးလူမျိုး (၁၂) မျိုးထဲက အကိုအကြီးဆုံး အမျိုး ရူဘင်မျိုးလို့ပြောလိုပြော၊ နောက်ကျတော့လဲ အရှေ့အလယ်ပိုင်းကလိုလို အီဂျစ်ကလိုလိုနဲ့ နောက်ဆုံးတော့ တိဘက်ကိုဖြတ် တရုတ်ကိုကျော်ပြီးမြန်မာနိုင်ငံထဲ ရောက်လာခဲ့ကြတယ်လို့ဘဲ ဂိတ်ဆုံးသွားရော။ ဒီကြားထဲ တချို့က ထိုင်းဘက်ကပါတ်ဝင်တာတို့ အိန္ဒိယဘက်က ပါတ်ဝင်တာတို့က ရှိသေးတယ်။ ဦးပညာရေးထားတဲ့ ကရင်ရာဇဝင်ဆိုကျတော့လဲ ဗြမ္မာကြီး လေးဦးကနေ အစချည်လိုက်တာကို ဖတ်ရတော့ စိတ်ပါညစ်သွားတယ်။ မြန်မာတွေလဲ ဘယ်ကဆင်းလာသလဲ ဆိုတာကို အတိအကျမသိသလို့ ကရင်တွေ လည်းဘယ်ကဆင်းလာသလဲဆိုတာ အတိအကျမသိပါဘူး။

ဒါပေမဲ့ မြန်မာအစ တကောင်းက (မြန်မာသမိုင်းအခြေခံမူလတန်းတွင်သင်ခဲ့ရသည်) လို့ အယူအလွဲမျိုးကို ကရင်တွေ လဲမဖြစ်ဖို့ အရေးကြီးပါတယ်။ တော်တော်ကြာ ကရင်အစ တိဘက်ကဖြစ်နေဦးမယ် နိုင်ငံတော်အလံခြင်းကလဲ ခပ်တူတူ လူပုံခြင်းကလဲ ခပ်ဆင်ဆင် ဖြစ်နေတာကိုး။ ဒါတွေကတော့ မတိုးတက်သေးတဲ့ခေတ်မှာဖြစ်ခဲ့ပြီးပြီ အခု တိုးတက်တဲ့ ခေတ် IT ခေတ်ကိုရောက်နေပြီ ကရင်တွေ မကြိုးစားကြသေဘူး။ လက်ရှိ ထက်မျက်ထွန်းပေါက်တဲ့ကရင်တွေ ရှိပါတယ် ဒါပေမဲ့ လက်ချိုးရေလို့ရတယ်။ ကျွန်တော်တို့ကရင်လူငယ်တွေ အပျော်အပါ အသောက်အစားနဲ့ ဘဲ အချိန်ကုန်နေကြတယ်။ အထူသဖြင့် ကရင်လူမျိုးတွေမှာ ပြောစမတ်ဖြစ်နေတာ အရက်ပါ။ လုံးဝမသောက်နဲ့ လို့ မပြောလိုပါ သောက်တတ်ရင်သောက်ပါ ဘဝပျက်တဲ့အထိတော့ မသောက်သင့်ဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကရင်လူမျိုးအများစုဟာ ဖိနှိပ်ခံ လူတန်းစားဘဝမှာ ကျွန်တော်တို့လူမျိုးတွေ ကြိုးစားပြီး ထိုးဖောက်ရမဲ့အစား မကြိုးစားဘူး။

မြန်မာတွေ အနိုင်ကျင့်တယ် မတရားဘူးဘဲအော်နေတယ်။ ရှေ့ဆက်အနိုင်မကျင့်ခံရအောင် ငါတို့ဘယ်လိုလုပ်မလဲ မစဉ်းစားဘူး။ အနိုင်ကျင့်တာ ကျင့်ခြင်တိုင်းကျင့်လို့မရပါဘူး ကိုယ်ကသူ့အပေါ်ကဆို သူကိုယ့်ကို ဘယ်လိုအနိုင်ကျင့်မလဲ မြန်မာနိုင်ငံမှာ ရှိတဲ့ ဗမာလူဦးရေနဲ့ ကရင်လူဦးရေ မကွာပါဘူး။ ဒါကို သူများအပေါ်ကိုရောက်အောင်မကြိုးစားဘဲ ခပ်ပေါ့ပေါ့ဘဲနေနေကြတယ် လူကြားကောင်းအောင်ငါတို့ကရင်လူမျိုးက ရောက်ရဲ တင်းတိမ်တတ်တယ်ဆိုတဲ့စကားနဲ့ ပြန်လည်တုန့်ပြန်တတ်ကြတယ်။ တကယ်တော့ ဒါဟာ ခပ်ညံညံ အတွေးတွေပါ။ ပညာသင်ခွင့်ရနေတဲ့ ကျွန်တော်တို့ တတွေ ကြိုးစားရမယ်။ ဒါမှကိုယ့်လူမျိုးဂုဏ်ကိုယ်ပြန်မြင့်နိုင်မှာပါ။မြန်မာစကားပုံတစ်ခုလို ပညာမြှင့်မှ အမျိုးတင့်မည် ဆိုတာမျိုးပေါ့။ အခုတော့ကျွန်တော်တို့ လူမျိုးအများစုဟာ ပညာမတတ်မဟုတ်ဘဲ ရိုးရိုး တောင်သူလယ်သမားဘဝကနေ အခုထိ မတက်နိုင်သေးပါဘူး၊ ဗမာ မင်းတွေ နှိပ်စက်လို့ ထွက်ပြေးနေတဲ့ဘဝကနေအခုထိမလွတ်နိုင်သေးပါဘူး။

အစ္စရေး ကိုယ်နိုင်ငံကိုယ်ပြန်တည်ထောင်သွားတာကို ကျွန်တော်တို့လူမျိုးတွေ အတုယူသင့်တယ်။ ဘာလို့ပြန်လည်တည်ထောင်နိုင်လဲဆိုတော့ အဓိကအကြောင်းအရင်းကတော့ ပညာတတ်နဲ့ လူချမ်းသာများလို့ဘဲ။ ကျွန်တော်တို့လည်းကိုယ့်နိုင်ငံကိုယ်ပြန်လည်တည်ထောင်ခြင်ရင်တော့ ပညာတတ်နဲ့လူချမ်းသာတွေ ကရင်လူမျိုးထဲမှာများဖို့လို့ပါတယ်။ ချမ်းသာဖို့ဆိုတာလဲ ပညာတတ်မှ ဖြစ်နိုင်မဲ့ အရာတခုပါ။ ပညာမတတ်ဘဲ သူဌေးဖြစ်တဲ့သူ ဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးတိုင်းရင်းသားက ကရင် လူမျိုးတွေပါ။ မွန်လူမျိုးတွေကို ကြည့်ပါ ကရင်ပြည်နယ်နဲ့ ဘေးခြင်းကပ်မှာ နေပေမဲ့လည်း ပညာတတ်တွေ မွန်လူမျိုးမှာများစွာကို ကျွန်တော်တို့မြင့်တွေနိုင်ပါတယ်။ ကျွန်တော်တို့လူမျိုးမှာ ပညာတတ်တွေ အရမ်း ကိုနည်းလွန်းပါတယ် ဒါဟာအင်မတန်ဝမ်းနည်းစရာပါ။

ဒါကြောင့်ကျွန်တော်တို့ ဖိနှိပ်ခံ ဘဝတွေကနေ ဖောက်ထွက်နိုင်ဖို့ တခုတည်းသော နည်းလမ်းက တခြားသူတွေထက်သာအောင်ကြိုးစားဖို့ နည်းလမ်းတစ်ခုတည်းသာ ရှိပါတော့သည်။


စာရေးသူစောကညော ရဲ့  စောလင်းနက်စ် blog မှကူးယူထားခြင်းဖြစ်ပါသည်....

Wednesday, October 28, 2009

မြန်မာအလုပ်သမားများယာယီ ပတ်စပို့ လုပ်ရာ၌ ထိုင်းအစိုရက ဗီဇာကြေးလျှော့ချ

လွန်ခဲ့သော ၂ ပတ်ခန့်က မြန်မာအာဏာပိုင်များ ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ယာယီမြန်မာနိုင်ငံကူးလက်မှတ် (ပတ်စပို့) ပြုလုပ်သူများကို ၂ နှစ်စာ ဗီဇာကြေးမှ ၁၅၀၀ ဘတ် လျှော့ချပေးရန်အတွက် ထိုင်းအာဏာပိုင်များနှင့် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။ယာယီမြန်မာနိုင်ငံကူးလက်မှတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ငွေကြေးကောက်ခံသည့်ကိစ္စရပ်များမှာ မိမိတို့၏လုပ်ရပ် မဟုတ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ထိုင်းနိုင်ငံသို့ ရောက်ရှိလာစဉ် ပြောကြားခဲ့သည်။ ထိုမှတဆင့် ၂ နှစ်စာဗီစာကြေး လျှော့ပေါ့ရေးအတွက်ပါ သဘောတူခဲ့သည်ဟု မဲဆောက်မြို့ရှိ ထိုင်းမြန်မာယဉ်ကျေးမှုနှင့် စီးပွားရေးကော်မတီ ယာယီပတ်စပို့ ပြုလုပ်ပေးရေးဌာနမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မြန်မာအလုပ်သမားများ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ငွေကြေးအမြောက်အမြား ကုန်ကျနေသည့်အတွက် ထိုကဲ့သို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။“ပြီးခဲ့တဲ့ ၂ ရက်လောက်တုန်းက စပြီး လျှော့ယူနေတယ်၊ အခုဆိုရင် တစ်ယောက်ကို ဘတ် ၅၈၀၀ ကျတယ်၊ အရင်တုန်းကတော့ ဘတ် ၇၃၀၀ ကုန်တယ်၊ အခုဆိုရင် ပတ်စပို့လုပ်တဲ့လူ တော်တော်များလာပါပြီ၊ တစ်နေ့ကို အယောက် ၃၀ ကျော် ၄၀ နီးပါး ရှိတယ်၊ အရင်ကတော့ ဒီထက်တော့ နည်းပါတယ်” ဟု ၄င်းက ဆက်ပြောသည်။ယခုလက်ရှိ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ရရှိပြီးသူ ဦးရေမှာ ၁၀၀၀ ကျော်ရှိပြီး ဆက်လက်ထုတ်ပေးရန် ဦးရေ ၁၀၀၀ နီးပါး ရှိကြောင်း၊ ထိုသို့ ဗီဇာခ လျှော့ပေါ့ရေးနှင့် ပတ်သက်၍ အလုပ်သမားများထံသို့ ဖုန်းဖြင့်ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်ဟု ၄င်းကပြောသည်။“ပတ်စပို့ရတာတော့ ပျော်ပါတယ်၊ ဒါပေမယ့် အရှေ့မှာ ယာယီလို့ ရေးထားတော့ ဘယ်တော့ သူတို့ဖျက်မယ်ဆိုတာ ပြောလို့မရသေးဘူး၊ အခုလောလောဆယ်တော့ ကျွန်တော်သွားလာနေတာ စစ်ဆေးရေးနဲ့တော့ တစ်ခါမှ မဆုံသေးဘူး၊ ပတ်စပို့ရုံးက ပြောတာတော့ ဒီထိုင်းနိုင်ငံ တစ်နိုင်ငံလုံး သွားလို့ရတယ်တဲ့” ဟု ဘန်ကောက်မြို့မှ ပတ်စပို့ရရှိပြီးသူတစ်ဦးက ပြောသည်။

ထိုသို့ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်သူများ၏ နေရပ်ဒေသတွင် ငွေကြေးတောင်းခံသည့်သတင်း မကြားရကြောင်းနှင့် အစိုးရအဖွဲ့မှလည်း ငွေကြေးတောင်းခံခြင်းမှာ လုံးဝဖြစ်လိမ့်မည် မဟုတ်ကြောင်းကို ၄င်းက ဆက်ပြောသည်။အကယ်၍ ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်လာပါက မြဝတီမြို့ပေါ်ရှိ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်နိုင်ရန်အတွက် သက်သေပြုပေးသည့်ရုံး (ရဲစခန်း) မှ တာဝန်ယူ ဆောင်ရွက်ပေးမည်ဟုလည်း ၄င်းတာဝန်ရှိရဲများ၏ ပြောပြချက်ကို ၄င်းပတ်စပို့ရရှိပြီးသူက ပြန်လည်ပြောကြားခဲ့သည်။ Labor Rights Promotion Network မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်သူများအားလုံးကို ဗီဇာကြေး ဘတ် ၁၅၀၀ သို့ လျှော့ပေးသည်မှာ မဟုတ်မမှန်ကြောင်းနှင့် ၄င်းဗီဇာကြေးမှာ ယခင်ကလည်း ဘတ် ၅၀၀ သာ ပေးဆောင်ရသည်ဟု ဆိုသည်။
“လျှော့တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဗီဇာခက ပတ်စပို့ စလုပ်ကတည်း ဘတ် ၅၀၀ ကောက်ဖို့ အစည်းအဝေးပွဲမှာ ဆုံးဖြတ်ထားပြီးသားပါ၊ အခုလျှော့တယ်ဆိုတာ ဗီဇာခ မဟုတ်ဘူး၊ အခြားကြေးတွေ လျှော့တာ၊ သူတို့ပတ်စပို့လုပ်ပေးတဲ့သူတွေက ဘယ်လောက်စားထားမှန်းမှ မသိတာ၊ ဒါကြောင့် ဒီအစည်းအဝေးအပြီးမှာ သူတို့က ဗီဇာကြေး လျှော့တာလို့ ပြောတာပါ” ဟု ၄င်းကဆက်ပြောသည်။


စောကျော်လေး

ဗုဒ္ဓဘာသာငါးမျိုး

တန်ဆောင်မုန်းလပြည့်ခါနီးပြီနော်......အဲဒီတော့ဘာလုပ်ရင်ကောင်းမလဲ? အိမ်မှာတော့မိဘသူငယ်ချင်းတွေနဲ့ အတူ တန်ဆောင်တိုင်မီးထွန်းပွဲကျင်းပမှာပေါ့ နော်...ဒါပေမဲ့......ရပ်ရွာနဲ့ ၊မိသားစု နဲ့ ဝေးတဲ့ တို့ တွေအ တွက်အောက်က ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စာလေးတွေဖတ်ကြည့် ရအောင်လား...............

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို
အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ
ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ
ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့
သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း
ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ်
ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။
ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။
ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ

တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ
ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့
အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။
ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ
ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်
ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ
ဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ
ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ
ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ
ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင်
ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော်
မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ
ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို
လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။
အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊
ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို
ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင်
ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်
တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ
လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး
အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို
အောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။
ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက
လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊
ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ
ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။
စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ
ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။
ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့
သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး
နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ
သစ္စာာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့
မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။
ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့
အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ
လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့
ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့
တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့
တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင်
နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။
ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့ 
ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊
သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။
ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို
ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး
ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ
ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ
ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊
အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့
သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို
ရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့
သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့်
သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။
သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း
ဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့
သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့
ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက
မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။
ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။
ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့
မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊
ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။
သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။
ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို
အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့
ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊
ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။


(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး)
ရေးသားပူဇော်သည့် မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမရံသီရိပ်သာ ပဓာန
နာယက ကမဋ္ဌာနစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော်
မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး နှင့် သစာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကို သိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာနိုင်ပါကြောင်း။ အားလုံးပဲ ကျန်းမာပျော်ရွှင် ကြပါစေ။)



O K R S O

Sunday, October 25, 2009

ပါးစပ်ထဲကဓါးမတစ်ချောင်းမှသည်..

အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်..။ လူတွေကို အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။ ဟုတ်ပါတယ်နော်..။ မုန်းစေချင်ရင်လည်း ဒီပါးစပ်.. ချစ်စေချင်ရင်လည်း ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင် ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင် လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ.. သံသာရာတလျောက်လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတဲ့ သာဓကတွေ အများကြီးပါပဲ။ ဒါ့ကြောင့်လည်း ၀စီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ (၅)စက္ကန့်လောက်တောင် မကြာလိုက်ပေမယ့် ပေးဆပ်လိုက်ရာတာတွေက ဘ၀(၅၀၀)မကအောင်ပါပဲနော်။ ဒါ့ကြောင့်လည်း ပါးစပ်ထဲက ဓါးမတစ်ချောင်းလို့ ပြောလိုက်ရတာပါ။ ဓါးမဆိုတဲ့ စကားလေးက သေးများသေးသွားမလားတောင် မသိပါဘူးနော်။ ဓါးမနဲ့တူတဲ့ ပါးစပ်တစ်ခုကြောင့် ခန္ဓာနဲ့ အဆမတန်ပေးဆပ်သွားရတဲ့ အကြောင်းအရာလေးတွေ ပြောပြချင်ပါတယ်။

အရင်ဆုံး ပြောပြချင်တာကတော့ ဝေသာလီရဲ့ အလှဧကရီ အမ္ဗပါလီရဲ့ အကြောင်းလေးပါပဲ။ ဘ၀တစ်ခုမှာ ပါလီဟာ ဘိက္ခူနီမ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘုရားကျောင်းမြေတွေမှာ သန့်ရှင်းရေးအမြဲလုပ်ပေးခဲ့တဲ့ သူပေါ့။ တစ်နေ့မှာတော့ သူသန့်ရှင်းရေးလုပ်နေတဲ့ နေရာကို အရိယာဘိက္ခူနီမတစ်ယောက် တံတွေးထွေးလိုက်တဲ့ တံတွေးကျန်ခဲ့တာကို ကြည့်ပြီး သန့်ရှင်းရင်း ပါးစပ်ကပြောလိုက်ပါတယ်.. ဘယ် ပြည့်တန်ဆာမထွေးသွားတာလဲ ဆိုတဲ့ စကားလေးတစ်ခွန်းပါ။ ဒီစကားလေးပြောလိုက်တာက (၉)လုံးထဲပါပဲ။ ဒါပေမယ့် ပြန်ပြီးပေးဆပ်လိုက်ရတာကတော့ ဘ၀ပေါင်း မရေမတွက်နိုင်အောင်ပါပဲ။ ဘုရားရင်ပြင်မှာ သန့်ရှင်းရေးလုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဖြစ်လေရာဘ၀မှာ ရုပ်အဆင်းရူပါဟာ သူများနဲ့ မတူအောင် လှပချောမောပေမယ့်.. အရိယာကို စော်ကားမိတဲ့ စကားလေး(၉)လုံးကြောင့် ဖြစ်လေရာဘ၀အများစုဟာ ပြည့်တန်ဆာမဘ၀နဲ့ပဲ ဖြစ်ရပြီးတော့ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတာပါ။ နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ရမဲ့ ဘ၀ထိပါပဲနော်။ ဒါဟာ ဘာကြောင့်လဲလို့ အဖြေရှာကြည့်တော့ နှုတ်မစောင့်ခဲ့တဲ့ စကားလေး တစ်ခုကြောင့်ပါပဲနော်။

နောက်တစ်ဦးကတော့ ကဿဖဘုရားရှင်လက်ထက်တော်တုန်းက လက်သမားတစ်ဦးရဲ့ အကြောင်းအရာလေးပါ။ သူ့မှာ ဘုရား၊ တရားကို ကြည်ညိုယုံကြည်သော သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တစ်နေ့တော့ သူငယ်ချင်းက ကဿဖဘုရားရှင်ရဲ့ တရားကို သွားရောက်နာကြားဖို့ သူနဲ့ အတူလိုက်ခဲ့ရန် ခေါ်ပါတယ်။ တကယ်ဆိုရင် သူအနေနဲ့ မလိုက်လိုက မလိုက်နိုင်ကြောင်း ငြင်းဆန်လိုက်လျှင် ကိစ္စမရှိပါဘူး။ အပြစ်လည်း မဖြစ်ပါဘူး။ ဒါပေမယ့် သူငယ်ချင်းပြောတဲ့ စကားကို ကတ်တီးကတ်ဖဲ့ ပြောလိုလို့ စကားလေး ပြန်ပြောမိတယ်.. ဟေ့ သူငယ်ချင်း၊ မင်းရဲ့ဘုရားဟောမယ့် တရားတွေ လိုက်နာလို့ ငါ့အတွက် ဘာတွေများ အကျိုးရှိလာမှာတဲ့လဲ.. မင်းရဲ့ဘုရားက ငါ့လယ်ကို လာထွန်ပေးမှာတဲ့လား ဆိုတဲ့ စကားလေးတစ်ခွန်းပါနော်။ သူ့နှုတ်ထွက်စကားက ဘယ်လောက်ထိ ကံကြီးထိုက်သွားမှန်း သူမသိလိုက်ပါဘူး။ အဲ့ဒီ့ ဘုရား၊ ရဟန္တာကို ပြစ်မှားမိတဲ့ ကံကြောင့်ပဲ သေလွန်တဲ့အခါမှာ လယ်သမားပြိတ္တာဘ၀နဲ့ ဘုရားရှင်နှစ်ဆူပွင့်တော်မူပြီးတိုင်အောင် မကျွတ်မလွတ်နိုင်ခဲ့ရပါဘူး။ ပြောလိုက်တဲ့ စကားလေး (၃)စက္ကန့်လောက်ဟာ ကမ္ဘာပေါင်း မရေတွက်နိုင်လောက်အောင် ပေးဆပ်သွားရတာပါနော်။ သတိထားသံဝေဂယူစရာလေးပါပဲ။


နောက်ဆုံးတစ်ခုအနေနဲ့ ပြောချင်တာကတော့ ပစ္စေကဗုဒ္ဓပွင့်တော်မူတုန်းက အချိန်အခါပါ။ ပစ္စေကဗုဒ္ဓဆွမ်းခံကြွလာတဲ့ ရွာတစ်ရွာမှာ ဥစ္စာပစ္စည်းချမ်းသာ ကြွယ်ဝတဲ့ သဌေးသား တစ်ဦးရှိပါတယ်။ တစ်နေ့မှာ သဌေးသားဟာ ၀တ်ကောင်းစားလှတွေဝတ်ပြီး ရွာထဲ ထွက်လာခဲ့ပါတယ်။ ရွာသူရွာသားများက သူ့လိုလှပပြီး ၀တ်ကောင်းစားလှဝတ်ထားတဲ့ သူကိုမကြည့်ပဲ အ၀တ်အစားဟောင်းနွမ်းဆွေးမြေ့ပြီး အရှက်လုံရုံလွှမ်းခြုံထားတဲ့ ပစ္စေကဗုဒ္ဓရဲ့ အေးဆေးတည်ကြည်နေပုံကို ကြည့်ပြီး ကြည်ညိုနေကြပါတယ်။ ဒီအချိန်မှာ သူပြောလိုက်တဲ့ စကားတစ်ခွန်းကတော့.. တောက်.. တော်တော်ခက်တဲ့လူတွေပဲ.. ဘယ့်နှယ့်.. ငါ့လို ၀တ်ကောင်းစားလှ ၀တ်ဆင်ထားတဲ့ သူကိုကျတော့ မကြည့်ပဲ ကူဋ္ဌနူနာ သူတောင်းစားတစ်ယောက်လို စုတ်စုတ်ပြတ်ပြတ် ၀တ်ဆင်ထားတဲ့ သူကိုမှ အာသာငမ်းငမ်း ကြည့်နေလိုက်တာဗျာ ဆိုတဲ့ စကားလေးတစ်ခွန်းပါပဲ။ အရိယာကို စော်ကားမိတဲ့ အဲ့စကားတစ်ခွန်းကပဲ သေလွန်တဲ့ အခါမှာ အ၀ီစိထိ ကျသွားစေပြီး အ၀ီစိမှ ကျွတ်လွတ်တဲ့ အခါမှာ ဘ၀ဆက်တိုင်း ကုဋ္ဌနူနာသည် သူတောင်းစားဘ၀ချည်းဖြစ်ခဲ့ ဖြတ်သန်းခဲ့ရပြီး ဂေါတမဘုရားရှင် လက်ထက်ရောက်မှ ကျွတ်လွတ်ခဲ့ရပါတယ်။ ၀စီကံများ ကြောက်မက်ဖွယ်ကောင်းလှပါဘိ။


အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာလေးမှာ အမ္ဗပါလီရဲ့ အကြောင်းကို ဖတ်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကုသိုလ်လုပ်နေရဲ့သားနဲ့ အကုသိုလ်တွေ ၀င်လာရတာဟာ ဒီမစောင့်စီးမိတဲ့ နှုတ်ကြောင့်ပါနော်။ လယ်သမားရဲ့ဘ၀ဇတ်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း မလိုအပ်မပြောသင့်တဲ့ စကားကို ပြောမိလို့ပါပဲ။ နောက်ဆုံး သဌေးသားကတော့ သူများအပြစ်ကို မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ပြီး သူတစ်ပါးကို အထင်သေးတတ်တဲ့ အတွက်ပါ။ ဒီအကြောင်းအရာတွေ အဓိကဖြစ်ရတဲ့ အကြောင်းရင်းကတော့ သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့ သူတွေ အများဆုံး ဖြစ်ရတာပါ။ ကိုယ်ပြောလိုက်တဲ့သူဟာ အရိယာဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ပါဘူး။ အရိယာဆိုတဲ့ ဆိုင်းဘုတ်လည်း ချိတ်မထားပါဘူးနော်။ အရေးကြီးဆုံးကတော့ သူ့ဘာသာ ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်အနေနဲ့ ၀စီကံနဲ့ မပြစ်မှား မပြောဆိုမိဖို့ အရေးကြီးပါတယ်။


ဒါ့ကြောင့် စကားတစ်ခွန်းပြောတော့မယ်ဆိုရင် မပြောခင်စဉ်းစားပါ.. ပြောနေတုန်းမှာလည်း စဉ်းစားပါ.. ပြောပြီးရင်လည်း စဉ်းစားပါ ဆိုတဲ့ အချက်သုံးချက်နဲ့ မှန်မမှန် အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမထားတဲ့ စကား(၆)ခွန်းထဲက (၂)ခွန်းကိုပဲ ပြောဆိုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အဲ့ဒါတွေကတော့ (၁) ဟုတ်တယ်.. မှန်တယ် အကျိုးရှိတယ်.. သူတစ်ပါးနာလိုတယ်၊ (၂) ဟုတ်တယ်.. မှန်တယ်.. အကျိုးရှိတယ်.. သူတစ်ပါးမနာလိုဘူး (ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကြည့်ပြော) ဆိုတဲ့ စကားနှစ်ခွန်းပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး အဓိကဆုံးမထားတာကတော့ ဟုတ်တိုင်းလည်း မပြောနဲ့ မှန်တိုင်းလည်း မပြောနဲ့ မိမိသူတစ်ပါး အကျိုးရှိမှ ပြောဆိုတဲ့ စကားပါပဲနော်။ ဓမ္မမိတ်ဆွေ အပေါင်းလည်း.. ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ လောဘသံတွေ ဒေါသသံတွေ မောဟသံတွေ မပါအောင် ပြောနိုင်ကြပါစေလို့ အဓိက ပြောကြားလိုပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း.. ပါးစပ်ထဲမှာရှိတဲ့ ဓါးမတစ်ချောင်းကို မိမိသူတစ်ပါး အကျိုးမဲ့စေမယ့် စကားတွေနဲ့ ကိုယ့်ကိုကိုယ် အခုတ်မခံပဲနဲ့.. ကိုယ့်ကို နှောက်ယှက်လာမယ့် လောဘ၊ ဒေါသ၊ မောဟ ဖြစ်စေမယ့် စကားတွေကြိုပန်ပြီး ခုတ်ထွန်ရှင်းလင်းနိုင်မဲ့ ဓါးမများအဖြစ် ပြောင်းလဲနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ..။

mailမှလာသောစာတစ်စောင်မှပြန်လည်တင်ပြခြင်းဖြစ်ပါတယ်.

OKRSO မိသားစု

Friday, October 16, 2009

အားတက်စေသည့်... စကားလုံးများ....

၁။ ခုအရေးကြီးတာတွေဟာ နောင်ကော အရေးကြီးဦးမှာလား

ကိုယ်လုပ်နေတာ၊ လုပ်ရမယ့်အလုပ်တွေက သိပ်အရေးကြီးနေတယ်လို့ထင်ရင် အချိန်ရွှေ့ ကြည့် လိုက်ပါ။ အခုကိစ္စတွေက နောင်တစ်နှစ်အကြာမှာ ဘာတွေဖြစ်လာမလဲ။ ဘယ်လိုဖြစ်လာမလဲ ဆိုတာမျိုး စဉ်းစားလိုက်တာကို အချိန်ရွှေ့တယ်လို့ခေါ်တာပါ။ အဲလိုရွှေ့ကြည့်လိုက်ရင် အရေးကြီးတယ်ဆိုတဲ့ ထင်နေတဲ့ ကိစ္စတွေဟာ အရေးမကြီးတော့တာကိုတွေ့ရပါမယ်။ ကားပျက်သွားတာ၊ မီးမလာတာ၊ ခြေထောက်ကျိုးသွားတာ၊ လူကြီးအဆူခံရတာ…စတဲ့အသေးအဖွဲတွေကို ကိုယ့်ရဲ့စိတ်ထဲ ထည့်မိလို့  စိတ်ရှုပ်ရတာ လူတိုင်းဖြစ်ဖူးမှာပါ။ အဲဒါတွေကြောင့်စိတ်ပင်ပန်းမခံပါနဲ့။ ကိုယ့်စိတ်ဓာတ်အင်အားကျဆင်းပါတယ်။ အရင်နှစ်တွေက ဖြစ်ရပ်တွေပြန်စဉ်းစားကြည့်ပါ။ အခုတော့ ဘာဖြစ်သေးလဲ။ ကြုံသမျှကို ပေါ့ပေါ့တန်တန် ဖြတ်ကျော်ဖို့ အဖြစ်ကလေးလုပ်ပြီး အချိန်ကုန်အောင်စောင့်နေဖို့ပြောတာမဟုတ်ပါဘူး။ အဲလိုလုပ်နေရင် အလုပ်ပြုတ်မှာပါပဲ။ လျှောမွှေးကို ဗာရာဏသီမချဲ့ဖို့ပြောတာပါ။ ဘ၀ကိုအရှိအတိုင်း လက်ခံဖို့ပြောတာပါ။ ပြသနာရှိရင်လဲ ရှိနေတယ်လို့ အသိအမှတ်ပြုလိုက်ပါ။ အသေးအမွှားကို အကြီးမချဲ့ဖို့ အရေးကြီးကြောင်း ပြောတာပါ။ စိတ်မကောင်းစရာ တွေကြုံလာရင်လက်ခံလိုက်ပါ။ ပြီးရင် ပိုကောင်းမယ့်နည်းလမ်းကို စဉ်းစားဖို့သာဖြစ်ပါတယ်။ ပြသနာကို ဒီလိုချဉ်းကပ်လိုက်တော့ စိတ်ဆင်းရဲတာလည်းနည်းပါးသွားမယ်။ အောင်မြင်ရေးလမ်းစတွေလဲ တွေ့ လာလိမ့်မယ်။

လောကကြီးဟာ မတရားပါလားလို့ တွေးမိရင် မတရားမှုဆိုတာလဲရှိတတ်တာပဲ။ ငါတောာ့ခံလိုက်ရပြီ။ ငါ့လိုခံလိုက်ရတဲ့လူတွေအများကြီးပဲလို့ တွေးလိုက်ပါ။ သူတို့အပေါ် ကိုယ်ချင်းစာစိတ်မွေးပြီး ကူညီဖို့ နည်းလမ်းတွေရှာကြည့်ထားရမယ်၊ဒါမှကြုံရင်ကူညီနိုင်မှာဆိုတာမျိုးတွေးပါ။

၂။ စိတ်ဖိစီးမှုကိုလျှော့ချပါ။

လောကမှာ ကပြောင်းကပြန်တွေတွေ့ ရတတ်ပါတယ်။ အလုပ်ပင်ပန်းလို့ စိတ်တင်းကျပ်နေတာကို တောင့်ခံထားတတ်တဲ့လူစားမျိုးကို ချီးမွမ်းချင်စိတ်ပေါ်လာတာမျိုးပေါ့။ ဖိစီးမှုဆိုတာ ၀န်ထုပ်ဝန်ပိုး ဖြစ်လာတတ် တာမို့  ကြာတော့ မနိုင်ဝန်ထမ်းမိတာဖြစ်လာတာပေါ့။ အဲဒီအခါမျိုးကျတော့လည်း ခံနိုင်ရည်အား တိုးမြှင့်ပေးသနားပါဆိုတာမျိုးတွေဖြစ်လာရော။ ဖိစီးမှုဆိုတဲ့ သဘောက ၀န်နဲ့အား၊ လေးနဲ့မြှား သဘောမျိုးမို့ များများခံနိုင်လေ များများထမ်းရလေပါပဲ။ ဒဏ်ခံနိုင်အားကို တိုးမြှုင့်ပေးတာဟာ ကုထုံးမဟုတ်ပါဘူး။ ၀န်ထုပ် ၀န်ပိုးတွေ များလာပြီလို့ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်အရှိန် ကိုယ်လျှော့နိုင်ဖို့ပါပဲ။ လုပ်ရမယ့် စာရင်းတွေ ကြည့်လိုက်ပါ။ သိပ်များလွန်းနေရင် ဘယ်အချက်မှာလျှော့ပြီး လမ်းခိုးလျှောက် အသက်၀၀ရှုရမလဲဆိုတာ ကြည့်ပါ။ စိတ်ဖိစီးမှုဆိုတာ snow-ball effect ရှိပါတယ်။ နှင်းဖြူဖြူအခဲလေးကို လုံးပြီး ဆင်ခြေလျှောအတိုင်း ပစ်ချရင် လိမ့်ဆင်းရင်းဆင်းရင်းနဲ့ နှင်းခဲတွေထပ်ထပ်ကပ်ပြီး ကြာလေ အလုံးကြီးဖြစ်လာတတ်ပါတယ်။ အရွယ် ငယ်တုန်းမှာ ဖမ်းပြီး ရပ်တန့်လို့ရပေမယ့် အလုံးကြီးပြီး အရှိန်သိပ်ရလာတဲ့အခါမျိုးကြရင် သူ့ သဘော သူဆောင်တာကို ထိန်းဖို့ခက်ပါလိမ့်မယ်။ ဖိစီးမှုနဲ့ အလုပ်လုပ်ရတာ ထင်သလောက်ခရီးမရောက်ပါဘူး။ တွန်းအားတွေရှိမှ ပိုအလုပ်လုပ်ဖြစ်တယ်ဆိုတာမှာ အဲဒီတွန်းအားဟာmotivation ဖြစ်ပါတယ်။ Stress ရှိနေရင် အလုပ်ကောင်းကောင်း မထွက်ပါဘူး။ ခဏလောက် စိတ်လွတ်ကိုယ်လွတ် နားပြီး အပန်းဖြေလိုက်။ ဖိစီးမှုတွေ လျှော့ပြီး လုပ်ရကိုင်ရတာ ပိုပြီးတွင်ကျယ်လာတာတွေ့ လိမ့်မယ်။

၃။ သူမှန်တယ်လို့ သာ များများတွေး

"မှန်ကန်မှုကိုလိုလားတာလား၊ ကိုယ့်ကျေနပ်မှုကိုလိုလားတာလား"လို့  ကိုယ့်ကိုကိုယ် ပြန်မေးနေ သင့်တဲ့ မေးခွန်းပါ။ "အမှန်တရားဟာ ကိုယ့်အတွက် စိတ်ချမ်းသာစရာ ဖြစ်ချင်မှ ဖြစ်မယ်၊ ကိုယ်ကျေနပ်နေတဲ့ အဖြေဟာ အမှန်တရား ဖြစ်ချင်မှဖြစ်မယ်။"

မှန်တဲ့ဘက်ကပဲ ရပ်တည်နေရင် ပတ်ဝန်းကျင်နဲ့ ထိပ်တိုက်တွေ့ ရတာတွေ ရှိလာတတ်ပါတယ်။ ကိုယ်မှန်ရင် သူများက မှားရတော့မယ်။ ဒီတော့ မှားတယ်အပြောခံရတဲ့လူကလဲ အပြင်းအထန်ခုခံကာကွယ် တော့မယ်။ ကိုယ်ကလည်းပြန်ငြင်းရတော့မယ်။ သူတို့ ရဲ့အထင်မှား အမြင်မှားတွေကို ရွေးချယ်သန့်စင်ပေးဖို့  တာဝန်ကြီးရှိသလိုပုံစံမျိုးနဲ့ ဆုံးမရတော့မယ်။ ဒီလို တည့်မတ်ပေးလိုက်တဲ့အတွက် တဘက်လူမှာ အလိမ္မာတွေ တိုးပြီး ကိုယ့်ကိုကျေးဇူးတင်မယ်လို့  ထင်နေတယ်မလား။ မှားပါတယ်။ တက်တက်စင်မှားပါတယ်။ ကိုယ့်ကို အဲဒီလို တိုက်ခိုက်ချေချွတ်ခြင်းခံလိုက်ရတဲ့အခါမျိုးမှာ အဲဒီလိုကျေးဇူးတင်ဖူးလို့လား။ လူဆိုတာကိုယ်ကပဲ ဆရာကြီးလုပ်ချင်တာ၊ ကိုယ့်လာဆရာလုပ်ရင် မုန်းတတ်ကြတာ။ အမှန်တရားဆိုတာ ကိုယ်လက်ခံပြီး ရပ်တည်ပေးရမယ်ဆိုတာ မှန်ပါတယ်။ Yes, But ဆိုတာမျိုးနဲ့ ချဉ်းကပ်သင့်ပါတယ်။ ကိုယ့်ခံယူုချက်မပြောင်းဘဲ မေတ္တာထားပြီး အလျှော့ပေးကြည့်ပါ။ သူ့ ဘက်ကကြည့်ရင် မှန်ကောင်းမှန်နေလိမ့်မယ်လို့ တွေးကြည့်ပါ။

နောက်တစ်ခုကသည်းခံလိုက်ပါ။ သည်းခံတတ်ဖို့ဆိုတာ လေ့ကျင့်ယူရ၊ မွေးယူရပါတယ်။ ကိုယ်က စိတ်တိုတတ်တဲ့လူ၊ စိတ်ဆတ်တဲ့သူ ဆိုရင် "ငါးမိနစ်ကျင့်စဉ် "ကို စမ်းကြည့်ပါ။ စိတ်တိုမိတော့မယ်ဆိုတာနဲ့ ဒီငါးမိနစ်အတွင်း ငါဘာမဆိုသည်းခံလိုက်တော့မယ် ဆိုတာမျိုး ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ငါးမိနစ်လေးပေါင်း များစွာ ဖြစ်လာရင် သည်းခံရဲတဲ့ အကျင့်ရလာပါလိမ့်မယ်။တော်ရုံတန်ရုံ သည်းခံနိုင်စွမ်းရှိလာရင်ပဲ အောင်မြင်မှု တွေရလာပါမယ်။ သေရေးရှုင်ရေးမဟုတ်တဲ့ အသေးအဖွဲလေးတွေမှာ သည်းခံနိုင်ဖို့က နှလုံးသွင်းတတ်ဖို့ လိုပါတယ်။ ဘယ်လိုလဲဆိုတော့" ဒါဟာ အသေးအဖွဲပဲ၊ သည်းခံလိုက်ရင်ရတယ်"လို့  နှလုံးသွင်းတတ်ဖို့ပါ။

၎။ ကိုယ့်ဘက်ကစလျှော့

တစ်ယောက်နဲ့တစ်တယောက် ခွန်းကြီးခွန်းငယ်တွေ ဖြစ်လာတဲ့အခါမှာ "ငါမှန်တာပဲ၊ ငါ့ဘက်က ဘာလို့ စလျှော့ရမှာလဲ၊ သူလာတောင်းပန်ပစေပေါ့ "ဆိုတာမျိုး သဘောထားတတ်ကြပါတယ်။ လာပြီးမတောင်းပန်သရွေ့ လည်း မကျေနိုင်မချမ်းနိုင် ဖြစ်ပြီး စိတ်ထဲမှာ အကျိတ်အခဲကြီးဖြစ်တတ်ပါတယ်။ ဒီအသေးအမွှားလေးကြောင့် ကိုယ့်စိတ်ထဲမှာ အနာတရဖြစ်နေရတာကို စဉ်းစားလိုက်ပါ။ သူလည်းပဲ စိတ်ဆင်းရဲနေမှာပဲ၊ ကိုယ့်ဘက်ကစပြီး လျှော့လိုက်ရတာ ဘာဝန်လေးတာမှတ်လို့  ဆိုတာမျိုး စဉ်းစားကြည့်လိုက်ပါ။ ငြိမ်းချမ်းမှုတစ်ခုအတွက် ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်ရတာ ကောင်းတဲ့အလုပ်ပါ။ ကိုယ့်ဘက်ကလျှော့လည်း သူကတင်းမာနေမြဲပဲ ဆိုရင်ကော။ကိုယ့်ဘက်ကလျှော့လိုက်ရင် ကိုယ့်စိတ်ငြိမ်းချမ်းမယ်။ သူ့အပူ သူဆက်မွေးမမွေးဆိုတာ သူ့ တာဝန်၊ သူ့ အလုပ်ပါ။ အသေးအမွှားကိုမေ့တတ်ပြီး စိတ်ငြိမ်းချမ်းမှုကို တည်ဆောက်ယူနို်င်တာ ကိုယ့်အရည် အချင်း၊ ကိုယ့်အမြတ်ပါ။

၅။ ကိုယ့်ကိုယ်ကို မကန့်သတ်ပါနဲ့

ဒါကိုငါလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားဟာ "နံရံ" ဖြစ်ပါတယ်။လေးဘက်လေးတန် နံရံကြီးဖြစ် ပါတယ်။ ဒီနံရံကို ကိုယ်တိုင်တည်ဆောက်လိုက်တာပါ။ အပျက်သဘောနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက် တာပါ။မကန့် သတ်ပါနဲ့။ မလုပ်နိုင်ပါဘူး။ လုပ်ရင်လဲဖြစ်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်စိတ်ကို ကန့်သတ်လိုက် တာပါ။ ကန့်သတ်လိုက်တာနဲ့ တပြိုင်နက် ဟိုတုန်းကကျရှုံးခဲ့တာတွေကိုပဲ ပြန်တွေးမိလျက်သားဖြစ်သွားမှာပါ
စာရေးဆရာဖြစ်ချင်ပေမယ့် ငါစာမရေးတတ်ပါဘူးလို့တွေးပြီး ဘာမှမရေးဖြစ်တဲ့လူတွေအပုံကြီးပါ

ကျွန်တော့အတွေ့ အကြုံအရပြောရရင် Computer စတဲ့ကျွမ်းကျင်မှုဆိုင်ရာတွေ လေ့လာတော့မယ်ဆိုရင် ကိုယ့်ထက်ပိုတော်တဲ့လူတွေကြည့်ပြီး "ငါကသူ့ လိုမတော်ဘူး၊ ဖြစ်မှာမဟုတ်ပါဘူးလို့" အားလျှော့ပြီး ဆက်မလုပ်ဖြစ်တာပါ။ အဲလိုလူတွေရှိတယ်ဆိုရင် အထိရောက်ဆုံးအကြံပေးပရစေ။ "ကိုယ်လုပ်မယ့်ပညာရပ်(သို့မဟုတ်) အလုပ်ကိုစိတ်ဝင်စားမှုအပြည့်နဲ့ တတ်မြောက်ချင်တယ်ဆိုတဲ့ထက်သန်စိတ်နဲ့ လူတိုင်းမွေးတည်းက မတတ်ဘူး၊ သူများလုပ်နိုင်ရင် ငါလဲလုပ်နိုင်ရမယ်ဆိုပြီး ဇွဲ ရှိရှိ ကြိုးစားပါ "။ ဒီစကားဟာကျွန်တော်လက်တွေ့ ကျင့်သုံးလို့အကျိုးရှိလို့ မိတ်ဆွေတို့ကိုပြောတဲ့ တန်ဖိုးရှိတဲ့စကားပါ။

နောက်တစ်ခုက ကျွန်တော့ကို လူတစ်ယောက်ကပြောဘူးတယ်။ "လောကမှာကိုယ့်ရဲ့စွမ်းအင်တွေ ကိုနှိမ်ထားတာ တစ်ယောက်ပဲရှိတယ်တဲ့၊ အဲဒါ မိမိကိုယ်တိုင်ပါပဲ "တဲ့။ စိတ်စေရာ ဖြစ်နေ၊ လှုပ်ရှားနေရတဲ့ လူ့ ဘ၀မှာကိုယ့်ရဲ့စိတ်စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်တဲ့လူက တစ်နေ့မှာ သူဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။
အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်နေတာဟာ မိမိကိုယ်ကိုယ် ပြန်နှိပ်စက်နေ သလိုဖြစ်ပါလိမ့်မယ်။

၆။ အရှုပ်ထဲမှာရှင်းအောင်နေ

မုန်တိုင်းဆိုတာ လေပွေဝဲကတော့ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ ရဲ့ဗဟိုချက်ဖြစ်တဲ့ Eye Of The Strom ဟာလုံးဝငြိမ်နေပါတယ်။ အရှုပ်အထွေးကြားမှာ အေးဆေးတည်ငြိမ်စွာနေလို့ရတဲ့ နေရာရှိသေးတယ်ဆိုတဲ့ သဘောကိုတွေးယူပါ။ လူမှုလောကရဲ့ ပြသနာအရှုပ်အထွေးကြားမှာ တည်ငြိမ်အေးချမ်းတဲ့နေရာကို လေ့ကျင့်ယူ ရပါတယ်။ ရှာချင်စိတ်လဲရှိနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ရင်းနဲ့ဘာအရှုပ်အထွေးနဲ့ကြုံကြုံ ခေါင်းအေးအေးနဲ့ နေနိုင်လာတာတွေ့ လာမယ်။ မုန်တိုင်းအလယ်မှာ နေထိုင်နည်းကိုရလာမယ်။

၇။ ရေထဲက ငါး၊ ပိုက်ထဲက ငါး

စိတ်ရောဂါ အတိုင်ပင်ခံတွေဆီ ရောက်လာကြတဲ့ "လူနာ " အများစုဟာ ကိုယ်လုပ်နိုင်တာထက် ကိုယ်လုပ်ချင်တာအပေါ် ပိုပြီး အာရုံရောက်နေကြတဲ့သူတွေပါ။ "လောဘအရင်းခံတဲ့ အပျက်စိတ်ပါပဲ။" မရောင့်ရဲ တတ်တဲ့လူဟာ ဆင်ကိုမျိုချင်တဲ့ မြွေလိုပဲဆိုတဲ့ရှေးစကားတစ်ခုရှိပါတယ်။ လောဘနောက်ကိုလိုက်ရင်း လိုက်ရင်းနဲ့လုပ်ချင်တာ၊ လိုချင်တာ၊ ဖြစ်ချင်တာတွေများပြီး ကြာတော့လောကကြီးကို အပျက်မြင်လာတဲ့ မပျော်ရွှင်သူကြီးဖြစ်လာပါတယ်။ ကိုယ့်မှာတကယ်ရှိတာကို အာရုံစိုက်လိုက်ရင်ဒီပြသနာရှင်းသွားပါတယ်။ ကိုယ့်ချစ်သူကိုမကျေနပ်ဖြစ်လာရင် သူ့ ကောင်းကွက်ကလေးကိုတွေးကြည့်ပါ။ နိုင်ငံခြားကကျောင်း မတက်နိုင် သေးရင် တက်နိုင်တဲ့သင်တန်းအရင်တက်ပါ။ ၀င်ငွေနည်းတယ်လို့ ထင်ရင် အလုပ်ရှိတာတော်သေးတယ်လို့ တွေးပါ။ အလုပ်က စိတ်ပျက်စရာကောင်းတယ်၊အောက်တန်းကျတယ်လို့ ထင်ရင် အဲဒီအလုပ်ကိုပဲ စိတ်ဝင်တစားနဲ့ ကောင်းကောင်းလုပ်ကြည့်ပါ။

ရေထဲကငါးဟာ ကိုယ့်ဟာမဟုတ်၊ ပိုက်ထဲက ငါးသာကိုယ့်ငါး ဆိုတဲ့သဘောကို နားလည်နိုင်ပါစေ။

၈။ ရောက်ရာအရပ်မှာပျော်အောင်နေ

ဘ၀ဆိုတာ မျှော်လင့်ချက် တစ်ခုပြီးတစ်ခု ကူးပြီးရှင်သန်နေတာဖြစ်တယ်လို့ ပြောကြတယ်။ ပညာရှိ တစ်ဦးကတော့ ဘ၀ဆိုတာ မျှော်လင့်ချက်အိမ်မက်တွေမက်ရင်း လုပ်ရပ်တစ်ခုမှတစ်ခု ကူးပြောင်းသွားတာလို့ ဆိုတယ်။ There will be a better tomorrow. ဆိုတဲ့စကားမျိုးဟာ မျှော်လင့်ချက်နဲ့ ရှင်သန်လိုစိတ်ကို တွန်းအားပေးပါတယ်။ လူဆိုတာ တစ်နေ့တော့ ကောင်းလာမှာပါ။ Someday something will turn up. ဆိုတဲ့ မျှော်လင့်ချက်မျိုးကိုထားကြစမြဲပါ။တစ်ချို့ ကအဲဒီလိုကောင်းလာဖို့ ပြင်ဆင်မှုတွေလုပ်ကြတယ်။ တစ်ချို့ကြတော့ ကံကောင်းလာဖို့ ကိုပဲ ထိုင်စောင့်နေတတ်ကြတယ်။

ဘာပဲဖြစ်ဖြစ် အခုလက်ရှိအဆင့်ကိုတော့မေ့လို့မရဘူး။ လက်ငင်းအခြေအနေမှာ ပျော်အောင်တတ်မှ ရှေ့ ဆက်ဖို့ အားအင်တွေရှိလာမယ်။ကိုယ်တကယ်နေထိုင်ရတာ ပစ္စုပန်ဘ၀အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ မပျော်ဘဲ နောက်အဆင့်ကျမှ ပျော်မယ်လို့ ဆုံးဖြတ်ထားတဲ့လူဟာ မပျော်ရဖို့ များပါတယ်။ လက်ရှိကိုယ့်ဘ၀ အဆင့်ကို မွေ့ လျော်စိတ်နဲ့ ဖြတ်သန်းရင်း ရှေ့ ဆက်တက်ဖို့ ကြိုးစားတာပဲကောင်းပါတယ်။

၉။ လုပ်တတ်ဖို့ လိုသည်

Don't work harder, work smarter ဆိုတဲ့ စကားလေးက တိုတိုနဲ့  တော်တော်တာသွားပါတယ်။ ဆန်စဉ်ရာကျည်ပွေ့ လိုက်နေရရင် ကြုံတာတွေအာလုံး ကောက်လုပ်နေရရင် လူတော်မဖြစ်ဘဲ၊ လူလျှော်ဖြစ် သွားမယ်။
ဘာအရေးကြီးဆုံးလဲ စဉ်းစား၊
ဘယ်ဟာကို ဘယ်အချိန် အပြီးလုပ်ရမလဲ ဆုံးဖြတ်၊
အချိန်ဇယားဆွဲ၊
လုပ်စရာရှိတာကိုဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ တွေကို တာဝန်ခွဲဝေထမ်းဆောင်ခိုင်းမလဲ၊
အနှောင့်အယှက်တွေကို စိတ်မာမာနဲ့ ရင်ဆိုင်ငြင်းဆို၊

အဲဒီလို လုပ်ရာမှာ အလုပ်ပိုတွင်မယ့်ခေတ်ပေါ်ပစ္စည်းကိုသုံး။
အဲဒါမျိုးကို Smart Working လို့ ခေါ်တယ်။

၁၀။ ရေးကြီးခွင်ကျယ်ကိုရှောင်..ဘ၀ဆိုတာ အရေးပေါ်လုပ်ငန်းမဟုတ်

လူတော်တော်များများဟာ အလုပ်ကိုပဲ ရေးကြီးခွင်ကျယ်လုပ်ပြီးအလုပ်နဲ့ပဲ လုံးထွေးရစ်ပတ်ပြီး မိသားစု ကိုမေ့ထားတတ်ကြတယ်။ဘ၀မျှော်မှန်းချက်တွေကိုနေ့စဉ်လုပ်ငန်းနဲ့ဖုံးဖိတတ်တယ်။လုပ်စရာတွေပေါ်လာတိုင်း လိုက်ဖြေရှုင်းရင်းနဲ့  စိတ်ငြိမ်ဆေးတွေ သောက်ပြီး ရပ်တည်ရတဲ့ဘ၀ကိုရောက်ရတယ်။ ကျွန်တော် အပါအ၀င် ဘယ်သူမဆို အသေးအဖွဲကို ပုံကြီးချဲ့ ဖူးကြတာပါပဲ။ အနီးကပ်အသေးအဖွဲကိုပဲမြင်တတ်ရင် အရှည်အဝေးကို မေ့တတ်ပါတယ်။ သစ်ပင်ကိုပဲဂရုစိုက်နေရင် သစ်တောကိုမေ့သွားလိမ့်မယ်။ ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်း နေတတ်ဖို့ ကြိုးစားသင့်ပါတယ်။ အားလုံးအရေးကြီးတယ်ဆိုတဲ့  အဖြစ်မျိုးကို ပြန်စစ်ဆေးသင့်ပါတယ်။ တချို့ အသေးအဖွဲတွေကို အသေးအဖွဲလို့ပဲ မြင်တတ်အောင်ကြိုးစားပါ။ လမ်းတွေ့ သမျှကို လိုက်ကြည့်ပြီး စိတ်ဝင်တစား လုပ်နေရင် လိုရာခရီးမရောက်ဘူးဆိုတာ သတိရပါ။

၁၁။ ကိုယ့်ဘ၀ထဲမှာ ပေါက်စတွေကော၊ အရွယ်အိုတွေရောရှိနေတာ တွေးကြည့်ပါ

ဒီနည်းလမ်းကတော့ သူတပါးအပေါ်မှာ မကျေနပ်စိတ်တွေ ပေါ်လာတဲ့အခါမှာ အောင်အောင်မြင်မြင် သုံးနိင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်အပေါ် စိတ်ဒုကပေးနေတဲ့တစ်စုံတစ်ယောက်ကို ကလေးပေါက်စ တစ်ယောက် အဖြစ် စိတ်ကူးထဲမြင်အောင်ကြည့်လိုက်ပါ။ ဘာမှမသိသေးတဲ့ လူမမယ်လေးပေါ့။ ပြီးရင်အဲဒီလူကိုပဲ နောက်ထပ် နှစ်ရှစ်ဆယ်လောက် ထည့်ပေါင်းပြီး လူအိုကြီးတစ်ယောက်အသွင် မြင်ကြည့်လိုက်ပါ။ ကလေးဆိုတာ ဘာမှမသိ လို့မှားကြတာ၊ လူအိုကြီးတွေကျတော့ အတိတ်ကမှားခဲ့တာကိုတွေးပြီး ၀မ်းနည်းကြေကွဲနေတာ။ အဲဒီလို တွေးကြည့်ရင်မေတ္တာစိတ်တွေ စီးဝင်လာပါလိမ့်မယ်။ခွင့်လွှတ်နိုင်လာပြီး စိတ်နှလုံးအေးချမ်းသွားပါလိမ့်မယ်။ အပျက်စိတ်တွေ၊ ဒေါသတွေပေါ်လာရင် ဒီလို ကုစားကြည့်ကြပါ။


mail မှလာသောစာတစ်စောင်မှအသုံးဝင်မည်ထင်ပြီးတင်လိုက်ခြင်းပါ.....

OKRSO'S မိသားစု

Tuesday, October 13, 2009

ဘန်ကောက်စက်ရုံလုပ်သားများ ကထိန်သင်္ကန်းကပ်လှူ














ဘန်ကောက်မြို့ရှိ မြန်မာဒကာ၊ ဒကာမများစုပေါင်း၍ ယမန်နေ့က ဘန်ခဲ ၀ပ်တလုံးကျောင်းတိုက်တွင် ကထိန်သင်္ကန်းကပ်ပွဲကို အကြီးအကျယ် ကျင်းပနိုင်ခဲ့သဖြင့် နောက်လာမည့် မြန်မာစာသင်သားရဟန်းတော်များအတွက် လမ်းပွင့်သွားစေကြောင်း အဆိုပါကျောင်းတိုက်မှ စာသင်သား သံဃာတဦးဖြစ်သည့် ဦးကုဏ္ဍလက မိန့်ကြားသည်။

“ဦးဇင်းတို့ မြန်မာစာသင်သား ရဟန်းတော်တွေအနေနဲ့ ဘန်ကောက်မှာ စာလာသင်တဲ့အခါ နေထိုင်ရေးက အရမ်းအခက်အခဲ ဖြစ်ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာစာသင်သား သံဃာတော်များကို နေထိုင်ခွင့်ပေးတဲ့ ကျောင်းတိုက် အတော်ရှားပါတယ်။ အခုဒီ ၀ပ်တလုံးဆရာတော်ကြီးကတော့ မြန်မာစာသင်သား ရဟန်းအများအပြားကို နေထိုင်ခွင့် ပေးထားတဲ့အပြင် မြန်မာဒကာ၊ ဒကာမတွေရဲ့ ကထိန်ပွဲပြုလုပ် လှူဒါန်းခွင့်ကိုလည်း ခွင့်ပြုပေးခဲ့တဲ့အတွက် ဦးဇင်းတို့ လက်ထက်သာမက နောင်လာမယ့် မြန်မာစာသင်သား ရဟန်းတော်တွေအတွက်ပါ အလားအလာကောင်းတွေ ရှိသွားစေတာ ဖြစ်ပါတယ်” ဟု အဆိုပါသံဃာတော်က မိန့်ဆိုသည်။

မြန်မာစာသင်သား ရဟန်းတော်များသည် သီရိလင်္ကာ၊ အိန္ဒိယ၊ နိပေါနှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံး စာပေသင်ကြားနေကြရာ ထိုင်းနိုင်ငံတွင် မြန်မာဘုန်းကြီးကျောင်း မရှိခြင်းကြောင့် သီတင်းသုံးနေထိုင်ရေးအတွက် အခက်တွေ့ကြရသည်။

“ဒီမှာက မြန်မာဘုန်းကြီး ကျောင်းထိုင်တဲ့ကျောင်း မရှိသေးဘူး။ ဦးဇင်းတို့အနေနဲ့ မဟာချူလာလောင်ကွန် ဗုဒ္ဓတက္ကသိုလ် တက်ခွင့်ရပေမယ့် နေထိုင်ရေးကျတော့ အခက်တွေ့ကြရတယ်။ ၀ပ်တလုံးဆရာတော်ကြီးက အရိပ်ခိုလှုံခွင့်ပေးထားလို့သာ အခုလို မြန်မာရဟန်းတော်တွေ များများစုဝေး သီတင်းသုံးခွင့်ရခဲ့ကြတာ” ဟု ဦးပညာက မိန့်ဆိုသည်။

ဘန်ခဲ ၀ပ်တလုံးကျောင်းတိုက်တွင် မြန်မာစာသင်သားရဟန်းတော် (၅၂) ပါးအပြင် ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေရှ့်မှ စာသင်သား ရဟန်းများကို ကျောင်းထိုင်ဆရာတော်ကြီးက နေထိုင်ခွင့်ပြုထားသည်။

ဝပ်တလုံးကျောင်းထိုင်ဆရာတော် ဖရမဟာဘုန်းထိန်ဇုတိနြေ္ဓာက “ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုဆိုတာ နိုင်ငံတွေ ကွဲပြားနေပေမယ့် ဗုဒ္ဓဘာသာဝင်တွေ အများဆုံးရှိနေကြတာမို့ ဘုန်းကြီးအနေနဲ့ကတော့ အားလုံးဟာ အတူတူပဲလို့ မြင်မိတယ်” ဟု မိန့်ဆိုသည်။

မြန်မာစာသင်သားရဟန်းအများအပြား သီတင်းသုံးနေသည့် အဆိုပါကျောင်းတိုက်တွင် ယမန်နေ့က ဖလန်ဆန်စာထုပဒီ၊ ဖုထပူချာ (၄၄)၊ ဖိကာစင် ၆၂/၁ စသည့် အထည်ချုပ်စက်ရုံ (၃) ရုံမှ မြန်မာလုပ်သားများ ဦးဆောင်၍ ကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပရာ မြန်မာ ဒကာ၊ ဒကာမ (၁,၀၀၀) ခန့် လာရောက်လှူဒါန်းခဲ့ကြသည်။

“အရင်က ကျနော်တို့အနေနဲ့ လှူချင်တန်းချင်ရင်တောင် အခက်အခဲတွေရှိခဲ့ပါတယ်။ အခုတော့ ဒီကျောင်းမှာ မြန်မာသံဃာတွေလည်းရှိ၊ ဆရာတော်ကလည်း ခွင့်ပြုဆိုတော့ ပထမအကြိမ် ကထိန်သင်္ကန်းကပ်ပွဲ လုပ်နိုင်ခဲ့ကြတာပါ။ အလုပ်သမားတွေမှာ အလုပ်လုပ်ခွင့်ကတ်ရှိပေမယ့် နယ်ကျော်အခက်အခဲရှိပါတယ်။ ဒါပေမယ့် အဖမ်းအဆီးမရှိအောင် ၀ပ်တလုံးဆရာတော်က စီစဉ်ပေးခဲ့တဲ့အတွက်လည်း ဒီလောက်များများစားစား လာရောက်နိုင်ကြတာပါ။ ဒီလောက် လူများလိမ့်မယ်လို့ ကျနော်တို့ ထင်မထားခဲ့ဘူး”ဟု ကထိန်ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်ခဲ့သူတဦးဖြစ်သည့် ကိုရေချမ်းက ပြောသည်။

အထည်ချုပ်စက်ရုံများမှ မြန်မာလုပ်သားများဦးဆောင်သော ကထိန်သင်္ကန်းကပ်ပွဲတွင် ဘတ်ငွေ (၁၃၀,၀၀၀) ကျော် လှူဒါန်းနိုင်ခဲ့ကြပြီး ငါးထပ်ကျောင်းဆောင် တည်ဆောက်ရေးအတွက်လည်း ဘတ်ငွေ (၂၄,၀၀၀) ကျော် လှူဒါန်းခဲ့ကြသည်။

“ကျနော်တို့ရဲ့ ချွေးနဲစာလေးတွေထဲက တလလောက်ကြိုစုပြီး လှူဒါန်းခဲ့ကြတာပါ။ အခုလို လှူဒါန်းခွင့်ရတဲ့အတွက် အများကြီး ပီတိဖြစ်ရပါတယ်။ နောက်နှစ်တွေမှာလည်း ဆက်လုပ်ဖြစ်သွားအောင် ကြိုးစားကြမှာပါ။ ကျနော်တို့ စက်ရုံတွေက တလတခါလည်း ဆွမ်းကပ်နေပါတယ်။ နောက်ပြီး မြန်မာအလုပ်သမတွေစုပေါင်းပြီး ဓမ္မစင်္ကြာ ၀တ်အသင်းလည်း ဒီကျောင်းကို အခြေပြုပြီး ဖွဲ့ထားနိုင်ပါပြီ” ဟု စက်ရုံလုပ်သားတဦးက ပြောသည်။

ခေတ်ပြိုင်မှကိုးကားသည်။

လေ့လာရေးခရီးမှတ်တမ်း (Bangkok)

အောက်တိုဘာ (၁၁)ရက် ၊၂၀၀၉

OKRSO Sunday Language မှကျောင်းသူ၊ကျောင်းသားများနှင့်ဆရာ၊ဆရာမများ ဘန်ကောက်မှာရှိတဲ့နာမည်ကြီးဘုရားကျောင်းနှင့်ဘုန်းကြီး ကျောင်းတွေကို လေ့ လာရေး
ခရီးစဉ်တစ်ခုအဖြစ်သွားခဲ့ကြပါတယ်။
ကျောင်းခဏလေးရပ်နားတဲ့အချိန်မှာ ဗဟုသုတလည်းရအောင် ၊ အမြင်လည်းလန်းဆန်းအောင်သွားခဲ့ကြခြင်းလည်းဖြစ်ပါတယ်။

လေ့လာရေးခရီးမှတ်တမ်းဓာတ်ပုံများကိုအောက်မှာကြည့် ရှုနိုင်ပါတယ်......